ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်ကျော် (မြရည်စမ်း) ● အမှောင်မလွတ်သေးသည့် အတွေးတစ


ကျော်ကျော် (မြရည်စမ်း) ● အမှောင်မလွတ်သေးသည့် အတွေးတစ
(မိုးမခ) သြဂတ်စ် ၁၅၊ ၂၀၁၆

ငယ်ဘဝတွင် အဖေဝယ်ပေးသော ဆရာဦးအောင်သင်း၏ စာစီစာကုံး တွေးနည်း ရေးနည်းစာအုပ်လေးကို ဖတ်ခဲ့ရဖူးသည်။
ထိုစာအုပ်ထဲတွင် စာစီစာကုံးများသာမက နောက်ဆက်တွဲအဖြစ် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများ၏ အဆိုအမိန့်များကိုပါ  နာယူစေလိုသောစေတနာဖြင့် ထည့်သွင်းပေးထားသေးသည်။ "ပထမသော် အလေ့အထကို ကိုယ်ကဖန်တီး၍၊ နောင်သော် အလေ့အထက ကိုယ့်ကိုဖန်တီးလေတော့သည်" ဟူသော မိန့်မှာထားခဲ့သည်ကို ယခုအချိန်ထိ သတိရနေမိသည်။

သို့တိုင် တန်ဖိုးရှိသောစာများကိုဖတ်ကြားခဲ့ရသော်လည်း၊ ကျနော်လူမိုက်မှာ နာယူမှုမရှိခဲ့ပါ။

ငယ်ဘဝထဲက ဆေးလိပ်မကောင်းကြာင်း ရေးသားထားသည့် စာများစွာဖတ်ခဲ့ဖူးသည်။ ဆရာသိပ္ပံမှူးတင်၏ဟောပြောပွဲကို တက်ရောက် နားဆင်ဖူးသည်။ သို့သော် နာယူမှုမရှိခဲ့။

"တဖက်ထိပ်မှာ မီးစ၊ တစဖက်မှာတော့ လူမိုက်"  ဟူသောစကားကိုကြားဖူးပါလျက်နှင့် ကျနော်တို့ လူငယ်ဘဝတွင် သူငယ် ချင်းတော်တော်များများ လူမိုက်ဘွဲ့ ရခဲ့ကြသည်။ ခေတ်၏ မီးစက ပူလောင်လွန်းလှသည်။ ယနေ့တိုင် အငွေ့မပြယ်။

ယခုအသက်လေးဆယ်ကျော်အရွယ်တွင် ငယ်ဘဝထဲက သောက်ခဲ့သောဆေးလိပ်၏ဆိုးကျိုးကို သိသာစွာ ခံစားနေရ၏။ ရင်ဘတ်နည်းနည်းအေးသွားလျှင် ချောင်းတဟွတ်ဟွတ်ဖြစ်ချင်လာသည်။ ကျနော်ဖန်တီးယူခဲ့မိသော ဆေးလိပ်သောက်ခြင်း အလေ့အထဆိုးသည် ကျနော့်အတွက်အဆုတ်အားနည်းခြင်းဒုက္ခကိုပြန်လည်ဖန်တီးလေပြီ။

ဇနီးဖြစ်သူက စိုးရိမ်ကြီးစွာ ဆေးလိပ်ဖြတ်ခိုင်းတော့သည်။ ကျနော့်အတွက် မလွယ်ကူပါ။ မတွေ့မြင်ရလျှင် မသောက်ဘဲနေနိုင် သေးသည်။ ကိုယ်တိုင်လက်ဖက်ရည်ဆိုင်ဖွင့်ထားသူမို့မနက်လင်း ကတည်းကသူများကို ရောင်းရသလို၊ ကိုယ်တိုင်ကလည်း တလိပ်ပြီးတလိပ်။

ဖြတ်ရခက်သည့် ဆေးလိပ်ကိုမုန်းလာသည်တော့ အမှန်။ သို့သော် မဖြတ်နိုင်သေး။ အခြေ အနေမပေးသေးဟုသာ ကိုယ့်ဘာ သာ ဆင်ခြေပေးမိသည်။

