ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကျော်မောင် (တိုင်းတာရေး) ● အဘ၏ ကွမ်းအစ်

 
 ကျော်မောင် (တိုင်းတာရေး) ● အဘ၏ ကွမ်းအစ်
(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၆

“ရန်ကုန်သား” ဟုအမည်တွင်သော အဘမြေးက အဘ၏ကွမ်းအစ်ကို စိတ်ဝင်စားသည်။ ယခုရက်ပိုင်းအတွင်းမှာ သိချင်နေ သည်က  အဘ ဘယ်ကနေဘယ်လို ကွမ်းစားဖြစ်ခဲ့သည်ဆိုတာအပြင် အဘ၏ကိုယ်ပိုင်ကွမ်းအစ် အကြောင်းကိုဖြစ် သည်။

ကွမ်းအစ်သည် ကြေးကွမ်းအစ်ဖြစ်၏။ တတ်သိစအရွယ်ကတည်းက ထိုကြေးကွမ်းအစ်သည် အဘကွမ်းအစ် ဖြစ်သည်ကို သိကြောင်း အမှတ်ရမိသည်။ ကြေးကွမ်းအစ်ကို အဘခိုင်းသဖြင့် အတွင်းအပြင် ဆေးကြောသန့်စင် ပေးဖူးသည်။ ကြေးရောင် ကို ကွမ်းသီးခွံ၊ မန်ကျည်သီးမှည့်တို့ဖြင့် တိုက်ချွတ်၍ ပြောင်လက်စေသည်။

အဘရော အဘွားပါမရှိတော့သည့်အခါမှ အထက်ပါ အချက်နှစ်ချက်ကို သိလိုစိတ်ပြင်းပြခဲ့လေသည်။ ဤသို့ဖြင့် အဘ ကွမ်းစစားခြင်းနှင့် သူ၏ကွမ်းအစ်အကြောင်းကို သိရန်အတွက် ရန်ကုန်သားက သူ့အမေနှင့် ဖုန်းအင်တာဗျူးလုပ်ကာ မေးမြန်းကြည့်မိသည်။ ရန်ကုန်သား၏အမေက မောင်နှမသားချင်းများတွင် အကြီးဆုံးဖြစ်သောကြောင့် မိဘ အကြောင်းကို စုံစုံလင်လင်သိသည်။

“အမေရေ၊ အဘက ဘယ်တုန်းကတည်းက ကွမ်းစစားတာလဲ၊ လူပျိုကတည်းကလား၊ အိမ်ထောင်ကျပြီးမှလား”

“အဖေက အိမ်ထောင်ကျပြီးမှ စားတယ်လို့သိရတယ်။ ကွမ်းအစ်ရလာတော့မှ စားတာတဲ့ သားရ”

“ဟုတ်ကဲ့။ ကွမ်းအစ်ရမှ စားတာဆိုတော့ ဟိုကြေးကွမ်းအစ်ကြီးကို ပြောတာလား။ အဲဒါက ရတယ်ဆိုတော့ ဘယ်သူပေး တာလဲ အမေ”

“ဟုတ်တယ် အဲဒီကြေးကွမ်းအစ်ကြီးပဲ။ ပေးတာက အမေတို့လမ်းထိပ်က အိမ်ကြီးကို မှတ်မိတယ်မဟုတ်လား။ အဲဒီအိမ်မှာ အိန္ဒိယလူမျိုးအဘိုးကြီးအဘွားကြီး လင်မယားနှစ်ယောက် အရင်တုန်းက နေကြတယ်။ သူတို့သားလေးနဲ့။ တခါမှာ သားတို့အဘွားရဲ့အမေက သူတို့သားလေးရဲ့အသက်ကို ကယ်ခဲ့ဖူးတာရှိတယ်။ သူတို့တွေ အိန္ဒိယနိုင်ငံကို ပြန်သွားကြတဲ့အခါ လက်ဆောင်အဖြစ်နဲ့ ပစ္စည်းနှစ်ခုပေးခဲ့တယ်။ ကြွေပန်ကန်ပြားကြီးတစ်ချပ်နဲ့ ကြေးကွမ်းအစ်ပဲ။ ကြေးကွမ်းအစ်ရကတည်းက သားအဘ ကွမ်းစစားတော့တာပါပဲ”

