ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော ● ဆင်းရဲခြင်းလွတ်ကင်းအောင်

လှကျော်ဇော ● ဆင်းရဲခြင်းလွတ်ကင်းအောင်
(မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၆

ယခုတလော (၂၀၁၄-ဖေဖော်ဝါရီ လဆန်းပိုင်း) မှာ ပြည်တွင်းပြည်ပ မီဒီယာများမှာရော၊ အင်တာနက် ကွန်ရက်များမှာရော ရေပန်းစားပွက်လောထနေတဲ့ သတင်းတပုဒ်ရှိပါတယ်။ အဲဒီသတင်းကတော့- ဇန်နဝါရီလ ၂၈ ရက်နေ့က မကွေးတိုင်း ဒေ သ ကြီး၊ မကွေးမြို့နယ်၊ သစ်ရာကောက်ကျေးရွာက ဒေသခံ များနဲ့တွေ့ဆုံစဉ် မွေးမြူရေးလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး (ဗိုလ်ချုပ်) ဦးအုန်းမြင့်ရဲ့ ပြောကြားချက်များ…ပါ။

ဦးအုန်းမြင့်ရဲ့ မိုက်မိုက်ရိုင်းရိုင်း- ရင့်ရင့်သီးသီးပြောဆိုချက်တွေကို တအံ့တဩ နားထောင်လိုက်ရပေ မယ့်အဲဒီအကြောင်း ကိုတော့ လူအတော်များများက ပြန်လည်ဝေဖန်ရေးသားပြောဆိုပြီးဖြစ်လို့ ထပ်မရေးချင်တော့ပါ။ ကျွန်မရေးချင်တဲ့အကြောင်း က  အဲဒီပြောကြား ချက်တွေရဲ့ အဆုံးသတ်ကလေးမှာ ပြောသွားတဲ့စကားတွေနဲ့ပတ်သက်ပါတယ်။“ဝန်ကြီးဦးအုန်းမြင့်က ဒေသခံများကို အာဟာရပြည့်ဝရန်အတွက် အသားစားရန်၊ ငါးစားရန်၊ ဥစားရန်နှင့် နွားနို့သောက်ရန်လည်းထည့်သွင်း ပြောဆိုသွားပါ သည်”….တဲ့။

အဲဒီအပိုဒ်ကလေးကိုဖတ်ရကြားရတော့ ကျွန်မ လွန်ခဲ့တဲ့ အနှစ် (၄၀) ကျော် မဆလခေတ်က အလုပ်သင်ဆရာဝန်ဘဝ ဖြတ်သန်းခဲ့စဉ်က အတွေ့အကြုံတွေကို ပြန်သတိရမိပါတယ်။
••• ••• •••

ကျွန်မ ၁၉၇၀- က ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ အမ်ဘီဘီအက်စ် ဘွဲ့ရခဲ့ပါတယ်။ ၁၉၇၁- တနှစ်လုံး အလုပ်သင်ဆရာဝန်အဖြစ်နဲ့ရန်ကုန်မြို့ပေါ်ရှိဆေးရုံတွေဆေးပေးခန်းတွေမှာလှည့်လည်ပြီး အလုပ်တာဝန်တွေ ထမ်းဆောင်ခဲ့ရပါတယ်။ အဲဒီ တုန်းက ကြုံခဲ့ရတာပါ။

