ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်သူငြိမ်း ● ကြီးမားကျယ်ပြန့်သည့် မဟာမိတ်ဖွဲ့မှု နှင့် ၂၁-ပင်လုံ ငြိမ်းချမ်းရေး ညီလာခံအတွက် အတွေးတစ



အောင်သူငြိမ်း ● ကြီးမားကျယ်ပြန့်သည့် မဟာမိတ်ဖွဲ့မှု နှင့် ၂၁-ပင်လုံ ငြိမ်းချမ်းရေး ညီလာခံအတွက် အတွေးတစ
(Renaissance Myanmar မဂ္ဂဇင်း)
(မိုးမခ) သြဂုတ် ၂၇၊ ၂၀၁၆
 


ငြိမ်းချမ်းရေးတည်ဆောက်မှု ဟူသည်မှာ အစိုးရနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအတွင်းရှိ မတူကွဲပြားသည့်အုပ်စု အမျိုး မျိုး၊ နိုင်ငံအဆင့်နှင့် နိုင်ငံတကာအဆင့် အင်အားစုများ၏ မတူကွဲပြားသော လုပ်ငန်းဆောင်တာ အမျိုးမျိုး ပါဝင်သည်ဟု အဓိပ္ပာယ်ဖွင့်ကြပါသည်။  ယင်းလုပ်ငန်းဆောင်တာများက အကြမ်းဖက်မှုဖြစ်ပွားစေသော ရေသောက်မြစ်အကြောင်းအရင်း များကို ဖြေရှင်းနိုင်ရန် ရည်ရွယ်ဆောင်ရွက်ကြခြင်း ဖြစ်သည်။ ထို့အပြင် နိုင်ငံသားပြည်သူများအနေဖြင့် ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး (Freedom From Fear) တနည်းဆိုရသော် ဆိုးကျိုး အနှုတ်သဘောဆောင်သည့် ငြိမ်းချမ်းရေးကိစ္စ (Negative Peace) နှင့် လိုအပ်ချက်များမှ ကင်းလွတ်ခွင့်ရစေရန် (Freedom From Want) တနည်းဆိုရသော် အပြု သဘောဆောင်သော ငြိမ်းချမ်းရေး (Positive Peace)၊ အကြမ်းဖက်မှုများ မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ် နှင့် ဖြစ်ပွားမှုများပြီး စီး နောက်ပိုင်း၌ ချိုးနှိမ်စော်ကားခြင်းမှ ကင်းဝေးခွင့် (Freedom From Humiliation) အတွက် ဆောင်ရွက်ပေးကြခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုကြပါသည်။

သို့သော် မြန်မာနိုင်ငံတွင်ကျင်းပမည့် ၂၁-ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ၏ အဓိပ္ပါယ်သည် ဤဖွင့်ဆိုချက်ထက်ပိုပါလိမ့် မည်။ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု ဒီဇိုင်းကိုရေးဆွဲကြရန်အတွက်ပါ ရည်ရွယ်ထားရာ မြန်မာနိုင်ငံ၏ မပြီးစီးသေး သော နိုင်ငံတော်တည်ဆောက်ရေး (Nation Building) အတွက် လုပ်ငန်းဆောင်တာများပါ ပါဝင်နေသောကြောင့် ဖြစ်ပါ သည်။ ထိုမျှမက တိုင်းရင်းသားခေါင်းဆောင်များ အပါအဝင်၊ ဝေဖန်သုံးသပ်ကြသူများက ၂၁-ရာစုပင်လုံသည်၊ ၁၉၄၇ ခုနှစ်က ဗိုလ်ချုပ်တို့နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ဆွေးနွေးသဘောတူညီခဲ့ကြသည့် ၁၉၄၇ ပင်လုံထက် ပို၍ ရှုပ် ထွေး ခက်ခဲလိမ့်မည်ဟုလည်း ဝေဖန်သုံးသပ်နေကြပါသည်။

အကြောင်းမှာ ၁၉၄၇ ခုနှစ် ပင်လုံဆွေးနွေးပွဲ၏ ရည်မှန်း ချက်များမှာ ရိုးစင်းပြီး၊ သက်ဆိုင်ပတ်သက်သူ အင်အားစုလည်း အနည်းငယ်မျှသာ ရှိပါသည်။ ဦးတည်ချက်ပန်းတိုင်မှာ လွတ်လပ်ရေးအမြန် ရရှိရေးဖြစ်ပြီး၊ တောင်တန်းနှင့် ပြည်ပအတူ လွတ်လပ်ရေး ရရှိရေးကိစ္စသာ ဖြစ်သည်။ ၎င်းပင်လုံ ကျင်းပစဉ်က တိုင်းရင်းသားအင်အားစုအများ ပါဝင်တက်ရောက်နိုင် ခြင်း မရှိခဲ့ပါ။

နှစ် ၇၀ နီးပါးအကြာမှ ကျင်းပမည့် ယခု ပင်လုံတွင်မူ ပြဿနာများက ပို၍ရှုပ်ထွေးပါသည်။ ပြည်တွင်းစစ် အကြမ်းဖက်ပဋိပက္ခများကြောင့် သွေးထွက်သံယို ဖြစ်ခဲ့ ကြပြီ။ အသက်များစွာ၊ အိုးအိမ်များစွာ၊ တိုင်းပြည်၏ ဖွံ့ဖြိုးမှု အလားအလာများ ဆုံးရှုံးနစ်နာခဲ့ကြရပြီး၊ တဖက်နှင့် တဖက် နာကျည်းမှု၊ မယုံကြည်မှု၊ သံသယများလည်း ကြီးထွားခဲ့ ကြပေပြီ။ ထိုမျှမက ဆွေးနွေးဖက်အင်အားစုများကလည်း များပြားသည်။ တနိုင်ငံလုံး အပစ်ရပ်စဲရေးပူးပေါင်းညှိနှိုင်းမှု အဖွဲ့ (NCCT) တွင်ပင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆- ဖွဲ့ ပါဝင်ပြီး၊ ယင်းပြင်ပရှိ လက်နက်ကိုင်အဖွဲ့များ ကျန်ရှိနေပါ သေးသည်။

ထိုမျှမက ရည်ရွယ်ချက်ပန်းတိုင်များလည်း ပို၍ ရှုပ်ထွေး အသေးစိတ်ကျပါသည်။ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စသည့်အရေးများ ပါရှိနေပြီး၊ စစ်၏ ဘေးထွက်ဆိုးကျိုး ဒုက္ခ သည်အရေး၊ မူးယစ်ဆေးဝါး ဘိန်းလုပ်ငန်း.. အိုးအိမ်အခြေ ပျက် ထွက်ပြေးရမှု စသည့်ကိစ္စများ ရှိနေပါသည်။ ထို့အပြင် နိုင်ငံတကာမှ ငြိမ်းချမ်းရေးအတွက် စိုးရိမ်ပူပန်နေကြသူ၊ ပါဝင် ပတ်သက်နေသူများကိုလည်း မေးမထားသင့်ပါ။ အိမ်နီးချင်း အင်အားကြီးနိုင်ငံများ အပါအဝင် အီးယူ၊ ကုလသမဂ္ဂ၊ အာဆီယံ စသည်တို့သည်လည်း မြန်မာ့ငြိမ်းချမ်းရေးစင်မြင့်တွင် သူ့အခန်းကဏ္ဍနှင့် သူ အရေးပါပါသည်။ သို့အတွက်ကြောင့် ၂၁- ပင်လုံသည် ပို၍ခက်ခဲ၊ ပို၍လက်ဝင်မည်ကို အပ်ချမတ်ချ ပြောနိုင်ပါသည်။

