ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● လုလင် လုံမ ဘာ ရွေးကြမယ်

မင်းကိုနိုင် ● လုလင် လုံမ ဘာ ရွေးကြမယ်
(မိုးမခ) သြဂတ်စ် ၁၀၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

ကျွန်တော်တို့ငယ်အခါ သူတစ်ပါးအိမ် ဧည့်သည်လုပ် ထမင်းစားစဉ်က အထူးအဆန်းအဖြစ် ဟင်းတစ်မည် ပါလာသည်။ စည်သွပ်ဘူးကို ဖွင့်ကတည်းကကျွန်တော်တို့ ကလေးတွေ စိတ်ဝင်စားနေပြီ ဘူးထဲမှာ တစ်ခါမှ မမြင်စဖူး၊ ငါးကလေးတွေ အထပ်လိုက်စီလို့ ချက်ပြီးသားတဲ့။ ခရမ်းချဉ်သီး ထည့်ပြီးပြန်နွှေးလို့ အနံ့ရရုံ ကျွန်တော်တို့မှာ သဘောကျမဆုံး။ သွားရေတွေ ကမ်းပြိုနေပြီ။ စားပြီးတော့လည်းအရသာတွေ့၊ နောက်နေ့တွေ တမ်းတလို့မဆုံး။ စားမြုံ့ပြန်လို့ မ၀နိုင်။

အမေက ကျွန်တော်တို့ကို ကြည့်ကာ သနားသည်တဲ့။ ငါးသေတ္တာဆိုတာ ဈေးမသွားဖြစ်တဲ့နေ့ လမ်းထိပ်ကွမ်းယာဆိုင်က အလွယ် ၀ယ်ချက်စားလိုက်ကြတာ။သူများက ဒီနေ့ ဘာချက်လဲ မေးရင် ဒီလိုပါပဲ။ ငါးသေတ္တာနဲ့ပဲ ပြီးစလွယ် စားလိုက်တယ်လို့ ဖြေပြရတာ အားမရှိလှဘူးတဲ့။ မစားချင်မှအဆုံးဆိုပဲ။ ကျွန်တော်တို့ ကလေးဘ၀မှာ ဒါကိုနားထောင်ပြီး အားကျမဆုံး၊ ကိုယ့် ကိုယ်ကိုယ်လည်း အတော်သနားစရာကောင်းတာ ရိပ်မိ။ ပေါများတဲ့ ခေတ်ဆိုတာကို တမ်းတရုံ။

တကယ်လည်း ကျွန်တော်တို့ခေတ်သည် အစားအသောက်၊ အ၀တ်အထည် ရှားပါးခဲ့သည်ဟု ကျွန်တော် ခံစားရသည်။ ခေတ်လူငယ်တွေနဲ့စကားစပ်တိုင်း ပေါများခြင်း၊ ရှားပါးခြင်း အကြောင်းရောက်သွားလျှင် ကျွန်တော် ပြောပြတာတွေသူတို့ တအံ့တသြ။

တို့ခေတ်က ဂျင်းဘောင်းဘီ တစ်ထည်ကို သူငယ်ချင်းတွေ၊ ညီအစ်ကိုတွေ အလှည့်ကျ ၀တ်ရတာကွဟု စကားစလျှင် သူ တို့က ဟုတ်လားဆိုကာ ပြုံးစစဖြစ်ကုန်ကြစမြဲ။ ဂျင်းဂျာကင် ဂျင်းကုတ်လောက်ဝတ်နိုင်ရင် ဆရာကြီးဖြစ်ပြီဟုပြောသော် သူတို့ရယ်ကြ၏။ ရှပ်အင်္ကျီဆိုရင်ကွာ ဘင်္ဂလားဒေ့ရှ် လေဘေးအတွက် တစ်ကမ္ဘာလုံးက ၀ိုင်းလှူတဲ့ အထည်ဟောင်း (ဘေ ထုပ်) တွေ ဆူးလေမှာပုံရောင်းတာ အလုအယက် ၀ယ်ကြရတယ်။ အဲဒီအဟောင်းထည်တွေကိုပဲ ဖောရိမ်းရှပ် (Foreign Shirt) ဆိုပြီး ဂုဏ်မောက်ခဲ့ကြရတာဟု ၀န်ခံသည့်အခါ သူတို့ လက်ခုပ်လက်ဝါးတီး လှောင်ရယ်ကြပါသည်။

သို့သော် ယိုးဒယားသကြားလုံးခေတ် ရောက်လာသည့်အခါ စားပြီးသည့် သကြားလုံး စက္ကူအခွံလေးတွေကို တယုတယ စာ အုပ်ကြားထဲညှပ် စုဆောင်းကြကြောင်း ဇာတ်နာသည့်အပိုင်း ရောက်လာတော့သူတို့ မလှောင်ရက်တော့။ ကျွန်တော်တို့ မျိုး ဆက်အားသနားစဖွယ် ငတ်ခဲ့ကြသော မျိုးဆက်ဟောင်းများအဖြစ် စုတ်တသပ်သပ် ကရုဏာသက်ကုန်ကြပါသည်။