ကျွန်မဟဲလ်ပင်လမ်းက “ကလေးဆေးရုံကြီး” မှာ ကြုံတွေ့ခဲ့ရတာတွေကို အရင်ပြောပြပါမယ်။ ပထမဆုံး ကျွန်မတာဝန်ကျ တဲ့ဌာနက “ပြင်ပလူနာဌာန” (OPD) ပါ။ အဲဒီဌာနရဲ့ဌာနမှူးက ဒေါက်တာ ဒေါ်ရီရီလှပါ။ ယုဝတီခင်ဦးဆိုတဲ့ ကလောင်နာမည် နဲ့လည်း စာတွေပေတွေ ရေးပါတယ်။ အလွန်စိတ်စေတနာ ပြည့်ဝ သူပါ။ ဗမာပြည်ရဲ့တခုတည်းသော ကလေးဆေးရုံကြီးဖြစ်တဲ့ အတွက် ရန်ကုန်တမြို့လုံးကတင်မက ဗမာတပြည်လုံးကပါ ကလေးလူနာတွေလာရောက်တဲ့အတွက် အလွန်လူနာများပါ တယ်။ မနက် ဆေးရုံတံခါးကိုဖွင့်လိုက်တာနဲ့ လူနာတွေတဝုန်းဝုန်းတရုန်းရုန်းနဲ့ ပြင်ပလူနာဌာနကြီးတခုလုံး ပြည့်လျှံ သွားတာပါပဲ။ လူနာတနေ့တနေ့ ထောင်ချီရှိပါတယ်။ ဥက္ကလာပတို့ သာကေတတို့ကဆိုရင် မနက် ၂ နာရီ ၃ နာရီ လောက် ကတည်းက လာတန်းစီနေတာပါ။ တခါတလေ ကလေးလူနာတွေ ဘယ်လောက် ပြင်းထန်သလဲဆိုရင် ကျွန်မတို့ဆရာဝန် တွေရှေ့ရောက်လို့ အမေတွေက ကလေးတွေကို ခြုံပေးထားတဲ့စောင်တွေ အနှီးတွေခွာလိုက်မှ ကလေးအသက်မရှိတော့ တာတွေ တွေ့ရတတ်ပါတယ်။

အဲဒါမျိုးတွေ ကြုံလာရတော့ ဒေါ်ရီရီလှက မနက် ၈-နာရီ ဆေးရုံဖွင့်တာနဲ့ (တခါတရံ ၇ နာရီခွဲလောက် ရောက်လာတတ်ပါ တယ်။) တန်းစီနေတဲ့လူနာတွေကို လှည့်ကြည့်ပါတယ်။ ပြင်းထန်တဲ့လူနာတွေ တွေ့ရင် တန်းမစီခိုင်းတော့ဘဲ ဆေးရုံချက်ချင်း တင်ပေး လိုက်ပါတယ်။ ကျွန်မတို့အလုပ်သင်ဆရာဝန်တွေရော၊ သူနာပြုတွေကိုရော နောက်ဆုံး တံခါးစောင့်တွေကိုပါ  လူနာအရေးကြီးရင်ကြီးသလို သူ့ကို အသိပေးဖို့ မှာထားပါတယ်။ သူ့ရဲ့အဲဒီလိုဝိရိယစိုက်လုပ်ဆောင်မှုကြောင့် နောက်ပိုင်း ဆရာဝန်ရှေ့ရောက်တာနဲ့ လူနာအသက်ပျောက်နေတဲ့အဖြစ်မျိုး မတွေ့ရတော့ပါဘူးဒီနေရာမှာ ကြုံတုန်းတခုပြောပြချင်ပါ သေးတယ်။ ရာသီဥတုအပြောင်းအလဲကာလ (မိုးဦးကျစ) တွေမှာ ကလေးတွေ အထက်လှန် အောက်လျှော၊ ဝမ်းဖော ဝမ်းယောင် စတဲ့ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါအမျိုးမျိုးဖြစ်လာတတ်ပါတယ်။ သံကောင်စွဲ တဲ့ရောဂါကလည်း ကလေးအများစုမှာ အခြေခံအားဖြင့် ရှိနေတတ်ပါတယ်။ ရန်ကုန်မြို့လယ် ကျူး ကျော် ရပ်ကွက်များကလူတွေကို ဆင်ခြေဖုံးပတ်ဝန်းကျင်အရပ်တွေ (သာကေတတို့၊ ဥက္ကလာတို့) ကို ဘာအခြေခံအဆောက်အအုံမှ စီစဉ်မပေးဘဲ ရွှေ့ပြောင်းပစ်လိုက်လို့ အဲဒီအရပ်က လူတွေကူးစက် ရောဂါအမျိုးမျိုး ဖြစ်နေချိန်ပါ။ ဝမ်းရောဂါတွေခံစားရပြီး ရေဓာတ်ချို့တဲ့နေတဲ့ (Dehydration) ကလေး တွေကို ပေးစရာဆေးအလုံအလောက် ကျွန်မတို့မှာမရှိပါဘူး။ ဒါကြောင့် အကြံအဖန်တွေလုပ်ရပါ တယ်။ ရေချက်အေးတွေကို ဇလုံကြီးတွေထဲမှာ ထည့်ထားပြီးဆား၊ ပိုတက်ဆီယမ်ဆေးပြား၊ ဂလူးကို့စ် အမှုန့်တွေရောဖျော်ပြီး အရောင်နည်းနည်းရဖို့ အတွက် အနီရောင်ရှိတဲ့ ချောင်းဆိုးပျောက်ဆေး (Mixt.Carmanative) အရည်လေးနည်းနည်း ရောထည့်ပြီး ရေပုလင်း လေးတွေနဲ့ အဆင်သင့် ထည့်ထားရပါတယ်။ အဲဒီပုလင်းကလေးတွေကို ရေဓာတ်ချို့တဲ့နေတဲ့ ကလေးတွေ သောက်ဖို့ပေး ရပါတယ်။ ကလေးမိခင်တွေကတော့ ဘာမှမသိရှာဘဲ ကလေးတွေဝမ်းလျှောလာရင် ပန်းရောင် ဆေးရည်လေး ပေးပါ။ အဲဒီဆေးနဲ့ အရင်တခေါက်က ကောင်းသွားတာ။ သိပ်စွမ်းတဲ့ဆေးဆိုပြီး တောင်းတတ်ပါတယ်။ အကြောင်းသိ ဆရာဝန်၊ ဆရာမတွေကတော့မချိတဲ့နှလုံးနဲ့ပြုံးလို့သာ နေရပါတယ်။ (တကယ်လည်း ဝမ်းလျှောတာ သိပ်မပြင်းထန်ရင် ထွက်သွားတဲ့ ရေဓာတ်၊ ဆားဓာတ်ဖြည့်ပေးလိုက်နိုင်ရင် ကောင်ကောင်း သွားတတ်ပါတယ်။ နောက်ပိုင်း ကျန်းမာရေး၊ ပညာပေးရေးတွေ ခေတ်စားလာတော့ မိခင်တွေက ဓာတ်ဆားရည် ဖျော်တတ်လာပါတယ်။ လူနာတွေက သိပ်များတော့ ပြောပြချိန်မရှိပါဘူး။ နောက်ပိုင်းဘီပီအိုင်ကလည်း ဓာတ်ဆားရည်ထုပ်တွေ ထုတ်လာပါတယ်။)

