ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၂၅



မောင်မောင်စိုး -  လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၂၅
(မိုးမခ) သြဂုတ် ၂၃၊ ၂၀၁၆


ဦးချစ်ဆိုင် ၁

ဦးချစ်ဆိုင်သည် တောင်ငူဆောင်အနီး ပြည်လမ်းနှင့်ကပ်ရက် ဝင်းထရံ အနီးမှ ဗန်ဒါပင်ရိပ်များ အောက်တွင် ရှိသည်။ ဆိုင်ကတထပ်သွပ်မိုးဆောင်လေးဆိုတော့ သိပ်မကျယ်လှ။ တက္ကသိုလ်နယ်မြေမှ ဦးချစ်ဆိုင်ဟူသည့် ကျော်ကြားလှသည့် ဂုဏ်ပုဒ်နှင့် နှိုင်းစာလျှင် ဆိုင်က သေးနုတ်လွန်းသည်။ သို့သော် ဦးချစ်ဆိုင်၏ ဂုဏ်ဒြပ်သည် ကြီးမားလှသည့်အဆောက်အအုံ ခမ်းနားလှပသောဆိုင်အပြင်အဆင် ကြီးကျယ်သောတခါသုံးပန်းကန်ခွက်ယောက်များနှင့် အရသာရှိလှသော အစားအသောက်များ ကျွမ်းကျင်သည့်စာဖိုမှူးများကြောင့် ဖြစ်ထွန်းလာသည် မဟုတ်ပေ။

ဦးချစ်ဆိုင်၏ဂုဏ်ပုဒ်သည် တက္ကသိုလ်အရိပ်အာဝါသ၊ ဆိုင်တွင်ထိုင်ကြသည့် ဆရာများ၊ ကျောင်းသားများ၊ စာပေအနုပညာသမားများနှင့် ကျောင်းသားများကို ချစ်ခင်သည်းခံပေးသော  ဆိုင်ရှင်မိသားစု၏ အနွံအတာခံမှုတို့ အားလုံးပေါင်းစု၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အဓိကကတော့ သြဇာကြီးမားသည့် ပင်မတက္ကသိုလ်ကြီး၏ အရှိန်အဝါကြောင့်ဖြစ်သည်ဟု ဆိုရပေမည်။ ၁၉၉၀ နောက်ပိုင်း ပင်မတက္ကသိုလ်ကြီး၏ အရှိန်သြဇာ ကျဆင်းသွားမှုနှင့်အတူ ဦးချစ်ဆိုင်လည်း မှေးမှိန်သွားခဲ့ရသည်။

ဦးချစ်ဆိုင်အဆောက်အအုံက သိပ်မကြီးလှပေ။ သို့သော် ဆိုင်ရှေ့က ကြီးမားသည့်  ဗန်ဒါပင်ရိပ် အောက်တွင် ထိုင်ခုံများဖြန့်ခင်းလိုက်လျှင်တော့ အတော်ကြီးသော ဆိုင်ကြီးဖြစ်သွားတော့သည်။ အေးမြသောဗန်ဒါပင်ရိပ်အောက်တွင် နေပျောက်က ဖြိုဖြိုးဖျောက်ဖျောက်သာ ရှိသည်။ စိတ်ချမ်းမြေ့စွာ အပူအပင်ကင်းစွာ ထိုဆိုင်တွင် ထိုင်နိုင်ပါသည်။ ထိုဆိုင်တွင် ကျောင်းသားများလည်း ထိုင်ကြသည်။ ဆရာများလည်းထိုင်ကြသည်။ စာရေးဆရာများလည်းထိုင်ကြသည်။ စာသမား ကဗျာသမားလည်း တွေ့နိုင်သည်။ စာရေးဆရာများလည်း တွေ့နိုင်သည်။ ပညာရှင်များလည်း ထိုင်ဝကသည်။ ရည်မှန်း
ချက်ကြီးသူများလည်း ထိုင်ကြသည်။ ရည်မှန်းချက်ပျောက်နေသူများလည်း ထိုင်ကြသည်။ မနက်မိုးလင်းမှ ည ၁၀ နာရီခန့်ထိ ကျောင်းဖွင့်ရက်များတွင် လူပြတ်လေ့မရှိ။ အဆိုပါဦးချစ်ဆိုင်တွင် မိမိတို့လည်း လိုလားနှစ်သက်စွာအချိန်ကြာမြင့်စွာ ထိုင်ခဲ့ပါသည်။

