စိုးလွင် ● ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ

စိုးလွင် ● ကြမ်းကြမ်းတမ်းတမ်း ဘ၀လမ်းများ
(မိုးမခ/ သစ်ခက်သံလွင်) သြဂတ်စ် ၁၄၊ ၂၀၁၆

==============
၁၉၈၈  ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်ခဲ့ကြ တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများ ကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းများအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ် မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း.. မိုးမခ၊ သစ်ခက်သံလွင်တို့မှတဆင့် ရေးသားတင်ဆက် လိုက်ပါသည်။

စိုးလွင်
(၂၁၁) (၀မ်ခ)
============

● စစ်လည်း တိုက်၊ ၀မ်ရေးလည်း လုပ်
“နွေရောက်လာပြီ။ ရန်သူက မီးလောင်ဗုံးတွေ ပစ်တော့မယ်။ မင်းရဲ့ဘန်ကာအမိုးတွေ ဖျက်ထားတော့” လို့ အတူနေအဘဗိုလ် မန်းဘိုက သတိပေးတယ်။

ဒါနဲ့ပဲ နောက်နေ့မနက် ၄ နာရီလောက်ထ၊ ကိုယ့်အရှေ့တောင်ကုန်းမှာကလည်း ရန်သူက ပွိုင့်ဖိုက်  စက်သေနတ်ကြီးနဲ့ 76 နောက်ပွင့်ရိုင်ဖယ်က ဆင်ထား။ တပ်စိတ်မှာကလည်း အသက်အကြီးဆုံးနဲ့ တာဝန်အရှိဆုံးက ကိုယ်ပဲဖြစ်နေတော့..ကြောက်ကြောက်နဲ့ပဲ ဘန်ကာအမိုးပေါ်တက် အမိုးကို ဖြည်းဖြည်းဖျက်ချ။။ ရဲဘော်တယောက်ကိုတော့ ရန်သူပစ်မှာကို ကြည့်ခိုင်း ထားရတယ်။

ပွိုင့် 5 ပစ်ရင် ကျည်ဆံလာရာလမ်းကြောင်းက မီးတန်းကြီးဖြစ်နေတော့..မီးကျည်တန်းမြင်ရင် ရဲဘော်က သတိပေး။ ကိုယ်က ခုန်ဆင်း ၀ပ်နေတော့ပဲ။ ရန်သူကလည်း ဘယ်အချိန်ကထဲက ချောင်းနေလည်းမသိဘူး။ ဖျက်လို့ တ၀က်လောက် လည်းရ ရော ပစ်တော့တာပဲ..။ ကိုယ်တွေအတွက်ကံကောင်းတာက နောက်ပွင့်ရိုင်ဖယ်မပစ်တာဘဲ..၊ ပစ်ရင် မချောင်ဘူး..ဒီလိုနဲ့ပဲ ပစ်ရင် ခုန်ချပုန်းလိုက်၊ အပစ်ရပ်ရင် တက်ဖျက်နဲ့ မိုးလင်းတော့လည်း ဖျက်တာ ပြီးသွားတာပဲ။

နောက်တနေ့.. ကျနော့်ကင်းအလှည့်က မနက်၂ နာရီက ၄ နာရီ။

ကင်းအလှည့်ပြီးတော့ ၄ နာရီကနေ ၆ နာရီအထိတာဝန်ကျတဲ့ အောင်ဝင်းကိုနှိုး၊ အောင်ဝင်းနဲ့ ကင်းလဲပြီးတော့ ကျနော်လည်း မအိပ်တော့ဘဲ ဘန်ကာအကွယ်ကလေးနားမှာ ဆေးလိပ်သောက်နေလိုက်တယ်။ ခဏနေတော့ အောင်ဝင်း ကျနော်ဆီ ရောက်လာပြီး ဓာတ်မီးနှစ်လက်အတွက် ဓာတ်ခဲတောင်းတယ်..။ ကျနော်လည်း ထုတ်ပေးလိုက်တယ်...မကြာပါဘူး အောင် ၀င်းဆီကနေ ဓာတ်မီးအရောင်တွေ ထွက်လာလို့ သူဆီပြေးသွားကြည့်လိုက်တော့..