တပြိုင်နက်တည်းတွင် ပင်လုံဟု [ယုံမှတ်မှားချက် ဒဏ္ဍာရီဖြစ်စေ၊ အမှန်တကယ်ဖြစ်စေ] အမျိုးသားစည်းလုံးညီညွတ်ရေး သရုပ်သကန်ကို ခေါင်းစဉ်တပ်လိုက်သောကြောင့် ပို၍ မျှော်လင့်ချက်များ ကြီးထွားလျက်ရှိပါသည်။ ယခုအခါ ပင်လုံစာချုပ် ၏ အနှစ်သာရ၊ ပင်လုံစိတ်ဓာတ် စသည်ဖြင့် အဓိပ္ပါယ်ဖွင့် ပြောဆိုနေမှုများလည်း အများအပြား ကြားသိနေရသည်။ မြင့် မြင့်တင်ထားသည့် ရည်မှန်းချက်ကြောင့်၊ ယင်းရည်မှန်းချက်အထိ ခရီးပေါက်နိုင်-မပေါက်နိုင်ကို စိုးရိမ်ဖွယ် ရှိလာပြန်ပါ သည်။

■ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများ
ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူပြုသည့် ဥပဒေကြမ်းတရပ်ကို အထက်လွှတ်တော်ဆီ တင်သွင်းပြီးတဲ့နောက်၊ ဇွန်လ (၃၀) ရက်နေ့တွင် ယခင်အစိုးရ၏ အဓိက ဦးဆောင်ညှိနှိုင်းဆွေးနွေးသူ ဝန်ကြီးဦးအောင်မင်းက သတင်းထောက် များကို တွေ့ဆုံပြောကြားရာ၌"အချို့တိုင်းပြည်တွေမှာဆိုရင် သဘောတူညီချက်တခု မရရင်၊ စေ့စပ်ဆွေးနွေးသူ တွေက စေ့စပ်ဆွေးနွေးရေး စားပွဲဝိုင်းကနေ ထွက်သွားကြတယ်။ ဒီနောက်မှာ တိုက်ပွဲတွေ ပြန်စကြမယ်ပေါ့။ ဒါပေမယ့်၊ မြန်မာ နိုင်ငံမှာတော့ လူတိုင်းက စေ့စပ်ဆွေးနွေးရေး စားပွဲကနေ ထွက်မသွားဘူးလို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ဒါကို ကျွန်တော် က အောင်မြင်မှုတခုလို့ ခေါ်ပါတယ်" ဟု ဆိုခဲ့သည်။

မှန်ပါသည်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ အပါအဝင် နိုင်ငံသားအများမှာ စစ်ကိုဆက်လက် ရည်ရှည်ဆွဲ တိုက်ခိုက်နေလိုစိတ် မရှိကြတော့ပေ။ ဆယ်စုနှစ် ၇-ခုနီးပါး စစ်ပွဲ ပဋိပက္ခများကြုံတွေ့ခဲ့ရပြီးနောက်၊ ငြိမ်းချမ်းရေးကို မြင် လိုကြသည်။ မိမိတို့နိုင်ငံ အောက်ကျနောက်ကျ ဖြစ်ကျန်ခဲ့ပြီကို သိကြသည်။ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းအများအပြား ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရမည်ကို သိကြသည်။ အနည်းဆုံး သဘောတူညီချက်များ မရနိုင်သေးလျှင်တောင် ဆက် ၍ ဆွေးနွေးလိုကြသည်၊ စစ်ပွဲများဖက် တဖန်ပြန်၍လှည့်ရန် တွန့်ဆုတ်ကြပါသည်။ ဤအချက်က ငြိမ်းချမ်းရေးဆွေးနွေးပွဲ များအတွက် အလားအလာကောင်းဟု ယူဆနိုင်ပါသည်။

ကံကောင်းထောက်မ၍ ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံသို့ အကျိုးဆောင်တဦးအဖြစ် မိမိတက်ရောက်ခွင့် ရခဲ့ပါ သည်။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပသောငြိမ်းချမ်းရေး ညီလာခံက ဆုံးဖြတ်ချက်များ ချမှတ်ရန်မဟုတ်ဘဲ၊ ကိုယ် စားလှယ်များ၏ အမြင်များ စုစည်းရန်သာဖြစ်ပါသည်။ အကြောင်းမှာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလက ရွေးကောက်ပွဲများ ကျင်းပထားပြီး ဖြစ်ရာ၊ ရှေ့အနာဂတ်လုပ်ငန်းများသည် အနိုင်ရပါတီအပေါ်တွင် ပို၍မူတည်မည်ဖြစ်ပြီး၊ ယခုညီလာခံ ဆုံးဖြတ်ချက်များဖြင့် မလွှမ်းမိုးထားစေလိုသောကြောင့် ဖြစ်သည်။ သို့သော် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) အရ သဘောတူညီချက် လက်မှတ်ရေးထိုးပြီး ရက်-၁၀၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများကို မဖြစ်မနေ ခေါ်ဆိုရမည်ဟူသောကြောင့် ယင်းကတိကဝတ်ကို ဖြည့်ဆည်းသည့်အနေဖြင့် ယခုညီလာခံကျင်းပရခြင်းလည်း ဖြစ်သည်။

ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံက အမြင်သဘောထားအချို့ စုစည်းနိုင်ခဲ့ပါသည်။ ဤသည်မှာ စာရွက်ပေါ်တင်နိုင်သော ရလဒ်ဖြစ်ပါသည်။ သို့သော် မမြင်သာသည့်ရလဒ်အများအပြား ရှိခဲ့သည်ဟု မိမိကိုယ်တွေ့ ယူဆပါသည်။