ဦးချစ်ဆိုင်ရောက်လျင်မိမိမှာလေ့ရှိသည်မှာ ဘလက်ကော်ဖီနှင့်ရွှေဘဲဆေးပေါ့လိပ်သာ ဖြစ်သည်။ ဦးချစ်ဆိုင်က ဘလက်ကော်ဖီ ခပ်ပျစ်ပျစ် ဖြစ်သည်။ မည်သည့်ကော်ဖီအမျိုးအစားနှင့် ဖျော်သည် လည်းတော့ မသိတတ်။ ယခုခေတ် ဘလက်ကော်ဖီမှာ ကျဲတောက်တောက်နှင့် သိပ်သဘောမတွေ့တော့။ မိမိဦးချစ်ဆိုင်တွင် ဘလက်ကော်ဖီနှစ်သက်စွာ သောက်စဉ်ကာလက သီရိဂျေမောင်မောင် မမွေးလောက်သေးပေ။ နောက်ပိုင်း သူမ၏သီချင်းထွက်လာတော့ ဦးချစ်ဆိုင်က ဘလက်ကော်ဖီကို သတိရမိသည်။

ဘလက်ကော်ဖီသောက်၍ ရွှေဘဲဆေးလိပ်ဖွာသည်။ ပြီးတော့ရေနွေးကြမ်းအိုး တအိုးပြီးတအိုး မှာကြသည်။ တခါတလေတော့ မြေပဲတပွဲလောက်မှာတတ်သည်။ မြေပဲဆားလှော် ၄ ထုပ်တပွဲဖြစ်ပြီး တပွဲကို ၁ ကျပ်ပေးရသည်။ ထို့နောက်ဝိုင်းသိမ်းလျှင်တော့ အိပ်ကပ်ထဲပါသည့် ပိုက်ဆံထဲမှာ အဆောင်ပြန်ဖို့ ကားခချန်ကြပြီး သူငယ်ချင်းများ စုပေါင်းစပ်ပေါင်း ရှင်းကြသည်။ ထိုစဉ်က လက်ဖက်ရည်တဝိုင်းလုံး တယောက်ထဲ ရှင်းနိုင်သူမရှိချေ ။

တခါကတော့ သူငယ်ချင်းတယောက် ဒကာခံမည်ဟုချိန်းဆိုသည်ကို ကြုံဖူးသည်။ ချိန်းဆိုသည်က ကိုတင်မောင်သန်း ဖြစ်သည်။ သူက မိန်းထဲက ကျောင်းသူတယောက်နှင့် ချစ်ကြိုးသွယ်နေသည်။ သူမအမည်က နီနီအောင်ဟုခေါ်သည်။ စာရေးဆရာကြီးရန်အောင်၏ သမီးဖြစ်သည်။ နီနီအောင်က
အသားနည်းနည်းညို သဖြင့် " အဓိပတိလမ်းပေါ်မှာ ကတ္တရာပုံးလေး တပုံးလိမ့်လိမ့်လိမ့်လိမ့်နဲ့လာ
နေရင် အဲဒါတခြားမမှတ်နဲ့ နီနီအောင်ပဲကွ " ဟူ၍ သူငယ်ချင်းတဦးက နောက်လေ့ ရှိသည်။

ထိုနေ့က ကိုတင်မောင်သန်းတို့က အချစ်နှစ်ပတ်လည် ဘယ်နှစ်မြောက်လည်းတော့မမှတ်မိ။ အထိမ်းအမှတ်အဖြစ် ကျွေးမွေးမည်ဆို၍ မိမိတို့သူငယ်ချင်းတသိုက် ဦးချစ်ဆိုင်မှာ လာစောင့်နေ ကြသည်။ ထိုနေ့က မိုးကတစိမ့်စိမ့်ရွာနေ၍ မိမိတို့အဖွဲ့က ဆိုင်ထဲတွင် သွပ်မိုးသံပေါ်ကျသည့် မိုးစက်ပေါက်သံများကိုနားထောင်ရင်း သူတို့စုံတွဲအား စောင့်နေကြသည်။ တော်တော်နှင့်ပေါ်မလာ။
ပေါ်လာတော့လည်း မင်းသားက တယောက်ထဲပေါ်လာသည်။ မင်းသမီးပါမလာ။ သူစတိုင်အတိုင်း တိုက်ပုံအင်္ကျီလေး ပခုံးပေါ်တင်၍ ငိုက်စိုက် ငိုက်စိုက်နှင့် ဝင်လာသည်။ မျက်နှာက သိပ်မကောင်းလှ။ သူခုံတလုံးဆွဲ၍ မထိုင်ခင်မှာပင် အားလုံးက ဘယ်မလဲ မင်းကောင်မလေးဟု ဝိုင်းမေးကြသည်။