အဲဒီတုန်းက “ကလေးဆေးရုံ”မှာ အတွေ့ရများနေတဲ့ရောဂါသည်ကလေးများကတော့ Kwashiorkor ကွာရှာကောလို့ခေါ်တဲ့  အာဟာရ (အထူးသဖြင့် အသားဓာတ် Protein) မလုံလောက်လို့ဖြစ်တဲ့ ရောဂါသည်လေးတွေပါ။ နို့ညှာကလေးတွေမှာ အဖြစ်များလို့ ‘နို့ညှာကလေးရောဂါ’  လို့လည်း မြန်မာ မှုပြုထားပါတယ်။ ကလေးအငယ်ထပ်ရှိလာရင် နို့ညှာကလေးကို နို့ဖြတ်လိုက်တဲ့အတွက် အသားဓာတ်လျော့နည်းပြီးဖြစ်ရတာပါ။ ဗိုက်ကလေးက ပူပူ၊ ခြေထောက်ကလေးတွေ၊ လက်က လေးတွေ ဖောရောင်ပြီး ကိုယ်ခန္ဓာ အရေပြားပေါ်မှာလည်း အစက်အပြောက်မျိုးစုံနဲ့ ဆေးရုံကိုရောက်လာတတ် ပါတယ်။ အဲဒီ ကလေးတွေကို အတွင်းလူနာအဖြစ် အဆောင်တဆောင်မှာစုထားပြီး  ဆေးရုံက အထူးကျွေးမွေးနှုန်း (Special Diet) စီစဉ်ပြီး ကျွေးမွေးပါတယ်။ အဲဒီတုန်းက ဆေးရုံအုပ်ကြီးက ဒေါက်တာ ဦးတင်ဦးပါ။ သူက ဒီလိုရောဂါကုရတာကို သိပ်စိတ် အားတက်ကြွပါတယ်။ စိတ်အားတက်ကြွလည်း တက်ကြွစရာပါပဲ။ အခြေခံဘာရောဂါမှမရှိဘဲ အာဟာရမလုံလောက်မှုကြောင့် ဖြစ်ရတာဆိုတော့ ဆေးရုံမှာ ကုလသမဂ္ဂတို့၊ ယူနီဆက်ဖ်တို့က လှူဒါန်းထားတဲ့ နို့မှုန့်တွေဖျော်တိုက်လိုက်ရုံနဲ့ ကလေးတွေ ဟာ တပတ်ဆယ်ရက်အတွင်း အဖောအရောင်တွေကျသွားပြီး ပြောင်ပြောင်ရောင်ရောင် ဖြစ်လာပါတယ်။ ဒါပေမဲ့ အိမ်ပြန် သွားပြီး ၁ လ ၂ လနေရင် ဒီရောဂါလက္ခဏာတွေနဲ့ပဲ ပြန်ပြန်ရောက်လာ ပါတယ်။