ကျွန်တော်တို့တွေ အဘိုးအဘွားခေတ်က အသားဟင်းတွေကို မြေအိုးဖြင့်ချက် နောက်ရက်တွေမှာလည်း ပြန်ပြန် နွှေးစား ကြသည့်အကြောင်းပြောသည့်အခါမျိုး (သို့မဟုတ်) ဗိုလ်ချုပ်အောင်ဆန်းကပဲပြုတ်နဲ့ နံပြားကို တမ်းတခဲ့ကြောင်း ပြောပြ သည့်အခါ ခေတ်ကာလသားသမီးများက သူတို့ဘိုးဘွားတွေကို သရော်သလိုဖြင့် သနားပါတယ်။ ပီဇာမုန့်တောင် မစားဖူးရှာ ဘူး၊ KFC ကြက်ကြော်လေးတောင် မမြည်းဖူးကြရှာဘူးဟု ခနိုးခနဲ့ဆိုလျှင်ကျွန်တော် သူတို့အား ခုလို ပြန်လက်စားချေရသည်။

“မင်းတို့ခေတ်မှာ ပုစွန်ထုပ် တစ်ခါစားပြီးရင်၊ တစ်လလောက် ကြွားမဆုံးဘူး မဟုတ်လား၊ တို့ငယ်ငယ်က အမေဈေးက ပြန် လာရင် ခြင်းတောင်းသွန်ချ၊ ပုစွန်ထုပ်တွေ ကောက်ဆွဲပြီး၊ မီးကင်စားပစ်လိုက်တာ မွှေးချိုနေတာပဲ” သူတို့ မျက်လုံးဝိုင်း သွားကြသည်။ အမေက မဆူဘူးလားဟု မယုံသလို မေးကြသေး၏။ “မဆူတဲ့အပြင် ဘေးကမျှော်နေတဲ့ ခွေးတွေကြောင် တွေအတွက် နောက်ထပ်တောင် ပေးလိုက်သေး၊ အဲဒီလောက် ပေါများတဲ့ ခေတ်ကွ” သူတို့ ခေါင်းပုသွားကြသည်။

ကျွန်တော်တို့ခေတ်က စူပါသရုပ်ဆောင် တစ်ယောက်က ရိုက်ကွင်းမှာ မောလျှင် ရေခဲသေတ္တာထဲက ပန်းသီးစိတ်ကို ကျွေးမှ ရိုက်ကွင်းကို ဆက်၍ရကြောင်း ခေတ်လူငယ်တွေ ကြားသည့်အခါ နားမလည်ကြ။ စူပါစတားရဲ့ တောင်းဆိုချက်ကလည်း ဈေးပေါလှချည်လားဟု ဇဝေဇ၀ါ ဖြစ်ကုန်ကြသည်။

ထိုခေတ်က ပန်းသီးဆိုတာ လူမမာ ဓာတ်စာ၊ လူကြီးကန်တော့ရာသာ ပါရသည့် မျက်နှာကြီးမျိုးဆိုတာယခု ပန်းသီးကို လမ်း ဘေးပုံရောင်းနေသည့် ခေတ်လူငယ်တွေ မယုံနိုင်။

တချို့အိမ်တွေမှာ ရေခဲသေတ္တာဆိုတာ ဧည့်ခန်းမှာ Show Case တစ်ခုလို ထားခဲ့သည့် ခေတ်ရှိခဲ့တယ်ဆိုတာ။ တချို့များ စတီးထည် စတီးချိုင့်တွေတောင် မှန်ဗီရိုထဲထည့် ဧည့်ခန်းမှာ ထားခဲ့ကြတယ်ဆိုတာ အိမ်တိုင်းမှာ ရေခဲသေတ္တာရှိတာ မဆန်း သည့်ခေတ်လူငယ်တွေ လှောင်ရယ်ကြပါလိမ့်မည်။

ကျွန်တော်တို့ ခေတ်ရဲ့ ရှားပါးမှုတွေကို ဟားတိုက်ခံရတိုင်း ကျွန်တော်က မင်းတို့ခေတ်မှာ ငါးသလောက်ဆိုရင် ဆေးဖော်ချင် လို့တောင် ရှာမရဘူး။ တို့ခေတ်က မစားချင်မှအဆုံး စသဖြင့် ချေပရပြန်ပါသည်။ ကျွန်တော် တကယ်ပြောချင်တာက အစား အသောက်အ၀တ်အထည်တွေအကြောင်း မဟုတ်ပါ။ ရှားပါးခြင်းနှင့် ခေါင်းပါးခြင်းအကြောင်းသာ ဖြစ်ပါသည်။

