မောင်သော်တာ - ပေတစ်ရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး



မောင်သော်တာ - ပေတစ်ရာပေါ်မှာ စီးတဲ့သွေးတွေ မခြောက်သေးဘူး
(မိုးမခ) သြဂုတ် ၈၊ ၂၀၁၆



သမိုင်းကမှန်ပြီး ဘာတွေက မှားနေခဲ့သလဲတဲ့

သူရဲကောင်းကြောက်တဲ့တိုင်းပြည်မှာသူရဲကောင်းတွေပိုများလာ 

ဗိုလ်ချုပ်လမ်းအတိုင်းအလံတွေလွှင့်လာတဲ့ကျောင်းသားလေးတွေ

 ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာကမ္ဘာမကြေသီချင်းကိုဆိုကြတယ် 

ဗိုလ်ချုပ်ဓာတ်ပုံမှန်ဘောင်ကြီးကျမကွဲရအောင် ရင်ဘတ်တွေကိုဖွင့်လို့ 

ကြယ်ငါးပွင့်အနီရောင်နိုင်ငံတော်အလံကိုတင်းတင်းဆုပ်လို့ 

ဗမာဗမာချင်းသတ်တဲ့ကျည်ဆံတွေကိုမကြောက်မရွံ့

ပါလီမန်ဆိုတာဘာလဲ

ပြည်သူ့အစိုးရဆိုတာဘာလဲ

လွတ်လပ်၍တရားမျှတခြင်းဆိုတာဘာလဲ

ဖတ်စာစာအုပ်ထဲမှာမမြင်ဖူးတဲ့ဝေါဟာရတွေကိုရှာဖို့

 ပေတရာလမ်းပေါ်တက်လျှောက်လိုက်တဲ့အခါကျမှ

စကားလုံးတွေ ရာဇဝင်တွေ မျိုးဆက်အမွေတွေ သမိုင်းကွင်းဆက်တွေ

 သွေးအလိမ်းလိမ်းနဲ့ဖတ်ခွင့်ရခဲ့ကြ

မကြောက်ဖူးလားမေးရင် မလိမ်စတမ်းဖြေချင်ပါတယ်

အရှက်တကွဲ သွေးသတ္တိနည်းတာမျိုးကိုကြောက်တယ်

တဘဝ တခန္ဓာအတွက်သေမှာမကြောက်ဘူး

 သေနတ်ကိုင်ထားပြီးမှ လူရာဝင်တဲ့အတွေးအခေါ်တွေကိုစက်ဆုပ်ရွံရှာလွန်းလို့ပါ 

အကြောက်တရားတခုရှိနေခဲ့လို့ မျက်နှာကိုလူမသိအောင်ပဝါစည်းထားခဲ့တယ်

 မျက်လုံးတွေမီးဝင်းဝင်းတောက်နေတာ အားလုံးမြင်မှာပါ

မတရာဖမ်းဆီးနှိပ်စက်မှာကြောက်လို့ မျက်နှာကိုဖုံးကွယ်ထားခဲ့တယ် 

အလံကိုင်လက်သီးဆုပ်တင်းတင်းတွေကိုအားလုံးအမြင်ပေါ့ 

အကန်းတွေ တရစပ်ဝှေ့ရမ်း ပစ်ခတ်နေတဲ့သေနတ်ပြောင်းတွေကြောင့်

ဝမ်းလျားမှောက်ခဲ့တယ်

ဒူးမထောက်တဲ့မကြောက်တရားနဲ့ ပြန်ရပ်ပြခဲ့ကြ

ရှစ်ဆယ့်ရှစ် တိုင်းပြည်ရဲ့အထင်ကရအဖြစ်အပျက်တွေများစွာ 

ရရာလက်နက်စွဲကိုင်သလိုနိုင်ငံရေးအမြင်အယူဝါဒများစွာ

 နာကျည်းခံပြင်းချက်ယုံကြည်မျှော်မှန်းချက်များစွာ

ဘဝအထုအထောင်းများစွာရဲ့အောက်မှာ

ရူးချင်ယောင်ဆောင်တဲ့သူနဲ့တကယ်ရူးသွားသူများစွာ

 သေချင်ယောင်ဆောင်တဲ့သူနဲ့တကယ်သေသွားတဲ့သူများစွာ 

လမ်းပျောက်သွားသူနဲ့လမ်းပျက်သွားသူများစွာ

ကိုယ်ပေတံနဲ့ကိုယ် 

ကိုယ့်အမှန်တရားနဲ့ကိုယ် 

ကိုယ့်အသံ ကိုယ်ဖွင့်

ကိုယ့်အလံ ကိုယ်လွှင့်ခဲ့ကြ

ဒါဟာ တကယ့်အဖြစ်အပျက်ပဲ

ဒါဟာ တကယ့်အရေးအခင်းပဲ

တိုက်ပွဲမပြီးသေးဘူးဆိုရင် ကျွန်တော်မငြင်းပါ

သူရဲကောင်းမလုပ်ခဲ့ဘူး

ဒါပေမဲ့ သူရဲကောင်းစိတ်ဓာတ်ကို သိတယ်လေးစားတယ်

သစ္စာဖောက်မဟုတ်ခဲ့ဘူး

ဒါပေမဲ့ ကျေးဇူးကန်းတဲ့လူယုတ်မာတွေကို သိတယ်ရှုတ်ချတယ်

သူရဲကောင်းကိုမကိုးကွယ်ဘူး

ဒါပေမဲ့ တကယ့်ခေါင်းဆောင်ကောင်းကိုယုံကြည်ရင်

ညီတူစိတ်ဝမ်း ဒီလမ်းကိုကူထမ်းဖို့အမြဲအသင့်ပဲ

ညီအစ်ကိုတို့ ပေတစ်ရာပေါ်မှာစီးတဲ့သွေးတွေ မေ့သွားပလား …


မောင်သော်တာ
Aug 7 2016
(သရုပ်ဖော် - ဖေမောင်သိန်း (ကွယ်လွန်)၊ စက်မှုအားမာန် စာစောင်၊ (ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားသမဂ္ဂ) ။ ၈ စက်တင်ဘာ ၁၉၈၈ မှ ပြန်လည် ကူးယူဖော်ပြသည်)