မင်းကိုနိုင် ● ရီပို့ကတ်လေးများမှ တစ်ဆင့်



မင်းကိုနိုင် ● ရီပို့ကတ်လေးများမှ တစ်ဆင့်
(မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၆

ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။
 
မီးလင်းတာမြင်ရင် အက်ဒီဆင်ကို ကျေးဇူးတင်။ အက်ဒီဆင်ကိုကျေးဇူးတင်ရင် အက်ဒီဆင်ရဲ့အမေကိုလည်း ကျေးဇူးတင်။ အဲဒီလို အစပြုပြီး လူကြီးနှင့် ကလေးတစ်စု စကားဝိုင်းဖွဲ့ကြပါတယ်။

တစ်ခါက ကလေး တစ်ယောက် ကျောင်းက ပြန်လာ ဆရာမရဲ့စာကို သူ့မေမေ လက်ထဲအပ် မေမေက ဖတ်ပြီးတော့ ပြုံးတယ်။မင်း မဖတ်ရဘူး၊ ဒါ မင်း မေမေ တစ်ယောက် တည်းပဲ ဖတ်ရမှာဆိုတဲ့ စာမှာ ဘာတွေ ပါပါလိမ့်။ မေမေက ပြန်ပြော ပြတာပေါ့။ “သားဟာ တော်လွန်းတော့ သင်ပေးနိုင်မယ့် ဆရာမကျောင်းမှာ မရှိဘူးတဲ့၊ မေမေပဲ သင်ပေးလိုက်ပါလို့ မှာလိုက်
တာ” တဲ့။

အဲဒီ ကလေးဟာ တစ်ချိန်မှာတော့ လျှပ်စစ်မီးသီးတွေ တီထွင်တဲ့သောမတ်စ် အက်ဒီဆင် ဖြစ်လာတာပေါ့။ ပညာရှင်ကြီးပဲလို့ ကလေးတွေက ရေရွတ်ကြပါတယ်။ အေး ဟုတ်တယ် သူ့မေမေဆုံးပြီး အတော်ကြာမှ အဲဒီပညာရှင်ကြီးဟာ မေမေ တစ် ယောက်ပဲဖတ်ရမယ့် စာကိုကြည့်တဲ့အခါ “ရှင့်သားဟာ သင်ပေးလို့မရလောက်အောင် ဥာဏ်မမီဘူး၊ ဒါကြောင့် ကျောင်းက လက်မခံတော့ပါ”လို့ အဓိပ္ပာယ်ရတဲ့စာဖြစ်နေတာကို တွေ့တယ်တဲ့။ကလေးတွေက “ဟာ” လို့ ရေရွတ်ကြပြီး အက်ဒီဆင် ရဲ့မေမေကို စိတ်ကူးထဲ ပုံဖော်ကြည့်ကြပါတယ်။ ပြီးတော့မှ “ဟုတ်တယ်၊ အက်ဒီဆင် မေမေကိုလည်း ကျေးဇူးတင်တယ်” လို့တကယ် စိတ်ပါလက်ပါ အသိအမှတ် ပြုကြတာပါပဲ။
--------*--------*------------

တစ်ခါကလည်း မူလတန်းကလေးတစ်ယောက် ကျောင်းကပြန်လာ Report Card ခေါ်တဲ့ လစဉ်အစီရင်ခံစာကို အဖေ့ လက်ထဲ အပ်ပါတယ်။ အဖေ ဖတ်ပြီးတဲ့အခါ သားကိုဆူပါတယ်။ “ဟေ့...ဒီမှာ ဒါတော့ အဖေလက်မခံနိုင်တော့ဘူးကွာ၊ ဘယ်နှယ့် စာညံ့တယ်ဆိုရင် တော်သေးတယ်။ စည်းကမ်းရိုသေမှု “သင့်” ဆိုတာတော့ မဟုတ်သေးဘူးတဲ့။ ကလေးဟာ တွေးရခက်သွားပါတယ်။ အတော်ကြာစဉ်းစားပြီးမှ သားလည်း ကောင်းကောင်းနေတာပဲ” လို့ ဖြေပါသတဲ့။

