ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အီကြာအော် ● ဖွတ်ကလေး၊ ပိုကီအွန်နှင့် ခက်သေးရွာမှ ပိုကီမွန်ဂိုးရောဂါ

အီကြာအော် ● ဖွတ်ကလေး၊ ပိုကီအွန်နှင့် ခက်သေးရွာမှ ပိုကီမွန်ဂိုးရောဂါ
(မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၆

ခုတလော ခက်သေးရွာတရွာလုံး လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်။ လှုပ်လည်းလှုပ် ရွလည်းရွကြရသည့် အကြောင်းရင်းမှာကား တခြားရွာများမှာကဲ့သို့ပင် ခက်သေးရွာကာလသားများ ခေတ်မှီ "ပိုကီမွန်ရောဂါ" ထနေသောကြောင့်ဖြစ်သည်။ ကွမ်းတံတွေး ထွေးခြင်း၊ တွေ့ကရာနေရာတွင် အမှိုက်ပစ်ခြင်း၊ တန်းမစီပဲနေရာလုခြင်း၊ ကားကို ယာဉ်ကြောပြောင်းပြန်မောင်းခြင်းစသည့် ခက်သေးအကျင့်မျာကို မူပိုင်ယူထားသော ရွာသားအများစုကား မဟုတ်တာဆိုလျှင် ထိပ်ဆုံးက အတုခိုးတတ်ပေသည်။ ဘောက်ကန်နှင့် စူကာပင်ရွာများသို့ သွားလည်လျှင်ကား ခက်သေးရွာသားတို့၏ အရိုးစွဲနေသော အကျင့်ဆိုးတို့သည် ကြက် ပျောက် ငှက်ပျောက်ကုန်ပြီး စည်းကမ်းရှိကုန်လေသည်။ သို့သော်လည်း ခက်သေးရွာ ပြန်ရောက်လျှင်ကား ခွေးမြီးကောက် ကျည်တောက် စွပ်သည့်နှယ် ဒုန်ရင်း ဒုန်ရင်းပင် ဖြစ်သွားသည်။ ကောင်းမွန်သည့် အကျင့်လေးများ ရွာတွင်းသို့ အင်ပို့လုပ်ရန် အလွန်ပင် ဝန်လေးသော ခေတ်သေးရွာသားများပင် ဖြစ်သည်။

အခုလည်း ပိုကီမွန်လိုက်ဖမ်းသောရောဂါမှာ ခက်သေးရွာတရွာလုံးသို့ တောမီးပမာ ပျံ့နှံ့သွားလေတော့သည်။ မြို့လယ် ကောင် ပန်းခြံမှအစ အီကြာအော်တို့ လမ်းကြားပါမကျန် ပိုကီမွန်ဂိုးဖမ်းသူတို့က နေရာအနှံ့ပင်။ ဆေးကု၍ မရပါတကား။

"ဒီမှာ တကောင်မိပြီ"

အိတ်တလုံးကို လွယ်ထားသော ဖွတ်ကလေးတယောက် စမတ်ဖုံးတလုံးကို အားရပါးရပွတ်ရင်း ရွာလယ်ကောင်တွင် ခေါင်း ငိုက်စိုက်ဖြင့်လှုပ်ကာရွကာ လျှောက်လာလေတော့သည်။ သူနောက်တွင် လိုက်ပါလာသော ကြွက်နီတို့ ကလေးတသိုက် ကလည်း ဖွတ်ကလေး၏ ပိုကီမွန်အမိဖမ်းပွဲကို အားရပါးရ အားပေးနေကြလေသည်။

"ဝေးဒါမှ တို့ ကွီးဖွတ်ကွ"

"ဟေ့ကောင် ဖွတ်ကလေး မင်းကွာ...၊ အရည်မရ အဖတ်မရနဲ့ ဒီဖုတ်ကောင်လေးတွေပဲ လိုက်ရှာနေတယ်...၊ ဒါနဲ့ မင်းနဖူးက ဘာဖြစ်တာလည်း၊ ဆိုင်ကယ်တိုက်တာလား"