အကြောင်းမှာ ယုံကြည်မှု၊ ရင်းနှီးပွင့်လင်းမှု တစုံတရာ တည်ဆောက်နိုင်ခဲ့သောကြောင့် ဖြစ်ပါသည်။
ယင်းညီလာခံသို့ တပ်မတော်ဖက်မှ ကိုယ်စားလှယ် ၁၅၀ တက်ရောက်ခွင့်ရသည်။ သိရှိရသလောက် သူတို့က အိမ်စာ သေချာလုပ်လာကြပါသည်။ ယခုညီလာခံမတိုင်မီ တပ်မတော်ထဲတွင် စနေနေ့တိုင်း ၂ လခန့် ဆွေးနွေးမည့်ခေါင်းစဉ် ၅-ခု နှင့် ပတ်သက်၍ ဆွေးနွေးပွဲများ၊ သင်တန်းများ လုပ်ဆောင်ခဲ့ကြရသည်ဟု ဆိုသည်။ တပ်မတော်ဘက်မှ တင်လာသည့် အယူအဆများကို သဘောတူသည်ဖြစ်စေ၊ သဘောကွဲသည်ဖြစ်စေ ဤသို့ငြိမ်းချမ်းရေးညီလာခံနှင့် နိုင်ငံရေးဆွေးနွေးပွဲ များအပေါ် လေးနက်မှုမှာ လေးစားဖွယ်ပင် ဖြစ်ပါသည်။

ညီလာခံတွင် လူနည်းစုသတိပြုမိသည့် ပုဂ္ဂိုလ်ရေး ဖြစ်ရပ်အချို့လည်း ရှိခဲ့ပါသည်။ ကယားပြည်နယ်မှ တက်လာသည့် ကိုယ်စားလှယ်တဦး စကားပြောခွင့်ရသည့် အချိန်တွင် သူ၏လယ်မြေသိမ်းဆည်းခံရကြောင်း ပြောပါသည်။ ယခင် ကာလများကသာ ယခုလိုပြောဆိုမည်ဆိုပါက၊ ထောင်ထဲ ရောက်သွားမည်ဖြစ်ကြောင်း၊ ယခုညီလာခံကြီးကို သူက ကျေး ဇူးတင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော သူ့၏လယ်မြေကို သိမ်းဆည်းခဲ့သည့် တပ်မတော်တပ်မှူးကြီးကို မျက်နှာချင်း ဆိုင် ပြောဆိုခွင့်ရသောကြောင့် ဖြစ်ကြောင်း ဆွေးနွေးပါသည်။ သူ၏လယ်မြေကို သိမ်းဆည်းခဲ့သော အမြောက်တပ် တပ်မှူးလည်း ညီလာခံကိုယ်စားလှယ်တွင် ပါဝင်နေသည်။ မြေကိစ္စ ပြေလည်-မပြေလည်တော့ မသိရပါ။ နောက်ပိုင်း ညီလာခံရက်များတွင် သူတို့နှစ်ဦး ပခုံးဖက်၍ ညီလာခံအတွင်း အတူသွားလာနေကြသည်ကို မြင်တွေ့ရပါသည်။ မမြင်သာ သည့် ယုံကြည်မှုတည်ဆောက်နိုင်သည့် ကိစ္စတခုဟု ထင်မြင်မိပါသည်။

နောက်ထပ်ဖြစ်ရပ်တခု ရှိပါသေးသည်။ ကရင်ပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့တခု၏ ကိုယ်စားလှယ် အမျိုးသမီးကြီး တဦးက ကဏ္ဍတခုတွင် သဘာပတိအဖွဲ့ဝင် တဦးအဖြစ် ဆောင်ရွက်ခွင့်ရသည်။ သူက မိန့်ခွန်းပြောရပါသည်။ သူ၏ မိန့်ခွန်းကလည်း ရိုးရှင်းလှသည်။ မပီသသော တိုင်းရင်းသားအသံဖြင့် ခပ်လေးလေးပြောသွားခဲ့သည်။ သူက ယခုကဏ္ဍ တွင် သဘာပတိအဖြစ် ဆောင်ရွက်ရမည်ဖြစ်ရာ၊ စကားလုံးများကို သတိထား၍ ကျက်မှတ်ခဲ့ရသည်ပင် ရှိကြောင်းဆိုပါ သည်။ မြန်မာစကားလုံးများက သူ့အတွက်မှတ်မိရန် ခက်ခဲနေသည်ဟု ဆိုသည်။ သူက "သယံဇာတ" ဟူသည့်ဝေါဟာရ ကို ဖတ်ရခက်လွန်းသည်။ ဖတ်လိုက်လျှင် သူက "သံမဏိ" ဟု ချည်းဖြစ်နေတတ်သည်ဟု ပြောပါသည်။ ဆက်ပြောရာ တွင် တချိန်က သူတို့၏နယ်စပ်တိုင်းရင်းသား ဒေသများတွင် ဘာအဆိုးဖြစ်ဖြစ် စစ်တပ်ကြောင့် (တပ်မတော်ကြောင့်) ဟု ထင်မြင်တတ်ကြကြောင်း၊ လူသတ်ခံရလျှင်လည်း စစ်တပ်၊ ထွက်ပြေးရလျှင်လည်း စစ်တပ်၊ လူ့အခွင့်အရေးချိုးဖောက်ခံရ လျှင်လည်း စစ်တပ်ဟု ယုံကြည်ထားကြကြောင်း၊ သူယခုကဲ့သို့ မြန်မာစာ မတတ်မြောက်နိုင်ရသည်မှာ စစ်တပ်ကြောင့် ဖြစ် ကြောင်း အရွှန်းဖောက်လိုက်ပါသေးသည်။ ကျောင်းများပိတ်၊ ထွက်ပြေးနေရ၍ စာကောင်းကောင်း မသင်နိုင်၊ အတန်း ပညာနည်းခဲ့ရကြောင်း ပြောပါသည်။ သို့သော် ယခုခေတ်ကပြောင်းသွားပြီ။ စစ်တပ်မှ ဗိုလ်မှူးကြီးများနှင့် အတူထိုင်ကာ ပြောဆိုနိုင်ပြီ။ သူတို့၏ ပြဿနာများကိုလည်း တင်ပြဆွေးနွေးနိုင်ပြီ။ ယခုမှသာ 'ပြည်သူ့တပ်မတော်အစစ်' ဖြစ်ကြောင်း သူက ပြောပါသည်။ အခန်းထဲရှိ တပ်မတော်အရာရှိများ ရင်ထဲထိသွားကြပါသည်။ မျက်ရည်ဝိုင်းနေကြသူများ အများ အပြားရှိခဲ့သည်။ ဤဖြစ်ရပ်များကို မိမိက ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၏ မမြင်သာသော ရလဒ်များဟု ဆိုချင်ပါသည်။

ယခု ၂၁-ပင်လုံ ငြိမ်းချမ်းရေးညီလာခံ (ဒုတိယအကြိမ်) တွင်လည်း ရလဒ်ကောင်းများ ထွက်ပေါ်နိုင်ပါသည်။ မိမိတို့ အတူ ထိုင်ဆွေးနွေးနိုင်ကြမည်။ ပြဿနာများ အကုန်အစင် မပြေလည်နိုင်ပါ။ သို့သော် လက်နက်ကိုင်စစ်ဖက်နေကြသည်ထက် အတူထိုင်၍ စားပွဲဝိုင်းတွင် ဆွေးနွေးနိုင်ကြသည်က ကောင်းပါသည်။ အလားတူ မမြင်သာသည့် နားလည်မှုများ၊ ယုံကြည် မှုများ၊ ရင်ပတ်ချင်းနီးလာသည့်ကိစ္စများလည်း ဖြစ်ပေါ်နိုင်ပါသေးသည်။