မြစ်ဝကျွန်းပေါ်နယ်မြို့လေးမှာနေသော အဘက သမီးကြီးမိသားစုရှိရာ ရန်ကုန်သို့ ရေလမ်းခရီးဖြင့် လာလည်သော အခါတွင်လည်း သူ့ကွမ်းအစ်ကို မမေ့မလျော့ယူလာခဲ့သည်ကို အမှတ်ရမိသည်။ ကြေးကွမ်းအစ်ဖြစ်သောကြောင့် ကွမ်းညှပ်ထည့်ထားလျှင် အလေးချိန်အတန်အသင့်ရှိသည်။ ရန်ကုန်သားငယ်စဉ်က ကွမ်းအစ်ကို မရာတွင် ကွမ်းညှပ်ကိုအရင်ယူကာ တနေရာတွင်ထားပြီးမှ လက်နှစ်ဖက်ဖြင့် မ ရသည်။

ကွမ်းအစ်ထဲတွင်ထည့်ထားရသော ကွမ်းယာရန်အတွက် လိုအပ်သည်များကို နေ့စဉ်မပြတ်ရလေအောင် စီမံရသူမှာ အဘ၏ပါရမီဖြည့်ဖက် အဘွားပင်ဖြစ်သည်။ အဘွားက ဈေးသွားသည့်အခါ ကွမ်းရွက်ထုပ်လတ်လတ်ဆတ်ဆတ် မနုမရင့်ကို ရွေးဝယ်တတ်သည်။ သူကိုယ်တိုင်ကတော့ ထိုနယ်က တခြားသက်ကြီးများလို ကွမ်းမစား။ အဘကွမ်းစားသည်ကိုလည်း ဘယ်သောအခါမှ အတွန့်တက်ကာ မတားဆီးစဖူး။ ထုံးထုပ်ကိုတခါဝယ်လျှင် ငါးထုပ်ဝယ်သည်။

ထို့ကြောင့် အဘကွမ်းအစ်တွင် ဘယ်သောအခါမှ ကွမ်းရွက်နှင့်ထုံး ပြတ်လေ့မရှိ။ ပြတ်ခါနီးပြီဆိုလျှင်လည်း အနီးရှိမြေးတယောက်ယောက်ကို ထုံးတထုပ်လောက်၊ ကွမ်းရွက်အနည်းငယ်လောက် ရပ်ကွက်ထဲက ကုန်စုံဆိုင်တဆိုင်ဆိုင်မှာ သွားဝယ်ပါဟု ခိုင်းတတ်သည်။ ဒါက မရှိသုံး သုံးရခြင်းဖြစ်သည်။ နောက်တနေ့ဈေးသွားလျှင် အဘွားက ကွမ်းရွက်ထုပ်တွေ၊ ထုံးထုပ်တွေကို ၀ယ်နေကျဆိုင်မှ ၀ယ်လာတတ်သည်။ ဆေးရွကကြီးသည်လည်း ထို့အတူပင်။ ကွမ်းရွက်နှင့်ထုံးဝယ်သောဆိုင်မှပင် ၀ယ်လာတတ်သည်။ ဗမာဆေးဟု ခေါ်သော ဆေးရွက်ကြီးက ပြတ်လို့ရသည်။ အဘက ဆေးရွက်ကြီးမပါလည်း ရှိသော ထုံး၊ ကွမ်းသီးတို့ဖြင့် ကွမ်းတယာ ယာကာ ကွမ်းမြုံ့နေ တတ်သည်။
ကွမ်းသီးအတွက် မပူရ။ အိမ်ခြံဝင်း ရှေ့မျက်နှာစာပတ်ပတ်လည်တွင် ကွမ်းသီးပင် ခုနစ်ပင် ရှစ်ပင်မျှရှိလေသည်။ ကွမ်းသီးပင်ရှိ ကွမ်းသီးများအခြေအနေကိုကြည့်ပြီး လှေကားရှည်ရှည်ကို အပင်တွင်မှီထောင်ကာ အခိုင်လိုက် ခူးယူရ သည်။ ရန်ကုန်သားတို့ကိုမမွေးမီက ထိုကွမ်းသီးပင်များသည် ခွေးခြေခုံရှည်ပေါ် လူကမတ်တပ်ရပ်ပြီး ဓားမဖြင့် ကွမ်းသီးမှည့်အခိုင်လိုက်များကို ခုတ်ချနိုင်သည်အထိ နိမ့်သေးသည်ဟု ရန်ကုန်သားအမေက ပြောပြသည်။ ခူးထားသောကွမ်းသီးများကို ထပ်ခိုးတွင် ဖြန့်ခင်းထားသည်။ ထပ်ခိုးက သွပ်မိုးနှင့်နီးသဖြင့် နေ့ဖက်နေသာလျှင် အပူရှိန်ရှိပြီး ပူအိုက်သည်။