အောင်မယ်လေးဗျာ.. ကိုယ်တော်ချောက ဓာတ်မီးနှစ်လုံးပြိုင်တူဖွင့်ပြီး အရှေ့တောင်ကုန်းက ရန်သူကို ဝှေ့ပြနေတယ်။ ကျ နော်လည်း သူ့ကိုရပ်ခိုင်း..၊ ဆူလဲဆူ..ပြီးတော့ ဓာတ်မီးနှစ်လက်လုံး သိမ်းပြီးတဲ့ အချိန်မှာ..ရန်သူလက်နက်ကြီးက မီးရောင် မြင်တဲ့ ကျနော်တို့နေရာကို လက်နက်ကြီးနဲ့ပစ်ပါပြီ။ ကျနော်တို့နှစ်ယောက်လည်း ဘန်ကာထဲပြေးဝင်..။

တွေ့ပါပြီးခင်ဗျာ။ ဘန်ကာထဲမှာ ခင်မောင်အေး၊ အောင်မိုး၊ ၀င်းထွန်လင်းတို့က ပေါက်တူးကိုယ်စီနဲ့။

ကျနော်သိလိုက်ပါပြီ။ ဒီကောင်တွေ ညကထဲကစီစဉ်ထားကြတာ..ကျနော်ကိုအသိပေးရင် ခွင့်မပြုမှာစိုးလို့..။

ရန်သူကလည်း မီးလောင်ဗုံးတွေကို တလက်စပ်ပစ်..ဘန်ကာနားတ၀ိုက်မှ ကျကွဲပြီးမီးလောင်...။

အပစ်ကျဲသွားတာနဲ့ ဒီကောင်တွေအုပ်စုလည်း အပြင်ကိုပြေးထွက် ရရာသစ်ကိုင်းနဲ့ မီးကိုရိုက်သတ်။ ပြီးမှ မီးလောင်ဗုံးကျတဲ့ နေရာကိုတူးပြီး ဗုံရဲ့ဒလက်ကိုယူ..မီးလောင်ဗုံရဲ့ဖင်ကဒလက်က ဒန်သတ္တု ဆိုတော့ ရောင်းစားလို့ရတယ်လေ..။

ဒီလိုနဲ့အပစ်များရင် ဘန်ကာထဲ ပြန်ပြေးဝင်။ အပစ်ကျဲရင်ထွက်တူးလိုက်နဲ့ ရန်သူအပစ်ရပ်တော့ ဒလက်တွေ ၃ ကီလို ၄ ကီလိုလောက်ရလိုက်တယ်။

(ကေအန်ယူကလည်း ထွက်တူးကြတော့...သူ့အဖွဲ့ ကိုယ့်အဖွဲ့ အပြိုင်အဆိုင် တူးလိုက်ကြတာ၊ နောက်ပိုင်း အရနည်းမှာစိုးလို့ ဘန်ကာထဲပါမ၀င်တော့ဘဲ နီးရာအပင်မှာကပ်နေကြလို့ ဘန်ကာထဲ ၀င်ဖို့ မနည်းပြောယူ ရတယ်။ နောက်တော့ ကေအန်ယူနဲ့ကျောင်းသားတွေဆွေးနွေးပြီး..ဘယ်အပင်နဲ့ ဘယ်အပင်ကြားက ကေအန်ယူပိုင်..ဘယ်အပင်နဲ့ ဘယ်အပင်ကြားက ကျောင်းသားပိုင်ဆိုပြီး ခွဲထားလိုက်တော့..လက်နက် ကြီးပစ်ပြီးမှအေးအေးဆေးဆေး ထွက်တူးရုံပဲ)။

နောက် ၃...၄ရက်နေတော့ ထုံစံအတိုင်း ထိုင်းဘက်ကမ်းမှာ ကျဉ်ခွံဝယ်တဲ့ ကားလာတော့ ကြက်ရိုး ငါးကြီးနဲ့ အလဲအလှယ် လုပ်ကြပေါ့။ ပြီးတော့ ပျော်ပျော်ပါးပါး ချက်စားကြပေါ့။

ဒီလိုနေ့မျိုးဆို အားလုံးမျက်နှာမှာ အပြုံးတွေနဲ့....။

(၀န်ခံပါသည်...ရဲဘော်တွေ ထွက်တူးတော့ ထိခိုက်ဒဏ်ရာရမှစိုး၍ နှုတ်အားဖြင့် မတူးဖို့ တားခဲ့ပါသည်။ ဒါပေမဲ့ စားရ၀ါးရ တော့မည်လို့ ကြိုမြင်နေတော့ ကျနော့်မျက်နှာက ပြုံးနေပါလိမ့်မည်။ ထိုကြောင့် ညီလေးတွေရဲ့စွမ်းအားနဲ့ရရှိတဲ့ ထိုဟင်းကို စားရချိန်မှာ ရှေ့မျက်နှာနောက်ထား၍ ရင်ထဲတွင် ရှက်ရှက်နဲ့ စားခဲ့ရပါကြောင်း…)

စိုးလွင် (၀မ်ခ) (၂၁၁)