ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဂါမဏိ ● မငြိမ်းချမ်းရေး၏ အရသာ

ဂါမဏိ ● မငြိမ်းချမ်းရေး၏ အရသာ
၂ ၁ ရာ စု ပ င် လုံ စာ စ ဉ် ( ၂ ၈ )
(မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၆

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ဆိုတာကြီးကို ဗမာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဆွေးနွေး နေကြတာ အခုဆို စတုတ္ထမူကြမ်းအဆင့်ကို ရောက်လာပါပြီ။ ဒီအချိန်မှာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁၄ ဖွဲ့နဲ့ အပစ် အခတ်ရပ်စဲရေးသဘောတူညီချက် ၃၇ ခု လက်မှတ်ထိုးပြီးထားပြီး ကုန်ကျစရိတ်အနေနဲ့ ကျပ်သန်း ၃၅၀ ကျော် အပြင် နိုင်ငံတကာ (ဂျပန်၊ ကုလ၊ နော်ဝေနဲ့ ဥရောပ) က ဒေါ်လာ ၁၁ သန်းကိုပါ ဖြုန်းထားပြီးဖြစ်တယ်။ ဒါပေမဲ့ ငြိမ်း ချမ်းရေးဆွေးနွေးပွဲဟာ ရှေ့ဆက်မတိုးနိုင်တော့ဘူး ဖြစ်နေပါပြီ။ ဘာကြောင့်လဲ။

ပထမမူကြမ်း Single-text ကို ဧပြီ ၈ ရက်မှာ ရခဲ့ပြီး ဒုတိယမူကြမ်းကို မေ ၂၃ ရက်မှာ ရခဲ့တယ်။ သြဂုတ် ၁၇ ရက်မှာ တတိ ယမူကြမ်းရတော့ ဗိုလ်အောင်မင်းတို့က 'ဖက်ဒရယ်စနစ်အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ် များနှင့် အညီ တည်ဆောက်သွားနိုင်ရန်' အဆင့်ထိလက်ခံလိုက်လို့ ငြိမ်းချမ်းရေးအောင်မြင်ခါနီးပြီလိုလို အများက ထင်ခဲ့ကြပါတယ်။ တကယ်တော့ 'နိုင်ငံရေးဆွေးနွေးပွဲရလဒ်များနှင့်အညီ' ဆိုပြီး ထောက်ကွက်လုပ်ထားတာကို တိုင်းရင်းသားတွေဘက်က သဘောပေါက်ပေမဲ့ အဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပြည်ထောင်စုညီလာခံမှာ ဆက်စကားပြောမယ်ဆိုပြီး ငြိမ်းချမ်းရေးကို ရှေ့ရှု လိုက်လျောခဲ့တာဖြစ်တယ်။

အဲဒီတတိယမူကြမ်းမှာ တိုင်းရင်းသားအကြိုက် 'တိုင်းရင်းသားလက်နက်ကိုင်' ဆိုတဲ့စကားလုံးကို ထည့်ပေးလိုက်သလို အောင်မင်းတို့အကြိုက် 'ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး' စကားလုံးကိုလဲ လက်ခံပေးလိုက်တယ်။ ၁၉၈၉ ခုကနေ ၂၀၁၀ ခုအ ထိ သုံးစွဲခဲ့တဲ့ 'အပစ်အခတ်ရပ်စဲရေး' စကားလုံးက နာမယ်ပျက်နေပြီဖြစ်လို့ ဗိုလ်အောင်မင်းတို့က မသုံးချင်တော့တာ ဖြစ်နိုင် တယ်။