ဒါကြောင့် ကလေးမိဘတွေကို ကျန်းမာရေးပညာပေးဖို့အတွက် ညနေပိုင်းမှာ (၁ ပတ် ၂ ကြိမ်- follow-up)  ပြန်ခေါ်ပြီး ကလေးတွေကို ဘာကျွေးရမယ်။ အာဟာရမပျက်အောင် ဘယ်လိုချက်ရ ပြုတ်ရမယ်ဆိုတာတွေ သင်ပြပေးပါတယ်။ ဒီလုပ်ငန်းကို လူမှုရေးလုပ်ငန်းတွေမှာစိတ်အားထက်သန်တဲ့ ဒေါ်ရီရီလှကိုပဲ တာဝန်ပေးထားပါတယ်။ (နောက်ပိုင်းတော့ သခင်မြပန်းခြံမှာဆေးခန်းပြောင်းရွှေ့ဖွင့်ပြီး ဟောပြောပွဲတွေလည်းလုပ်ပါတယ်။) ကာကွယ်ဆေးတွေ ဘာတွေလည်း ထိုးပေးပါတယ်။ အဲဒီမှာ ဒေါ်ရီရီလှက- ကလေးမိဘတွေကို ကလေးကို ဘာကျွေးရမယ်၊ ဘယ်လိုကျွေးရမယ်ဆိုပြီး စိတ်ရှည် လက်ရှည် ပြောပြတတ်ပါတယ်။ သူက လူနာကလေးတိုင်းကို တဦးချင်းရဲ့လိုအပ်ချက်အလိုက် တဦးချင်းကို ပြော ပြနေ တာပါ။ ကျွန်မတို့ အလုပ်သင်ဆရာဝန် ၂ ယောက်လောက်လည်း သူနဲ့အတူ ရှိတတ်ပါတယ်။ သူက လူနာရှင်မိဘများဘက် လှည့်ပြောလိုက်၊ ကျွန်မတို့ဘက် လှည့်သင်ပေးလိုက်နဲ့ပါ။ တခါမှာတော့ မိဘရှင်တဦးက ဒီလိုပြန်ပြောလာပါတယ်။ “ဒေါက် တာရယ်- ကျွန်တော်တို့က  အခု ဒေါက်တာပြောပြသလို ဘယ်အသားမှာ ဘာဓာတ်ပါတယ်၊ ဘာဘီတာမင်ပါတယ်၊ ဘာမသိ ညာမသိပေမယ့် ဘယ်ဟာကတော့ စားကောင်းတယ်ဆိုတာ သိပါတယ်။ ကိုယ့်ကလေးကို ကြက်ဥလေး၊ ကြက်သဲလေး၊ နွားနို့ လေးကျွေးချင်ပါတယ်။ မတတ်နိုင်လို့ပါ” လို့ မရဲတရဲ မပွင့်တပွင့် ပြောလာပါတယ်။

ဆရာမကြီးလည်း မျက်စိမျက်နှာပျက်ပျက်နဲ့ငြိမ်ကျသွားပြီးနောင်လည်း ကြက်ဥကြက်သားစတာတွေ သိပ်မပြောတော့ဘဲ မိဘရှင်များလည်း တတ်နိုင်ကောင်းတဲ့ မြေပဲယိုထိုးကျွေးနည်းတို့၊ ဘိန်းမုန့်လုပ် ကျွေးနည်းတို့၊ ပဲထမင်းလုပ်ကျွေးနည်းတို့ စတာတွေကို သင်ပေးပါတယ်။ဒါပေမဲ့ ဒီလိုမျိုး ရောဂါသည် ကလေးတွေ သိသိသာသာ လျော့နည်း ကျဆင်းသွားတာမတွေ့ရပါဘူး။
••• ••• •••