“မြေးရေ အပေါ်ထပ်မှာ ကွမ်းသီး သုံးလေးလုံးလောက် သွားယူစမ်းပါ” ဟု အဘက ခိုင်းလျှင် ပေါ့ပေါ့ပါးပါး တက်ကြွစွာဖြင့် သွားယူကြသည်။ အပေါ်ထပ်ဆိုတာ အမှန်တကယ်တော့ ထပ်ခိုးကို ညွှန်းခြင်းဖြစ်သည်။ ခြောက်နေသောအခွံကို ကွမ်းညှပ်ဖြင့်ပင် ခွာပြီး ရလာသော ကွမ်းသီးလုံးကို ထက်ခြမ်းခွဲကာ ဇလုံတလုံးတွင်ထည့်ကာ ရေစိမ်ထားသည်။ ကွမ်းယာခါနီးမှာမှ ထက်ခြမ်းခွဲထားသော ကွမ်းသီးကို လိုသလောက်အစိတ်လေးများ ပြန်စိတ်သည်။ ထို့နောက် ကွမ်းအစ်အပေါ်ဆုံးတွင် ထည့်သည်။

အဘ ကွမ်းညှပ်ကိုင်ပုံမှာ အတော်သေသပ်သည်။ စကားပြောရင်းဆိုရင်းဖြင့် ကွမ်းသီးနှင့် ကွမ်းညှပ်ကို လက်တဖက်စီ ကိုင်ကာ ကွမ်းသီးစိတ်သည်။ ရန်ကုန်သားတို့ မြေးတစုမှာ လူကြီးတွေက မှာထား တားထားသဖြင့် ကွမ်းညှပ်ကို ယူမဆော့ရဲ။ အဘညှပ်ပြီးသား ကွမ်းသီးစိတ်များကိုသာ တစ်ဖတ်နှစ်ဖတ် ပါးစပ်ထဲကောက်ထည့်ပြီး ၀ါးကြည့်ခဲ့ရုံ ဖြစ်သည်။

အဘ၏ကွမ်း ယာသည့်ပုံမှာ ဤသို့ဖြစ်သည်။ ကွမ်းအစ်ကို ပထမယူသည်။ ကွမ်းအစ်က ဧည့်ခန်းရှိ စားပွဲခုံပေါ်တွင် ပုံမှန်အားဖြင့်တင်ထားတတ်သည်။ အိမ်လာလည်သည့် ဧည့်သည်တွေ ကွမ်းယာ သုံးဆောင်နိုင်အောင် တည်ခင်းထားခြင်းဖြစ်သည်။ အဘက ထိုင်ခုံတွင် ထိုင်လေ့သိပ်မရှိ။ အိမ်ဦး ခေါင်းရင်းခန်းရှိ သင်ဖြူးဖျာပေါ်တွင် တင်ပလ္လင်ခွေကာ ကျကျနနထိုင်သည်။ စကားပြောလျှင် ထိုင်ခုံပေါ်တွင် ထိုင်နေသူများကို ဖျာပေါ်မှသာ လှမ်းပြောသည်။