ဤမျှမဟုတ်ပါ။ နိုင်ငံတကာအင်အားစုများ၊ အလှူရှင်နိုင်ငံများကလည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအပေါ် စိတ်ဝင်တစား ကူညီပေးလိုနေကြပါသည်။ ပဋိပက္ခလွန်ကာလ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက်ဆိုလျှင် သူတို့၏အကူ အညီများ ရရှိနိုင်သော အခြေအနေဖြစ်ပါသည်။

စိုးရိမ်ပူပန်ဖွယ်၊ သို့မဟုတ် ထည့်သွင်းစဉ်းစားသင့်သည့် အခြေအနေများ
စိုးရိမ်ပူပန်ဖွယ် အခြေအနေများလည်း ရှိနေပါသေးသည်။

ပထမအချက်ပြောရလျှင် ၂၁-ပင်လုံဟု အလံလွှင့်လိုက်သည်မှာ မြင့်လွန်းသည်ဟု မိမိထင်မြင်ပါသည်။ မြင့်လွန်းလျှင် အောင်မြင်ရန် ခက်နိုင်ပါသည်။ ပင်လုံဟုဆိုလျှင် အချို့တိုင်းရင်းသားခေါင်းဆောင်များက 'ခွဲထွက်ရေး'ကိစ္စများ ပြောလာ ကြသည်။ ယခင်ပင်လုံစာချုပ်ကို ပြန်၍ရည်ညွှန်းကြသည်။ အမှန်တွင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီချက် (NCA) တွင် ဤကိစ္စများ ပြီးပြတ်ပြီး ဖြစ်သည်။ (NCA) အတွက် ဆွေးနွေးခဲ့ကြသည့် တိုင်းရင်းသားလက်နက် ကိုင်အင်အားစုများ ဖက်ကလည်း ကတိကဝတ်ပြုထားကြပြီး ဖြစ်ပါသည်။

လိုအပ်သည့် အခြေအနေမှာ သန္နိဋ္ဌာန် ချမှတ်ဆောင်ရွက်မည့် ခေါင်းဆောင်မှု နှင့် မျှဝေ ခံယူသည့် ပန်းတိုင် (A Shared Destiny) လိုအပ်ပါသည်။ အမျိုးသားဒီမိုကရေစီ အစိုးရ အာဏာရသည်မှာ ရက်-၁၀၀ ကျော်စပင်ရှိသေးပြီး၊ အစိုးရကို ဖွဲ့ တည်နေဆဲဟု ယူဆနိုင်ပါသည်။ နိုင်ငံ၏ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို ဦးစားပေးကိစ္စထားသည်မှာ လျော်ကန် သင့်မြတ်ပါသည်။ သို့သော် ချန်ပီယံများကို မမြင်ရသေးဟု ထင်မြင်မိပါသည်။ နိုင်ငံအများ၏ ပြုပြင်ပြောင်းလဲရေးကိစ္စများ တွင် ကမကထပြုဦးဆောင်ကြသည့် ချန်ပီယံများကို မြင်ခဲ့ကြရသည်။ ငြိမ်းချမ်းရေး ချန်ပီယံ၊ စီးပွားရေးပြုပြင်ပြောင်းလဲမှု ချန်ပီယံ.. စသည်ဖြင့် ပေါ်ထွက်လာလျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုအများက ချစ်ကြည် ထောက်ခံကြသော်လည်း ကိစ္စအားလုံးအတွက် ချန်ပီယံဆောင်ရွက်ရန် ခက်ခဲနိုင်ပါသည်။ ချန်ပီယံ (ခေါ်) သန္နိဋ္ဌာန် ချမှတ် ဆောင်ရွက်မည့် အခြားခေါင်းဆောင်များ လိုအပ်ပါသည်။ ထို့အပြင် အပစ်ရပ်စဲရေးမျှသာမဟုတ်၊ ရေရှည်ငြိမ်းချမ်းရေး နှင့် အနာဂတ်မြန်မာနိုင်ငံကို ပုံဖော်လိုသည့် မြော်မြင်ချက်၊ ပန်းတိုင်တခု တည်ဆောက်နိုင်ရန် များစွာလုပ်ဆောင်ရဦးမည်ဟု ထင်မြင်မိပါသည်။

ဒုတိယအချက်မှာ မြန်မာနိုင်ငံ၏ အသွင်ပြောင်းလဲမှုတွင် ထိပ်သီးခေါင်းဆောင်များအကြား မည်သို့မည်ပုံပြောင်းလဲမည်ဟု သဘောတူညီချက် စာချုပ် (Pact) တခု မရှိသေးခြင်း ဖြစ်ပါသည်။ သို့အတွက်ကြောင့် အနာဂတ်နိုင်ငံတော်ကို ပုံဖော်ရာ ၌ အမြင်အမျိုးမျိုး ရှိနေနိုင်ပါသည်။ ဤကိစ္စကို ပညာရှင်အမြောက်အများကလည်း အရေးကြီးကြောင်း ထောက်ပြပြောဆို ခဲ့ကြပါသည်။

ဤသို့သဘောတူညီချက် (Pact) တခု မရှိဘဲ ပြောင်းလဲသွားခဲ့သည့် နိုင်ငံများလည်း ရှိပါသည်။ (ဥပမာ- အင်ဒိုနီးရှား) သို့သော် နိုင်ငံတခု၏ နောက်ခံကြောင်းရာ၊ ရေမြေ အနေအထားတို့နှင့် သက်ဆိုင်ပါလိမ့်မည်။ မြန်မာနိုင်ငံ အတွက်တော့ သဘောတူညီထားမှု (Pact) တခု လိုအပ်သည်ဟု ထင်မြင်မိပါသည်။ ဤအချက်ကို ပညာရှင်အများက လည်း ထောက်ပြပြောဆိုခဲ့ကြပါသည်။ ဒီမိုကရေစီသဘောတရား ဂုရု လာရီဒိုင်းမွန်း (Larry diamond) က မြန်မာနိုင်ငံ အပြောင်းအလဲသည် အသွင်ကူးပြောင်းမှု (Transition) ကိစ္စ စာပေနယ်ပယ်ကဏ္ဍပေါင်းစုံအတွက် အကြုံးဝင်နေသည်ဟု ဆိုပါသည်။ ညှိနှိုင်းရမှု (Negotiation)၊ အင်အားစုများအတွက် သဘောထားပျော့ပြောင်းသူ- တင်းမာသူ အားပြိုင်မှု (Hard-liners and soft-liners on each side)၊ စစ်တပ်ကို ဗီတိုအာဏာပေးထားသည့် အခြေအနေ (ပါမောက္ခ ရှမစ်တာ ကတော့ မွေးကတည်းက ချို့ယွင်းပုံပျက်လာသည့် ဒီမိုကရေစီဟု ခေါ်ဆိုပါသည်)၊ ယင်းဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်း လဲနိုင်ရေးနှင့် သဘောတူညီချက် (Pact) ကိစ္စများ လိုအပ်သည်ဟု ဆွေးနွေးခဲ့ပါသည်။ ယင်းသဘောတူညီချက် (Pact) မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် မရှိမဖြစ် တင်ကူးလိုအပ်ချက်ဟုလည်း သူကမြင်သည်။ ပင်လုံက ဤသို့သော 'အမျိုးသားညီညွတ်ရေး' သို့မဟုတ် သဘောတူညီချက် (Pact) တရပ် ထွက်ပေါ်ရေးအတွက် အလွန်အမင်း ကြိုးစားရ မည်ဟု ထင်မြင်မိပါသည်။