NGO ကိစ္စမှာတော့ အစိုးရဘက်ကတောင်းဆိုနေတဲ့ အစိုးရခွင့်ပြချက်ရှိရေးနေရာမှာ အစိုးရ၊ တိုင်းရင်းသားလက် နက်ကိုင်နဲ့ ဒေသခံအဖွဲ့တွေ ညှိနှိုင်းချက်ရှိရေး သဘောတူညီချက်ရလို့ တဆင့်တိုးသွားနိုင်ခဲ့တယ်။ IDP ကိစ္စမှာလဲ နှစ်ဖက်စလုံးအကြိုက် သင့်တော်ရာနေခွင့်ရော၊ မူလနေရာပြန်ရေးရော ထည့်ပေးထားလို့ ပြေလည်သွားတယ်။ တိုင်းရင်းသားအကြိုက် 'ပြည်ပရန်ကာကွယ်ရေး' စကားလုံးနဲ့ အစိုးရအကြိုက် 'တိုင်းပြည်ကာကွယ်ရေး' စကားလုံး နှစ်မျိုးစလုံးကိုလဲ ပေါင်းသုံးပေး လိုက်တယ်။ Code of Conduct နဲ့စည်းကမ်းချက်တွေကို အပစ်ရပ်စာချုပ်ချုပ်ပြီး တလအတွင်းရေးဆွဲဖို့လဲ နှစ်ဖက်သဘော တူခဲ့တယ်။ ဒီစည်းကမ်းချက်တွေကိုချိုးဖောက်ရင် စာချုပ်ပျက်ပြယ်မယ့် အကြောင်းကို တိုင်းရင်းသားဘက်ကလျှော့ပေးလိုက်တယ်။ သဘောက ဘယ်လောက်ဘဲချိုးဖောက်ပစေ အပစ်အခတ်ရပ်စဲရေး ဆက်လုပ်မယ်ဆိုတဲ့အဓိပ္ပာယ် ဖြစ်တယ်။

ဒါပေမဲ့ 'လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ' စကားလုံးကို ခေါင်းစဉ်တွေမှာမသုံးဘဲ စာကိုယ်ထဲမှာဘဲ တပိုဒ် တနေရာမှာဘဲသုံးမယ်လို့ တိုင်းရင်းသားတွေပြောတာကိုတောင် အောင်မင်းတို့ဘက်က လက်မခံသေးပါဘူး။

အဲ့ဒါအပြင် တတိယမူကြမ်းမှာရော စတုတ္ထမူကြမ်းမှာပါ ဘယ်လိုမှညှိမရသေးတဲ့ တခြားအရေးကြီးအချက်တွေက ပင်လုံ ကိစ္စ၊ ဖက်ဒရယ်တပ်မတော်၊ တပ်နေရာချထားရေးကိစ္စ၊ အုပ်ချုပ်ရေးအပါအဝင် ကြားကာလကိစ္စ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပူးတွဲဦးဆောင်ကော်မတီနဲ့  ပူးတွဲလုပ်ငန်းကော်မတီကိစ္စတို့ဖြစ်တယ်။

တိုင်းရင်းသားတွေက ပင်လုံမူ ပင်လုံကတိလို့ တိတိကျကျထည့်ချင်ပြီး အစိုးရဘက်ကတော့ ပင်လုံစိတ်ဓာတ် ဆိုတဲ့ ယေဘူယျစကားလုံးနဲ့ ချွေးသိပ်ချင်နေတာကို ညှိမရသေးဘူး။

တိုင်းရင်းသားတွေတင်တဲ့ တပ်စခန်းများရုပ်သိမ်းရေး၊ တပ်သားဦးရေ လျှော့ချရေး၊ နှစ်ဖက်သဘောတူ သတ်မှတ် နေရာများတွင်သာ တပ်ထားရေး၊ စခန်းတခုနဲ့တခု ဆက်သွယ်ရေးလမ်းကြောင်း သတ်သတ်မှတ်မှတ်ထားရှိ အာမခံရေး တွေကို ဗမာစစ်တပ်ဘက်က လက်မခံဘဲ သူတို့သတ်မှတ်တဲ့နေရာတွေမှာဘဲ တိုင်းရင်းသားတပ်တွေနေဖို့၊ တိုင်းရင်းသားတပ်တွေ အင်အားမတိုးချဲ့ဖို့၊ လူသစ်မစုဖို့ တဖက်သတ်တောင်းဆိုနေတာ ဖြစ်တယ်။ ဒီလိုနဲ့ အခုနောက် ဆုံးမူကြမ်းမှာတော့ တပ်နေရာချထားရေးကို တိတိကျကျမပြောနိုင်ဘဲ 'နှစ်ဖက်ညှိနှိုင်းနေရာချထားရေး' လို့ ဝေဝေ ဝါးဝါးလုပ်ထားတော့ ပြဿနာမီးပွားတွေ ချန်ထားပေးတဲ့ သဘောဖြစ်နေတယ်။