မင်းသားက ပါးစပ်ကမဖြေ။ ခုံတလုံးဆွဲယူထိုင်သည်။ ပြီးမှ အိတ်ထဲမှ စာတစောင်ဆွဲထုတ်ပေးသည်။ မိမိတို့ထဲ အသက်ကြီးဆုံးဖြစ်သည့် ကိုချစ်ဆောင်ဦးက အရင်ယူဖတ်သည်။ ပြီးတော့ တယောက်ပြီး တယောက် လှည့်ဖတ်ကြသည်။ တိုရင်းလိုရှင်းပြောရလျှင် ဖြတ်စာဟုဆိုရမည်။ အချစ်နှစ်ပတ်လည် နေ့တွင် ဖြတ်စာအပေးခံလိုက်ရ၍ မင်းသားကြေကွဲနေဟန်တူသည်။
ထို့ပြင် သူငယ်ချင်းအားလုံးကို ချိန်းဆိုထားသည့်နေ့တွင်ဖြစ်၍ ရှက်ရွံ့သည်လည်း ပါပေလိမ့်မည်။ ဝမ်းပမ်းတသာစားသောက်ရန် စားသောက်ရန် ပြင်ဆင်ထားသော မိမိတို့တသိုက်လည်း ငြိမ်သက်သွား သည်။ တိုက်တိုက်ဆိုင်ဆိုင် ဦးချစ်ဆိုက်မှာ မိုးတစိမ့်စိမ့်ရွာနေသည့်အချိန် ဖွင့်ထားသည့်သီချင်းက
လည်း ကိုတင်လှိုင်၏ အလွမ်းသီချင်းတပုဒ်ထင်သည်။ တစိမ့်စိမ့်ရွာနေသောမိုးအောက်တွင် အဆွေးသီချင်းနှင့် မင်းသားကားလွမ်းကောင်းနေတော့သည်။

မင်းသားကလည်နေသောမျက်ရည်ကို ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ထိန်းပြီးနောက် စာကိုပြန်ယူ ခေါက်၍ အိတ်ထဲပြန်ထည့်ကာ စကားတခွန်းမှမဆိုဘဲ ဆတ်ခနဲ ဆိုင်ထဲမှ ထထွက်သွားလေတော့သည်။ မိမိတို့တသိုက်လည်း ခဏမျှငြိမ်သက်နေသော်လည်း တယောက်က စဖောက်သည်။
" အေးလေ ..ရှူးစိုနေတဲ့ထင်းချောင်းကြီးဆိုတော့ ဘယ်မီးတောက်ပါ့မလဲ " ဟုဆိုလိုက်ရာ အားလုံးဝါးခနဲ ရီလိုက်ကြပြီး ပုံမှန်ပြန်ဖြစ်သွားတော့သည်။

တင်မောင်သန်းအားပေးလိုက်သော ဖြတ်စာထဲတွင် နီနီအောင်က အကြောင်းပြချက်တခု ပေးထားသည်။ ထိုအကြောင်းပြချက်ကတော့…
" ရှင့်ကို မီးမွှေးလို့ရတဲ့ထင်းချောင်းကြီးမှတ်လို့ ပွေ့ပိုက်ထားတာ အခုတော့ ရှင့်ရဲ့မျောက်မြင်တိုင်း ခဲနဲ့ပေါက်ချင်တဲ့စိတ်ကြောင့် မီးမွှေးလို့မရတဲ့ ရေစိုနေတဲ့ထင်းချောင်းကြီးမှန်းသိလို့ လွှတ်ပစ်လိုက်ပြီ " ဟူ၍ ဖြစ်သည်။

ဆိုလိုသည်ကတော့ ထိုစဉ်က ကျောင်းသားလှု ပ်ရှားမှု များတွင် တက်ကြွစွာပါဝင်နေသော ကိုတင်မောင်သန်းအား ထောက်ပြကန့်ကွက်၍ အဆက် ဖြတ်လိုက်ခြင်းဟုဆိုရမည်။ သို့သော် သူမ၏ ရေစိုနေသော ထင်းချောင်းကြီးလည်း မိမိတို့ပါးစပ်ထဲရောက်တော့ ရှူးစိုနေသော ထင်းချောင်းကြီး ဖြစ်သွားတော့သည်။