နောက်အတွေ့အကြုံတခုကတော့ - ဒီလိုပါ။
တောင်ဥက္ကလာပ ‘တီဘီ ရောဂါတိုက်ဖျက်ရေးဆေးပေးခန်း’မှာ ကြုံခဲ့ရတာပါ။ အဲဒီတုန်းက ဗမာပြည်မှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) အကူအညီနဲ့ ကူးစက်ရောဂါတိုက်ဖျက်ရေး (တီဘီငှက်ဖျား) လုပ်ငန်းတွေ လုပ်နေပါတယ်။ အဲဒါတွေကို ကျွန်မတို့ နောက် ဆုံးနှစ်ကျောင်းသားဘဝကတည်းက စာ တွေ့ရော လက်တွေ့ရော သင်ယူရပါတယ်။ အလုပ်သင်ဆရာ ဝန်ဖြစ်တော့ လည်း အဲဒီလိုမျိုး ဆေးပေး ခန်းတွေမှာ သွားတာဝန်ထမ်းရပါတယ်။ ဒီလိုနဲ့ ကျွန်မဟာ တောင်ဥက္ကလာပဆေးရုံကို ရောက်သွား တာပါ။ အဲဒီတုန်းက နယ်လှည့်ဓာတ်မှန်ရိုက်ကားကြီးတွေနဲ့  ရပ်ကွက်တွေထဲလှည့်ပြီး အခမဲ့ ဓာတ် မှန်ရိုက်ပေးပါတယ်။ အဲဒီကနေ တွေ့ရှိတဲ့လူနာတွေကို ရပ်ကွက်အလိုက်မှတ်ပုံတင်ပြီး တီဘီဆေးတွေ ကို တပတ်(၂) ကြိမ် လာယူသောက်စေရပါတယ်။ (အိမ်ပေးလိုက်ရင် မသောက်မှာစိုးရလို့ ဆေးခန်းမှာ ပဲ သောက်ခိုင်းရတာပါ။) ဆေးကို ၃-လ တန်သည်၊ ၆-လတန်သည် သောက်ခိုင်းရပါတယ်၊ ကျွန်မတို့ ကို ကာကွယ်ရေးဆေးပညာဌာန ဆရာများက ဒီလိုမျိုးနည်းနဲ့ အိန္ဒိယမှာ တီဘီရောဂါ ပပျောက်လု မတတ်ဖြစ်နေပြီလို့ ပြောဖူးပါတယ်။ ဆရာတွေ မကြခဏပြောတတ်တဲ့ စကားတောင် မှတ်မိနေပါသေး တယ်။(just round the corner တဲ့။ မကြာခင်ပေါ့လေ။) အဲဒီဆေးခန်းမှာ ကျွန်မတို့တာဝန်က ဆေး တိုက်တဲ့ နေ့တွေမှာလူနာတွေကို ဆေးစောင့်တိုက်ရတာ၊ ဆေးလာမယူတဲ့ လူနာတွေကို အိမ်လိုက် ကြည့်ရတာ(ဆေးက ရပ်လို့မဖြစ်ဘူး။ အချိန်မှန်မှန် မသောက်ရင်အဲဒီဆေးက ‘ပြီး’သွားပြီး ဆေးပြီးပိုး (drug-resistent-strain) ပေါ်လာတတ်ပြီး ဆေးမတိုး ဖြစ်တတ်ပါတယ်။ ) ရောဂါသည်နဲ့ ထိတွေ့သူ စာရင်း (contact-list) ယူပြီး အဆက်မပြတ်ကြပ်မတ်ကြည့်ရှုပေးပြီးရောဂါ ကူးကူးချင်းသိအောင်နဲ့ ဆေးကုသနိုင်အောင် စီစဉ်ပေးရပါတယ်။

