ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဝေမြင့်မောင် - ဇာတ်လိုက်များမှ ပြန်လည်ကြည့်ရှုခြင်း




ဝေမြင့်မောင် - ဇာတ်လိုက်များမှ ပြန်လည်ကြည့်ရှုခြင်း

(မိုးမခ) သြဂုတ် ၁၇၊ ၂၀၁၆

၁။

ဇာတ်လိုက်တွေဟာ အားလုံးအိပ်နေကြတယ်။ သေနေကြတယ်လို့တောင် ထင်ရ တယ်။ လူတယောက်ဟာ သူ့လက်ထဲမှာ ချွန်မြနေတဲ့ ဓားကိုင်ပြီး တက်လာတယ်။ သူ့ လက်ထဲမှာ ဘယ်ပန်းမှမပွင့်နိုင်ဘူးလို့ထင်နေကြတဲ့လူတွေဟာ အောက်မှာတန်းစီလို့။ သူ့ကိုစိတ်ဝင်တစား ကြည့်ကြလို့။ ကလေးငယ်တယောက်ဆို သူ့ကိုမကြည့်ရဲဘဲ မျက်နှာလွှဲ နေလို့။ အိပ်ဟန်ဆောင်နေသူကို နှိုးဖို့ခက်တယ်လို့ စာတန်းထိုးပေါ်လာတယ်။ ဒီစာတန်းဟာ အားလုံးကို အနှောင့်အယှက်ပေးလိုက်တာ မြင်ရတယ်။ အားလုံးကို ပေါ်တင်ကြီးစော်ကားနေတာပဲ။ ဒါရိုက်တာဖြစ်သူကတော့ သဘောတွေကျလို့။

ဒီကားကို ရုံတင်တယ်လို့ကြားတော့ ကျနော့်အတွက်သိပ်မထူးဆန်းတဲ့ အကြောင်း အရာတခုပဲ။ အငယ်မကတော့ ရုပ်ရှင်သွားဖို့ ပြင်နေတယ်။ ကားတခုလုံး ဒီလိုချည်းပဲဆိုတာ သူမသိပုံမရဘူး။ ဓားကိုင်တဲ့လူတယောက်ရဲ့အကြောင်းအရာကို ရိုက်ကူးထားတာ။ ကျနော်သူမကို ပြောပါသေးတယ်။ သူမကတော့ ဘာဖြစ်ဖြစ်သွားကြည့်မှကို ဖြစ်မယ်ဆို တဲ့သဘောပဲ။ ကျနော်တားဖို့ခွန်အားမရှိတော့တဲ့အတွက် အေးဆေးပဲ ငြိမ်နေလိုက်တော့ တယ်။ တားလည်း မထူးဘူးကိုး။