ထို့နေ့ကတော့ အလွမ်းဇတ်ဖြစ်သည်။ မိမိတို့လည်း လွမ်းရပါသည်။
ထုံးစံအတိုင်း စုပေါင်းစပ်ပေါင်း ပိုက်ဆံထုတ်၍ ရှင်းလိုက်ရသဖြင့် လွမ်းစရာကောင်းသွားတော့သည်။ သို့သော် မိမိတို့သာ မစားရမသောက်ရ အိတ်စိုက် လွမ်းလိုက်ရသော်လည်း သူတို့ ၂ ယောက်က ခုတော့ မြေးတောင်ရနေရှာပြီ ဖြစ်သည်။

ဦးချစ်ဆိုင်တွင် တကယ်လွမ်းခဲ့သူတစ်ဦးလည်း ရှိပါသည်။ သူကား ဆရာကိုကြီးမြင့် ဖြစ်သည်။ ကိုကြီးမြင့်ကား စကားနည်း၍ အနေအေးသူဖြစ်၍ အပေါင်းအသင်းနည်းသူဖြစ်သည်။ မိမိတို့နှင့်အယူအဆ စဉ်းစားပုံတူ၍ ပေါင်းမိနေခြင်းဖြစ်သော်လည်း အပေါင်းအသင်းမများလှ။ မိန်းကလေးသူငယ်ချင်းလည်း ရှိပုံမပေါ်ပေ။ ထိုစဉ်က စီးပွားရေးတက္ကသိုလ်တွင် မဟာဘွဲ့ရပြီး ကျူ တာလုပ်နေကာ ပိုလန်သို့ PhD ဘွဲ့အတွက် ပညာတော်သင်စေလွှတ်ရာထားသူအထဲတွင် ပါဝင်သည့် ကိုကြီးမြင့်အနေနှင့် မတ်ဝါဒကျမ်းများ ဖတ်ရှူလေ့လာနေစဉ်မှာ အိမ်ထောင်ပြုသင့်သည့် အရွယ်ရောက်နေပေပြီ။

မိမိတို့ကလည်းကိုကြီးမြင့်အား မြှောက်ပေးခဲ့ကြသည်။ ထိုစဉ်က ဦးချစ်ဆိုင် ညနေဆည်းဆာတွင် လာထိုင်လေ့ရှိသော ဆရာမတဖွဲ့ရှိသည်။  ထိုစဉ် သမိုင်းဝင်းထဲရှိ ကွန်ပြူတာဌာနမှ ညနေကျောင်းဆင်းလျှင်လှည်းတန်းကျောင်းထိပ်တွင်ဆင်း၍ ဦးချစ်ဆိုင်ထိုင်ပြီးမှ ရန်ကင်းပြန်လေ့ရှိသည့် ဆရာမငယ်တဦးပါသည်။ ထိုဆရာမငယ်သည် ဆရာမပီပီ မြန်မာဆန်ဆန် သေသေသပ်သပ် ဝတ်စားဆင်ယဉ်လေ့ရှိရာ ကျက်သရေရှိသူတဦးဖြစ်သည်။

ဦးချစ်ဆိုင် ညနေဆည်းဆာ နေချည်အောက်တွင် တောက်ပနေသော ဆရာမငယ်၏ အလှသည် ဆရာကိုကြီးမြင့်ရင်ကို လှုပ်ခတ်စေခဲ့သည်။ မိမိတို့ကမြှောက်ပေးသည်လည်း ပါသည်။ ဆရာမငယ်သည် သူနှင့် သက်တူရွယ်တူတန်းတွေ မဟုတ်ပါလော။

ဦးချစ်ဆိုင်ညနေထိုင်လျင် ဆရာမငယ်ထိုင်သည့်ခုံဘက် မျက်နှာမူသည့် ထိုင်ခုံတွင် ကိုကြီးမြင့်ကို နေရာပေးရသည်။ ကိုကြီးမြင့်မျက်နှာချင်းဆိုင်တွင် ထိုင်သည့် မိမိတို့က သူမြင်သာအောင် နေရာချဲထိုင်ပေးသည်။ ဒါတောင် ဆရာမငယ်ဝင်လာသည့်နှင့် မိမိတို့အထဲက တယောက်မဟုတ် တယောက်က " ဟေ့ ကြက်မတဝပ်စာလောက်တော့လုပ်ဟေ့ " ဆိုကြသည်။
ကိုကြီးမြင့်မြင်သာအောင်နေရာချဲပေးဖို့ သတိပေးကြသည်။ ကိုကြီးမြင့်ကား မည်သည့်စကားမှမဆို ။ ပြုံးတုံ့တုံ့သာ နေရှာသည်။ သို့သော် သူသည် အဆိုပါ လှပကျက်သရေရှိသော ဆရာမငယ်ကို တကယ်ရင်ခုန်ခဲ့သည်ထင်ပါသည်။