တတိယအချက်မှာ ထိပ်သီးခေါင်းဆောင်များ၏ ညှိနှိုင်းဖြေရှင်းလိုစိတ် (Elite willingness to pact) ဖြစ်ပါသည်။  ဒီမိုကရေစီ သဘောတရားဆရာကြီး ဒေါ်နယ် ဟိုရိုဝဇ် (Donald L. Horowitz) က ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ရှေ့ ဆက်သွားနိုင်ရေးအတွက် အပြန်အလှန် အာမခံချက်များ (Reciprocal Protection) လိုအပ်မည်ဟု ဆွေးနွေးပါသည်။ သို့ ဆိုလျှင် တိုင်းရင်းသား၊ လူမျိုးစု၊ ဘာသာရေးအုပ်စုများအကြား အပြန်အလှန် အာမခံမှု၊ ကာကွယ်မှုရှိရေးအတွက် ယခု ညီလာခံတွင် ထည့်သွင်းစဉ်းစားသင့်သောကိစ္စဖြစ်သည်။ အုပ်စုများအကြား အငြင်းပွားမှုများကို ဖြေရှင်းရာတွင် အပြန် အလှန်ရှိမှု နှင့် အပေးအယူပြုနိုင်မှုတို့ကို ထည့်သွင်းစဉ်းစားကြရမည် ဖြစ်သည်။ မကျေလည်မှုများရှိသည့်တိုင် လက်နက် ကိုင်အကြမ်းဖက်မှုများသို့ ပြန်မသွားကြသည်မှာ အားသားချက်၊ အလားအလာဖြစ်သည်ဟု မိမိဆွေးနွေးခဲ့ပါသည်။ မြန်မာ နိုင်ငံတွင် ပြီးခဲ့သည့်အစိုးရလက်ထက်က လက်မှတ်ရေးထိုးနိုင်ခဲ့ကြသော တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ ရေး သဘောတူညီချက် (NCA) သည် အပြန်အလှန်အာမခံမှု တခု ဖြစ်ပါသည်။ သို့သော် လုံလောက်ပါမည်လား၊ ထပ်၍ အာမခံချက်များ လိုအပ်ဦးမည်လား စဉ်းစားရဖွယ် ရှိပါသေးသည်။

စတုတ္ထအချက်မှာ တိုင်းရင်းသား၊ လူမျိုးစု၊ ဘာသာရေးအုပ်စုများအကြား အငြင်းပွားမှုများ၊ ပဋိပက္ခများကို ထိန်းကျောင်း ရာ၌ အရေးပါသည့် အင်စတီကျူးရှင်းများ၏ အခန်းကဏ္ဍ ဖြစ်ပါသည်။ အသွင်ကူးပြောင်းရေးကိစ္စ လေ့လာသူ ပါမောက္ခ သောမတ်စ် ကာရိုသားစ်က နိုင်ငံအများစုမှာ အာဏာရှင်စနစ်မှ အသွင်ကူးပြောင်းမှုများ လုပ်ဆောင်ရာတွင် ပထမဦးဆုံး "မီးခိုးရောင်နယ်မြေ" ကို ဖြတ်သန်းကြရသည်ဟု ဆိုပါသည်။ ယုံကြည်ကိုးစားရသော ညှိနှိုင်းဆွေးနွေးသူများ မရှိတတ်၊ မကျေလည်မှုများကို ဖြေရှင်းပေးမည့် အင်စတီကျူးရှင်း စနစ်များ မရှိတတ်၊ သို့အတွက်ကြောင့် အကြမ်းဖက်မှုများသို့ ပြန် သက်ဆင်းရတတ်သည်ဟု ဖော်ပြဖူးပါသည်။ သို့ဖြစ်ရာ ငြိမ်းချမ်းရေးထိန်းသိမ်းမည့် အင်စတီကျူးရှင်း (ယန္တယားစနစ်များ) သည်လည်း အရေးကြီးပါသေးသည်။

မီဒီယာများတွင် ဖော်ပြသော သတင်းများအရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုညီလာခံ တွင် နိုင်ငံရေးနှင့် လုံခြုံရေးကိစ္စများကိုသာ ဦးစားပေးဆွေးနွေးလိုသည်။ အချိန်အကန့်အသတ်အရ အရေးကြီးသည့်ကိစ္စ များကို ဆွေးနွေးကြရန်ဟု ဆိုပါသည်။ ယခင်ညီလာခံတွင် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး (ပြည်တွင်းဒုက္ခသည် ကိစ္စ)၊ မြေယာနှင့် သယံဇာတစီမံခန့်ခွဲရေးကိစ္စ ခေါင်းစဉ် ၅-ခုကို ဆွေးနွေးခဲ့ကြပါသည်။ အရပ်ဖက်လူမှုအဖွဲ့အစည်းများ အနေဖြင့် လုံခြုံရေး၊ နိုင်ငံရေးကိစ္စ မဟုတ်သော ကိစ္စများကို ညီလာခံ၏ပြင်ပတွင် (အပြိုင်) ဖိုရမ်ဆွေးနွေးပွဲများ ကျင်းပ နိုင်မည်ဟု သိရပါသည်။

ဤသို့သော အစီအစဉ်ဆိုလျှင် အကြံပေးစရာ ရှိပါလိမ့်မည်။

• ၂၁-ပင်လုံညီလာခံသည် ရေတို၊ တကြိမ်တည်းနှင့် အောင်မြင်ရန် ခက်ခဲနိုင်သည်ဟု ထင်ပါသည်။ အကြောင်း မှာ ဆွေးနွေးဖက်အင်အားစု (Stakeholders) ကများ၊ ပြဿနာက များပါသည်။ ၂၁-ပင်လုံသည် တကြိမ်တည်း ညီလာခံ (One time event) အစား၊ လုပ်ငန်းစဉ် (Process) တခုသာ ဖြစ်သင့်သည်ဟု ထင်မြင်မိပါသည်။