နိုင်ငံရေးဆွေးနွေးပွဲတွေမှာ အောင်မင်းတို့ဘက်ကတင်တဲ့ ညောင်နှစ်ပင်ပုံစံ အစုအဖွဲ့ ၈ ခုနဲ့ ဆွေးနွေးရေး (အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ+တိုင်းရင်းသား၊ နိုင်ငံရေးပါတီ+နိုင်ငံရေးအင်အားစု၊ CSO ၊ စီးပွားရေးအဖွဲ့၊ ပညာရှင်အဖွဲ့) အစား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေတင်တဲ့ သုံးပွင့်ဆိုင် (အစိုးရ+လွှတ်တော်+ စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ) ဆွေးနွေးရေးဟာ တတိယမူကြမ်းမှာ ကျသွားပေမဲ့ စတုတ္ထမူကြမ်းမှာ အောင်မင်းတို့က ၇ ပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား၊ ပါဝင်သင့်သူများ) ဆိုပြီး ထပ်တင်လာပြန်တယ်။ ဒီလိုနဲ့ တတိယမူကြမ်းမှာ သဘော တူပြီးသား သုံးပွင့်ဆိုင်ကနေ ငါးပွင့်ဆိုင် (အစိုးရ+လွှတ်တော်+စစ်တပ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံ ရေးပါတီများ၊ နိုင်ငံရေးအင်အားစု၊ တိုင်းရင်းသား) ဖြစ်သွားတယ်။

အပစ်ရပ်စာချုပ် လက်မှတ်ထိုးရာမှာ သက်သေအဖြစ်ပါဖို့ ကုလ၊ အာဆီယံနဲ့ တရုတ်ကိုဘဲ အောင်မင်းတို့ကလိုလားပြီး တိုင်းရင်းသားတွေကတော့ အဲဒါတွေအပြင် အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ နော်ဝေ၊ ထိုင်း၊ အိန္ဒိယတို့ကိုပါ သက်သေပါ စေချင်တာလဲ ညှိမရသေးဘူး။ လက်မှတ်ထိုးမယ့် နှစ်ဖက်အာဏာပိုင်စာရင်း တိတိကျကျသတ်မှတ်ရေးကိုလဲ အောင်မင်းတို့က သဘောမတူဘဲ ထိုးချင်သလိုထိုးမယ့်သဘော ရပ်ခံနေတယ်။

တိုင်းရင်းသားတွေဘက်ကတင်တဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးပြီး ပြည်ထောင်စုငြိမ်းချမ်း ရေးစာချုပ် လက်မှတ်မထိုးနိုင်ခင် စပ်ကြားကာလမှာ အုပ်ချုပ်ရေး လုံခြုံရေး ဥပဒေစိုးမိုးရေး ပညာရေး ကျန်းမာရေး ဖွံ့ဖြိုးရေး စီးပွားရေး သယံဇာတခန့်ခွဲရေး စတဲ့ ကြားကာလရေးရာတွေ လုပ်ဆောင်ခွင့်ရှင်းရှင်းလင်းလင်းသတ်မှတ်ဖို့ကို အောင်မင်းတို့ဘက်ကလက်မခံတာလဲ ဧရာမဆူးညှောင့်ကြီး ဖြစ်နေတယ်။ အောင်မင်းတို့ဟာ တိုင်းရင်းသားအဖွဲ့ အစည်းတွေကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စာပေယဉ်ကျေးမှုထိန်းသိမ်းရေး၊ တည်ငြိမ်ရေး၊ အသေးအမွှားဖွံ့ဖြိုးရေးတို့ လောက်ဘဲ လုပ်စေချင်နေတယ်။  ငြိမ်းချမ်းရေးစာချုပ်မချုပ်သေးခင်မှာကို တိုင်းရင်းသားနယ်မြေအုပ်ချုပ်ရေးတွေကို အပိုင်စီးချင်နေတာ ဖြစ်တယ်။