၂။

ကျမစိတ်ဟာ ကဗျာတပုဒ်ထဲကို အာရုံရောက်နေတယ်။ ဒီကဗျာထဲမှာ အသစ်တွေ ဆိုတာမျိုးပေါ့။ ရယ်တော့ ရယ်စရာအကောင်းသားပဲ။ အသစ်ဆိုတာမရှိဘူး။ ဘာဆိုဘာမှ အသစ်မရှိတာဗျာ။ ဘာဆိုဘာမှကို တကယ်မရှိတာ။ ဓားတချောင်းလို့ ကျမရေးလိုက်မိ တယ်။ အို မဟုတ်သေးပါဘူး။ ဒါ ဟို ပေါကြောင်ကြောင်ဇာတ်ကားထဲက ဓားပဲ။ ဓားကို ပြန်ဖျက်လိုက်တော့ ကျမလက်ကို ဓားရှသွားတယ်။ ရှင်တို့ယုံအောင် ပြောပြနိုင်ဖို့ စိတ်မဝင်စားပါဘူး။ ရှင်တို့မယုံဘူးဆိုတာလည်း အတိအကျ သိနေတယ်ဗျာ။ သိပ်ကိုထူးဆန်းတဲ့အဖြစ်အပျက်ပဲ။ ကျမလက်ကို ဓားရှသွားတာ။ ကျမဘေးနားမှာ ချွန်ထက်တဲ့အရာဆိုလို့ ဘာမှမရှိဘူးဗျ။ ဒါ ဓားဆိုတဲ့စကားလုံးက ကျမကို ရှလိုက်တာပဲ။ ကျမ လန့်သွားတယ်။ ကဗျာရေးမယ်ဆိုတဲ့စိတ်ဟာ ထွက်ပြေးသွားပြီ။ အခန်းထဲကနေ ထွက်ပြေးသွားတာ။ ကဗျာတစ်ပုဒ်ရဖို့ ကျမဟာ တော်တော်ကြာကြာ စောင့်ရတတ်တယ်။ တခါတလေတော့လည်း နှစ်ပုဒ်သုံးပုဒ် ရတတ်တယ်။ ဒီလို ကဗျာရေးချင်တဲ့ စိတ်ပေါ်လာဖို့ဆိုတာ ကျမအတွက်တော့ တော်တော်လေးဝမ်းသာရတဲ့ကိစ္စပဲ။ ဒီလို စိတ်လေးကို ဓားတချောင်းက ဖျက်ဆီးပစ်လိုက်တာ။ တော်တော် အံ့သြဖို့ကောင်းပြီး ဒေါသထွက်စရာကောင်းတဲ့ကိစ္စပဲ။ ဒီနေ့ကို ကျမဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူးဆိုတာ သေချာတယ်။


၃။

ကျနော်ဗီဒီယို ကြည့်နေတုန်း ကဗျာဆရာမ ဟိုကောင်မဆီက ဖုန်းလာတယ်။ မြို့ လယ်က ကော်ဖီဆိုင်ကိုထွက်ခဲ့တဲ့။ သူမနဲ့ ကျနော်က ငယ်သူငယ်ချင်းတွေ။ တခုခုဆို တိုင်တိုင်ပင်ပင် ရှိကြတယ်။ ပြောမနာဆိုမနာ သူငယ်ချင်းတွေပဲ။ သူမရည်းစားရတဲ့အထိ အရင်လိုပဲ။ သူ့ကောင်လေးက ကျနော့်ကိုသိပ်သဘောမကျဘူးလို့သိရတယ်။ ဒါလည်း သူမပြောပြတာပါ။ မင်းကကော ငါ့ကိုဘယ်လို ထင်လို့တုန်း မေးတော့ သူမ တအားရယ် တယ်။ ဟုတ်မှာပဲ။ ကျနော်က အလုပ်မရှိအကိုင်မရှိ အဖေချန်ခဲ့တဲ့ အမွေတွေနဲ့ ထိုင်စားလုပ် နေတာ။ ကောင်လေးက မဆိုးရှာပါဘူး။ ကျနော့်ထက်တော့ အများကြီးချောတယ်။ ဘွဲ့ရ သူဌေးသားဆိုလားပဲ။ ကျနော်အနေနဲ့လည်း သူမကို အတတ်နိုင်ဆုံး ရှောင်ပါတယ်။ အရင်လို သိပ်မတွေ့ဖြစ် မတွဲဖြစ်ကြတော့တာတော့အမှန်ပဲ။ အမှန်ပြောရင် သူမဆီ ကျနော်မသွားချင်ဘူး။ ရဝမ်ဒါ ဟူတူတွတ်ဆီ လူမျိုးတုံးသတ်ဖြတ်မှုကြီးနောက်ခံပြီး ရိုက်ထားတဲ့ကားကြည့်နေတာ။ ဇာတ်လိုက် ဟိုတယ်မန်နေဂျာ။ ဟူတူလူမျိုး။ သူ့အမျိုးသမီးက တွတ်ဆီလူမျိုး။ သတင်းထောက်လေးက ဇာတ်လိုက်ကိုပြောတာ သိပ်သဘောကျတယ်။ ခင်ဗျားတို့ဒီလိုဖြစ်နေတာကို လူကြီးမင်းတို့က လိုင်းပေါ်ကနေ ကြည့်ပြီး အို ဘုရားဘုရား ရက်စက်လိုက်ကြတာပြောပြီး အေးဆေး ထမင်းစားမပျက် နေကြမှာပဲတဲ့။ သူမချိန်းထားတဲ့ ကော်ဖီဆိုင်ကိုသွားရင်း စိတ်က အိမ်မှာ ကျန်ခဲ့တယ်။ အိမ်မှာဆိုတာ ဇာတ်ကားကိုပြောတာ။