တွေ့လျှင်မသောက်ဘဲမနေနိုင်သည့်ဆေးလိပ်ကိုပြတ်ဖို့အတွက် ကျနော့်လက်ဖက်ရည်ဆိုင်တွင် ဆေးလိပ်မရောင်းတော့ မှသာ ဖြစ်ပေမည်။ ထိုကိစ္စကလည်း ခက်လှချေသည်။ ပြည်တွင်းစစ်သည် လွတ်လပ်ရေး၏ဖွားဖက်တော်ဟု နိုင်ငံရေး သမားကြီး များနှင့် စာရေးဆရာကြီးတချို့သုံးသပ်တင်ပြကြသလို၊ ဆေးလိပ်သည်လည်း လက်ဖက်ရည်၏ဖွားဖက်တော်ဟု ကျနော်ကျွမ်းဝင်သည့်ရှုထောင့်မှ ရပ်၍ ဆင်ခြေကန်မိမည်။ မြန်မာပြည်အရပ်ရပ်၌ ဆေးလိပ်တင်မရောင်းသည့်လက်ဖက်ရည်ဆိုင်ဟူ၍ ရှိကောင်းတော့ ရှိနိုင်မည်။ သို့သော် ထမင်းထုပ်ရွက်ကာရှာပေမယ့် တွေ့နိုင်ပေါင်ဆိုသည်မျိုးသာ ဖြစ်လိမ့် မည်ထင်သည်။ 

ကျနော်တို့ဆယ်တန်းကျောင်းသားဘဝက မုန့်စားကျောင်းဆင်း ၁၅ မိနစ် အနားပေးလျှင်၊ မုန့်ကိုတက်သုတ်ရိုက်စားပြီး၊ ကျောင်းနောက်ဖေး သန့်စင်ခန်းနားရှိ  ကုက္ကားပင်ကြီးအောက် ဆေးလိပ်ခိုးသောက်ကြသည်။ ဆရာ ဆရာမများက ဆေး လိပ်မသောက်ကြရန် တားမြစ်ဆုံးမပါ၏။ ကျနော်တို့က မလိုက်နာကြ။ သို့ရာတွင် ကံအကြောင်းထောက်မစွာာ ကျောင်းစည်း ကမ်းအရ တခါမှတော့ အရေးယူခြင်းမခံခဲ့ကြရပါ။

ထိုခေတ်ကာလတွင်  ဆရာ ဆရာမများ အပူပန်ဆုံးအရာက ကျောင်းသူများ ရည်းစား သနံထားခြင်းမဟုတ်သလို ကျောင်းသားများဆေးလိပ်ခိုးသောက်ခြင်းလည်းမဟုတ်ကြဘဲ ဆရာ ဆရာမတို့ကိုယ်တိုင် အထက်ကရောက်လာသည်ဟုဆိုသော အမိန့်စာအထပ်ထပ်ကို လက်မှတ်အခါခါ ထိုး၍ ခံဝန်ကတိအကြိမ်ကြိမ်ပေးကာ ထားရပါသော ကိုယ်တိုင်နိုင်ငံရေးကင်းရှင်းဖို့နှင့် မိမိတို့တပည့် ကျောင်းသားကျောင်းသူများ နိုင်ငံရေးကင်းရှင်းဖို့ပင်ဖြစ်လေသည်။

ကျနော်တို့ ငယ်စဉ်ကျောင်းသားဘဝ ကျောင်းအတွင်း ဆေးလိပ်သောက်ခြင်းသည် ထိုခေတ်ကာလက နိုင်ငံရေးမမည်ခဲ့ လေသည်ကလည်း ပါလေသောကြောင့် ကျနော်တို့မှာ အရေးယူခြင်းမခံရခြင်း ဖြစ်နေသည်လားတော့ မဆိုတတ်ပါ။ ဆယ်တန်းစာမေးပွဲဖြေပြီးသည့်အချိန်ကာလများတွင် ကျနော်တို့ကား ကောင်းမွန်စွာ ကြမ်းပိုး ထိုးခွင့်ရခဲ့သည်။