“ကောင်းကောင်းနေရင် စည်းကမ်းရိုသေမှု “ကောင်း” ဖြစ်ရမှာပေါ့။ သားကျောင်းမှာ ဘာတွေမှားသလဲ၊ အဆော့သန်လား၊ စာသင် နေချိန်မှာ ဘာလုပ်နေလဲ” စသဖြင့် အဖေ့အမေးတွေကို ကလေးက မှတ်မိသလောက် ပြန်စဉ်းစားပေမယ့် သူ ကောင်းကောင်းနေခဲ့တာကိုပဲ သိတယ်။ တခြား ဘာမှဝန်ခံစရာလည်း မတွေ့ရှာပါဘူး။ အဖေကမကျေမချမ်းနဲ့ လက်မှတ်သာ ထိုးပေးလိုက်ရတယ် နောက်လReport Card ထဲမှာ ဒီလိုပါလို့ကတော့ အဖေကိုယ်တိုင်လိုက်လာပြီး ဆရာမတိုင်တာကို နားထောင်မယ်လို့ သတိပေးပါသတဲ့။

ကျောင်းကိုပြန်ရောက်တော့ ကလေးဟာ နံဘေးကသူငယ်ချင်းတွေရဲ့ ကတ်ပြားတွေ တောင်းယူကြည့်တော့အားလုံးမှာ စည်းကမ်း ရိုသေမှု “သင့်” ဆိုတာတွေပဲတွေ့ရပါတယ်။ အတန်းထဲက ကျန်သူ အားလုံးနီးပါးကိုမေးကြည့်တော့လည်း သူ့ လိုပဲ တူညီမှတ်ချက် ပေးထားကြောင်း သိရပါတယ်။ ဒီကလေး ကြီးလာမှ စဉ်းစားမိတာတော့ ဆရာမဟာ ကလေးအားလုံးကို တစ်ဦးချင်းမသုံးသပ်နိုင်တဲ့ အဆုံး ယေဘုယျ မှတ်ချက်ပဲပေးလိုက်တယ်လို့ ယူဆလိုက်ပါတော့တယ်။ ကျောင်းသား ၅၀ ကျော်လောက်ရှိတဲ့ အတန်းထဲမှာ အားလုံးဟာစည်းကမ်းနဲ့ပတ်သက်ရင် တစ်ပုံစံတည်းတော့ မဖြစ်နိုင်ဘူးလို့ တွေးနေမိပါ သတဲ့။
--------*--------*---------

ဗြိတိန်နိုင်ငံရှိ ပေါင်းကူးကျောင်းနှင့် အားကစားကောလိပ်တစ်ခုမှ ကျောင်းသားတစ်ဦးထံ ကျောင်းအုပ်ကြီးရေးတဲ့စာမှာ အခုလို ပါရှိပါတယ်။ ကလေးရေ တို့ကျောင်းကစမ်းသပ်ချက်အရ မင်းရဲ့ရလဒ် မကောင်းလှတာကို စိတ်မပျက်ပါနဲ့။ ဒီစမ်း သပ်တွေ့ရှိချက်ဟာ မင်းရဲ့အရည်အချင်းတွေ အားလုံးကို မစစ်ဆေးနိုင်ခဲ့ပါဘူး။ မဆိုစလောက်နည်းနည်းလေးပဲ စမ်းသပ် တွေ့ရှိချက်ပါ။

