ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● ဘာတွေမြင်လို့ ဘယ်လိုတွေး




မင်းကိုနိုင် ● ဘာတွေမြင်လို့ ဘယ်လိုတွေး
(မိုးမခ) သြဂတ်စ် ၂၂၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

“ဟဲ့ဟိုမှာ ကျီးကန်း…ရှူး…ရှူး…”

“သမီး ဘာဖြစ်တာလဲ”
“ဟိုမှာ ကျီးကန်းလေ ။ အမြင်ကတ်လိုက်တာ”

“ဘာလို့ အမြင်ကတ်တာလဲ သမီးက”
“ဟိုမှာ မမြင်ဘူးလား…အသားတွေ၊ ငါးတွေ ခိုးစားတော့မယ်”

“သားလည်း မုန်းတာပဲ ။ သားငယ်ငယ်က မုန့်တွေ ခဏခဏ ကျီးကန်းလုစားခံရတယ်”

“ကျီးကန်းကို သြစတေးလျနိုင်ငံမှာတော့ မမုန်းကြဘူးကွ”
“သူတို့က လူတွေအစာကို လုမစားဘူးလား”

“လူတွေနဲ့လုစားရအောင် သူတို့အတွက် အစားမရှားဘူးလေ။ ရန်သူမဟုတ်တော့ ဘယ်မုန်းမလဲကွာ”
“သူတို့က အများကြီး တနေ့တနေ့ တ အား…အား နဲ့ နားငြီးလိုက်တာ”

“အေးဟုတ်ပြီ…။ အစာလည်း လုတယ်၊ အကောင်တွေ အများကြီး နားလည်းငြီးတယ်ပေါ့။ သူတို့ဆီမှာက ကျီးကန်း လေးတွေ ဆိုတာ တခါတလေမှ တွေ့ရတာလေ။ သစ်ပင်ပေါ်မှာတွေ့ရင်တောင် ဟိုမှာ ကျီးကန်းလေး…ကျီးကန်းလေးဆိုပြီး ပျော်ကြ တာ”
“အို …ဟုတ်လား”

“ ဟုတ်ရုံဘယ်ကမလဲ…ကျီးသာတဲ့အသံလေးများကြားရင် သူတို့ကျေနပ်လို့ မဆုံးဘူး။ တို့ဆီမှာလည်း ကျီးတွေစိတ်အေး လက်အေးသာနေတဲ့အချိန် သဘောကျကြတာပဲ”
----*-*-*-----

“ဇင်ယော်လေးတွေကို ချစ်လား”
“ချစ်တာပေါ့”

“ကျီးကန်းတွေလို နေ့တိုင်းမြင်ရလား”
“ဘယ်မြင်ရမလဲ ။ ဆိပ်ကမ်းဘက်သွား သင်္ဘောစီးတဲ့အခါ အစာကျွေးရင်း မြင်ရတာလေ”

“မင်းတို့ကသာ ချစ်နေ။ အခုနက နိုင်ငံမှာတော့ ဇင်ယော်တွေကို စိတ်ညစ်လွန်းလို့”
“အိုဘာလို့လဲ ..ဒီလောက် ဖြူဖြူဖွေးဖွေး ချစ်စရာလေးတွေကို”

“တနေ့လုံး ခေါင်းပေါ်မှာ ဆူညံပြီး မျက်စိနောက်အောင်ပျံနေတာ သိလား”
“ဘာဖြစ်လဲ ဒါလည်း ချစ်စရာကောင်းတာပဲ”

“အေး..အေး….ဘွတ်ဘွတ်တွေ ပါချတာ ခေါင်းပေါ်မှာ၊ ကားတွေပေါ်မှာ ပေကျံကုန်တာရော သိလား”
“ဟား…ဟား …တကယ်”
----*-*-*----

“နွေတုန်းက သမီးအပြင်သွားရင် အမြဲထီးဆောင်းသွားတယ်မဟုတ်လား”
“နေပူတာကိုး ဦးဦးရဲ့”

“ဥရောပနိုင်ငံတော်တော်များများမှာတော့ နေပူတယ်လို့မပြောဘူး။ နေသာတယ်လို့ ပြောပြီး ပျော်နေကြတာ။ မိုးတွေ၊ မြူတွေ၊ ဆီးနှင်းတွေ ကျပြီး ထိုင်းထိုင်းမှိုင်းမှိုင်းကြီးဖြစ်နေတာ အကြာကြီးနေခဲ့ရတော့ နေလေးပွင့်လာတာနဲ့ တအားပျော်ကြ တာ။ နေရောင်က သူတို့အတွက် ရှားပါးပစ္စည်းလေ။ ဒါနဲ့သမီး နေပူထဲ ဘာလို့ ထီးဆောင်းသွားတာလဲ”
“နေပူမိရင် ဖျားမယ်။ အသားလည်း မည်းမယ်လေ”

“အေး သူတို့ကျပြန်တော့ နေလောင်တဲ့အသားရည်ကိုမှ လိုချင်ကြပြန်တာဗျ”
“ဟာ အသားဖြူမှ လှတာကို”