ကွမ်းအစ်ကို သူ့အနားယူသည်။ ထို့နောက် အပေါ်အံနှစ်ဆင့်ကို ကိုင်မကာ ကွမ်းအစ်ကိုယ်ထည်ဖြစ်သော ကွမ်းအစ်အောက်ဆုံးဆင့်ကို ဖွင့်ကြည့်သည်။ ဒါက အထဲတွင် ကွမ်းရွက်ရှိမရှိ ကျန်မကျန် စစ်ခြင်းဖြစ်သည်။ မရှိလျှင် ထိုင်ရာမှထကာ မီးဖိုချောင်ရှိရာသို့သွားပြီး ဇလုံတခုတွင် ရေစိမ်ထားသည့် ကွမ်းရွက်များထဲမှ ကွမ်းရွက် ဆယ်ရွက် လောက်ယူသည်။ ကွမ်းအစ်ထဲမထည့်ခင် ကွမ်းရွက်များကို ခါကာ ရေစစ်သည်။ ထို့နောက် အပေါ်အဆင့်ရှိ ကွမ်းသီး ခြမ်းကို ယာမည့်ကွမ်းယာအတွက် အနေတော်အခြမ်းလေးများရအောင် စိတ်သည်။ စိတ်ပြီးသည်များကို အပေါ်အဆင့် တွင် ပြန်ထားသည်။ ကွမ်းအစ်ကို တဖန် အပေါ်နှစ်ဆင့်ပြန်မကာ ကွမ်းရွက်တရွက်ကို ယူသည်။ ကွမ်းရွက်၏ အဖျားကို လက်ဖြင့်အနည်းငယ်ဆိတ်လိုက်သည်။ ကွမ်းရွက်အရိုးတံကိုလည်း ဆိတ်ကာချိုးလိုက်သည်။ ပြီးလျှင် ထုံးထုပ်ကို ယူကာ လက်ညှိုးပေါ်သို့ အနည်းငယ်ညှစ်ချသည်။ ထုံးရှိသောလက်ညှိုးကို ကွမ်းရွက်တွင် ထုံးပါးပါးလေးဖြစ်အောင် နှစ်ချက်သုံးချက်လောက် တို့လိုက်သည်။

အဘကွမ်းယာတွင် ရှားစေးမပါ။ ရှားစေးကို ဘယ်အခါမှ မသုံး။ စမုန်စပါးကိုလည်း ရှိမှသာ သုံးသည်။ အမြဲတမ်းမသုံး။ ကွမ်းရွက်ကို ထုံးပါးပါးတို့ပြီးသော် ကွမ်းသီးစိပ်များကို ယူသည်။ ကွမ်းယာပေါ်တွင် ပုံသည်။ အလယ်ဆင့်မှ ဗမာဆေး ကို လက်မ လက်သည်းခွံပမာဏလောက် အနည်းငယ်ချိုးဖဲ့ကာ ကွမ်းရွက်တွင် ထည့်သည်။ ကွမ်းရွက်ကို အသာအယာ ထုပ်လိုက်သည်။ ကွမ်းယာခြင်းဖြစ်သည်။ ဤသို့ဖြင့် ကွမ်းယာတယာရပေသည်။ ပုံမှန်အားဖြင့် အဘ၏ ကွမ်းယာသည် ယာသောပုံ အစဉ်အတိုင်းပြရသော် ကွမ်းရွက်၊ ထုံး၊ ကွမ်းသီး၊ ဗမာဆေးတို့ဖြင့်သာ ဖွဲ့စည်းသည်။

ထိုကွမ်းယာကို ပါးစောင်တဖက်ထဲထည့်ကာ ကွမ်းမြုံ့သည်။ ထုံးပေနေသော လက်ညှိုးကို နီးရာတိုင်တွင် မသုတ်၊ ကွမ်းအစ်အပြင်ဖက် ကြေးသားပြင်ပေါ်တွင် သုတ်လေသည်။ ထို့ကြောင့် ထုံးပေနေသော ကွမ်းအစ်ကို ပြောင်နေ အောင် ခဏခဏတိုက်ချွတ်ရခြင်းဖြစ်သည်။