နဖူးတွင် ပတ်တီးစည်းထားသော ဖွတ်ကလေးကို အီကြာအော်က မေးလိုက်လေသည်။

"အဟီး...၊ ကျုပ်လည်း ပိုကီမွန်အဖမ်းလွန်ရင်း ရွာလယ်ကောင်က ဓာတ်တိုင်ကို နဖူးနဲ့ဝင်တိုက်မိလို့ပါ ဆရာအော်ရဲ့"

"မင်းကလည်းကွာ "အလုပ်မရှိ ကြောင်ရေချိုး" ဆိုတဲ့စကားတောင် "အလုပ်မရှိ ပိုကီမွန်ဂိုး" ဆိုပြီး ပြောင်းရမလို ဖြစ်နေတယ်"

"ဆရာအော်လည်း ကျုပ်တို့နဲ့ ပိုကီမွန်လိုက်ဂိုးပါလား လမ်းလျှောက်လေ့ကျင့်ခဏ်းရပြီး ဆရာအော့် ဗိုက်လည်း ကျသွားမယ်"

"ဟေ့ကောင် ဖွတ်ကလေး၊ ငါ့ဗိုက် သူ့ဖာသာနေတာ ဆွဲမထည့်ပါနဲ့ကွာ၊ ဗိုက်မကျချင်နေ ပိုကီမွန်ဂိုးရင်း ကားတိုက်ပြီး မာလ က သွားမယ်ကွ၊ ပိုကီမွန်တင်မကဘူး လူပါ တခါတည်း ဂိုးသွားနိုင်တယ်"

အီကြာအော်က သတင်းစာစောင်များထဲမှ ပိုကီမွန်လိုက်ဖမ်းရင်း ကားတိုက်သေသူများအကြောင်း ဖတ်ရသည်ကြောင့် စိုး ရိမ်စိတ်ဖြင့် ပြောလိုက်လေသည်။ ခက်သေးရွာသား မော်တော်ကားဒရိုင်ဘာများသည်လည်း နာမည်ကျော်ကြသည် မဟုတ် ပါလား။ ပိုကီ မမွန်ပဲ မအိုမှီ ဂွမ်သွားမည်ကိုတော့ အီကြာအော် ကြောက်ရှာသည်။

"ဟဲ့ ကလေးတွေကြွက်နီတို့ ....၊ မဟုတ်တာတွေနောက်ပဲ လိုက်မနေကြနဲ့၊ ပိုကီမွန်ကြိုးစားသလောက်သာ မင်းတို့ စာကြိုး စားကြရင် ဟိုရည်ချွန် သည်ရည်ချွန်တွေ ဖြစ်လောက်တယ်ကွ"

အီကြာအော်က ဖွတ်ကလေး၏နောက်တော်ပါ နှပ်တွဲလောင်းနှင့်ကြွက်နီတို့ ကလေးတသိုက်ကို မိန့်ခွန်းခြွေလိုက်လေသည်။

"ဘဘအော်ကလည်း....၊ လူရည်ချွန်တို့ဘာတို့က အတန်းပိုင်ကို ပိုင်မှရတာဗျ၊ ပိုက်ပိုက်ရှိမှရတာ။ ပိုကီမွန်ကမှ လိုက်ဖမ်းရင် သေချာမိနိုင်သေးတယ်"

ကြွက်နီက အီကြာအော်ကို ခေတ်ကာလ ခက်သေးရွာသားကလေးပီပီ အထွန့်တက်လိုက်လေသည်။ ခေတ်ပေါ်ကလေးများကားအီကြာအော်တို့ခေတ်ကလို လူကြီးများကို မကြောက်ကြတော့ပေ။ အီကြာအော်တို့မျိုးဆက် အသက်ငါးဆယ်ထိပ်စည်း တို့ မှာကား လူကြီးမိဘ ဆရာများကိုလည်း အခုထိ ကြောက်ရဆဲဖြစ်သည်။ ကိုယ့်ယ့်အောက်က မျိုးဆက်ကလေးများကလည်း အီကြာအော်တို့အရွယ် လူကြီးများကို ဖုတ်လေသည့်ငါးပိ ရှိသည်တောင် မထင်ပေ။ သူပြောသည်လည်း ဟုတ်နေသည်မို့ အီကြာအော်လည်း ငြိမ်နေလိုက်ရသည်။