၎။

ကော်ဖီဆိုင်ကိုရောက်တော့ ကောင်မကရောက်မလာသေးဘူး။ သူ့အကျင့်က အမြဲဒီလိုပဲ။ ဆိုင်ထဲမှာ ဆိုင်ဝန်ထမ်း နှစ်ယောက်သုံးယောက်လောက်ရယ် ကော်ဖီ သောက်နေတဲ့လူတချို့ရယ်ရှိတယ်။ ကော်ဖီသောက်တဲ့လူတွေထဲမှာ ကိုယ့်အသိ တယောက်မှမပါဘူး။ အဲ့ဒါကောင်းတယ်။ ကျနော်က အေးဆေးနေရတာ သဘောကျတယ်။ ဆိုင်ဝန်ထမ်းတွေကတော့ ကျနော့်ကိုသိနေကြပြီ။ ကျနော်ထိုင်တာနဲ့မက်စ်ကော်ဖီရယ် စီးကရက်ဘူးလေးရယ် လာချပေးတယ်။ သူမကိုဖုန်းဆက်တော့ လာနေပြီတဲ့။ ခဏအကြာ သူမရောက်လာတယ်။ သူမဟာ အရင်ကလိုလှနေတုန်းပဲ။ မတွေ့တာကြာလို့လားမသိဘူး၊ လှတယ်ပြောတော့ သူမရယ်တယ်။ နင့်ဘဲကောဆိုတော့ ငါတို့ခဏတွေ့တုန်း ခေါက်ထားလိုက်ပါတဲ့။ အင်းပေါ့လေ တခါတလေတော့ သူမလည်း စိတ်ရှုတ်မှာပဲပေါ့။ သူမ ကျနော့်ကို မေးတယ်။ တလောက ရုံတင်တဲ့ကားလေ သိလားတဲ့။ သိတယ်ပြောတော့ တော်တော်စုတ်ပဲ့တဲ့ ကားပဲတဲ့။ ကျနော်လည်းကော်ဖီငုံထားတာ မြိုချပြီး စီးကရက်မီးစာကို ချေပြီး သိသားပဲလို့ပြောမိတယ်။ ကော်ဖီနဲ့စီးကရက်ဟာ လိုက်ဖက်တဲ့အတွဲတွေလို့ ကျနော်ထင်တယ်။ ကျန်းမာရေးကိုထိခိုက်တာတော့ အမှန်ပဲ။ သူမက တခုခုကိုငေးပြီး မေးတယ်။ ဘာလို့တွေ့ချင်ရတာလဲသိလားတဲ့။ ကြောင်တောင်တောင်ပဲ။ ကိစ္စရှိလို့ဖြစ်မှာပေါ့လို့ ပြန်ဖြေမိတယ်။ သူမ မျက်နှာက ပိုပြီးတည်ငြိမ်လေးနက်လာသလိုပဲ။