အဘက ကွမ်းစားပြီးတိုင်း ပလုတ်ကျင်းလေ့ရှိသည်။ ထို့ကြောင့်လည်း သွားတွေက လုံးလုံးမပျက်စီး။  ရွှေသွားထည့် ထားသော ဘယ်ဖက်အံသွားနှစ်ချောင်းမှအပ ကျန်သော အံသွားများ အပေါ်အောက်သွားများသည် ကွယ်လွန်သည် အထိ အကောင်းပကတိရှိနေကြသည်။ အဘ၏ကွမ်းယာစားနှုန်းက တနေ့လျှင် ခြောက်ယာအထက်ရှိသည်။
ကွမ်းစားသောအခါ ကွမ်းတံတွေးထွေးရန် ထွေးခံကို တိုင်တတိုင်နားတွင် အမြဲတမ်းထားသည်။ ထွေးခံကိုတော့ သူက သူ့ဖာသာသူဆေးသည်။ မြေးများကို “ရေနဲ့သွားကျင်းလိုက်ကွာ” ဟုပဲ ခိုင်းတတ်သည်။ ကျင်းရင်းနဲ့ ပြောင်အောင် ဆေးခဲ့လျှင်လည်း မည်သို့မျှ မပြော။ သူ့ထွေးခံကို သီးသန့်သတ်သတ်မှတ်မှတ်ထားသည်။ အဘက သူများအိမ်သွား လျှင် ကွမ်းစားလေ့မရှိ။ အိမ်ရှိ ကွမ်းအစ်အတွင်းမှကိုယ်တိုင်ယာသော ကွမ်းယာကိုသာ ခံတွင်းတွေ့ပုံရသည်။

ရပ်ရွာတွင်နေထိုင်ကြသော အိမ်နီးနားချင်းများသည် နေ့စဉ်လိုလိုပင် အဘဆီသို့လာကာ စကားပြောကြသည်။ စကားပြောရင်း တည်ခင်းသောကွမ်းအစ်ကို ယူကာ ကွမ်းယာများ ကိုယ်စီကိုယ်ငှ ယာကြ၏။ ကွမ်းသီးစိတ်များကို ကွမ်းယာထဲထည့်လိုသလောက် ညှပ်ကြ၏။ ကွမ်းတယာညက်ခန့်ကြာအောင် စကားပြောသူလည်း ရှိသည်။ စကားဝိုင်းထဲမ၀င်ဘဲ ကွမ်းမြုံ့ရင်း သတင်းစာဖတ်နေသူလည်း ရှိ၏။ ကွမ်းသုံးလေးယာညက်မှ ပြောစရာ စကားလည်း မရှိတော့ပြီဖြစ်သောကြောင့်ထင်၊ သွားစရာရှိသေးသည်ဟုပြောကာ အဘအိမ်မှ ခွာကြသူများလည်း ရှိ၏။ ကွမ်းယာအကြောင်းပြု၍ ရပ်ရွာသတင်း မြို့နယ်သတင်း ကမ္ဘာ့သတင်းပါမကျန် အလုံးစုံနီးပါး သိကြရ၏။

တခေါက်တွင် အဘတို့ဆီအလည်ရောက်နေသော ရန်ကုန်သားက သူ၏အဘွားအား ဤသို့တောင်းဆိုသမှုပြု၏။

“အဘွား၊ အဘွားတို့အိမ်ကို ကွမ်းလာစားသူများသည် မိုးလင်းသည်နှင့် ခြံတံခါးပင် မဖွင့်သေး၊ လမ်းကြုံသည်ဟု အကြောင်းပြကာ အိမ်ကိုဝင်လာကြ၏။ အဘပေးသော ကြေးကွမ်းအစ်ကို ယူ၍ ကွမ်းညှပ်ကိုသုံး၊ ကွမ်းသီးကို စိတ်ကြကာ ကွမ်းယာ ယာကြ ကွမ်းမြုံ့ကြပြီး ထွေရာလေးပါး ဟိုဟိုဒီဒီပြောကြ၏။ ဒါကို ကျွန်တော်မနှစ်သက်ပါ၊ ထို့ကြောင့်မနက်ဖြန်မှ စကာ အိမ်တံခါးကို ပိတ်ပါမည်၊ အခွင့်ပေးပါ အဘွား” ဟုတောင်းဆိုလေသည်။ နယ်ရှိ အိမ်များသည် နေ့ဖက်များတွင် ခြံတံခါးကိုသာပိတ်လေ့ရှိပြီး အိမ်မကြီးတံခါးကို ဖွင့်ထားလေ့ရှိကြသည်။