အချိန်နည်းနည်းကြာလာပြီး ကိုယ်လူက တုတ်တုတ်မှ မလှုပ်၍ မိမိက မြှောက်ပေးသည်။
" ဒီလိုလုပ်ဗျာ စာမပေးရင်တောင် ပို့စကဒ်လေးတော့ပေး။ ဒါနဲ့စဗျာ "ဟု ဆိုခဲ့ရာ နောက်နေ့ကိုကြီးမြင့် တိုက်ပုံအိတ်ထဲတွင် ပို့စကဒ်လေးတခုတွေ့ရသည်။ ထိုခေတ်ကာလ ထုံးစံအတိုင်း မောင်ပန်းမွှေးကဗျာ ဖြစ်သော ...
" နေပူ လေပူ
ရင်ပူပူမှာ
ပန်းဖြူ ဖြူ လေး ပေးလိုက်တယ်နော် " ဟူသည့် ကဗျာပါသည့် ပို့စကဒ်လေးဖြစ်သည်။

သို့သော် ကိုကြီးမြင့်တစ်ယောက် ထိုပို့စကဒ်လေးအား ဆရာမငယ်အား ပေးခွင့်မကြုံခဲ့တော့။ ထိုစဉ်ကာလ ပြင်းထန်သောတိုက်ပွဲအရှိန်အဟုန်များကြားတွင် ဆရာမငယ်အား၎င်း PhD ပညာတော် သင်အား၎င်း၊ ကျောခိုင်း၍ အရှေ့မြောက်သို့ ထွက်ခွာသွားခဲ့သည်။ သူရင်ခုန်ခဲ့သည်ကို ဆရာမငယ် လည်း သိမသွားခဲ့တော့။ သူမအား ဆိတ်ငြိမ်စွာချစ်ခဲ့ တိတ်တခိုးရင်ခုန်ခဲ့သူတဦးရှိခဲ့သည်ကို သိမသွားခဲ့ပါ။ တဖက်သတ်အချစ်သည် ဆိုးလွန်းလှပါ သည်။ တခါတရံ အချစ်ဆိုသည်မှာ ခံစားရင်ခုံကြည်နူးရမှုသက်သက်နှင့်သာ အဆုံးသတ်သွားသည်ကိုတွေ့ခဲ့ရသည်ဟုဆိုရမည်။

ဆန့်ကျင်ဘက်လိင်နှစ်ခုကြားတွင် ပေါ်လာသောအချစ်ဆိုသည်မှာ စိတ်လှုပ်ရှားဖွယ်ရာ ရင်ခုန် ကြည်နူးမှုကို ပေးသော်လည်း အဆုံးသတ်တွင် ပျော်ရွှင်ခြင်းကို ပေးမည်လော ကြေကွဲမှုကို ပေးမည်လောဆိုသည်ကတော့ မသေချာလှပေ။ အဆုံးသတ်မသေချာလှသောအရာကို အချစ်ဟု ခေါ်ဆိုရမည်ထင်ပါ သည်။ သို့သော် မသေချာသောအဆုံးသတ်ကိုမမှုဘဲ လူသားတို့သည် အချစ်ကို ရင်ခုံကြည်နူးကြဆဲဖြစ်သည်။ အချစ်သည် လူသားတို့အတွက် ဘဝတခုလုံးမဟုတ်သော်လည်း ဘဝ၏အစိတ်အပိုင်းတော့ဖြစ်ပါသည်။

ယခုတော့ ကိုကြီးမြင့်တယောက်လည်း မရှိတော့။ သူငယ်ချင်းတဦး၏အဆိုအရ ဆရာမငယ်လည်း ကင်ဆာဝေဒနာ ခံစားနေရသည်ဟု ဆိုသည်။ အချစ်သည် ယခုတော့ လွမ်းမောစရာ အတိတ်ဖြစ်သွားခဲ့ချေပြီ။

