ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သျှင်မျိုးငယ် - ဆေးသားပျက်ပြယ်နေသောပန်းချီကား



သျှင်မျိုးငယ် - ဆေးသားပျက်ပြယ်နေသောပန်းချီကား
(မိုးမခ) သြဂုတ် ၁၀၊ ၂၀၁၆


သံယောဇဉ်နဲ့ ဖွဲ့တည်လာခဲ့တဲ့အိမ်ကလေးတလုံးကို ချစ်ခြင်းမေတ္တာတရားတွေ ဖြည့်စွက် လိုက်တဲ့အခါ မိသားစုဆိုတာဖြစ်တည်လာခဲ့တယ်။ မိဘနဲ့သားသမီးတို့ရဲ့စုစည်းရာ ချစ်ခြင်း မေတ္တာတွေနဲ့ ဖွဲ့သီထားတဲ့ အိမ်ကလေးဟာ အတုမဲ့။

အဲဒီအိမ်ကလေးတလုံးရဲ့လှပသောပြကွက်ကလေးဟာ မိသားစုထမင်းဝိုင်းကလေး ဖြစ်တယ်။ မြင်ယောင်ကြည့်လိုက်ပါ။ နွေးထွေးချိုမြမှုတွေကို ခံစားနေရဦးမှာပါပဲ။ ပျော်ရွှင်ဖွယ်၊ ကြည်းနူးဆွတ်ပျံ့ ဖွယ် ထမင်းဝိုင်းကလေးဟာ လွမ်းစရာ။

အမေရဲ့လက်ရာတွေနဲ့ ဘဝကို ချီတက်ခဲ့ကြတာပေါ့။ အမေဟာ အိမ်ရှင်မကောင်း တယောက် ဖြစ်တယ်။ အမေက ထမင်း ဟင်းများ ခူးခပ်ထည့်ပြီးပြီဆိုလျှင် အဖေနဲ့ကျွန်တော်တို့ ညီအစ်ကို၊ မောင်နှမတွေကိုခေါ်ပြီး လက်ဆုံထမင်းစားခဲ့ကြတယ်။ မမေ့နိုင်စရာ။ အမြဲတမ်းဖြစ်ပျက်နေတဲ့ နိစ္စဓူဝ ထမင်းဝိုင်းကလေးပေါ့။ အဖေနဲ့အမေ ကိုဟင်းတွေဦးချပြီးမှ ကျွန်တော်တို့စားခဲ့ကြတယ်။ အစ်ကိုနဲ့အစ်မ၊ ကျွန်တော်နဲ့ ညီငယ်လေးတို့ကိုလည်း အဖေနဲ့အမေက ဟင်းတွေ ခပ်ထည့်ပေး ကြတယ်။ ဟင်းမကောင်းပေမယ့် ထမင်းစားလို့မြိန်ခဲ့ကြတာ သေချာတယ်။

လယ်တောကပြန်လာတဲ့အဖေရဲ့ပင်ပန်းမှုတွေ ကို ချွေးသိပ်နိုင်ခဲ့တယ်။ မီးဖိုချောင်ထဲမှာ အမေက မိတ်ကပ်အစား အိုးမဲတွေလိမ်းကျံလို့။ အဖေ့အပြုံး ခပ်နွမ်းနွမ်းကလေး

ကလည်းလှ။ အမေ့အပြုံးချိုချိုလေးကလည်း လှ။ သားတွေသမီးတွေနဲ့အတူ ထမင်းဝိုင်းကလေးမှာ အဖေနဲ့အမေ ပျော်ခဲ့မှာ သေချာပါတယ်။ အမေချက်ထားတဲ့ ချည်ပေါင်ရွက်ဟင်းက အကောင်းဆုံး ဟင်းရည်ဖြစ်တယ်။ မပါမဖြစ်ပေါ့။ ကျန်တဲ့ဟင်းတွေကတော့ ရာသီပေါ်အသီးအနှံတွေကို တနေ့တမျိုး မရိုးနိုင်အောင် ချက်တယ်။ ထမင်းစားပွဲဝိုင်းကလေးပေါ်မှာ ဟင်း ၄ ၅ မယ်ကို ခင်းကျင်းထားနိုင်အောင် ချက်ထားတယ်။ မေ့နေတာတခုက ငရုပ်သီးထောင်း လည်းပါတယ်ဆိုတာပါပဲ။