မိဘများအားလုံးလိုလိုပင် ကြပ်တည်းလှသော ခေတ်၏စီးပွားရေးမပြေလည်မှုများထဲတွင်းနက်လွန်းလှသည့်ထမင်းအိုးအတွက်ကို ပင်ပင်ပန်းပန်း တူးနေကြရသည်။ သူတို့ခမျာ ပုန်းရည်ကြီးလည်ရောင်းနေသူကိုလည်း ကြောက်ရရှာသည်။ ယုတ်စွအဆုံး  မျက်နှာစိမ်းသူတောင်းစားအိမ်ရှေ့လာရပ်လျှင်ပင် ပြောလက်စစကားကိုအရှိန်သတ်၊ ပိုက်ဆံမြန်မြန်ထည့်ပြီး ကိစ္စဖြတ်ကြရသည်။ လူစိမ်းမှန်သမျှ မယုံရသည့်ခေတ်။ ထိုစဉ်က ကျနော်တို့ ဦးခေါင်းသေးသေးကလေးများက၊ မိဘတွေ၏
အခက်အခဲကို မစဉ်းစားမတွေးဆနိုင်ခဲ့ကြပါ။ ထိုအထဲမှ သူငယ်ချင်းတချို့သည် ကြမ်းပိုးထိုးလွန်ရင်းနံပါတ်ဖိုးစွဲသွားကြသေးသည်။ ကျနော်နှင့်တချို့တလေကတော့ လက်ဖက်ရည်ဆိုင်နေကုန်အောင်ထိုင်၊ ခင်မောင်တိုး၏လွန်ခဲ့သောနေ့သီချင်းလေးလိုက်ညည်းရင်း ထူးအိမ်သင်၏ နာရီ...သီချင်းကို လိုက်ဆိုကာ စက်ပျက်ရပ်တန့်နာရီများဘဝ ဖြစ်ခဲ့ကြသည်။

နံပါတ်ဖိုးသုံးစွဲသည့်သူငယ်ချင်းနှင့်ပတ်သက်၍ မမေ့နိုင်သောအဖြစ်ပျက်လေးကို အမှတ်ရမိ ပြန်သည်။ တနေ့သား ဆေးကို တောင့်တလွန်း၍ ကျနော့်ကိုသူဆေးသုံးစွဲလေ့ရှိသည့်အိမ်သို့လိုက်ပို့ခိုင်း သည်။ သူ့မှာ စီးစရာစက်ဘီးမရှိတော့။

သူ့စက်ဘီးကလေး အငွေ့ဖြစ်သွားတာကြာပြီ။ ဘယ်လိုမှငြင်းဆန်မရသည့်အဆုံး သူ့ကို ကျနော့်စက်ဘီးကလေးနှင့် လိုက်ပို့ရတော့သည်။  ပထမဦးဆုံးအကြိမ်အဖြစ် နံပါတ်ဖိုးရောင်းချသည့်အိမ်သို့ရောက်ဖူးခြင်းပင် "အိမ်အပြင်မှာမနေခဲ့နဲ့၊ လူမြင်ရင် အထင်မှားလိမ့်မယ်" ဟူသောသူ့စကားကြောင့် သာအိမ်တွင်းထိလိုက်ခဲ့ရသော်လည်း စိတ်ထဲက ချီတုံချတုံ။ မရောက်ဖူးသည့်နေရာစိမ်းမို့ လိပ်ပြာမှာ မသိုးမသန့်။

အခန်းထဲမှာတော့ ကျနော်အရွယ်လူငယ်များ ထင်ထားတာထက်များ သေးသည်။ ကိစ္စပြီးဟန် တူသည့်သူများက ခွေခွေ လေးလှဲလျောင်းကာ မျက်နှာကိုဖွဖွကုတ်၍ စည်းစိမ်ယူနေကြသည်။ ထို အခိုက် အရပ်ဝတ်နှင့် လွယ်အိတ်ကိုယ်စီလွယ်ထားသူသုံးဦး၊ အိမ်အတွင်းသို့ လျှပ်ပြက်သလို ဝင်ချလာသည်။  ကျနော့်ဦးခေါင်း ပုတ်လောက်ကြီးသွားသည်ဟု ထင်မိ သည်။ ရင်ထဲတွင် တဒိန်းဒိန်းခုန်ပြီး  " ဒီတခါတော့ဖြင့် ကိစ္စချောလေပြီ" ဟု ထင်လိုက်မိသည်။  ကျနော်ပါ ရောရောင်၍ အဖမ်းခံ ရတော့မည်။

ထောင်ကျမည်။ ထောင်ထဲအကြာကြီး နေရတော့မည်။ ရဲဘက်စခန်သို့ အပို့ခံရမည်။ နေပူကြီးထဲ ကျောက်ထုရမည်။ ထမင်းညံ့ဟင်းညံ့များဖြင့် နှစ်ရှည်လများစခန်းသွားရတော့မည်။ တဒင်္ဂအချိန်အတွင်း ကျနော့်အတွေးများ ချာလည်သွား၏။