ထိုသို့လွမ်းစရာအချစ်ကို သတိရရင်း ဦးချစ်ဆိုင်မှာ လာထိုင်လေ့ရှိသော စုံတွဲများစွာကို သတိရမိသည်။ ဦးချစ်ဆိုင်၏ဗန်ဒါပင်ရိပ်အောက်တွင် လာရောက်ထိုင်လေ့ရှိသော စုံတွဲများသည် ရိုမန်တစ်ဆန်လှသည်။ သူတို့သည် စကားကို တီးတိုးညင်သာစွာ ပြောဆိုလေ့ရှိကြသည်။ တယောက်နှင့်တယောက် ချစ်ရည်ရွှန်းလဲ့သောမျက်ဝန်းအစုံများဖြင့် ကြည့်ကြသည်။ တဆိုင်လုံးတွင် သူတို့နှစ်ယောက်ထဲ ထိုင်နေသည်ဟု စိတ်တွင်းထင်နေပုံရသည်။
တယောက်နှင့် တယောက်အပြန်အလှန် ဂရုစိုက်နိုင်ဖို့ ကြိုးစားနေခဲ့ကြသည့်အပြန်အလှန်နားလည်ဖို့ ကြိုးစားနေကြသည့် အချိန်ကာလများ ဖြစ်သည်။ သူတို့နှစ်ဦးအတွက် လှပသောနေ့ရက်များ ဖြစ်ပေလိမ့်မည်။ သူတို့အတွက် ကမ်းမမြင်လမ်းမမြင်နေ့ရက်များဟု ဆိုရပေလိမ့်မည်။

သို့သော် သူတို့၏လှပသောအချစ်နေ့ရက်များသည် ရှေ့ဆက်၍ မည်သို့ ဖြစ်မည်ဆိုမည်ကိုတော့ မိမိသေချာစွာ မသိနိုင်တော့ပါ။ သူတို့၏အချစ်သက်ဆုံးတိုင်ကြသည်လော သို့တည်းမဟုတ် စိတ်သဘောချင်းမတိုက်ဆိုင်၍ လမ်းခွဲသွားကြသည်လော သို့တည်းမဟုတ် ကံကြမ္မာအခြေမလှ၍ ချစ်လျက်နှင့်ဝေးကွာခဲ့ကြသည်လော သို့တည်းမဟုတ် အချစ်သစ်နှင့်ပင်ပျော်ရွှင်ကြည်နူး
နိုင်ကြသည် လော သို့တည်းမဟုတ် အဖော်မပါတကိုယ်တည်း ဘဝကိုဖြတ်သန်းနေကြသည်လော သို့တည်းမဟုတ် ပေါင်းဖက်နိုင်ကြသော်လည်း စီးပွားရေးအဆင်မပြေကြ၍ ဝုန်းဒိုင်းကျဲနေကြသည် လော သို့တည်းမဟုတ် ပျော်ရွှင်ချ မ်းမြေ့နေကြသည်လော ခန့်မှန်းတွက်ချက်ရန် ခက်ခဲလှပေသည်။

သို့သော် တချိန်က လှပခဲ့သောအချိန်ကာလများသည် သူတို့အတွက် အမှတ်တရများဖြစ်ပေလိမ့်မည်။ လူတစ်ယောက်၏ဘဝတိုင်းသည် အချိန်တိုင်းလှပဖို့ကတော့ ခက်ပေလိမ့်မည်။ လှပခဲ့သည့် အမှတ် တအချိန်လေးတခုရှိခဲ့ခြင်းသည်ပင် ကြေနပ်ပီတိဖြစ်ဖွယ်ဖြစ်တော့သည်။ အထူးသဖြင့် အဆိုးများစွာ ဆိုင်ကျော်လွှားနေကြရသည့် မြန်မာပြည်သားများအဖို့ ဒုက္ခသည် မွေးကတည်းကပါလာသည့် အဖေါ်လိုဖြစ်နေပေရာ နည်းပါးခဲ့ကြည်နူးစရာအချိန်ကာလများသည် အမှတ်တရဖြစ်စေခဲ့သည်။

မည်သို့ဆိုစေ ဦးချစ်ဆိုင်၌ လှပသောအချိန်ကာလများ ရှိခဲ့ပါသည်။

ဆက်လက်ဖော်ပြပါမည်။
Mg Mg Soe ( မောင်မောင်စိုး )
photo credit Thein Myint