ကျွန်တော် ငယ်စဉ်က အိမ်မှမကြိုက်သော ပိုက်ဆံကြေး ဂေါ်လီရိုက်တာ၊ အိမ်နှင့်ဝေးရာမှာလုပ်ပါလျက် အိမ်က ဘယ်လို သိသိနေမှန်း စဉ်းစားမရ။ နောက်တစ်နေ့ ကစားဝိုင်းထဲ ကျွန်တော့်ကို ဆူငေါက်သံကြား၍ လှည့်ကြည့်ရာ လမ်းထဲ နေ့စဉ်လာ ကောက်ညှင်းပေါင်းရောင်းသည့် အဒေါ်ကြီးဖြစ်နေသည်။ အိမ်ကို သွားသွားတိုင်နေတာ သူပါပဲတဲ့။

အိမ်က လူကြီးတွေ မသိအောင် သစ်ပင် ခိုးတက်၊ ရေခိုးကူးတိုင်း လမ်းထဲ အရပ်ထဲက လူကြီးတွေကဖမ်းပြီး အိမ်ကိုပို့သည်။ ကျွန်တော်တို့မှာ ငယ်စဉ်ကထိုဖြစ်ရပ်မျိုးကို စိတ်ကုန်လှသော်လည်း ခုမှမေတ်္တာဖြင့် စောင့်ရှောက်ကြခြင်းကို နားလည်သည်။ ခုခေတ်လို ကန်ထရိုက်တိုက်တွေ ပြွတ်ကျပ်၊ ဟိုဘက်ခန်း ဒီဘက်ခန်း ဘယ်သူမှန်းမသိ၊ မယုံကြလို့လှေကားတောင် သော့ ခတ်ထားရသည့် ခေတ်မဟုတ်။

▬▬▬▬+▬▬▬▬▬▬▬▬+▬▬▬▬
‪#‎အစားအသောက်‬ အ၀တ်အထည် ရှားပါးပေမယ့် မေတ္တာတရား၊ အပြန်အလှန် စောင့်ရှောက်မှုခေါင်းပါးသည့် ခေတ် မဟုတ် ဆိုတာ ဂုဏ်ယူချင်ပါသည်။
▬▬▬▬+▬▬▬▬▬▬▬▬+▬▬▬▬

သမိုင်းဆိုင်ရာ ၀ါဒရေးရာဆိုင်ရာ စာအုပ်များအင်မတန် ရှာဖွေရခက်သောတစ်ခေတ် ရှိခဲ့ပါသည်။အထူးသဖြင့် ဒီမိုကရေစီ အကြောင်း၊ ဒီမိုကရေစီခေတ်က ထုတ်ခဲ့သော စာအုပ်များကို ခိုးကြောင်ခိုးဝှက် ရောင်း ၀ယ် ငှား ဖတ်ခဲ့ကြ ရသည်။ “လူအခွင့်အရေး ကြေညာစာတမ်း” လက်ဝယ်ကိုင်ဆောင်မှုဖြင့် အဖမ်းခံရသည့် အမှုမျိုး ခေတ်မျိုးတကယ် ရှိခဲ့ပါသည်။ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်အား ဖမ်းဆီးသည့်အခါက လူတင်မကစာအုပ်တွေကိုပါ ဖမ်းဆီး ခံခဲ့ရသည်။ ပြီးတော့ထိုစာအုပ်တွေပင် တရားမ၀င်သလိုလို ထိုစာအုပ်တွေလက်ဝယ်ထားရှိခြင်းကပင် အပြစ်ရှိသလိုလို၊ သတင်းစာရှင်း လင်းပွဲတွင် ဓာတ်ပုံနှင့်တကွ ဦးဝင်းတင် နေအိမ်မှသိမ်းဆည်းရမိသော စာအုပ်များဟု ဖော်ပြသည်။ ထိုအထဲတွင် ကမ္ဘာကျော် တော်စတွိုင်း၏ စစ်နှင့်ငြိမ်းချမ်းရေး စာအုပ်ပါ ပါဝင်ခဲ့ပါသည်။

ခေတ်လူငယ်တွေကို ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ခေတ်တွင် စာအုပ်စာပေအပါအ၀င်ပညာ လေ့လာလိုသူတိုင်း အတွက် ရင်းမြစ်များရှားပါးခဲ့ပါသည်။

ခုခေတ်တော့ အင်တာနက်တွင် ကလစ်တစ်ချက်ခေါက်ရုံဖြင့် လေ့လာလိုသမျှ ဘာသာရပ်ဆိုင်ရာရင်းမြစ်တွေ ဝေါခနဲ ထွက် ကျလာပါပြီ။ ပေါများပါပေ့။ပေါများလှသော အရာတွေထဲက ခေတ်လူငယ်တွေ ဘာတွေကိုများ ရွေးကြမှာပါလိမ့်။

#‎မင်းကိုနိုင်‬
[ပြည်သူ့အရေးဂျာနယ်၊ အတွဲ-၂၊ အမှတ်-၇၈၊ ဆောင်းပါး]