ငယ်ငယ်က လူရည်ချွန်လေးဘာလေး ရဘူးသော အီကြာအော်လည်း "ခုခေတ်လိုမျိုး ပိုကီမွန်ကို ဒေတာရှိမှ ဖမ်းရသလို ပိုက်ပိုက်ငွေလေးရှိမှ ပညာအမိဖမ်းနိုင်သောခေတ်တွင်သာ လူဖြစ်ရလျှင်ကား အကျိုးနည်းရချေရဲ့" ဟု တွေးမိလိုက်လေ သည်။

"ခေတ်ပြောင်းနေပြီကွ"

အီကြာအော်က စကားဖြင့် အနိုင်ယူတတ်သောခက်သေးရွာသား လူကြီးပီပီ ခေတ်ဖြင့် ကိုင်ပေါက်လိုက်လေသည်။

"ဖိုးတခေတ် ဘယ်ပြောင်းသွားလို့လည်း ဘဘအော်"

"သူလည်း ပိုကီမွန် လိုက်ဖမ်းနေမှာပေါ့၊ ဟာကွာ...၊ သူက မြေကြီးပေါ် လမ်းလျှောက်လို့မရဘူးကွ"

"အဲဒါဆို ထမ်းစင်စီးပြီး လိုက်ဖမ်းနေမှာပေါ့နော်၊ ဇိမ်ကျသားပဲ ဘဘအော်ရဲ့"

"ငါပြောတာ အတန်းပိုင်ကျောင်းဆရာမတွေ ကျူရှင်ပေးပြီး လေဒီဂါဂါ လုပ်ကြတဲ့ခေတ် ပြောင်းတာပြောတာကွ"

ထိုသို့ အီကြာအော်တယောက် ကြွက်နီတို့ ကလေးတသိုက်ကို မိန့်ခွန်းခြွေနေစဉ် ခြံထဲမှ ဒေါ်အွန်မေးတယောက် ထွက်လာပြီး

"ကိုအော်ရေ...၊ ပိုကီမွန်တွေ ပိုကီချွန်တွေ ခနလေး ရပ်ထားပါဦး၊ ခုထိ စားဖို့ဆီပြတ်တာ မဝယ်ရသေးဘူး၊ ကိုခိုနီ့ဆိုင် ပြေးပြီး ဆီဝယ်ပေးပါဦး၊ လမ်းမှာ ပိုကီမွန် ဝင်ဖမ်းမနေနဲ့ဦးနော်"

"အေးပါကွာ...၊ ငါ သွားလိုက်ပါ့မယ်" ထုံးစံအတိုင်း ကန့်ကွက်မည့်သူမရှိပါဟူသော လေသံဖြင့် အီကြာအော်က ပြောလိုက် လေသည်။

ငါ့ဆရာတော့ ပိုကီမွန် မဖမ်းရပဲ ပိုကီအွန်က လာဖမ်းတာ မိသွားပဟေ့ ဟု ဖွတ်ကလေးက တွေးမိရင်း

"ဆရာအော်ရေ ...၊ ကျုပ်တော့ ပိုကီမွန် ဖမ်းလက်စနဲ့ ဆက်ဖမ်းလိုက်ပါဦးမယ်" ဟုဆိုကာ ခက်သေးရွာလယ် ရွာတော်ခန်းမ ရှေ့ မဟာဘန်ဒုလပန်းခြံဘက်သို့ ပိုကီမွန်ဂိုးရန် ကြွက်နီတို့ကလေးသိုက်နှင့် လှုပ်ကာ၊ ရွကာ စမတ်ဖုန်းကို ပွတ်ရင်း ဒိုးလေ တော့သတည်း။    ။

သဗ္ဗေသတ္တာ ကမ္မသကာ
အီကြာအော်