“ဒါက သမီးအကြိုက်လေ။ ဒါကြောင့် တို့ဆီမှာ Whitening ခေါ်တဲ့ အသားဖြူ လိမ်းဆေးတွေ၊ မျက်နှာသစ်ဆေးတွေ ခေတ် စားတာပေါ့။ နေမထိလေမထိ နုဖတ်ပြီး ဥနေတဲ့အလှလို့ ချီးမွမ်းတာမျိုး သမီးကြိုက်တယ်မဟုတ်လား။ သူတို့ဆီမှာတော့ အားလပ်ရက် ခရီးပြန်လာရင် ကျောင်းတွေ၊ အလုပ်တွေထဲ နေလောင်ထားတဲ့ အသားအရေရှိသူကမှ ဂုဏ်ယူကြတာ”
“ဒါဆို ဘယ်သူကမှန်လဲ ဦးဦး”

“မပြောပါဘူးကွယ်..။ မတူတာပဲ ပြောတာပါ”
-----*-*-*----

“ဦးတို့ငယ်ငယ်တုန်းက သင်္ချိုင်းကုန်းမှာ အလှဓာတ်ပုံရိုက်ကြတယ်”
“ဟာ ဦးဦးကလည်း နိမိတ်မရှိ နမာမရှိ”

“တကယ်ပြောတာ ဦးတို့ငယ်ငယ်တုန်းက ကင်မရာလည်းရှားတယ်။ ဓာတ်ပုံရိုက်ဖို့ နောက်ခံရှုခင်း လှလှရှိရာ တကူးတက သွားကြရတာ။ ရန်ကုန်ဆိုရင် အလှဓာတ်ပုံရိုက်စရာ နေရာရှားတော့ ထောက်ကြန့် စစ်သင်္ချိုင်းကိုသွားကြတယ်။ ဒုတိယ ကမ္ဘာစစ်တုန်းက ကျဆုံးခဲ့တဲ့ မဟာမိတ် စစ်သားတွေအတွက် သင်္ချိုင်းပေါ့။ အဲဒီမှာက တို့မျက်လုံးတွေနဲ့ကြည့်ရင် သင်္ချိုင်းနဲ့ မတူပဲ ပန်းခြံ လှလှကြီးလို ပြင်ထားတာကိုးကွ”
“သင်္ချိုင်းကုန်းဆိုလို့ သားက ကြောက်စရာချည်းမှတ်နေတာ”

“စစ်သချိုင်းမှမဟုတ်ပါဘူး…သူတို့စဉ်းစားပုံက သေသွားတဲ့သူတွေ ငြိမ်းချမ်းတဲ့နေရာမှာ နားပါစေလို့ ဆုတောင်းရုံမက တတ်နိုင်သမျှ ပန်းခင်းတွေ၊ ကျောက်ပြားတွေနဲ့ အလှဆုံးဖြစ်အောင် ပြင်ပေးထားတာ”
“သားတို့နဲ့ မတူဘူးနော်”

“ကိုယ့်ဆီမှာ ဒီအတိုင်းဖြစ်နေလို့ နေရာတိုင်းလည်း ဒီအတိုင်းလို့ အားလုံးကိုတော့ မထင်နဲ့ပေါ့”
-*-*-*---

“မြန်မာ့သမိုင်းမှာ ဘကြီးတော်စစ်ကိုင်းမင်းရဲ့မိဖုရားဆီကို အင်္ဂလိပ်လူမျိုး အထည် အလိပ်ကုန်သည်ဈေးရောင်းဖို့ရောက်လာ တယ်။ သိပ်ကောင်းတဲ့အထည်တွေကို မိဖုရားဆီ အရင်ပြတော့ မိဖုရားက သဘောကျပြီး အဲဒီကုန်သည်ကို အထူး ဆုအနေနဲ့ ဘာချီးမြှင့်တယ်ထင်သလဲ”
“ရွှေဒင်္ဂါးတွေ၊ အဖိုးတန်ရတနာတွေ ဖြစ်မှာပေါ့”

“ဟုတ်ဘူးလေကွာ။ အဲဒါတွေက အထည်တွေ ၀ယ်တဲ့အခါမှပိုက်ဆံသဘောမျိုးပေးမှာလေ။ အခုဟာက မင်းသိပ်တော် တယ်ဆိုပြီး ဆုချလိုက်တာ”
“ ဘာလဲ …မသိတော့ဘူး”

“မိဖုရားကြီးကွမ်းအစ်ထဲက ကွမ်းယာကွ”
“ဟာ…သူစားတတ်ရဲ့လား။ ”

“ဘယ်စားတတ်မလဲ…သူ့ဘောင်းဘီအိတ်ထဲ ထိုးထည့်လိုက်ပြီးမှ မိဖုးရားကြီးကျေနပ်အောင် တရိုတသေသိမ်းထားပါမယ်လို့ ပြောရတယ်။ အဲဒီမှာ နန်းတွင်းသူတယောက်ကတော့ မိဖုရားရဲ့ ကွမ်းဖတ်ရသွားလို့ ဂုဏ်ယူမဆုံး တပြုံးပြုံးနဲ့ဝါးနေတာ အ ခြားနန်းတွင်းသူတွေတောင် အားကျလို့…”
“ဟာ…သူများပါးစပ်ထဲက …ကွမ်းဖတ်ကြီး..”

“အခုခေတ် သားတို့ကလေးတွေဆို ရွံမှာပေါ့ကွာ..။ ရှေးတုန်းကတော့ အဘိုးအဘွားတွေ ကွမ်းဖတ် မြေးတွေကို ခွံ့ကျွေးတာ ကျေနပ်ခဲ့ကြတာပဲ”

- ‪#‎မင်းကိုနိုင်‬
[ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၉၇ ဆောင်းပါး]