ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်သူငြိမ်း - ကျွန်တော်နဲ့ ထိုင်းပညာရေးအတွေ့အကြုံ (၂)



အောင်သူငြိမ်း - ကျွန်တော်နဲ့ ထိုင်းပညာရေးအတွေ့အကြုံ (၂)
(မိုးမခ) သြဂုတ် ၃၁၊ ၂၀၁၆


ထိုင်းနိုင်ငံကျောင်း တခုရှိ ကစားကွင်း

အစောပိုင်းက ကျွန်တော်သိသလောက် ထိုင်းပညာရေးစနစ်နဲ့ ပတ်သက်လို့ ဆောင်းပါးရေးမိတာကို လူတော်တော်များများ က အားပေး ဖတ်ရှုတာကို တွေ့ရတယ်။ မြန်မာပြည်မှာ ပညာရေးအတွက် မိဘ၊ မောင်ဖွားတွေက အလေးထားကြကြောင်း သိရှိရတာကလည်း မင်္ဂလာတပါးပါပဲ။ ယေဘုယျအားဖြင့် ကျွန်တော်တို့ အရှေ့တိုင်း တရုတ်၊ ကိုရီးယားအပါအဝင် နိုင်ငံ အတော်များများမှာ သားသမီးတွေရဲ့ ပညာရေးကို အလေးထားကြပါတယ်။ ကလေးတွေကို ပညာပေးတာဟာ မိသားစု အတွက် ရေရှည်တန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ်လည်း ရှုမြင်ကြပါတယ်။ မြန်မာနိုင်ငံမှာ မည်သို့ဖြစ်နေပါစေ၊ မိသားစု တွေက ပညာရေးအတွက် သားသမီးတွေပညာရေးမှာ ရင်းနှီးမြှုပ်နှံနေကြဆဲ ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ ကလေးတွေ ကျူရှင်ပြီး ကျူရှင်၊ ကျောင်းစာတွေ အလွတ်ကျက်မှတ်နေတာ မြင်ရတော့လည်း အတော့်ကိုစိတ်မကောင်း ဖြစ်မိပါတယ်။ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးထက်စာရင် ကျွန်တော်တို့က ကျောင်းစာတခုတည်းအပေါ်၊ နောက်ဆုံးပြောရရင် စာမေးပွဲ အဆုံးအဖြတ်ပေးမှုအပေါ် မှီခိုနေကြတာ မြင်ရတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ကျွန်တော်သိရသလောက် ထိုင်း ပညာရေးစနစ်အကြောင်း ဆက်ရေးပါမယ်။
အာဆီယံဒေသတွင်း ဗဟုသုတ ရစေရန် ကျောင်းတွင် စီစဉ်ထားမှု



■ နို့တိုက်ကျွေးရေး အစီအစဉ်

ထိုင်းကျောင်းတွေမှာ ကလေးတွေကို နို့တိုက်ကျွေးတဲ့အစီအစဉ် ရှိပါတယ်။ သမ္မတဦးသိန်းစိန်လက်ထက်က ကျောင်းအချို့ မှာ ကလေးတွေကို နွားနို့တိုက်ကျွေးရေးကိစ္စ ပြောဆိုတာ ကြားရပါသေးတယ်။ သို့သော် ကျောင်းအရေအတွက် မည်မျှများ များ၊ အတိုင်းအတာ ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် နို့တိုက်ကျွေးတယ်ဆိုတာ သေချာမသိရပါဘူး။ ထိုင်းနိုင်ငံမှာ ကျောင်းတွေကို နို့တိုက်ကျွေးရေး အစီအစဉ် ဖြစ်လာပုံက ဒီလိုပါ။ ၁၉၈၄ ခုနှစ်မှာ နို့စားနွားမွေးတဲ့ လယ်သမားတွေက နို့တွေမရောင်းကြရလို့ ဆန္ဒပြကြပါတယ်။ အဲသည်အခါမှာ ဒီနို့တွေကို အစိုးရက ဝယ်ယူပြီးတော့ ကလေးတွေကို တိုက် ကျွေးဖို့ ဖြစ်လာတာပါ။ ၁၉၈၅ ခုနှစ်မှာ အမျိုးသားနို့တိုက်ကျွေးရေး လှုပ်ရှားမှု ဘုတ်အဖွဲ့ [National Milk Drinking Campaign Board (NMDCB)] ကို ဖွဲ့စည်းခဲ့ပါတယ်။ ဘန်ကောက်နဲ့ ချင်းမိုင်မြို့က အချို့စမ်းသပ်နေရာ အချို့မှာ မူလတန်း နဲ့ မူကြိုကလေးတွေအတွက် ကျောင်းကပေးလာတဲ့ ကူပွန်နဲ့ နို့ဝယ်ယူရင် ၂၅% ဈေးလျှော့ပေးတဲ့ အစီအစဉ်ကို စတင်စမ်း သပ် လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းနှစ်များမှာ အဲဒီအစီအစဉ်ကို တနိုင်ငံလုံးကို ချဲ့ထွင်ခဲ့ပါတယ်။ တနိုင်ငံလုံးက အစိုးရကျောင်းတွေမှာရှိတဲ့ ကလေးတွေကို အခမဲ့နို့ ၂၀၀ ml တိုက်ကျွေးပါတယ်။