မင်းမှာရှိတဲ့ အနုပညာပါရမီတွေ၊ ကိုယ့်အားကိုယ်ကိုးလိုစိတ်တွေ၊ ကြင်နာသနားတတ်တဲ့စိတ်တွေကို ထည့်မတိုင်းတာ နိုင်ခဲ့ ပါဘူးလို့ဆိုလိုရင်းနဲ့ အားပေးတဲ့စာ ဖြစ်ပါတယ်။ အဲဒီကလေးရဲ့ အရည်အသွေးတွေ ထဲကအသင်းအဖွဲ့နဲ့ စုပေါင်း လုပ်နိုင် စွမ်းတွေ၊ ကိုယ့်ထင်မြင်ယူဆချက်ကို ပြန်ပြောနိုင်စွမ်းတွေ၊ အားကစားစွမ်းရည်တွေ၊ ပေါင်းသင်းဆက်ဆံရေး အရည်အချင်း တွေ၊ ကိုယ့်တိုးတက်မှုအတွက် သုံးသပ်ဆုံးဖြတ်နိုင်စွမ်းတွေ၊ ပင်ကိုအရည်အချင်းကို ဖန်တီးတည်ဆောက် နိုင်စွမ်းတွေ၊ ဂီတစွမ်းရည်တွေ စသဖြင့် အရည်အချင်းတွေကိုလည်းဒီစမ်းသပ်မှုမှာ မစစ်ဆေးနိုင်ခဲ့ပါဘူး။ တကယ်တော့ ဒီကလေးဟာ မွေးချင်း သုံးယောက်ထဲမှာ ဉာဏ်ရည်ချို့ကလေးပါ။ သူ့မိခင်ကိုယ်တိုင်က ကျောင်းအုပ်ကြီးရဲ့အားပေးနှစ်သိမ့်စာကို ကြည် နူးစိတ်နဲ့ ကျေးဇူးတင်စွာအများသိအောင် Twitter ခေါ်တဲ့ လူမှု စာမျက်နှာမှာပြန်ဝေမျှ ခဲ့တာပါ။

ကျွန်တော်တို့ဆီမှာ ပညာရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေစတင်နေချိန် အတန်းကျောင်း များမှာ ကလေးတွေကိုအမှတ်စဉ် အတိအကျ ထုတ်မပေးပဲ Grade ခေါ် A, B, C..... စသဖြင့် သတ်မှတ်ပြီးသာ ဖော်ပြမယ်လို့ ဆိုတဲ့အခါ ကလေးမိဘ အများစုကြားမှာ လှုပ်လှုပ်ရွရွ ဖြစ်ခဲ့ပါတယ်။ ထုံးစံအတိုင်းထောက်ခံသူ၊ ကန့်ကွက်သူတွေရဲ့ အသံစုံကိုလည်း ကြားရတာပါပဲ။ ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ်ပေါ့လေ။ ကိုယ့်သားသမီးဟာ အမြဲတမ်း အဆင့်တစ်ဖြစ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ အား ကုန်စိုက် လေ့ကျင့်ပေးလာခဲ့တဲ့ မိဘတွေထံက ဘ၀င်မကျ လေသံ ဝေဖန်ချက်တွေ ကြားရသလိုသဘောတူသူတွေထံကလည်း ဒါဟာ ခွဲခြား ဆက်ဆံခံရမှုကို ကျဉ်းမြောင်းသွားစေတယ်။

စာမေးပွဲအမှတ် အထူးသဖြင့် စာကျက်နိုင်စွမ်းကို တိုင်းတာတဲ့အမှတ်ကလေး တစ်မှတ်၊ နှစ်မှတ်အပေါ် မူတည်ပြီး မဆို စလောက်လျော့နည်းခဲ့ရင် ကလေးတွေခံစားရမယ့် နာကျင်မှုကိုကုစားနိုင်မယ်လို့ သဘောထားကြသူတွေလည်း ရှိပါတယ်။ စာကျက် ဂဏန်းတွက်နိုင်စွမ်းကသာ ပညာအရည်အချင်းလို့သတ်မှတ်ရ ခက်ကြောင်း၊ ကျောင်းသားကလေးတစ်ယောက်ရဲ့ အရည်အချင်းတွေကိုလည်း ထုတ်ဖော်အားပေးနေရမှာဖြစ်ကြောင်း ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ပြီးမို့ အထူး မဖော်ပြတော့ ပါဘူး။
--------*--------*---------