• ခက်ခဲသောကိစ္စမျိုးကို ဆွေးနွေးလျှင်၊ သဘောတူညီမှုရရှိရန် ခက်ခဲနိုင်ပါသည်။ လုံခြုံရေးကိစ္စမျိုးကို ရှေ့တန်းတင် ဆွေးနွေးလျှင် 'ထီကနဲ' နှင့် ကွဲနိုင်သော အခြေအနေ ရှိပါသည်။ 'လွယ်ကူရာမှ ခက်ခဲရာသို့' သဘောတူညီမှု ရရှိ နိုင်သော ကိစ္စရပ်များကို သဘောတူညီ၊ ယုံကြည်မှုတည်ဆောက်ရင်းမှ ခက်ခဲသောကိစ္စများကို ရေရှည်သဘော တူညီမှု ရရှိရေးသို့ ဦးတည်သင့်ပါသည်။ တောင်အာဖရိကနိုင်ငံ ဆွေးနွေးပွဲများတွင် ကနဦး တောင်အာဖရိက အားကစားအသင်းအပေါ် ပိတ်ဆို့ထားမှုများ လျှော့ပေးရေးစတင် သဘောတူညီနိုင်ခဲ့ပြီး၊ ပိုမိုခက်ခဲသည့်ကိစ္စများ အတွက် ရှေ့ဆက်လှမ်းခဲ့ကြပါသည်။

• လူမှုရေး၊ စစ်ပြေး ဒုက္ခသည်၊ သယံဇာတရင်းမြစ် ခွဲဝေရေး၊ အာဏာခွဲဝေရေး၊ ကျန်းမာရေး၊ ပညာရေး ပြန်လည် ပေါင်းစည်းရေး (Education & Health Convergence) ကိစ္စများအားလုံးမှာ ပဋိပက္ခ၏ ခေါင်းနှင့် ပန်းသဖွယ် ဆက်နွယ်နေကြပါသည်။ သီးခြားခွဲ၍ ဆွေးနွေးမည့် အစီအစဉ်ကို ပြန်လည်စဉ်းစားသင့်ပါသည်။

• ပင်လုံအပေါ် လူထု၏ မျှော်မှန်းချက်မြင့်မားလွန်းနေသည့် ကိစ္စအပေါ်တွင်ပင် လက်တွေ့ဖြစ်နိုင်သည်အထိ ပြန်၍ လျှော့ချပါရန် စဉ်းစားသင့်ပါသည်။ ယင်းမှာ ရေရှည်လုပ်ငန်းစဉ်တခုသာ ဖြစ်သင့်ပါသည်။

ပူးပေါင်း တွဲစပ်နေထိုင်သည့် ဒီမိုကရေစီ (Consociational Democracy)
အစိုးရများ၏ တည်ငြိမ်မှု၊ အာဏာခွဲဝေရေး အစီအမံများအပေါ် ရေရှည်တည်တံ့ခိုင်မြဲမှု၊ ဒီမိုကရေစီ ထွန်းကားရှင်သန်နိုင် မှု၊ အကြမ်းဖက်မှုများကို ရှောင်ရှားနိုင်ရန် နိုင်ငံတကာတွင် ပူးပေါင်း တွဲစပ်နေထိုင်သည့် ဒီမိုကရေစီ (Consociational Democracy) သဘောတရားကို ထည့်သွင်းစဉ်းစားမှုများလည်း ရှိပါသည်။ ပညာရှင် လစ်ချဖတ် (Lijphart) က ဤမိုဒယ် ပုံစံတွင် အစိတ်အပိုင်း ကဏ္ဍ လေးခုပါဝင်သည်ဟု ဆိုပါသည်။

၁။ အစိုးရက ထိပ်သီးခေါင်းဆောင်များကို ကြီးမားကျယ်ပြန့်သည့် မဟာမိတ် ဖွဲ့စည်း၍ အုပ်ချုပ်မှုစနစ်များတွင် ပါဝင်စေ ခြင်း။ (A grand coalition of elites) အထူးသဖြင့် ကွဲပြားနေသော လူမှုအဖွဲ့အစည်းများတွင် ပို၍ ဖြစ်သင့်သည်ဟု ဆိုပါ သည်။ တောင်အာဖရိကနိုင်ငံ အပြောင်းအလဲတွင် အမျိုးသားညီညွတ်ရေး အစိုးရမျိုးကို စဉ်းစားခဲ့ကြပြီး၊ တချိန်က ပြဿနာရှာခဲ့သူ ဇူးလူးအင်ကာသာ ခေါင်းဆောင် ဘူသိုလိုဇီကိုပင် နောက်ပိုင်းအစိုးရဝန်ကြီးအဖြစ် ထည့်သွင်းပါဝင်စေခဲ့ ပါသည်။ ပညာရှင် လစ်ချဖတ်က အထူးအရေးကြီးသည့် အစိတ်အပိုင်းဟု အကြံပြုပါသည်။ ဤနေရာတွင် ထိပ်သီးခေါင်း ဆောင်များက (Elites) က နိုင်ငံတော်၏ အကျိုးစီးပွားများကို ညှိနှိုင်း၍ မပူးပေါင်း မဆောင်ရွက်လျင် ဖြစ်ပေါ်လာနိုင်သော အန္တရာယ် (ပြည်တွင်းစစ်) အတွက် ညှိနှိုင်းနိုင်ကြမည်ဟု သူက ဆိုပါသည်။ ထိပ်သီးချင်းဖြေရှင်းမှုအဆင့် ဖြစ်ပါသည်။

၂။ ဒုတိယကဏ္ဍမှာ အပြန်အလှန် ဗီတိုအာဏာ ကျင့်သုံးနိုင်မှု ဖြစ်ပါသည်။ လူများစု၏ အာဏာကို လျော့ချပြီး၊ လူနည်းစု ကို နိုင်ငံရေးအရ အပြောင်းအလဲများ လုပ်ဆောင်ရာ၌ ပိတ်ဆို့ခွင့်ကို အပ်နှင်းလိုက်ခြင်း ဖြစ်ပါသည်။ ယင်းသို့ဗီတိုနှင့် ကြီးမား ကျယ်ပြန့်သည့် ညွှန့်ပေါင်းအစိုးရ (Grand Coalition) ကို ပေါင်းစပ်ပါက စိုးရိမ်ပူပန်မှုများ လျော့ချနိုင်ခြင်း၊ ပို၍ လုံခြုံသည်ဟု ခံစားမှုပေးနိုင်ပါသည်။