ပူးတွဲဦးဆောင်ကော်မတီ၊ ပူးတွဲလုပ်ငန်းကော်မတီတွေကို အောင်မင်းတို့ကလက်မခံတာဟာ အရာရာကို ဗမာစစ်အုပ်စု လက်ဝါးကြီးအုပ်ခွင့် ယူတာဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းဟာ ဗမာအပါအဝင် တိုင်းရင်းသားအားလုံးနဲ့ဆိုင်တဲ့ လုပ်ငန်းဖြစ်တယ် ဆိုတာကိုပယ်ချပြီး ဗမာအစိုးရနဲ့စစ်တပ်စိတ်ကြိုက် ချယ်လှယ်ချင်နေတာ ဖြစ်တယ်။ ပူးတွဲအပစ်ရပ် စောင့်ကြည့်ရေး ကော်မတီဖွဲ့ဖို့တော့ တတိယမူကြမ်းမှာကတည်းက သဘောတူခဲ့ပေမဲ့ တိုင်းရင်းသားတွေတင်တဲ့ 'နိုင်ငံတကာကျွမ်းကျင်သူများ ပါဝင်ရေး' ကို အောင်မင်းတို့က လက်မခံခဲ့ဘူး။ ဒါနဲ့ တိုင်းရင်းသားတွေဘက်က လျှော့ ပေးလိုက်တယ်။

တိုင်းရင်းသားတွေ အဆိုပြုတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ပြည်ထောင်စုညီလာခံကို လွှတ်တော်ပြင်ပလုပ်ငန်းအဖြစ် လုပ်ဖို့၊ ပြည်ထောင်စုညီလာခံ ဆုံးဖြတ်ချက်တွေအရ အခြေခံဥပဒေကို လိုအပ်သလိုပြင်ဆင်ဖို့လဲ အောင်မင်းတို့ ဘက်က လုံးဝလက်မခံဘဲ အရာရာကို မဲလိမ်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရမယ်လို့ တောင်းဆိုနေလို့ ကွာဟချက်ကြီး နေတယ်။ တကယ်တော့ အခြေခံဥပဒေကို ပြင်ခွင့်မရှိရင် ပြည်ထောင်စုညီလာခံလုပ်တာ အချည်းနှီးဘဲ ဖြစ်လိမ့်မယ်။

အဆိုးဆုံးကတော့ တတိယမူကြမ်းမှာ ကျထားပြီးဖြစ်တဲ့ SSR ခေါ် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကိစ္စကို သဘော မတူတော့ဘူးလုပ်လာတာဖြစ်တယ်။ တိုင်းရင်းသားတပ်တွေ အသွင်ပြောင်းရေး ဖျက်သိမ်းရေးတို့နဲ့ အကြုံးဝင်တဲ့ SSR ကိစ္စကို ပြည်ထောင်စုညီလာခံမှာ ဆွေးနွေးဖို့၊ ညီလာခံကထွက်လာတဲ့ ပြည်ထောင်စုစာချုပ်အရ နိုင်ငံရေးသဘောတူ ချက်တွေနဲ့တွဲဖက်ပြီး အင်အားလျှော့တာ၊ အသွင်ပြောင်းတာ၊ ဖျက်သိမ်းတာတွေလုပ်ဖို့ သြဂုတ်လတုံးက တတိယ မူကြမ်းမှာ နှစ်ဖက်သဘောတူခဲ့ပြီးဖြစ်တယ်။ ဒါပေမဲ့ စက်တင်ဘာလမှာ စတုတ္ထမူကြမ်းအတွက်ဆွေးနွေးတော့ SSR ကိစ္စကို ပြည်ထောင်စုညီလာခံမတိုင်ခင် ပြည်ထောင်စုစာချုပ်မရခင်မှာကိုဘဲ တပြည်လုံးအပစ်ရပ်စာချုပ် လက်မှတ်ထိုး ပြီးတာနဲ့ စလုပ်ဖို့ စစ်အုပ်စုဘက်ကတင်လာတယ်။