အဘွားက “ငါ့မြေးရယ် မဟုတ်တာ မလုပ်ပါနဲ့” ဟု အစတွင် တားသေးသည်။ ခေါင်းမာသော ရန်ကုန်သားက ဇွတ် အတင်း တောင်းဆိုပြန်ရာ “ကဲ ငါ့မြေးအရည်အချင်းကြည့်တာပေါ့” ဟု ပြောကာ ခွင့်ပြု၏။ ရန်ကုန်သားသည် နောက်တနေ့မနက်တွင် အိပ်ရာမှစောစောထကာ ထိုစဉ်က သူ၏ပခုံးသာသာအမြင့်ရှိသော ခြံတံခါးကို ပိတ်၏။ ထို့နောက် အိမ်မကြီးရှိ သစ်သားတံခါးကို ပိတ်၏။ ထိုတံခါးမှာ သစ်သားချောင်းများဖြင့် ပြုလုပ်ထားသဖြင့် အိမ်တွင်းမှ အိမ်ပြင်၊ အိမ်ပြင်မှ အိမ်တွင်း လှမ်းကြည့်လျှင် တပိုင်းတစလှမ်းမြင်ရ၏။ တံခါးကို အပေါ်ချက်အောက်ချက် ထိုးထားလိုက်၏။ အဘက သူ့ထုံးစံအတိုင်း အိမ်ဦးခန်းတွင် တင်ပလ္လင်ခွေထိုင်ကာ ကွမ်းမြုံ့နေလျက်။

ခြံတံခါးကိုဖွင့်ကာ ရပ်ကွက်ထဲမှ အိမ်လာလည်နေကျ လူတယောက် ခြံဝင်းထဲဝင်လာသည်။ အိမ်တံခါးပိတ်ထားသည်ကိုတွေ့ပြီး ခေါင်းကုတ်ကာ ပြန်ထွက်သွားသည်။ နောက်တယောက် ၀င်လာပြန်သည်။ “ဘကြီးရေ” ဟု ခေါ်လိုက်သေးသည်။ အဘက ရန်ကုန်သားကို ပြုံးကြည့်သည်။ အသံမပေး။ ထိုလူလည်း ပြန်သွား သည်။ အိမ်ရှိလူများ အ၀င်အထွက်လုပ်သော် အိမ်တံခါးကို အကျင့်ပါနေသောကြောင့် ဖွင့်သွားကြသည်။ ရန်ကုန်သားက စောင့်ကြည့်ပြီး ပြန်ပိတ်သည်။

ညနေပိုင်းရောက်သော် အဘွားက “မြေးရေ တံခါးပြန်ဖွင့်စမ်းပါကွယ်” ဟု ပြောသည်။ အဘဆီိကိုလှမ်းကြည့်တော့ အဘက မပြုံးမရယ်၊ သူ့အတွေးနဲ့သူ ကွမ်းဝါးနေပေသည်။

ထိုသို့ဖြင့် ရန်ကုန်သား၏ တံခါးပိတ်ခြင်းလုပ်ငန်းသည် တညနေအထိသာ ခံပေသည်။ တံခါးဖွင့်လိုက်သည်နှင့် ရပ်ရွာထဲမှလူများလည်း အိမ်တွင် ကွမ်းယာလာစားကြသည်။ မနက်နှင့် နေ့လည်က မစားဖြစ်လိုက်ရသောကြောင့် အတိုးချကာ တစ်ယာပြီးတစ်ယာ စားကြလေသည်။ အဘ၏ကြေးကွမ်းအစ်သည် ဟိုလူ့ဆီရောက်လိုက်၊ ဒီလူ့ဆီ ရောက်လိုက်ဖြင့် အသုံးတည့်နေပေသည်။ သတင်းတွေလည်း စုံအောင် ပြောကြလေသည်။ ညအိပ်ချိန်နီးမှ ထပြန်သူလည်း ရှိလေသည်။