သူငယ်ချင်းကတော့ ခပ်တည်တည်။ အိမ်ရှင်နှင့် တီးတိုးပြောဆိုပြီးနောက် ထိုသူများပြန်ထွက်သွားကြသည်။ ကျနော်တွေး သလို အခြေအနေမဆိုးခဲ့ပါ။ သို့ပါသော်လည်း ဘယ်သောအခါမှထိုနေရာသို့ သူ့ကိုလိုက်မပို့ပေးတော့ပါ။ ထိုနေ့အပြန်တွင် သူက ကျနော့်ကိုပြောသေးသည်။ " မင်းကွာ ...ဆေးသုံးတာများ နိုင်ငံရေးလုပ်တာလည်းမဟုတ်၊ ကြောက်နေလိုက်တာ "

ထိုစကားသည် ခါးသလော ချိုသလော...။ သူ ပြောသလိုပင် နံပါတ်ဖိုးရောင်းသည့်အိမ်ရှင်က လည်းနံပါတ်ဖိုး ရောင်းခြင်းသည် နိုင်ငံရေးမဟုတ်သောကြောင့် မည်သူ့ကိုမှကြောက်ပုံမရ။

ထိုခေတ်အခါက  လူငယ်တဦး နံပါတ်ဖိုးစွဲခြင်းသည် နိုင်ငံရေးမဟုတ်သလို၊ ဝိသမလောဘ သားတချို့နံပါတ်ဖိုးရောင်းချခြင်းသည်လည်း နိုင်ငံရေးမဟုတ်ခဲ့ပေ။

ကျနော်ကလည်း ကျနော်ပင်၊ ကိုယ့်ဘာသာ ဆေးလိပ်သောက် ချောင်းဆိုးရာမှအစပြု၍ တနွယ်ငင်တစင်ပါ ငယ်ဘဝအထိ အတွေးများ ကူးလူးသွားမိသည်။ ထိုအတွေးစများကို လက်တွေ့ဘဝဆီ ပြန်ခေါ်ကြည့်မိသည်။ စိတ်သည် ငယ်ဘဝ၌တဝဲ လည်လည်။ တည်ငြိမ်အောင် ကြိုးစားကာမှ ခြံအတွင်းသို အတင်းထည့်ထားသော အဆော့မက်သည့်နွားငယ်ပမာ၊ စိတ် သည် သွားချင်ရာအရပ်သို့ လျှောက်သွားလေပြီ။ တွေးလက်စနှင့် ဆက်၍သာ တွေးပါရစေတော့။

တကယ်တမ်းဆုံးဖြတ်ရမည်မှာ ဆေးလိပ်မြင်လျှင် ဆေးလိပ်သောက်ချင်သော ကျနော့်အဖို့ လက်ဖက်ရည်ဆိုင်တွင် ဆေး လိပ်တင်၍မရောင်းမှ ဆေးလိပ်ပြတ်မည်။ ထိုသို့ တင်မရောင်းပါက လက်ဖက်ရည်သောက်သောသူများဆေးလိပ်သောက်ချင်လျှင် အခက်တွေ့မည်။  သူတို့ဘာသာ အပြင် က ဆေးလိပ်ဝယ်ခဲ့ပြီး ကျနော့်ဆိုင်မှာလာသောက်ပြန်လျှင်၊ ကျနော်ပါ ဆေးလိပ်ပြန်သောက်ချင်စိတ် ပေါက်မည်လား။ လက်ဖက်ရည်မရောင်းဘဲ တခြားပစ္စည်း ရောင်းချလျှင် အဆင်ပြေနိုင်မည် လား။ အစစအရာရာ လုပ်ကိုင်ရန်ခက်ခဲနေသောအချိန်တွင် လုပ်ငန်းအသစ် စလုပ်လျှင် အခက်အခဲများ တွေ့ မည်။ ထိုအခက်အခဲများကို သတ္တိရှိရှိ ကျနော် ရင်ဆိုင်ဝံ့ပါရဲ့လား။ လောလောဆယ်ဆယ်  ဆေးလိပ် တစ်ကာတွန်း (တဒေါင့်) ကုန်လျှင် ငွေလေးထောင်မြတ်၏။ တရက်ကို အနည်းဆုံး တဒေါင့်တော့ ကုန်သည်။ တရက်ကျပ်လေးထောင်၊ တလဆိုတော့ တစ်သိန်းနှစ်သောင်း။ ထိုငွေသည်  အစိုးရက ဆောက် လုပ်ပေးပါမည်ဟုပြောထားသည့် အစိုးရကျောင်းအိပ်ဆောင်ကိုစောင့် မျှော်ရင်း အပြင်ဆောင်ငှားနေရကာ၊ အပြင်မှာ ထမင်းစားနေရသောတက္ကသိုလ်ကျောင်းသူ ကျနော့်သမီး၏ ကျောင်းစား ရိတ်အ တွက် အထောက်အပံ့တခုတော့ ဖြစ်သည်။