ကလေးတစ်ယောက် တော်တယ် ညံ့တယ်ဆိုတာ ဘာနဲ့တိုင်းတာခဲ့ကြပါသလဲ။ အရင် ပေတံဟောင်းကိုပဲ အမြဲဆက်ကိုင် ထားမလား၊ နောက်ထပ် ပေတံအသစ်တွေဆီကရတဲ့ ခွန်အားတွေနဲ့ ထူးချွန်ကျောင်းသားအသစ်တွေ၊ စိတ်နှလုံးကောင်း မြတ်တဲ့ ကျောင်းသားသစ်တွေ ရှာဖွေကြည့်ကြမယ်ဆိုရင်ကော။

သေချာတာကတော့ ပညာရေးကို အခြေခံပြီး ခေတ်ကြီးကိုဦးဆောင်နေတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကလေးတွေရဲ့ပုန်းကွယ်နေတဲ့ အရည်အချင်းတွေကို ရှာဖွေ အားပေးလေ့ရှိတာပါပဲ။ “ဒီမှာကြည့်စမ်း၊ မင်းအိတ်ထဲက ထွက်လာတာအဖိုးတန် ကျောက်မျက် ရတနာလေး၊ မင်းကိုယ်တိုင်တောင်မသိဘူး မဟုတ်လား၊ မင်းကတော့ တကယ့်ကို တန်ဖိုးကြီးတဲ့ ရတနာပိုင်ရှင်ပဲ” ဆိုတာမျိုး။ ငါတစ်နေရာမှာ ညံ့နေပေမယ့် ငါစွမ်းနိုင်တဲ့ နေရာလည်း ရှိတာပဲ။ အားနည်းတဲ့နေရာကို ပိုကြိုးစားပြီး၊ အားသာ ချက်တွေ ကိုလည်းပိုကောင်းစေရမယ်လို့ ကလေးတွေ ခံယူနိုင်အောင်ပါ။ ဘောလုံးကစားတယ်ဆိုရင် အများစုက ခြေတစ် ဖက်က ပိုသန်ကြသလိုပေါ့။ ဥပမာ-ညာသန်ဟာ ဘယ်ခြေအားနည်းတတ်ကြတယ်။ ဒါပေမဲ့ အနည်းဆုံး ဘယ်ခြေနဲ့လည်း ကန်နိုင်အောင်တော့ အချိန်ယူကျင့်မယ်၊ သန်ပြီးသား ညာခြေနဲ့လည်း ပို့နိုင်ပေးနိုင် ဆွဲပြေးနိုင် ဂိုးသွင်းနိုင်ရမယ် ဆိုတာမျိုး ပေါ့။

တကယ်တော့ စာမေးပွဲအမှတ်စာရင်းနဲ့ ဆရာ၊ ဆရာမများရဲ့ မှတ်ချက်ဆိုတာ တူမယောင်နဲ့ ကွာခြားလှပါလား။ အားနည်း ချက်၊ အားသာချက် ကိုယ်စီရှိကြတဲ့ ကလေးတိုင်းအပေါ် စာနာစိတ်၊ နှစ်သိမ့်ပေးလိုစိတ်များနဲ့ အားပေးလိုက်တဲ့သတင်းစကား တွေဟာ ကလေးတွေရဲ့ ဘ၀အချိုးအကွေ့တွေအတွက် အရေးကြီးလှတဲ့ ထိန်းကျောင်းကိုင်တွယ်မှုပါလားလို့ တွေးမိပါတယ်။

‪#‎မင်းကိုနိုင်‬
ပြည်သူ့အရေးဂျာနယ် အတွဲ၂၊ အမှတ် ၉၃ မင်းကိုနိုင် ဆောင်းပါး