တခါတော့ ဆေးပေးခန်းစာရေးလေးက လူနာတယောက် ဆေးလာ မယူတာ ၂ ပတ် ရှိပြီလို့ သတင်း ပို့လာပါတယ်။ ကဲ-ဒါဖြင့် လိုက်ကြည့်ရအောင်ဆိုပြီး ကျွန်မတို့ အဲဒီလူနာအိမ်ကို လိုက်သွားပါတယ်။ ကျွန်မတို့ရောက်သွားတော့ လူနာက အိမ်ရှေ့ခန်း ကပြင်လေးမှာ ထိုင်နေပါတယ်။ အနားမှာလည်း ကလေး ၂ ယောက်ကစားနေတာတွေ့ရပါတယ်။ အိမ်အတွင်းခန်းက အမျိုးသမီးငယ်တယောက် လသားအရွယ် ကလေးလေးချီ ထွက်လာပါတယ်။ အိမ်ရှင်အမျိုးသားက နေ့စားအလုပ်သမားတဲ့။ မိုး မလင်းခင်ကတည်းက အိမ်ကထွက်သွားပြီး မိုးစုပ်စုပ်ချုပ်မှအိမ်ပြန်ရောက်သတဲ့။ တနေ့လုံးရသမျှ အလုပ်လုပ်ရတာတဲ့။ လူနာက အသက်(၅၀)ကျော်ယောက္ခမကြီး။ မိုးရွာလို့ရင်ကျပ်ပြီး လမ်းမလျှောက် နိုင်လို့မလာတာလို့ အဲဒီအမျိုးသမီးကပဲ ရှင်းပြပါတယ်။ ကျွန်မတို့လည်း ပါလာတဲ့ဆေး (လူနာ လာ မယူဖြစ်တဲ့ဆေးတွေ) ပေးပြီးနောက်အပတ် ဆေးပေးခန်းလာဖြစ်အောင်လာဖို့ပြောပြီး ပြန်ခဲ့ပါတယ်။

နောက်တပတ်ကျတော့ အဲဒီလူနာကိုသူ့သားက တွဲပိုးပြီး လာပို့ပါတယ်။ ကျွန်မက လူနာကို ဆေးတိုက် ပေးပြီး လူနာရှင်အမျိုးသားကို ခေါ်စကား ပြောပါတယ်။ ကျန်းမာရေးပညာပေးပေါ့။ လူနာနဲ့မထိတွေ့ဖို့၊ သီးခြားခွဲစား ခွဲအိပ်ဖို့ စတာတွေ။ ဒါ့အပြင် လူနာနဲ့ထိတွေ့နေသူအားလုံး(သူတို့ဇနီးမောင်နှံနဲ့ ကလေး ၃ ယောက်) တီဘီရောဂါတိုက်ဖျက်ရေးဌာနချုပ်(U.T.I -ဗိုလ်ချုပ်လမ်း-ရန်ကုန်ဆေးရုံကြီးရှေ့ မျက်နှာ ချင်းဆိုင်မှာရှိ) ကိုသွားပြီး ဓာတ်မှန်ရိုက်ဖို့၊ အဲဒီမှာက ဓာတ်မှန် အလကားရိုက်ပေးပြီး  စစ်ဆေးပေး ကြောင်း စတာတွေ ဟောရပြောရပါတယ်။ လူနာရှင်လည်း ခေါင်းတညိတ်ညိတ်နဲ့ နားထောင်သွားပါ တယ်။

နောက်တခါလာတော့ ကျွန်မက ဓာတ်မှန်သွားရိုက်ပြီးပလားလို့မေးတော့ မရိုက်ရသေးဘူးလို့ ဖြေပါ တယ်။ အလွန်ကူးစက်လွယ်တဲ့ တီဘီရောဂါသည်နဲ့ထိတွေ့နေရတဲ့ အလွန်နုနယ်တဲ့ ကလေးတွေကို မြင်ထားရတဲ့ကျွန်မက “ဒီမယ်၊ ခင်ဗျားတို့ကို ဓာတ်မှန်က အလကားရိုက်ပေးမှာ။ ရောဂါရှိရင်လည်း ကျွန်မတို့က အလကားကုပေးမှာ။ ဒီလောက် လုပ်ကိုင်ပေးနေတာတောင် ခင်ဗျားတို့က နားမထောင်ပါ လား။ ကလေးတွေအတွက် သိပ်အန္တရာယ်ကြီးတယ်။ သိရဲ့လာ”…. ကရုဏာ ဒေါသောနဲ့ပြောမိပါ တယ်။ လူနာရှင်က ခေါင်းငုံ့ နားထောင်နေပါတယ်။ ဘာမှလည်းပြန်မပြောဘဲ ထပြန်သွားပါတယ်။