တပြည်လုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ဖို့ဆွေးနွေးပွဲ ပျက်သွားတဲ့အဓိကအကြောင်းရင်းက အဲ့သလို ဖြစ်ပါတယ်။

အခုလို သြဂုတ်လမှာ သဘောတူပြီးသားမူကြမ်းက စက်တင်ဘာလမှာ ရှေ့ထပ်မတိုးနိုင်ရုံမက နောက်ကိုတောင် ပြန်ဆုတ်ခဲ့သလို စာချုပ်ပြင်ပ လက်တွေ့လောကမှာလဲ သိသိသာသာဆုတ်ယုတ်မှုတွေ ဖြစ်လာတာတွေ့ရတယ်။ ကချင် KIA တပ်မဟာ ၄၊ ပလောင် TNLA နဲ့ ကိုးကန့် MNDAA အပေါ် စစ်ဆင်ရေးတွေ လျော့ပါးသွားမှု မရှိတဲ့အပြင် ရှမ်းပြည်အလယ်ပိုင်းက SSA (မြောက်ပိုင်း)၊ ကရင်ပြည်က DKBA နဲ့ KNU/KNLA-PC တို့ကို စစ်ဆင်တိုက်ခိုက်လာ သလို ကချင်ပြည် ဖားကန့်နယ်က KIA တပ်ရင်း ၆ နဲ့ ဗန်းမော်အရှေ့ဖက်က KIA တပ်မဟာ ၃ တို့ကို တိုက်ဖို့ ခြိမ်းခြောက် စစ်ပြင်လာတယ်။

ဗမာစစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးရပ်တည်ချက် နောက်ခံသမိုင်းကြောင်းကို လေ့လာတဲ့အခါ အခုလိုတွေ့ရတယ်။-
၂၀၁၀ မတိုင်ခင်တုံးက ဗိုလ်သန်းရွှေခေါင်းဆောင်တဲ့ စစ်အုပ်စုဟာ-
၁။ လက်နက်ချ/BGF နယ်ခြားစောင့်တပ်အသွင်ပြောင်း/ပြည်သူ့စစ်အသွင်ပြောင်း၊
၂။ ညောင်နှစ်ပင်ညီလာခံမှာ နိုင်ငံရေးဆွေးနွေး၊ ၂၀၀၈ အခြေခံဥပဒေကိုလက်ခံ၊ နိုင်ငံရေးပါတီထောင်၊
၃။ ရွေးကောက်ပွဲဝင်၊ ဆိုပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေအပေါ် တောင်းဆိုအကြပ်ကိုင်ခဲ့တယ်။

တဖက်မှာတော့ 'တဖက်အဖွဲ့အစည်းများလိုက်နာရန် စည်းကမ်းချက် ၁၀ ချက်'၊ 'ငြိမ်းချမ်းရေးရယူစဉ် သဘောထား တူညီချက် ၁၄ ချက်' တို့နဲ့ ချုပ်ကိုင်ထားခဲ့တယ်။ ဘောင်ခတ်ထိန်းချုပ်ရေး containment ၊ ကန့်သတ်ရေး restriction နဲ့ annihilation ချေမှုန်းရေးဆိုတဲ့ စစ်ရေးပေါ်လစီအတိုင်းဖြစ်တယ်။

အဲ့ဒီ ငြိမ်းချမ်းရေးအရေခြုံ ချေမှုန်းရေးအစီအစဉ်တွေ အလုပ်မဖြစ်ဘဲ ၂၀၁၀ ခုနှောင်းပိုင်းနဲ့ ၂၀၁၁ ခုထဲမှာ စစ်ပွဲတွေ ပြန်ဖြစ်လာပြီးနောက် ၂၀၁၂ ခု မေလမှာ သမတဗိုလ်သိန်းစိန်က ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလမ်းညွှန်ချက် ၈ ချက်ထုတ်ခဲ့တယ်-