"သိပ်ကိုထူးဆန်းတဲ့ ကိစ္စတခုရှိတယ်၊ ရှင်ကျမကိုယုံပေးနိုင်မလားတဲ့။ ကျနော့်ကိုကြည့်ပြီး သေချာကြီးပြောတာ။ ကျနော့်ကိုယုံစေချင်တဲ့သဘော၊ မယုံမှာကြောက်ရွံ့နေတဲ့အငွေ့တွေ သူ့မျက်လုံးကနေတဆင့် ကျနော်သိရတယ်။ မင်းပြောမှသာပြောစမ်းပါလို့ ကျနော်အလိုက် သင့်ပြောတော့ သူမမျက်လုံးတွေ ပိုတောက်လာသလိုပဲ။ တခြားဝိုင်းဆီကနေ စကားလုံး တချို့ရောက်လာတတ်တယ်။ ပီပီပြင်ပြင်တော့ မဟုတ်ဘူး။ ဓားကိုင်ထားတဲ့ ဇာတ်ကားထဲက ဘာဆိုလားပဲ။ ဘားကောင်တာအပေါ်မှာ ဘောက်စ်ကြီး။ ခင်မောင်တိုးရဲ့လွမ်းဆိုတဲ့ သီချင်းလာနေတယ်။ အသံက တိုးတိုးပါပဲ။ သူမကို ဓားရှတဲ့ အကြောင်းသေချာပြောပြပါတယ်။ ကျနော်ကတော့ ကော်ဖီငုံလိုက် ဆေးလိပ်ဖွာပြီး နားထောင်လိုက်နဲ့။ သူမကဆက်ပြောပြီး ယုံသလားတဲ့။ ဘာဖြေရမှာလဲ။ ယုံပါတယ်ပေါ့၊ ကျနော်အေးဆေးဖြေတော့ သူမ စိတ်ရှုတ်ထွေးသွားသလိုရှိတယ်။ ဟုတ်တာပဲကိုး။ ဒီလို ကိစ္စဆိုတာ ဘယ်သူက တော်ရုံတန်ရုံ ယုံပါ့မလဲ။ ကျနော့်အဖြေယုံတယ်ဆိုတာကို ကြားရတော့ သူမအံ့သြသွားတော့တာ။ သူမအနေနဲ့ ဒီကိစ္စကို ကျနော်မယုံလောက်ဘူးလို့ ထင်နေခဲ့တာ။ ကျနော်က ယုံတယ်ဖြေတော့ သူမလန့်သွားတာ သဘာဝကျတယ်။ ယုံတယ် မယုံဘူးဆိုတာမျိုးက စည်းပါးပါးလေးကိုး။ နင့်ဘဲကိုပြောပြပါလား ဘာလို့ငါ့ကိုပြောတာလဲ မေးတော့ သူမခေါင်းခါပြီး ဘာမှမပြောဘူး။ သူမမှာထားတဲ့ကော်ဖီလာပို့တော့ စားပွဲထိုးလေးကိုသူမ မေးတယ်။ နင်ကော ယုံလားတဲ့။ ဟိုကောင်လေးက ကျနော်ဘာကို ယုံရမှာလဲတဲ့ဗျာ။ သူမသဘောကျသလိုလိုရယ်ပြီး ဘာမှမဟုတ်ပါဘူး စတာပါလို့ ပြန်ပြောတယ်။ သူမစိတ်ထဲထင်တဲ့အတိုင်း စားပွဲထိုးလေးက ပြန်ဖြေတော့ သူမ ကျေနပ်ပုံရတယ်။ ကျနော်က ဆက်ပြီးတွေးမိတယ်။ ဘာလို့အဲ့ဒီစားပွဲထိုးလေးက ယုံပါတယ် ဖြစ်ဖြစ် မယုံပါဘူးဖြစ်ဖြစ် မဖြေရတာလဲပေါ့။ ဓားလို့ရေးပြီး ပြန်ဖျက်ကြည့်ပါလား နင့်လက် ဓားရှမရှ ငါသိချင်တယ်တဲ့။ သူမပြောတော့ အေးပါလို့ ကျနော်ပြန်ပြောဖြစ်တယ်။ သူမမျက်လုံးမှာ မေးခွန်းတွေအများကြီးရှိနေတယ်ဆိုတာကို ကျနော် အလိုလို သိနေတယ်။ ဘာလို့ဓားလို့ရေးပြီး ပြန်ဖျက်တာနဲ့ ရှရတာလဲ။ ဟိုပေါကြောင်ကြောင် ဇာတ်ကားကြောင့် များလား။ ဖြေနိုင်ချေရှိတဲ့ မေးခွန်းတွေပါ။ ဒါကလည်း ကျနော်ထင်နေတာပါ။ သူမဆီမှာ ဒီမေးခွန်းတွေထက် ပိုအရသာရှိတဲ့ ပိုမိုက်တဲ့မေးခွန်းတွေ ရှိနေနိုင်ပါတယ်။ ဒါမှမဟုတ် တခြားမေးခွန်းတွေလည်း ရှိနေနိုင်တာပေါ့။ ပလာစတာကပ်ထားတဲ့လက်ခလယ်လေးကို ပြပြီး သူမပြောတယ်။ နည်းနည်းတော့ စပ်တုန်းပဲတဲ့။ နောက်တော့ သူမက ကျနော့်ကို ကတိပေးခိုင်းတယ်။ နင်အိမ်ပြန်ရောက်လို့ဓားဆိုတာကိုရေးပြီးရင် ပြန်ဖျက်၊ ဓားရှတာဖြစ်ဖြစ် မရှတာဖြစ်ဖြစ် ဘာဖြစ်ဖြစ် ဖုန်းဆက်ပြောပေး။ ဒါမှမဟုတ် ငါခေါ်လိုက်မယ်တဲ့။ ဒီတခါတော့ သူမကို နည်းနည်းစိတ်ပျက်မိသွားတယ်။ ကျနော့် စမ်းသပ်မှုကို သူမအတည်ယူမယ်ဆိုတဲ့သဘောပဲ။ နို့ သူမ တော်တော်သိချင်နေတဲ့ပုံမို့ အေးပါ ငါလုပ်ပါ့မယ်လို့ ပြန်ဖြေဖြစ်တယ်။ စိတ်ထဲမှာတော့ လုပ်ရကောင်းမလား မကောင်းဘူးလား တွေးမိတယ်။ နို့ နောင်လာနောင်ခါရှင်းပေါ့။ အဲ့ဒီနောက်တော့ တခြားကိစ္စတွေရောက်သွားကြတယ်။ မိသားစုအကြောင်း စီးပွားရေး လူမှုရေး ဘာညာပေါ့။ ကဗျာကိစ္စရောက်တော့ သူမအသံက နည်းနည်းမာလာသလို ရှိတယ်။ နင်စဉ်းစားကြည့် လိင်ကိစ္စကိုပေါ်တင်ရေး၊ ဟိုဆဲဒီဆဲ၊ ဘာသာရေးတွေဘာတွေ ဆဲထားတဲ့ ကဗျာတွေရေးပြီး ဖောက်ထွက်တာတဲ့ ခွေးတိုးပေါက်ကနေ ဝင်လာဖို့လုပ်နေတဲ့ ကောင်တွေကောင်မတွေတဲ့။ သူမပြောတဲ့ ခွေးတိုးပေါက်ဆိုတာ ဘယ်လိုမျိုးလဲဆိုတာ ကျနော်သိချင်ပေမဲ့ မမေးဖြစ်ပါဘူး။ အေးပါ နင်က ကဗျာဆရာမပဲ ငါက ကဗျာမရေးပေမဲ့ ဖတ်ဖြစ်ပါတယ်ဟ ပြန်ပြောတော့ သူမ မကျေနပ်တဲ့အကြောင်းတွေ ဆက်ပြောတယ်။အဲ့ဒီကောင်တွေ ကောင်မတွေကို မြှောက်ပင့်ပေးနေတဲ့နာမည်ရှိ ကဗျာဆရာတွေရှိတယ် အရူးတွေတဲ့။ အေးကွာ မြန်မာပြည်လူ့အဖွဲ့အစည်းကတော့ နင်သိတဲ့အတိုင်းပဲလို့ကျနော်ပြန်ပြောတော့ သူမ ဘာမှမပြောတော့ဘူး။ နောက်တော့ ပြောတယ် ကဗျာရေးရတာလည်း စိတ်ညစ်ပါတယ်ကွာတဲ့။ ကျနော်ဘာမှတော့ ပြန်မပြောဖြစ်ဘူး။ ပိုက်ဆံရှင်းပြီး ပြန်ဖို့ထတော့ သူမပြောသေးတယ်။ ဟေ့ ငါမှာတာမမေ့နဲ့တဲ့။ အေးပါ ငါမမေ့ပါဘူး ပြောပြီး ကျနော်ထွက်လာခဲ့တယ်။ ဘာဖြစ်ဖြစ် သူမ စမ်းခိုင်းတဲ့ဟာ စမ်းကြည့်အုံးမှပါ။