၃။ တတိယအချက်မှာ အချိုးအရ ကိုယ်စားပြုမှု (Proportional Representation) ဖြစ်ပါသည်။ ယင်းတွင် ရွေးကောက်ပွဲ စနစ်များ၊ စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များမှသည် စီးပွားရေး၊ ငွေကြေးဘဏ္ဍာ ခွဲဝေမှုများအထိ ပါဝင်ပါသည်။ လူများစု ရွေးချယ်သည့် ဒီမိုကရေစီစနစ်မှာ 'နိုင်သူအကုန်ယူစတမ်း' ဖြစ်ပြီး၊ လူနည်းစုများက ပေးဆောင်ရန် မည်သို့မျှစိတ်ဝင်စား မှု မရှိဖြစ်စေသည်ဟု ပညာရှင်များက ဆိုကြပါသည်။ ကွဲပြားနေသည့် လူမှုအဖွဲ့အစည်းတခုတွင် အချိုးအရကိုယ်စားပြုမှု ဒီမိုကရေစီက ပို၍ ပါဝင်ဆောင်ရွက်ခွင့် ရှိစေသည်၊ အပြုသဘောရလဒ် ထွက်ပေါ်စေသည်ဟု ဆွေးနွေးကြပါသည်။

၎။ နောက်ဆုံးအချက်မှာ- အုပ်စုများကို သူတို့၏ အတွင်းရေးရာကိစ္စများကို ကဏ္ဍပိုင်းခြားအလိုက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင် (Segmental Autonomy) ပေးခြင်း ဖြစ်ပါသည်။ ဥပမာအားဖြင့်၊ ပညာရေးနှင့် ယဉ်ကျေးမှုကိစ္စများတွင် ဖြစ်သည်။ ဤ အချက်ကို ဖက်ဒရယ်စနစ်၊ သို့မဟုတ် ဗဟိုချုပ်ကိုင်မှုလျော့ချပေးခြင်း (Decentralization) စသည့် အမျိုးမျိုးသော ပုံစံများ ဖြင့် ဆောင်ရွက်ကြသည်ဟု ဆိုကြပါသည်။

■ ကြီးမားကျယ်ပြန့်သည့် မဟာမိတ်ဖွဲ့မှု
ပြီးခဲ့သည့် ပထမအကြိမ် ငြိမ်းချမ်းရေးညီလာခံတွင် နိုင်ငံရေးပါတီများ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက ပုံစံမျိုးစုံသော ဖက်ဒရယ်အမြင်ကို တင်ပြခဲ့ကြပါသည်။ ၈-ပြည်နယ် တင်ပြသည့်အဖွဲ့ အစည်းလည်း ရှိသည်။ ၁၄-ပြည်နယ် တင်ပြသည့်အဖွဲ့အစည်းလည်း ရှိသည်။ လေ့လာစရာ နိုင်ငံပေါင်းစုံ၏ ဥပမာများ လည်း တင်ပြခဲ့ကြပါသည်။ သို့သော် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် တပ်မတော်မှ တင်ပြချက်များ တူညီပါသည်။ သူတို့က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဖက်ဒရယ်စနစ်၏ သဘောဆောင်ကြောင်း တင်ပြကြသည်။ ဥပမာအားဖြင့် ပြည်ထောင်စုနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ ခွဲခြားထားမှု၊ အစိုးရမဏ္ဍိုင် ၃-ရပ် (အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ခွဲခြားထားမှု) စသည့် အချက်များဖြင့် ဆွေးနွေးခဲ့ကြသည်။ သို့သော် အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ပါတီမှ တက်ရောက်သူများက ဖက်ဒရယ်နှင့်ပတ်သက်၍ မည်သို့သော တင်ပြချက်မှ မပြုခဲ့ကြပါ။

ယခု ညီလာခံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က တင်ပြရန် ရှိလာမည်ဟု ယူဆရသည်။ သို့သော် သြဂုတ်လ အတွင်း ကျင်းပမည်ဆိုလျှင် အချိန်ကပ်နေပြီ ဖြစ်သည်။ တဖက်တွင် တရားဝင်ညီလာခံအတွင်း ဆွေးနွေးပွဲများထက်စာ လျှင် ညီလာခံပြင်ပ အကြိုပြင်ဆင် ဆွေးနွေးမှုများက ပို၍အကျိုးသက်ရောက်မှု ရှိနိုင်ပါသည်။ NLD ပါတီအနေဖြင့် ရွေး ကောက်ပွဲပြီးချိန်မှစတင်၍ ယခုတိုင် မြေပေါ်တိုင်းရင်းသားပါတီ မည်သည့်ပါတီနှင့်မျှ ဆွေးနွေးညှိနှိုင်းခြင်း မရှိသေးပါ။

မိမိအကြံပြုလိုသည်ကတော့ အစိုးရ၏ တရားဝင်ဖွဲ့စည်းသည့် ငြိမ်းချမ်းရေး အဖွဲ့အစည်းများအပြင် NLD နိုင်ငံရေးပါတီဖက် ကလည်း အပြိုင်လှုပ်ရှားမှုများ လိုအပ်ပါလိမ့်မည်။ သူတို့က တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ အခြားရွေးချယ်ခံ-မရွေးချယ် ခံ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းမှုများ၊ ဆယ်မီနာများ မြိုင်မြိုင်ဆိုင်ဆိုင် ဆောင်ရွက်နေသင့်ပါသည်။ ပါတီ၏ ဖက်ဒရယ်မူ အပေါ် ရပ်တည်ချက်အတွက် စဉ်းစားတွေးခေါ်မှုများ၊ ညှိနှိုင်းမှုများ ရှိနေသင့်ပါသည်။ ထိုမျှမက ငြိမ်းချမ်းရေးအတွက် ကြီး မားကျယ်ပြန့်သည့် မဟာမိတ်ဖွဲ့မှု လှုပ်ရှားမှုတရပ်လည်း လိုအပ်မည်ဟု ထင်ပါသည်။ ယင်းတွင် ပို၍ကျယ်ပြန့်သော အရပ်ဖက်လူမှု အဖွဲ့အစည်းများ၊ ပါတီများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်နိုင်ကြပါလိမ့်မည်။ ဖက်ဒရယ်စနစ်ဆွေး နွေးပွဲများက နေ့ချင်းညချင်း ပြီးဆုံးအောင်မြင်နိုင်မည် မဟုတ်ပါ။ ရေရှည်ခရီးဟု မြင်မိပါသည်။ လွယ်ရာမှ ခက်ရာသို့သွား သည့် ချည်းကပ်မှုတခုဟုလည်း ယူဆမိပါသည်။