၁။ ပြည်ထောင်စုအတွင်း အမြဲအတူတကွ ပူးပေါင်းနေထိုင်ရေး
၂။ အရေးသုံးပါးကို သဘောတူရေး
၃။ စီးပွားရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ နှစ်ဖက်ပူးတွဲ၍ တရားဝင်ဆောင်ရွက်ရေး
၎။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအား ပူးပေါင်းဆောင်ရွက်ရေး
၅။ ပါတီထောင် ရွေးကောက်ပွဲဝင်ရေး
၆။ ၂၀၀၈ အခြေခံဥပဒေ လက်ခံရေးနှင့် လွှတ်တော်တွင်း အများဆန္ဒနှင့်အညီ ပြင်ဆင်ရေး
၇။ ၂၀၀၈ အခြေခံဥပဒေနှင့်အညီ တန်းတူညီတူ နေထိုင် သွားလာ လုပ်ကိုင် စားသောက်ရေး
၈။ ၂၀၀၈ အခြေခံဥပဒေနှင့်အညီ တခုတည်းသောလက်နက်ကိုင်တပ်အဖြစ် အသွင်ပြောင်းရေး

၂၀၁၃ ခု နှစ် မေလမှာ ကာချုပ် ဗိုလ်မင်းအောင်လှိုင်က တပ်မတော်မူ ၆ ချက်ဆိုပြီး ၂၀၁၀ မတိုင်ခင်က တဖက်သတ် စည်းကမ်း ၁၀ ချက်၊ ၁၄ ချက်တွေကို ပုံစံသစ်နဲ့ ပြန်အသက်သွင်းလာတယ်-

၁။ လူမသတ်ရ
၂။ ဆက်ကြေးတောင်းခြင်း၊ ရိက္ခာကောက်ခံခြင်းမလုပ်ရ။
၃။ လူသစ်မစုဆောင်း၊ စစ်သင်တန်းပေးခြင်းမပြုလုပ်ရ။
၎။ သတ်မှတ်နေရာအတိုင်း၊ စည်းကမ်းချက်အတိုင်းလိုက်နာရမည်။
၅။ အုပ်ချုပ်ရေးအာဏာနှင့်လုပ်ငန်းအဆင့်ဆင့်ကိုဝင်ရောက် မစွတ်ဘက်ရ။
၆။ တပ်မတော်လက်အောက်ခံရှိ ပြည်သူစစ် နှင့် BGF ကိုမတိုက်ခိုက်ရ။

အဲဒါကို ၂၀၁၃ နိုဝင်ဘာလရောက်တော့ 'တပ်မတော်၏ငြိမ်းချမ်းရေးမူ ၆ ချက်' လို့ နာမယ်ပြောင်း ပုံစံပြောင်းလိုက်ပြီး တစင်ထောင်လာတယ်-

၁။ ငြိမ်းချမ်းရေးရယူရန် အမှန်တကယ်ဆန္ဒရှိရန်
၂။ သဘောတူစာချုပ်များ၌ ကတိတည်ရန်
၃။ ငြိမ်းချမ်းရေးသဘောတူညီချက်များကို အမြတ်မထုတ်ရန်
၎။ ဒေသခံများပေါ်တွင် ဝန်ထုတ်ဝန်ပိုး မဖြစ်စေရန်
၅။ တည်ဆဲဥပဒေများကို တိတိကျကျလိုက်နာရန်
၆။ အရေးသုံးပါးနှင့် ဒီမိုကရေစီကျင့်စဉ်အရ ၂၀၀၈ ဖွဲ့စည်းပုံအရ လိုက်ပါဆောင်ရွက်ရန်

အဲဒီအချိန်မှာ သမတဗိုလ်သိန်းစိန်ကတော့ အချက် ၄ ချက်ဘဲပြောခဲ့တယ်-

၁။ တိုင်းရင်းသားလက်နက်ကိုင်များ၏ တောင်းဆိုချက်ကို ညှိနှိုင်းဆောင်ရွက်ရန်
၂။ ရေးထိုးပြီးသည့် အပစ်အခတ်ရပ်စဲရေးကို ထပ်လောင်းအတည်ပြုရန်
၃။ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲလုပ်ဆောင်ရန်
၎။ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားပေါင်းစုံနှင့် အဖွဲ့အစည်းအားလုံး စုပေါင်းလုပ်ဆောင်ရန်

