K ငြိမ်းချမ်း ● ဒဏ္ဍာရီထဲ ဈေးဝယ်ထွက်သူရဲ့ပဲ့တင်

K ငြိမ်းချမ်း ● ဒဏ္ဍာရီထဲ ဈေးဝယ်ထွက်သူရဲ့ပဲ့တင်
(မိုးမခ) ဇူလိုင် ၂၉၊ ၂၀၁၆

ကဗျာဆရာအမည် - ၀င်းမြင့်
စာအုပ်အမည် - ဒဏ္ဍာရီထဲ ဈေးဝယ်ထွက်ခြင်း
အမျိုးအစား - ကဗျာ
ထုတ်ဝေသည့်တိုက် - နှစ်ကာလများ
ထုတ်ဝေသည့်ကာလ -၂၀၁၆၊ မတ်လ၊ ပထမအကြိမ်
တန်ဖိုး - ၂၀၀၀ကျပ်

မြန်မာကဗျာလောကမှာ ကဗျာဆရာဝင်းမြင့်လို့ဆိုလိုက်ရင် သူရဲ့ထင်ရှားတဲ့ကဗျာတွေဖြစ်တဲ့ ပဲ့တင်၊ မြက်ခင်း ပေါ်မှာ၊ လူဝင်စားတွေထိုင်တဲ့ ကဖေး၊ မိသားစု၊ ဘ၀တခု အစရှိတဲ့ကဗျာတွေကို ပြေးမြင်မိကြပါတယ်။

ရိုးရှင်းတဲ့အဖွဲ့အနွဲ့များနဲ့ အဓိပ္ပာယ်ဖော်ရသိပ်မခက်တဲ့ရေးဟန်များကြောင့်လည်း ကဗျာဆရာ ၀င်းမြင့်ကဗျာများဟာ ကဗျာ ဖတ်သူကဗျာရေးသူများကြားမှာ ပြောစမှတ်ဖြစ်ခဲ့ရပါတယ်။

ယခု စာအုပ်(ဒဏ္ဍာရီထဲ ဈေးဝယ်ထွက်ခြင်း) စာအုပ်ကတော့ ကဗျာဆရာဝင်းမြင့်ရဲ့ ဒုတိယအကြိမ် မြောက် တကိုယ်တော် ကဗျာစာအုပ်ဖြစ်ပါတယ်။ ဒီရှေ့မှာ လှပသော ကော်ပတ်ရုပ် တကိုယ်တော် ကဗျာစာအုပ်လည်း ရှိပါတယ်။

အဲဒီရှေ့မှာ နှစ် ယောက်တွဲကဗျာစာအုပ်များဖြစ်တဲ့ လူစီရဲ့အမှုန်အမွားကင်းစင်တဲ့လက်ဆောင် (ကဗျာဆရာမိုးဃ်ဇော်နဲ့)၊ လူပြိန်းရဲ့အချစ်ဖြစ်ပွားရာ (ကဗျာဆရာဝေမှူးသွင်နဲ့) စာအုပ်များ ထွက် ရှိထားပါတယ်။ ခုစာအုပ်ကို နှစ်ကာလများစာပေကနေ ထုတ်ဝေထားပြီး ကဗျာပေါင်း ၁၀၂ ပုဒ် ပါဝင်ပါတယ်။

ကဗျာဆရာများဖြစ်တဲ့ မောင်ပြည့်မင်း၊ ခင်အောင်အေး၊ ပါပ၊ ဇေယျာလင်း၊ အောင်ဘညို၊ ကိုရွေး၊ စိုင်းဝင်းမြင့်တို့က ကဗျာဆရာဝင်းမြင့်ကဗျာများ အပေါ် အမြင်မှတ်ချက်တိုလေးများလည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဒီစာအုပ်ရဲ့ထူးခြားချက်တခုကတော့ ၀င်းမြင့်ရဲ့ယခင်လူကြိုက်များတဲ့ ကဗျာရေးသူများ၊ ကူးခတ်ခြင်း၊ ကွယ်လွန်လေပြီး သောပန်းပွင့်များ၊ မိသားစု၊ ဘ၀တစ်ခု ၁၊ သစ်ကိုင်း၊ လူဖြစ်ခြင်းများအစရှိတဲ့ ကဗျာများပါဝင်သလို ၂၀၀၈ နောက်ပိုင်း ကဗျာရေးသားပုံ ပြောင်းလဲသွားတဲ့ ကဗျာအများစုလည်း ပါဝင်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ကဗျာဆရာအောင်ဘညိုရဲ့ဝင်းမြင့်ကဗျာများအပေါ်မှတ်ချက်ကိုလည်း အခုလို တွေ့ရမှာဖြစ်ပါတယ်။

“၀င်းမြင့်ကဗျာတွေဟာ ရွေ့နေတာ တွေ့ရပါတယ်။ ကောင်းသော ရွေ့လျားခြင်းပါ”လို့ ရေးထားပါတယ်။
ကဗျာဆရာဝင်းမြင့်လို့ အမှတ်သညာဖြစ်သွားစေတဲ့ကဗျာတွေထဲက တပုဒ်ကို ဒီနေရာမှာဖော်ပြလိုပါတယ်။

ဟိုးအဝေးပေါ်က
မိုးစက်တွေလို
ကျွန်တော် ခုန်ချကြည့်လိုက်တယ်
မိဘရင်ခွင်ထဲရောက်ရဲ့
ဘယ်တော့မှ ကျိုးကြေမသွားဘူး
ကျွန်တော်တို့ မောင်နှမတွေ။ ။
(မိသားစုကဗျာ မှ)