၅။

ကော်ဖီဆိုင်မှာ သူ့ ကိုပြောပြတာမှားများမှားသွားပြီလား ကျမတွေးမိတယ်။ ဟုတ်တယ်လေ ဒီလိုကိစ္စမျိုးကို ဘယ်သူယုံချင်ပါ့မလဲ။ သူကယုံတယ်တဲ့။ ကျမဖြင့် ဘုရားရေပဲ။ နို့သော် သူက စာဖတ်အားကောင်းတယ်။ အတွေးအခေါ်ကောင်းတယ်။ တဖက်သားကိုနားလည်စာနာပေးနိုင်တယ်။ ကျမရဲ့အရင်းနှီးဆုံးဘဲကြီးပဲ။ ဒါကြောင့်လည်း ကျမ သူ့ကိုပြောခဲ့တာ။ ဒါကို ကျမကောင်လေးသိရင်တော့ စိတ်ဆိုးနေအုံးမှာပဲ။ ငါ့ကိုမပြောဘဲ သူ့ကိုပြောရသလား ဘာညာ ဒေါသတွေ ထွက်ပြနေတော့မှာ။ နို့ သူမသိနိုင်လောက်ပါဘူး။ သူ့ကိုပြောပြရင်လည်း ရူးများရူးနေမလား ဒါပဲပြောမှာ ကျမသေချာသိတာပေါ့။ ဟိုဘဲကြီးကို ညကျရင် ဖုန်းဆက်ရမယ် ရှသလား မရှဘူးလားပေါ့။ ဒါက ကျမအတွက် အသိချင်ဆုံး အရေးကြီးဆုံးအရာပဲ။ ဒါဟာ ကျမရဲ့လောလောဆယ် ထိပ်တန်းကိစ္စပဲ။ နို့ သူတကယ်ကော စမ်းသပ်ပါ့မလားလို့ တွေးမိတယ်။ ဒါပေမဲ့ သူက ကတိတည်တတ်တဲ့လူဆိုတာ ကျမကောင်းကောင်းကြီးသိနေတယ်။ သူက မရှဘူးပြောရင် ကျမရှက်နေမှာပဲ။ မရှဖို့ကများတယ်လို့တော့ ကျမဆင်ခြင်ဉာဏ်က ပြောနေတယ်။ ဒါပေမဲ့ ကျမကိုတော့ တကယ် ရှခဲ့တာပါပဲ။ သူက ရှတယ်လို့ဖြေရင်ကော ကျမပျော်နိုင်ပါ့မလား။ ပြဿနာပဲ၊ သူ့ဆီက ကျမမျှော်လင့်တာက ရှတယ် ဆိုတာကိုပဲ။ ဒါပေမဲ့ ရှတယ်လို့ ဖြေမှာကိုလည်း ပိုကြောက်မိပြန်တယ်။ ဟုတ်တယ်လေ ဒီလိုကိစ္စဆိုတာက။ ဖုန်းဆက်ရကောင်းမလား မကောင်းဘူးလား သူဆက်လာမလား ကျမတွေးနေမိတယ်။