ဒါပေမဲ့ ၂၀၀၄ ခု မတ်လမှာတော့ သမတ သိန်းစိန်က ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် မှာကြားချက် ၂ ချက်ဆိုတာကို အဆုံးစွန်ပြောခဲ့တယ်-

က) ပြည်ထောင်စုမှ မခွဲထွက်ခြင်း
ခ) ပြည်ထောင်စု၏အချုပ်အခြာအာဏာကို မထိပါးစေခြင်း

အဲသလို သမတမှာကြားချက် ၂ ချက်နဲ့ ကာချုပ်မူ ၆ ချက် သိသိသာသာကြီးကွဲလာပြီး တိုင်းရင်းသားတွေအနေနဲ့ မူ ၆ ချက်ထဲမှာ ရှေ့ ၄ ချက်က တဖက်သတ်အမြတ်ထုတ်တင်စီးတာသိသိနဲ့ ငြိမ်းချမ်းရေးလိုချင်လွန်းလို့ သဘောထား ကြီးကြီးနဲ့ လက်ခံပေးနိုင်ပေမဲ့ နောက်ဆုံး ၂ ချက်ကိုတော့ ဘယ်လိုမှလက်ခံလို့မရ ဖြစ်နေတော့ ဧပြီ ၉ ရက်မှာ ကစထ မှူး မြင့်စိုးက ကာချုပ်မူ ၆ ချက်ကို တရားသေ ဆုပ်ကိုင်မထားပါဘူးလို့ ဖြည်ပြောခဲ့ပြန်တယ်။ ဒီအခြေအနေအောက်မှာ တတိယမူကြမ်းအထိ ရောက်လာခဲ့တာဖြစ်တယ်။

ဒါပေမဲ့ ကာချုပ် မင်းအောင်လှိုင်ကတော့ ၂၀၁၄ မတ် ၂၇ ရက် စစ်ရေးပြပွဲနဲ့ သြဂုတ် ၂၈ ရက် ဗိုလ်လောင်းမ သင်တန်း ဆင်းပွဲမှာ အင်မတန်ကောင်းလှတဲ့ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ်ဆိုပြီး ပြင်စရာမလိုတဲ့သဘော ပြောခဲ့တယ်။ စက်တင်ဘာ ၁၉ ရက်က စစ်တပ်ရဲ့အမြင့်ဆုံးသင်တန်းကျောင်းဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှာ မင်းအောင်လှိုင်မိန့်ခွန်းပြောတဲ့အခါ သိသိသာသာကြီးတင်းမာသွားပြီး UNFC ဆန့်ကျင်ရေး၊ တိုင်းရင်း သားတော်လှန်ရေးအဖွဲ့များချေမှုန်းရေးကို အသားပေးပြောလာတယ်၊ မူ ၆ ချက်ဆိုတာကို ထပ်အမွှန်းတင်လာတယ်။

အဲဒါနဲ့တချိန်တည်း တတိယမူကြမ်းရပြီးနောက်စက်တင်ဘာလထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိစ္စကို အငြိမ်းစားယူ သွားပြီဆိုတဲ့ တပ်ချုပ်ဟောင်းကြီးက တိုက်ရိုက်ပြန်ကိုင်လိုက်တယ်လို့ သတင်းတွေထွက်လာတယ်။ ဒေါ်စုကိစ္စ၊ အခြေခံဥပဒေကိစ္စ၊ နိုင်ငံတကာကိစ္စတွေကို သမတနဲ့လွှတ်တော်ကကိုင်ပြီး တိုင်းရင်းသားကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ တွေကို သူကိုယ်တိုင်ကိုင်မယ်လို့ ကာလုံကိုခေါ်ပြောတယ်လို့ ကြားခဲ့ရတယ်။ ဒီနောက်ပိုင်းမှာ ဗိုလ်အောင်မင်း တယောက် သိသိသာသာအသံတိတ်သွားသလို၊ ပါလေရာ MPC တွေလဲ ငြိမ်ကုတ်သွားတော့တယ်။