၂၀၀၇- ၀၈ နောက်ပိုင်းမှာတော့ ကဗျာဆရာဝင်းမြင့်ဟာ ယခင်လို ရိုးရှင်းတဲ့ အရေးသားများက ဖြောင့်ဖြောင့်ကြီး သွေဖီထွက်လာပြီး ဖတ်သူအလွယ်တကူ ဖမ်းဆုပ်နိုင်ခြင်းမရှိဘဲ အတွေးရှော့ရိုက်စေတဲ့ကဗျာများကို အားထုတ်ရေးသားလာ ပါတော့တယ်။

အဲဒီကဗျာတွေကတော့ ဆရာအာရင်ဘတ်၊ ဆပ်ပြာတုံးများရဲ့ဘ၀ကိုယ်စားလှယ်၊ မီးခံမေတ္တာ၊ မောင်လူအေး၊ လက်ဝှေ့ပွဲ (HUMAN)၊ ခွင့်နှင့်ပြန်လာခြင်း၊ အားကစားသမိုင်းပဒေသာ အစရှိလို့ အလယ်ရိုးမကဗျာဆု (၂၀၁၂) ရရှိခဲ့တဲ့ နိုင်ငံတော် မျှော်ခြင်းထိ ပါဝင်ပါတယ်။ ကဗျာဆရာဝင်းမြင့်ပြောင်းလဲ အားထုတ်ရေးသားထားတဲ့ ကဗျာတပုဒ်ကိုလည်း ဒီနေရာကနေ ဖော်ပြချင်ပါသေးတယ်။

လက်ရေတပြင်တည်း
ရိတ်သိမ်းပြီးနောက်
တစ်ယောက်တစ်ပေါက်
သစ်သီးတွေကို
သီရိမင်္ဂလာဈေးထဲမှာ
ကိုယ်ခန္ဓာက
ကျကျန်ခဲ့တဲ့အရိပ်ပေါ်မှာ
စွဲထင်စပြုနေတဲ့
ဖုန်မှုန်တွေကို ကောက်ထုတ်ရင်း
တစ်ခါသုံး အရေပြားနဲ့
လူသားဘ၀ကြီး
ချိတ်ထဲမှာ ပုံစံအမျိုးမျိုးနဲ့
ကိုယ်လို့ထင်ရတဲ့ အလှည့်ကျ အင်္ကျီတွေ
(စာသားမြှုပ်နှံခြင်း ကဗျာမှ)

ကဗျာဆရာဝင်းမြင့်ဟာ မိသားစုလိုကဗျာမျိုးကနေ စာသားမြှုပ်နှံခြင်းလို ကဗျာမျိုးဆီ ခုန်ကူးသွားခဲ့တာကို စာဖတ်သူများ လည်း မြင်လိုက်ကြပါလိမ့်မယ်။ ခုစာအုပ်မှာလည်း သူရဲ့အားထုတ်မှုကို မြင်သာအောင် ကဗျာအဟောင်းရော အသစ်တွေ ရော နှစ်မျိုးလုံးကို ထည့်သွင်းထားပါတယ်။ ကဗျာဆရာဝင်းမြင့်ကိုယ်တိုင် သူ့အပြောင်းအလဲကို နှင်းဆီဖြူမဂ္ဂဇင်း အင်တာဗျူးမှာ ဘယ်လို ပြောခဲ့သလဲဆိုတာ ပြန်ဖော်ပြလိုက်ပါတယ်။

“ကျွန်တော်ရဲ့ရေးလက်က ခေတ်ပေါ်ကဗျာကို အခြေခံပြီး စာသားတိုးချဲ့ဖြစ်ထွန်းမှုနဲ့ အခြားကဗျာဗေဒများအပေါ် ကျူး ကျော်အခြေချမှု၊ တခါတလေမှာ ကဗျာရေးသူဟာ စွန့်ဦး တည်ထွင်သူလို နယ်မြေသစ်ရှာဖွေသူတွေလို စိတ်မျိုးသွင်းရမှာ ပဲ။ ပုံစံ အသေတခုမှာ ကျက်စား လိုက်ရင် ကိုယ်ရှေ့ကရှိပြီးသား ကဗျာရေးသူရဲ့ဥခွံထဲကနေ ရုန်းမထွက်နိုင်ဘဲ ကဗျာက ကောင်း ရင်ကောင်းသွားမယ်။ ကဗျာဆရာဘ၀ကတော့ သူတပါးအရိပ်အဖြစ် နေထိုင်ရလိမ့်မယ်လို့ ထင်တယ်။”

ကဗျာဆရာဝင်းမြင့်ဟာ ပဲ့တင်ကဗျာနဲ့ ဖြူး မိတ်ဆွေများစာပေဆု၊ လူဝင်စားတွေထိုင်တဲ့ ကဖေးကဗျာနဲ့ မန္တလေး ရွှေပင့်ကူ ကဗျာဆု၊ နိုင်ငံတော်မျှော်ခြင်းကဗျာနဲ့ ပျဉ်းမနားအလယ်ရိုးမ ကဗျာဆု (ပူးတွဲ)များ ရရှိထားသူလည်းဖြစ်ပါတယ်။

ခု ဒဏ္ဍာရီထဲ ဈေးဝယ်ထွက်ခြင်းကဗျာစာအုပ်ဟာ ကဗျာဆရာဝင်းမြင့်ရဲ့ ရွေ့လျားပြောင်းလဲ ပျော်ဝင်မှုအပြင် မြန်မာကဗျာ ရဲ့အရွေ့အပြောင်းတခုထဲက တစိတ်တဒေသလို့တောင် ညွှန်းဆိုရမလားဆိုတာ ၀င်းမြင့်နဲ့အတူ ဈေးဝယ်ထွက်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။