ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းခိုင် - ငလျင်ပုံပြင်

Kyaw Phyu San
မင်းခိုင် - ငလျင်ပုံပြင်
(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၆

၂၀၁၀၊ ဇန်နဂါရီတုန်းက ဟေတီဆိုတဲ့ ကျွန်းနိုင်ငံလေးမှာ ငလျင်ကြီးလှုပ်သွားတယ်။ အင်အား ၇.၀ ရှိတဲ့ အဲဒီ့ငလျင်ဟာ၂၁ ရာစုရဲ့ လူအသေအပျောက်အများဆုံး သဘာဝဘေးအန္တရာယ်များထဲ စားရင်းမှာ ၀င်သွားခဲ့တယ်။ ခန့်မှန်း လူ တစ်သိန်းခွဲကနေ နှစ်သိန်းကျော်ထိ သေဆုံးခဲ့ပါသတဲ့။ လူနေအဆောက်အအုံတွေ ပျက်ဆီးတာတော့ ပြောမနေနဲ့တော့။ ကမ္ဘာအရပ်ရပ်က စာနာခြင်းကြီးစွာနဲ့ ကူညီထောက်ပံ့ခဲ့ရတယ်။

နောက်လ (ဖေဖော်ဝါရီလ)မှာပဲ ချီလီမှာ ငလျင်ကြီး လှုပ်ပြန်တယ်။ ချီလီက ကျွန်းနိုင်ငံတော့ မဟုတ်ဘူး။ တောင်အမေရိကရဲ့ အနောက်ဘက်ခြမ်းက ကမ်းရိုးတန်းနိုင်ငံလေး။ ငလျင်က ဘယ်လောက်ပြင်းသလဲဆို အင်အား ၈.၈ ထိရှိပြီး ကမ္ဘာ့အပြင်းဆုံးငလျင်တွေထဲမှာ ပဉ္စမချိတ်သွားခဲ့ပါတယ်။ ဟေတီက ၇.၀ ဆိုတော့ ချီလီက ၁.၈ ပိုများတာပေါ့။ ဒါပေမဲ့ ပြင်းထန်မှုက အဆငါးရာပိုပါတယ်။ အဓိပ္ပာယ်က ချီလီငလျင်က ဟေတီငလျင်ထက် အဆငါးရာပိုပြင်းပါတယ်။ အဲဒီ့ငလျင်ကို ချီလီတနိုင်လုံးနီးပါး ခံစားလိုက်ရပါတယ်။ (ငလျင်ကြောင့် ဖြစ်လာတဲ့ ဆူနာမီလှိုင်းလုံးတွေက အမေရိကန်၊ ကယ်လီဖိုးနီးယားကမ်းခြေနဲ့ ဂျပန်ကမ်းခြေ တို;ဟိုခု Tohoku ကိုတောင် ကောင်းကောင်းကြီး ပျက်စီးပစ်ပါတယ်)

နှစ်နိုင်ငံလုံးရဲ့ လူဦးရေပျံနှံ့မှုတာတို့ဘာတို့က ဆင်ပါတယ်။ ဒါပေမဲ့ ချီလီက (အဲဒီ့တုန်းက) လူဦးရေ ၁၇ သန်းကျော်ရှိပြီး ဟေတီက ဆယ်သန်းသာသာပဲ ရှိပါတယ်။ ချီလီက နှစ်ဆနီးပါးပိုများတယ်ပေါ့။ မိတ်ဆွေ .... လူဦးရေကလည်း ပိုများ၊ ပြင်းအားကလည်း အဆ ၅၀၀ ကျော် ပိုပြင်းတဲ့ ချီလီငလျင်ရဲ့ပျက်ဆီးဆုံးရှုံးမှုကို ဘယ်လောက်လို့ ခန့်မှန်းမိပါသလဲ။