ဒီလိုနဲ့ အခုလို စတုတ္ထမူကြမ်းပြဿနာတွေ ပေါ်လာ၊ တိုက်ပွဲတွေလဲဖြစ်လာတော့တာပါဘဲ။ ၁၉၈၉-၂၀၁၀ ကာလ တုံးကလို ဘယ်အပစ်ရပ်အဖွဲ့ထဲက ဘယ်သူ့ကိုထုတ်ခိုင်းတာ၊ ဘယ်သူ့ကို ဘယ်ရာထူးကဖြုတ်ခိုင်းတာ၊ ဘယ်ကြေညာ ချက်ကို ပြန်ရုပ်သိမ်းခိုင်းတာ၊ ဘယ်စခန်း ဘယ်တပ်ဖွဲ့ကို နောက်ဆုတ်ခိုင်းတာ၊ ဘယ်တပ်ဖွဲ့ကို လက်နက်အပ်ခိုင်းတာ စသဖြင့် တရားဝင်လိုလို တရားမဝင်လိုလိုနဲ့ ရူးသလိုပေါသလိုလုပ်လာတယ်။ လက်သည်မပေါ်တဲ့သေနတ်သံတွေ၊ ဗုံးပေါက်သံတွေလဲ ပေါ်လာပြီး လက်ညှိုးထိုးပြတာတွေ ဖြစ်လာသလို ဆိုက်ဝါးဆေးထိုးတာတွေလဲ ပလူပျံလာတယ်။ တပ်ပေါင်းစုထဲက အဖွဲ့အစည်းတွေအချင်းချင်းကြား သပ်လျှိုတာ၊ အဖွဲ့အစည်းတခုတည်းမှာကို အကွဲအပြဲတွေ ဖန်တီး တာတို့ဟာ ၂၀၁၀ မတိုင်ခင်တုံးကလို တွေ့လာရတယ်။ တဖက်မှာ တောက်လျှောက်ဖိအားပေး၊ တရစ်ပြီးတရစ် လည်ပင်းညှစ်၊ တဖက်မှာ စီးပွားရေးမက်လုံးတွေနဲ့ဆွယ်၊ နောက်တဖက်က အစွမ်းကုန်လိမ်ညာမှိုင်းတိုက်တာဟာ ဟစ်တလာခေတ်ကတည်းက သုံးခဲ့တဲ့ ဂန္ဓဝင်မြောက်ဖက်ဆစ်နည်းနာတွေဘဲဖြစ်တယ်။

၁၉၈၉-၂၀၁၀ ပထမလှိုင်းအပစ်ရပ်ကိစ္စကို ခင်ညွှန့်က ရှေ့ဆောင်ထိုးထွင်းမှုရှိရှိ ကိုင်တွယ်ခဲ့တယ်လို့ နာမယ်ထွက်ခဲ့ ပေမဲ့ တကယ်တော့ အားလုံးဟာ တပ်ချုပ်ဟောင်းကြီးမူပိုင် ကလိမ်ကကျစ် စစ်ဝါဒနည်းနာတွေဘဲ ဖြစ်ပါတယ်။ အခု ၂၀၁၄ စက်တင်ဘာမှာစတဲ့ တတိယလှိုင်းအပစ်အခတ်ရပ်စဲရေးကလဲ စာဖတ်နေသူကြီးရဲ့ ရွှေ့ကွက်တွေအတိုင်း စ,လှမ်းနေတဲ့ အတွက် ဦးသန်းရွှေတယောက် သိုင်းဝတ္ထုဖတ်ရင်း စစ်သခင်ဝါဒရဲ့ မငြိမ်းချမ်းရေးအရသာကို စံစားနေမုာ မြင်ယောင်နေမိပါ တယ်။

ဒါလောက်ဆိုရင် ခေါင်းမာသူတွေကဘယ်သူလဲ၊ ပျော့ပြောင်းသူတွေကဘယ်ဝါလဲ၊ အပြုတ်ချေမှုန်းရေးလုပ်ချင်သူတွေ ကဘယ်သူလဲ၊ တကယ်ငြိမ်းချမ်းရေးရချင်သူတွေက ဘယ်ဝါလဲဆိုတာ အားလုံးသိနိုင်ကြပါပြီ။

ဂါမဏိ