၆။

အိမ်ပြန်ရောက်တော့ ကြည့်လက်စ ဟိုတယ်ရဝမ်ဒါကို ဆက်ကြည့်တယ်။ ဖြစ်ရပ်မှန်ရိုက်ကူးထားတာတဲ့။ ဇာတ်ကားဆုံးတော့ သိရတယ်။ ကြည့်သာကြည့်နေရတာ အစောတုန်းကလို စိတ်မပါတော့ဘူး ဖြစ်နေတာ။ ဟိုကောင်မပြောတဲ့ ဓားက စိတ်ထဲရောက်နေတာ။ ငါစမ်းရင် ကောင်းမလား မကောင်းဘူးလား၊ စမ်းရင် ငါ့လောက်ပေါတဲ့ လူရှိအုံးမလား။ အို စမ်းမယ်လို့ကတိပေးထားသားပဲ။ ကျနော်အမျိုးမျိုးတွေးနေမိတယ်။ နောက်တော့ ကျနော်မနေနိုင်ပါဘူး။ A4 စက္ကူကိုရှာပြီး ဓားလို့ချရေးမိတယ်။ နောက်တော့ သူပြောသလို ပြန်ဖျက်လိုက်တယ်။ သွားစမ်းပါ ဘာဓားမှမရှဘူး။ စက္ကူကိုဆုပ်ဖြဲပြီး နံရံကို ကျနော်ပေါက်လိုက်တယ်။ ဟုတ်တယ် တော်တော်ရူးတဲ့ ငါပဲတွေးပြီး ကျနော်ရှက်နေမိတာ။ အဲ့ဒီချိန်မှာ အငယ်မ ပြန်ရောက် လာတယ်။ ရောက်တာနဲ့ အဖေနဲ့ အမေ ပြန်မရောက်သေးဘူးလားတဲ့။ မရောက်သေးဘူးပြောတော့ ဘာမှမပြောတော့ဘူး။ ကျနော့်စိတ်ထဲမှာ ဟို ပေါကြောင်ကြောင် ဇာတ်ကားကို သဘောကျလားလို့မေးချင်နေတာ။ ဘာမှန်းတော့မသိဘူး။ မေးရမှာ ရှက်သလိုလိုကြောက်သလိုလို ဖြစ်နေတာနဲ့ မမေးတော့ ဘူး။ ခုတင်ပေါ်ထိုင်ရင်း ဟိုကောင်မဆီကဖုန်းလာရင် ဘယ်လိုဖြေရမလဲ စဉ်းစားနေမိ တယ်။ မရှပါဘူးလို့ဖြေရမလား ရှတယ်လို့ဖြေရမလားပဲ။ ရှတယ်လို့ဖြေရင် လိမ်ညာတာ ဖြစ်မယ်။ ဒီလိုတော့လည်း မညာချင်ဘူး ။မရှဘူးလို့ဖြေရင် သူမ စိတ်မကောင်း ဖြစ်သွားမလား။ သူမစိတ်မကောင်းအောင်လည်း မလုပ်ချင်ပြန်ဘူး။ လက်ရှတယ်လို့ ဖြေလိုက်မယ်။ ပြီးရင် လက်သူကြွယ်ကို ပလာစတာ ကပ်ထားလိုက်မယ်။ မတော်လို့အိမ်ရောက်လာခဲ့မယ်ဆိုရင်ပေါ့။ ပြောသာပြောရတာ သူမလက်ခလယ်မှာ ပလာစတာ ကပ်ထားတာ တွေ့ရတာ။ တကယ်ရှမရှ ဆိုတာကိုတော့ သူမကိုယ်တိုင်ပဲသိမှာ။ ကျနော်ဒီလိုဆုံးဖြတ်ချက်ချလိုက်တယ်။ ငါ့ကိုဓားရှပါတယ်ပေါ့။ ယုံမယုံကတော့ သူမကိစ္စပဲ။ ဖုန်းဆက်လာတဲ့အခါ ရှတယ်ဟ ပလာစတာ ကပ်ထားရတာလို့ ဖြေလိုက်မယ်တွေးမိတယ်။ ဒါပေမဲ့ နင်အဲ့ဒီဓားလို ပေါကြောင်ကြောင်ဇာတ်ကားတွေ ကြည့်ပြီး ကဗျာတန်းမရေးနဲ့လို့ ပြောအုံးမယ် တေးထားတယ်။ အခုထိတော့ သူမဆီက ဖုန်းမလာသေးဘူး။ နို့သော် သူမဆီက ဖုန်းမလာခဲ့ဘူးဆိုရင်တော့ အကောင်းဆုံးပါပဲ။ ဒီထက်ပိုကောင်းမှာက သူမကိုဓားရှတဲ့ကိစ္စ သူမမပြောရင် ပိုကောင်းမှာ။ ဟိုပေါကြောင်ကြောင် ဇာတ်ကား မကြည့်ဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပေါ့။ ဖုန်းကိုကြည့်ပြီး တွေးနေမိတယ်။





2016 July