ချဉ်ရည်နဲ့ ငရုပ်သီးထောင်းဟာ လိုက်ဖက်တယ်ဆိုတာ မပြောလည်း သိနိုင်တယ်။ နေ့လယ် နဲ့ ညနေစာတွေဆိုရင် ကျွန်တော်တို့ မိသားစုထမင်းဝိုင်းကလေးဟာ အသက်ဝင်နေခဲ့တယ်။ ဇွန်းသံ၊ ပန်းကန်သံတွေ ဆူညံနေခဲ့တတ်တယ်။ မိသားစုထမင်းဝိုင်းကလေးမှာ" ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကိုသနား"ဆိုတဲ့ အဆုံးအမလေး ရှိနေခဲ့ပါတယ်။

တကယ်တော့ ဒီလိုမိသားစုထမင်းဝိုင်းကလေးနဲ့ဝေးခဲ့တာ ကြာပြီ။ ကျွန်တော်တို့ ညီအစ်ကို၊ မောင်နှမတွေစုံညီစွာမရောက်နိုင်တော့တဲ့အချိန်ကတည်းကပေါ့။ ကျွန်တော်တို့တတွေ တက္ကသိုလ် အသီးသီးကို ပညာရှာသွားချိန်ကတည်းက တခါတလေမှသာ ပြန်လည်ရရှိနိုင်တော့တယ်။ အိမ်ကလေးမှာ အဖေနဲ့အမေသာ ကျန်နေခဲ့ချိန်တုန်းကဆိုရင် အဖေနဲ့အမေ ထမင်းစားလို့ ဝင်ပါ့မလား။ အားလုံးပြန်ဆုံချိန်ဟာ တစတစရှားပါးလာလိုက်တာ။ အခုဆိုရင် အလုပ်တာဝန်ကိုယ်စီ နဲ့ ပိုဆိုးတာပေါ့။ အိမ်မှာ ညီငယ်လေးသာ အဖေနဲ့အမေ အနားမှာရှိနေခဲ့မဟုတ်လား။ အစ်ကိုနဲ့ အစ်မက လည်း အလုပ်ကိုယ်စီ၊ မိသားစုကိုယ်စီနဲ့ ဖြစ်နေပြီ။ သူတို့ရဲ့မိသားစုထမင်းဝိုင်းကလေးတွေလည်း ရှိနေပြီပေါ့။

ကျွန်တော်လည်း တာဝန်ကျဆေးရုံမှာ လူနာတွေနဲ့ မအားမလပ်ဆိုတော့ တစ်နှစ်မှာ တခါလောက်သာ အိမ်ပြန်ဖြစ်တယ်။ အဖေနဲ့အမေကိုတော့ တွေ့ဆုံခွင့်ရပါရဲ့။ ညီအစ်ကို၊ မောင်နှမတွေကတော့ ပြန်ဆုံဖို့ ခက်ခဲနေဆဲလေ။

ဖြစ်နိုင်ရင် မိသားစုကလေးရဲ့နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတရားတွေကို ပြန်လည် ပိုင်ဆိုင် ချင်သေးတယ်။ မိဘတွေရဲ့ချော့သပ်တဲ့လက်ကလေးတွေအောက်မှာ ညီအစ်ကို၊ မောင်နှမတွေ လက်ချင်းတွဲလို့ နေထိုင်ချင်သေးတယ်။ မိသားစုထမင်းဝိုင်းကလေးမှာ အဖေနဲ့အမေကို ထမင်းတွေ၊ ဟင်းတွေ ဦးချပြီး လက်ဆုံစားချင်သေးတယ်။ အဖေနဲ့အမေကလည်း သားသမီးတွေကိုဟင်းတွေ ခပ်ထည့်ပေးချင်နေပါလိမ့်မယ်။

အဲဒီအတွေး၊ အဲဒီစိတ်ကူးကလေးတွေနဲ့အတူ လုပ်လက်စအလုပ်တွေကို ရပ်နားပြီးတော့ ပြေး ထွက်လာခဲ့လိုက်တယ်။ အိမ်ကလေးထဲမှာ ပျော်ရွှင်ရယ်မော ပွေ့ဖက်နေကြတဲ့မိသားစုကလေးဟာ ကျွန်တော့်ကို ကြိုဆိုနေကြတယ်။

အမေက "ထမင်းစားကြရအောင်"လို့ ပြောလိုက်တဲ့အခါ ကျွန်တော်လက်ဆေးဖို့ ရေအိုးစင် ကလေးဆီကို ထွက်လာခဲ့လိုက်တယ်။ လက်ကလေးအေးသွားတော့မှ ကြည့်လိုက်မိတော့ စားပွဲပေါ် က ရေခွက်ကလေးမှောက်ပြီး လက်ကိုရေစိုသွားတာပဲ။ စိတ်ကူးလား၊ အိပ်မက်လား မသိလိုက်။