ယခု ငြိမ်းချမ်းရေးညီလာခံတွင် မိမိ၏ လိုလားချက်များ တင်ပြရာ၌ လက်တွေ့ကျရန်၊ တောင်းဆိုသည်ထက် မိမိပေးဆပ်နိုင် သည်ကိုသာ တင်ပြကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန်ထားပါသည်။ သို့သော် လာမည့်ညီလာခံဆွေးနွေး ပွဲအတွက် မရှင်းလင်းသည့်ကိစ္စများ ရှိပါသေးသည်။ ယခုညီလာခံတွင် မည်သူနှင့် မည်သူတို့က အကျေအလည် ဆွေးနွေး ကြရမည်နည်း။ အစိုးရက ကြားနေဒိုင်လူကြီးလား၊ မည်သို့ရပ်တည်မည်နည်း။ မည်သို့သော အဆိုပြုချက်များ တင်သွင်း မည်နည်း။ NLD အနိုင်ရပါတီ၏ ဖက်ဒရယ်အပေါ် ရပ်တည်ချက်များ ကြားကြရပါမည်လား။ ဤကိစ္စများနှင့် ပတ်သက်၍ သေချာ ရှင်းလင်းမရှိလှပါ။ ၂၁-ပင်လုံ ညီလာခံ အောင်မြင်လိုသည်ဆိုလျှင် ကြိုတင်ပြင်ဆင်မှုများက ပို၍အရေးကြီးမည် ဟု ယူဆပါသည်။ အထူးသဖြင့် အစိုးရ၏ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ သို့မဟုတ် NLD ပါတီတို့က ကြီးမားကျယ်ပြန့်သည့် ငြိမ်းချမ်းရေး မဟာမိတ် ဖွဲ့စည်းနိုင်ရန် အရေးကြီးလာသည်ဟု ထင်ပါသည်။ သဘောထားအမြင်တူသူ များလေလေ၊ အဖြေအတွက် နီးစပ်လေလေဟု ထင်မြင်မိပါသည်။

ဤတပ်ပေါင်းစုတွင် အရပ်ဖက်လူမှု အဖွဲ့အစည်းများကို ဖယ်ချန်ထားရန် မဟုတ်ပါ။ နိုင်ငံ၏ ဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေးလုပ် ငန်းများ၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည်ပေါင်းစည်းရေး ကိစ္စရပ်များတွင် သူတို့၏ အရေးကြီးသော အခန်းကဏ္ဍရှိပါ သည်။

နိုင်ငံတကာ အင်အားစုများကိုလည်း ဖယ်ချန်ထားရန် မဟုတ်ပါ။ နိုင်ငံတကာအစိုးရများက မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များအတွက် ရန်ပုံငွေများ ထည့်ဝင်ကူညီနိုင်ကြပါသည်။ တချိန်က ပထဝီနိုင်ငံရေး၊ ကမ္ဘာ့အခင်းအကျင်းများကြောင့် ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့ကြသည် ဖြစ်ရာ နိုင်ငံတကာ၏ အခန်းကဏ္ဍကို ဖယ်ချန်ထား၍ မရနိုင်ပါ။ ထိုသူတို့ သင့်လျော်စွာပါဝင်စေရပါမည်။ မိမိတို့၏ လျော်ကန်သင့်မြတ်သော ကဏ္ဍများတွင် မဟာမိတ်အင်အား စု အဖြစ် စည်းရုံးဆောင်ရွက်ကြရမည် ဖြစ်ပါသည်။

ငြိမ်းချမ်းရေးနှင့်အတူ အခြားလူမှု-စီးပွား ပြဿနာများသည်လည်း ဒင်္ဂါးတခု၏ ခေါင်းနှင့်ပန်းသဖွယ် ဆက်စပ်နေကြပါ သည်။ ယင်းတို့ကိုလည်း တပြိုင်နက်တည်း ညီလာခံပြင်ပမှ အခြားနည်းလမ်းများမှ ဖြေရှင်းနေကြရမည်ဟု ထင်ပါသည်။

အချို့အသွင်ကူးပြောင်းပြီး နိုင်ငံများတွင် ဒီမိုကရေစီထွန်းကားရေးအတွက် အစိုးရ/လွှတ်တော်မှ ရန်ပုံငွေချမှတ်ကာ သေချာ စနစ်တကျ ဆောင်ရွက်ကြသည်များ ရှိပါသည်။ ဥပမာအားဖြင့်-တောင်ကိုရီးယားနိုင်ငံတွင် လွှတ်တော်မှ ရန်ပုံငွေချမှတ် ကာ ကိုရီးယားဒီမိုကရေစီ ဖောင်ဒေးရှင်းကို ထူထောင်၍ ဒီမိုကရေစီထွန်းကား ခိုင်မာရေး လုပ်ငန်းများ ဆောင်ရွက်နေ လျက်ရှိပါသည်။ မြန်မာနိုင်ငံကဲ့သို့သော ဒီမိုကရေစီထွန်းသစ်စ နိုင်ငံတခုအတွက် စဉ်းစားဖွယ် နမူနာဟု ထင်မြင်မိပါ သည်။
နောက်ဆုံးတင်ပြရသော်လည်း အရေးမကြီး၍ မဟုတ်ပါ။ အချို့နိုင်ငံများတွင် လူမျိုးရေးတန်းတူညီမျှမှု ဖြစ်စေရေး မဟာ ဗျူဟာ/ ရန်ပုံငွေများ (Racial equality strategy/ Fund) ကို အစိုးရက ထူထောင်ဆောင်ရွက်ကြသည်လည်း ရှိပါသည်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ တဖက်က သွားနေစဉ်တွင်၊ အစိုးရက တိုင်းရင်းသားလူမျိုးများ တောင်းဆိုနေသည့် တန်းတူ ညီမျှမှုအတွက် ဤသို့သော ရန်ပုံငွေ/ အဖွဲ့အစည်းမျိုးဖြင့် မြှင့်တင်ဆောင်ရွက်နိုင်ပါသေးသည်။ ဤသို့ တိုင်းရင်းသားတန်း တူ ဖြစ်မှု မြှင့်တင်ပေးခြင်းသည်လည်း တဖက်တွင် တင်းမာမှုလျော့ချရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးတို့ကို တဖက်တလမ်းမှ အထောက်အကူ ဖြစ်စေမည်ဟု ထင်မြင်မိပါသည်။

နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံသားတို့အကြား ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး (Freedom From Fear)၊ လိုအပ် ချက်များမှ ကင်းလွတ်ခွင့်ရစေရန် (Freedom From Want) နှင့် ချိုးနှိမ်စော်ကားခြင်းမှ ကင်းဝေးခွင့် (Freedom From Humiliation) များအတွက် များစွာ ညှိနှိုင်းဆောင်ရွက်ပေးကြရဦးမည် ဖြစ်ပါသည်။ သို့မှသာ တည်ငြိမ်သည့်ငြိမ်းချမ်းရေး ကို မြင်တွေ့ရဖွယ် ရှိပါကြောင်း…. ။

အောင်သူငြိမ်း
(၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်)

Renaissance Myanmar မဂ္ဂဇင်း၊ တွဲ ၁၊ စက်တင်ဘာ၊ ၂၀၁၆။ စာမျက်နှာ ၆၁-၆၈ ပါ ဆောင်းပါးကို Institute for Strategy and Policy- Myanmar Facebook စာမျက်နှာကတဆင့် ကူးယူ ဖော်ပြပါသည်။