ဟုတ်ကဲ့ ... အဲဒီ့ပြင်းထန်တဲ့ ငလျင်ကြောင့် ချီလီတနိုင်ငံလုံးမှာ လူ ၅၃၅ ဦးသေးဆုံးခဲ့ပြီး ပျောက်ဆုံး ၂၅ ဦးပါ။ လူနေအဆောက်အအုံတွေလည်း ပျက်ဆီးတာပေါ့။ ဒါပေမဲ့ ဟေတီမှာ သမ္မတအိမ်တော်၊ လွတ်တော်တွေကအစ ပြိုကျပြီး မြို့တော်တခုလုံး ပြားပြားဝပ်ဝပ်သွားချိန်မှာ ချီလီရဲ့ ပျက်ဆီးမှုက ၉% ပဲ ရှိပါသတဲ့။

ဘာတွေကွာကုန်တာလဲ ... ဘာတွေ ကွာကုန်တာလဲ .. ။

နှစ်နိုင်ငံလုံးဟာ ငလျင်အတွေ့အကြုံတွေ မကြာခဏကြုံတွေ့ရတဲ့ နိုင်ငံတွေ။ ဒါပေမဲ့ ချီလီမှာက အဆောက်အဦးတွေကို ငလျင်ဒဏ်ခံနိုင်ဖို့ အစိုးရက ကြပ်ကြပ်မတ်မတ် စစ်ဆေးပေးတယ်။ အဲဒီ့အတွေက် အကူအညီထေထာက်အပံ့တွေ ပေးတယ်။ ပညာပေးတာတွေ လုပ်တယ်။ အစိုးရမှာ ငလျင်နဲ့ပတ်သက်လို့ ကြိုတင်စီမံချက်တွေ၊ after shock အတွက် စီမံချက်တွေ ကောင်းကောင်းရှိတယ်။ ဟေတီမှာက အားလုံးက ပြောင်းပြန်ပါ။ အဖြေက အဲဒါပါပဲ။

နောက်နှစ် (၂၀၁၁) မတ်လရောက်တော့ ချီလီထက်ပြင်းတဲ့ ငလျင်ကြီးတခု ဂျပန်ကမ်းခြေ တိုးဟိုခု Tohoku မှာ ထပ်လှုပ်ပြန်တယ်။ ပြင်းအား ၉.၀ ထိရှိတဲ့ ငလျင်ကြီး၊ ကမ္ဘာရဲ့ စတုတ္ထမြောက်ပြင်းအားကြီးဆုံး ငလျင်ကြီးပါ။ သိတဲ့အတိုင်းပဲ ဂျပန်ဆိုတာ လူဦးရေ အရမ်းထူထပ်တဲ့ ကျွန်းနိုင်ငံ၊ မိုးမျှော်အဆောက်အဦးတွေ ပြည့်နှက်နေတဲ့ နိုင်ငံ။ အဲလိုနိုင်ငံမျိုးမှာ ပြင်းထန်လှတဲ့ငလျင်ကြီး (ချီလီထက် အဆ ၁၀၀၀ ပိုပြင်းတဲ့ ငလျင်ကြီး) လှုပ်လိုက်တော့ အပျက်အဆီးက ဘယ်နည်းလိမ့်မလဲ။ အဆောက်အအုံပေါင်း တစ်သိန်းကျော် လုံးဝပျက်ဆီးခဲ့ပြီး တ၀က်ကျော် ပြိုပျက်သွားတဲ့ အဆောက်အဦးက သုံးသိန်းနီးပါးနီးပါးရှိတယ်။ အနုမြူဓာတ်ပေါင်းဖို သုံးဖိုပျက်စီးခဲ့ရတယ်။

အရေးကြီးဆုံး လူသေဆုံးမှုကရော ... ဟုတ်ကဲ့ ... ၂ သောင်းနီးပါးရှိပါတယ်။

ငလျင်ဆိုတာ (မီးတောင်ပေါက်တာကလွဲလို့) အလစ်ခံရတဲ့ ဘေးပါ။

ဂျပန်ငလျင်လှုပ်ပြီးပြီးချင်း အစိုးရရဲ့တုံ့ပြန်ဆောင်ရွက်ပုံတွေ၊ ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ စာနာမှု၊ စည်းကမ်းရှိမှုတွေကို ကမ္ဘာတောင် လေးစားဦးညွတ်ခဲ့ရပါတယ်။ ပိုက်ဆံရှိတာကိုးလို့ ပြောလို့ မရပါဘူး။ တချို့အရာတွေက ပိုက်ဆံနဲ့ မဆိုင်ပါဘူး။