ပင်ပန်းလွန်းလို့မှေးခနဲ အိပ်ပျော်သွားတာနဲ့ စိတ်ကလေးဟာ အိမ်ကိုပြန်သွားခဲ့တာဖြစ်မယ်။ ကျွန်တော်ဟာ အိမ်ပြန်ချင်တဲ့စိတ်ကူးကလေးနဲ့အလုပ်ထဲမှာ ရှိနေလေရဲ့။

ကျွန်တော် ကိုယ့်ကိုယ်ကို သနားလာမိတယ်။ မိသားစုကလေးဟာ တကွဲတပြားစီ။ အိမ်ကလေးမှာ အဖေနဲ့အမေ။ ပြန်ဆုံနိုင်မယ့်ရက်ကလေးတွေကို အားလုံးက စောင့်မျှော်နေပါ လိမ့်မယ်။ အိမ်ကလေးမှာ ချစ်ခြင်းမေတ္တာတရားတွေ ကိန်းဝပ်နေသေးတယ်။ မိသားစုဆိုတဲ့ နှောင်ဖွဲ့ငြိတွယ်သံယောဇဉ်ဟာ အသက်ဝင်နေသေးတယ်။ လိုအပ်နေသေး

တာက အဖေရယ်၊ အမေရယ် ကျွန်တော်တို့ ညီအစ်ကို၊ မောင်နှမတွေရယ်ပဲ ဖြစ်တယ်။ ပြန်ဆုံတဲ့ တနေ့၊ ပြန်ဆုံကြတဲ့တနေ့ အိမ်ကလေးထဲမှာ မိသားစုထမင်းဝိုင်းကလေးဟာ အနှိုင်းမဲ့၊ အတုမဲ့ ပျော်ရွှင်မှုတွေကိုဆင်မြန်းလို့ ဘယ်လောက်နွေးထွေးချိုမြိန်နေပါလိမ့်မလဲ။

မျှော်လင့်လျက်ပေါ့။

ကျွန်တော်ဟာ မိသားစုထမင်းဝိုင်းကလေးကိုလွမ်းနေမိပါတယ်။ အဖေရယ်၊ အမေရယ် မိသားစု ထမင်းဝိုင်းကလေးရယ်ပေါ့။

ကျွန်တော်ဟာ တကိုယ်ကောင်းဆန်ခဲ့သူတယောက်လား။ မိသားစုရဲ့ချစ်ခြင်း မေတ္တာ တွေကိုရေးတဲ့အခါ မိသားစုမရှိခဲ့ဖူးတဲ့လူတယောက်အတွက် ဒဏ်ရာရစေခဲ့တယ်။ အိမ်ကလေးရဲ့ နွေးထွေးမှုကိုပြောတဲ့အခါ အိမ်မဲ့နေတဲ့ စစ်ဘေးဒုက္ခသည်စခန်းက မိသားစုတွေကိုပိုပြီး နာကျင်စေ တယ်။ ထမင်းဝိုင်းကလေးမှာ လက်ဆုံစားကြတယ်ဆိုတော့ ကွဲကွာနေတဲ့ မိသားစုကလေးတွေကို ငိုရှိုက်စေတယ်။

အဖေရယ် အမေရယ်တမ်းတမိတော့ မိဘမဲ့သွားတဲ့သားသမီးတွေကို ဝမ်းနည်းစေတယ်။ ညီအစ်ကို၊ မောင်နှမတွေကို မျှော်နေမိတဲ့အခါ သားသမီးမဲ့သွားတဲ့မိဘတွေကို ပူဆွေးစေတယ်။ အကြောင်းကြောင်းကြောင့် မိသားစုရဲ့ချစ်ခြင်းမေတ္တာတရားတွေ ကင်းဝေးခဲ့သူတွေကို

ကျွန်တော် စာနာမိပါတယ်။ကျွန်တော့်သတိရမှုက အခြားသူတွေကို နာကျင်စေခဲ့ပြီလား။ ခွင့်လွှတ်ပါ။

အခုချိန်ဆို ကျွန်တော်တို့ရဲ့အိမ်ကလေးမှာ မိသားစုထမင်းဝိုင်းကလေးအတွက် အမေ ပြင်ဆင် ချက်ပြုတ်နေပြီထင်တယ်။ မိသားစုထမင်းဝိုင်းကလေးဆိုတာ မိသားစုတွေစုံညီနေမှ အသက်ဝင်တာ မဟုတ်လား။ ဒီတော့ ကျွန်တော်တို့ "ရောက်ရာအရပ်က အမြန်ပြန်လာသင့်ပြီ။

မိသားစုထမင်းဝိုင်းကလေးဆီ" ဆိုပြီး လုပ်လက်စအလုပ်တွေကို ရပ်နားပြီး ပြန်လာသင့်ပြီလေ။ ။