ကျနော် စွန့်နိုင်ပါမည်လား။  အတွေးများကြောင့် ရင်ထဲမချိကာ  နေရကြပ်လာသည်။ ကျနော်ပင် ဆေးလိပ်လက်လီ ရောင်းချရာမှရသည့်အမြတ်အစွန်းလေးကို မက်တွယ်နေပါသေးလျှင်လက်ကားရောင်းချနေသူများ၊ ဆေးလိပ်ကုမ္ပဏီကြီးများဆိုပါလျှင်။

ထိုအခိုက် ငယ်ဘဝက လျှပ်တပြက်တွေ့ခဲ့ရဖူးသည့်နံပါတ်ဖိုးရောင်းချသူ၏မျက်နှာကို ခပ်ရေးရေးပြန်မြင်မိသည်။ သူလည်း သူ၏အမြတ်စွန်းများစွာရသောဝိသမစီးပွားရေးကို ယခုထိလုပ်ကိုင်နေပါသေးသလားဟုလည်း တွေးမိသွား၏။ ဆယ်တန်းကျောင်းသားဘဝက မုန့်စားကျောင်းဆင်းချိန်တိုင်း ခိုးသောက်ခဲ့သော ဆေးလိပ်လေးများကို သတိရမိသည်။

ဆရာ ဆရာမများ၏ပူပင်သောကမျက်နှာ၊ မိဘနှစ်ပါး၏ အရာရာအတွက်ပူပင်ရသည့် သောကများ၊ သွယ်ဝိုက်သောနည်းဖြင့် ခေတ်ဆိုးစနစ်ဆိုးက ဖန်တီးပေးခဲ့သည့်အကျင့်ဆိုးများ။

ရုပ်ရှင်ကားအနှေးပြသလို စိတ်မှာ အရိပ်ထင်လာပြန်သည်။ ပြန်လည်ကာ စုစည်းမရသည့်စိတ်သည် တခေတ်တခါက ဘိန်းရာဇာကြီးတဦး၏ အသုဘကိုပါ မြင်ယောင်လာပြန်သည်။

မိသားစုဘဝများစွာကိုဖျက်ဆီးပစ်ခဲ့သော၊ နိုင်ငံ့အညွှန့်အဖူးလေးများစွာကို ခြွေချခဲ့သောထိုလူကြီးသေဆုံးသောအခါ လက်ချည်းဗလာ ပြန်သွားရသည်။ ထူးဆန်းသည်မှာ မည်သူမှလိုက်ပို့လေမည်မဟုတ်ဟုကျနော်ထင်ခဲ့သော ထိုလူကြီး၏နောက်ဆုံးခရီးကို မြန်မာပြည်မှကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများက အုပ်နှင့်သင်းနှင့်လိုက်ပို့ခြင်းပင်။

ယခုအခါ ဆေးလိပ်ကို တူးတူးခါးခါးမုန်းနေမိပြီ။ ဆေးပေါ့လိပ်ထက်စာလျှင် စီးကရက်ကို သာ၍ပင် မုန်းမိသေးသည်။ ဆေး ပေါ့ လိပ်ကမှ မသောက်လို၍အသာချထားလျှင် အလိုက်တသိ မီးငြိမ်း သွားဦးမည်။  စီးကရက်ဆိုသည်ကား ချထားပြန်လျှင် လည်း တငွေ့ငွေ့နှင့် သူ၏ဆိုင်းပုဒ် ကုန်အောင်ပင်လောင်ကျွမ်းသည့်အမျိုး။ စိတ်ဒုံးဒုံးချကာနင်းချေပစ်မှအေးမည့်အရာ။

ဇနီးသည်အတွက်ကတော့ ကျနော်၏ဆေးလိပ်ဖြတ်ခြင်း မဖြတ်ခြင်းသည် သူ့အတွက် နိုင်ငံရးပင်။  အတွေးစများကို အရုဏ် ဦးတွင် ဆက်ချင်နေမိသည်။

ကျော်ကျော် (မြရည်စမ်း)