၂၀၀၈၊ မေလမှာ မြန်မာပြည်သမိုင်းရဲ့ အဆိုးဝါးဆုံးဝါး ကပ်ဘေးကြီးကို ကြုံရပါတယ်။ လူပေါင်းသိန်းချီ သေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်းပါ။ (အစိုးရခန့်မှန်း တသိန်းလေးသောင်းခန့်) ကျွတ် .. ကျွတ် ကုသိုလ်ကံဆိုးလိုက်တာလို့ လုပ်မနေပါနဲ့။ တချို့အရာတွေက ကံတရားနဲ့ မဆိုင်ပါဘူး။
ကြိုသိရတဲ့ မုန်တိုင်းသတင်းကို သက်ဆိုင်ရာဒေသကို အချိန်မီ မပို့နိုင်တာ ကံတရားနဲ့ မဆိုင်ပါဘူး။
သန်းရွှေက နှစ်ပတ်ကျော်မှ နိုင်ငံတကာအကူအညီတွေကို ပေးဝင်တာ ကံတရားနဲ့ မဆိုင်ပါဘူး။
အလှူပစ္စည်းတွေ အကောက်ခွန်ကို မကျော်နိုင်တာ (ဘန်ကောက်လေဆိပ်မှာတင် ပုံနေတာ) ကံတရားနဲ့ မဆိုင်ပါဘူး။ ကိုယ်က ဘာမှ မလုပ်တဲ့အပြင် ကူညီတဲ့သူတွေကိုတောင် မာန်မဲ ဟန့်တား (အလောင်းကောက်ပြီး သဂြိုလ်ပေးသူကို ထောင်ချတာ) ကံတရားနဲ့ မဆိုင်ပါဘူး။
ဂျပန်မှာ ငလျင်လှုပ်ပြီးတော့ ပြည်သူတွေ အလိုရှိတာ သုံးနိုင်အောင် super market ကို ဖွင့်ပေးတာ ချမ်းသာတာနဲ့ မဆိုင်ပါဘူး။ လှူဒါန်းတဲ့ပစ္စည်းတွေကို ကိုယ်လိုသလောက်သာယူလို့ သူများကို ဦးစားပိုပေးတာဟာလည်း ချမ်းသာတာနဲ့ မဆိုင်ပါဘူး။
နာဂစ်ပြီးတော့ ကြက်ဥဘဲဥဈေးတွေ ဖယောင်းတိုင်ဈေးတွေ အဆမတန်တက်သွားတာ ပိုက်ဆံနဲ့ မဆိုင်ပါဘူး။ အိမ်ရိုက်သံတွေ သောင်းချီဖြစ်သွားတာ၊ ဆောက်လုပ်ရေးပစ္စည်းတွေ အဆမတန်ရှားပါးကုန်တာ ပိုက်ဆံနဲ့ မဆိုင်ပါဘူး။ သိမ်ကြီးဈေးမှာ နိုင်ငံတကာအလှူပစ္စည်းတွေ အပုံလိုက်ချရောင်းတာလည်း ပိုက်ဆံနဲ့ မဆိုင်ပါဘူး။

 ........................................

........................................

......................................

ရှောင်လွဲမရတဲ့ ဘသာဝဘေးဒဏ်တွေဟာ နတ်ဆိုးရဲ့ စိန်ခေါ်သံတွေပါပဲ။

အစိုးရရဲ့ ဘုန်းတန်ခိုးကို စိန်ခေါ်တာမဟုတ် ... အစိုးရရဲ့ လုပ်ကိုင်စွမ်းရည် capacity ကို စိန်ခေါ်တာ .. ။

ပြည်သူပြည်သားတွေရဲ့ ကုသိုလ်ကံတရားကို စိန်ခေါ်တာမဟုတ် .... ပြည်သူတွေရဲ့ နှလုံးသားကြံခိုင်မှုနဲ့ ဦးနှောက်ကြံခိုင်မှုကို စိန်ခေါ်တာ ... ။