အဘလွန်သောအခါ အဘ၏ကွမ်းအစ်သည် သုံးသူမရှိဖြစ်လေတော့သည်။ အဘသည် သူ၏ကွမ်းစားခြင်းအလေ့ကို မည်သူ့ကိုမျှ စွဲသွားအောင် မပျိုးထောင်ပေးခဲ့။ ရန်ကုန်သား၏ ဦးလေးဖြစ်သူများထဲတွင်လည်း ကွမ်းကို စွဲစွဲမြဲမြဲစားကြ လေ့မရှိ။ အပျင်းပြေသဘော ခံတွင်းချဉ်၍သာ ကွမ်းယာဆိုင်မှ တစ်ယာနှစ်ယာ ၀ယ်စားလေ့ရှိသည်။ နယ်သားများဖြစ်သော အဘ၏မြေးတချို့ကား ရပ်ရွာဓလေ့ကို ထိန်းသိမ်းသောအနေဖြင့် အဘရှိစဉ်ကတည်းက အဘရှေ့မှာပင် ကွမ်းစားကြသည်။ သို့သော် အိမ်ယာကွမ်းကို မကြိုက်ကြ၊ ဆိုင်ယာကွမ်းကိုသာလျှင် အစွဲကြီးစွဲကြ လေသည်။ အဘက သဘောကျသည်လည်း မပြော၊ ဘယ်အခါမှ တားသည်ဟူလည်း မရှိခဲ့။

အဘ၏ကွမ်းအစ်အား လွမ်းသောကြောင့် ရန်ကုန်သားသည် ကွမ်းစားခြင်းဓလေ့ကို ပြန်လည်ထူထောင်ရန် ကြံမိသေးသည်။ သို့သော် ရန်ကုန်သား၏သွားများကား အဘ၏သွားများကဲ့သို့ မခိုင်ခံ့၊ ရန်ကုန်သား၏ ကွမ်းညှပ် သုံးတတ်သောအစွမ်းကား အဘ၏ကွမ်းညှပ်ခြင်းအနုပညာလောက် မသိမ်မွေ့၊ ကွမ်းစားသည့်အခါ ကိုယ်တိုင်ယာသော ကွမ်းယာတွင် ထည့်ရမည့်ထုံးပမာဏကို မခန့်မှန်းတတ်သောကြောင့် ထုံးပေါက်သောဒဏ်ကို မခံစားနိုင်သည်က တကြောင်း၊ ဗမာဆေးဟုခေါ်ကြသော ဆေးရွက်ကြီးကိုလည်း မတို့မထိရဲသည်က တကြောင်း စသည်စသည် အကြောင်းများကြောင့် ကွမ်းစားမည့်အစီအစဉ်ကို မစွန့်လွှတ်ချင်သော်လည်း စွန့်လွှတ်လိုက်ရလေသည်။

ထို့ပြင် ကွမ်းစားလျှင် ကွမ်းတံထွေးထွေးဖို့ ထွေးခံလိုမည်။ ထွေးခံကိုလည်း ပုံမှန်ဆေးရန်လိုသည်။ အဘကဲ့သို့ ကိုယ်တိုင်ကိုယ်ကျ ပုံမှန်ဆေးဖို့ ၀ီရိယမရှိသဖြင့် ကွမ်းစားလျှင် စည်းမဲ့ကမ်းမဲ့ ဟိုနားဒီနား ကွမ်းတံတွေး ထွေးမိပေ လိမ့်မည်။ ထွေးမိသည့်အခါ မြို့ပြအလှကို ဖျက်ဆီးသူများစာရင်းတွင် တယောက်အပါအ၀င်ဖြစ်ခြင်းကို လက်မခံနိုင်။

ဤသို့ဖြင့် အဘ၏ကွမ်းအစ်သည် ကွမ်းစားမည့်သူမရှိသောကြောင့် ကွမ်းယာ ယာရန်အတွက် မည်သည့်အမယ်မျှမရှိ။ သို့ရာတွင် အဘ၏လက်စွဲ ကြေးကွမ်းအစ်ဖြစ်သည့်အတွက် မည်သူ့ကိုမျှ မပေးရက်ဘဲ ကြေးရောင်လက်အောင် အရောင်တင်လိုက်၊ သေချာထုပ်ပိုးကာ သိမ်းဆည်းထားလိုက်နှင့် ကြေးရောင်သည် လက်လျက်ရှိပေသည်။ အိမ်သို့လာရောက်ကာ ကွမ်းယာလာစားရင်း ရပ်ကြောင်းရွာကြောင်းလာပြောမည့် သူတွေသည်လည်း ဆိတ်သုဉ်းသွားပြီဖြစ်ပြီး အဘ၏ ကြေးကွမ်းအစ်သည် ကွမ်းအစ်ပင်စင်ရနေပြီဖြစ်ပါတော့သတည်း။