အတော်လေးကြာမှ ဆေးပေးခန်းစာရေးလေးက ကျွန်မနား မရဲတရဲကပ်လာပြီး “ဒေါက်တာကို ကျွန်တော် တခုသတိပေးချင်လို့ပါ။ ဒေါက်တာကတော့ စေတနာနဲ့ ပြောတာမှန်ပါတယ်။ ဒါပေမဲ့ တခု စဉ်းစားကြည့်ပါ။ ဓာတ်မှန် အလကားရိုက်ပေးတာမှန်ပေမယ့် အဲဒီလူအုပ်ကြီးအသွားစရိတ် အပြန် စရိတ် လိုပါတယ်။ ပြီးတော့ သူတို့က တနေ့လုပ်မှတနေ့စားရတာ။ လမ်းစရိတ် တတ်နိုင်တောင် အဲဒီ နေ့ ဘာနဲ့သွားစားကြမလဲ။ ဒါကြောင့် မသွားကြတာ ဖြစ်မှာ”…လို့ ပြောလာပါတယ်။

ကဲ- ကျွန်မရော ဘာများတတ်နိုင်တော့မှာလဲ။ နောက် မကြာခင်မှာပဲ အဲဒီအိမ်က ကလေးတယောက် တီဘီဦးနှောက် အမြှေးပါးရောင်ရောဂါနဲ့ ကလေးဆေးရုံကြီးမှာ ဆုံးသွားကြောင်းကြားရပါတယ်။ ဒါတောင် အဲဒီအချိန် (မဆလခေတ်) က အခမဲ့ပညာ ရေးတို့၊ အခမဲ့ဆေးကုသရေးတို့  ကြွေးကြော်ကောင်းနေတဲ့ အချိန်ပါ။
••• ••• •••

ဒီလိုမျိုးအဖြစ်အပျက်တွေ အခုကော မရှိတော့ဘူးလား။ ဗမာပြည်မှာ ကျုပ်တို့တပ်မတော်က ဘာမဆို လုပ်ပေးနေရတာ လို့ဆိုတဲ့ (နယ်လှည့် ပါးရိုက်ဝန်ကြီး) ဗိုလ်ချုပ်အုန်းမြင့်ကို မေးပါရစေ…. ခင်ဗျားတို့ နှစ်ပေါင်း ၆၀ နီးပါး ဗမာပြည်ကြီးကို အုပ်ချုပ်လာကြတာ ဘာလို့ဒီလောက်အကုရလွယ်တဲ့ ကူးစက် ရောဂါ (တချို့နိုင်ငံတွေမှာ ရှာမတွေ့တော့ဘူး။) တွေကို ပျောက်အောင်ကုမပေးနိုင်ကြရတာတုန်း။ ဘာလို့ အခုအချိန်အထိအာဟာရပြည့်ဖို့ ဘာစားရမယ်၊ ညာစားရမယ် ညွှန်ကြားနေ ရတာတုံး။ တရားခံက ဘယ်သူတုန်း…..မေးပါရစေ။

ဒါကြောင့်ပဲ ထင်ပါရဲ့။ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ချေဂွေဗားရားကို ဆရာဝန်အဖြစ်ကနေ ဘာကြောင့် တော်လှန် ရေးသမားလုပ်ရတာလဲလို့မေးတော့ ….“လူတဦးချင်းမှာ ဖြစ်နေတဲ့ရောဂါထက် တမျိုးသားလုံးမှာဖြစ်နေတဲ့ ရောဂါပျောက် စေချင်လို့” လို့ ဖြေတာ ဖြစ်မှာ။

လှကျော်ဇော
(၁၀-၂-၂၀၁၄)

မှတ်ချက်။ ၂၀၁၄-မေလထုတ် အရေးတော်ပုံဂျာနယ်။ အတွဲ (၂) အမှတ် (၁) မှ ဆောင်းပါး။