အစိုးရကျောင်းများမှာ နို့တိုက်ကျွေးရေး စီမံကိန်းရဲ့ ပင်မရည်ရွယ်ချက်က ထိုင်းနိုင်ငံရဲ့ နို့ထွက်ပစ္စည်းလုပ်ငန်းကို အစိုးရက ကူညီပေးတာပါပဲ၊ ဒေသထွက်နို့တွေအတွက် ရောင်းကုန်ဈေးကွက်ရရှိအောင် ဆောင်ရွက်ပေးတာပါ။ ကလေးတွေကို ငယ် ရွယ်စဉ်ကတည်းက နို့တိုက်ကျွေးမယ်။ နောက်ပိုင်း နို့ကို အရသာပြင်ဆင်ပြီး လူကြီးတွေပါ နောက်ပိုင်းသောက်နိုင်အောင် ဈေးကွက်ရအောင် ဖန်တီးပေးတာ ဖြစ်ပါတယ်။ ကိန်းဂဏန်းတွေအရ ၁၉၈၄ ခုနှစ်မှာ ထိုင်းတွေ နို့သောက်နှုန်း နည်းပါသေး တယ်။ ၁ နှစ်ကို ၂ လီတာလောက်ပဲ ရှိပါတယ်။ အဲသည်ကနေ ၂၀၀၂ ခုနှစ်မှာ ၁ နှစ်ကို လူ ၁ ယောက် ၂၃ လီတာ အထိ မြင့်တက်လာခဲ့ပါတယ်။ နို့ဈေးကွက်ကလည်း ၁၉၉၀ ခုနှစ်များ အစောပိုင်းမှာ ၁ နှစ်ကို ၂၉၀ လီတာသန်းကနေ၊ ၂၀၀၃ ခုနှစ်မှာ ၁၁၄၆ လီတာသန်းအထိ တိုးတက်လာခဲ့ပါတယ်။ ဒေသတွေမှာ ကျွဲနွားအုပ်ပမာဏကလည်း ၁၉၈၉ ခုနှစ် မှာ ၁၃၂,၀၀၀ ကောင်ကနေ၊ ၂၀၀၃ ခုနှစ်မှာ ၄၁၂,၀၀၀ ကောင်အထိ တိုးတက်လာခဲ့ပါတယ်။ အစိုးရကျောင်းတွေက နို့ တိုက်ကျွေးမှုဟာ ထိုင်းနိုင်ငံ နို့ဈေးကွက်ရဲ့ ဝယ်လိုအား ၃၀% အထိကို ယူထားပါတယ်။ [အောက်ခြေမှတ်စု ၁ နှင့် ၂ တွင် ရှု --]
ကျောင်းတွင်း နို့တိုက်ကျွေးရေး အစီအစဉ်
ဓာတ်ပုံ - ဘန်ကောက်ပို့စ်

အဲသည်တော့ ကလေးတွေက ကျောင်းမှာ ဆာလောင်မွတ်သိပ်နေရတာ မရှိတော့ဘူး။ နွားနို့သောက်ကြရပါတယ်။ နွေ ရာသီ ကျောင်းပိတ်ရက်တွေဆိုရင် အိမ်မှာသောက်နိုင်ဖို့ စက္ကူသေတ္တာနဲ့ပါ ထည့်ပေးလိုက်ကြပါတယ်။ ၁ နှစ်ကို ပညာ သင်ရက်က ၂၀၀ ရက် ရှိပေမယ့်၊ နွားနို့တိုက်ကျွေးမှုကို ၂၃၀ ရက် သတ်မှတ်ကာ ကျောင်းပိတ်ရက်တွေမှာ နို့တိုက်ကျွေးခဲ့ ပါတယ်။ အဲသည်တော့ ထိုင်းက ကလေးတွေ ကြီးထွားသန်မာပါတယ်။ ကျွန်တော့်သမီးအကြီးကလည်း နို့ကြိုက်လာပါ တယ်။ သမီးကြီးလာတဲ့အထိ နို့ကို စွဲစွဲမြဲမြဲ သောက်တာ တွေ့ရပါတယ်။

ဒါပေမယ့် ကျောင်းနို့တွေနဲ့ ပတ်သက်လို့ ပြဿနာတွေလည်း ရှိလာပါသေးတယ်။ နို့တွေ ပုတ်သိုးနေတဲ့ကိစ္စ၊ စံချိန်မပြည့်မီ တဲ့ကိစ္စနဲ့ ယခု နို့တိုက်ကျွေးမှု အစီအစဉ်မှာ လာဘ်စားမှုတွေ ဖြစ်လာတဲ့ ပြဿနာပါ။ ၂၀၀၉ ခုနှစ်ကတည်းက စပြီး၊ ကျောင်းနို့တိုက်ကျွေးရေး ကိစ္စကို နို့ဘုတ်အဖွဲ့ကပဲ စီမံခန့်ခွဲလာခဲ့ပါတယ်။ [ဒီဘုတ်အဖွဲ့မှာ နို့ထွက်ကုန် ထုတ်လုပ်မှု မြှင့်တင်ရေးအဖွဲ့ (DPO)၊ တိရစ္ဆာန်မွေးမြူရေးဌာန နဲ့ သမဝါယမမြှင့်တင်ရေးဌာနတို့ ပါဝင်ကြပါတယ်] နို့ဘုတ်အဖွဲ့က ဘယ်သူတွေဆီက နို့ဝယ်ယူ မယ်ဆိုတာ ရွေးချယ်ပါတယ်။ နွားနို့အစိမ်း ဘယ်လိုဝယ်မယ်၊ ဘယ်လိုကိုတာ သတ်မှတ် မယ်၊ ဘယ်မှာချက်လုပ်မယ် စသည်ဖြင့် ဆုံးဖြတ်ကြပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနအောက်မှာ ထားရှိတဲ့ နို့ဘုတ်အဖွဲ့က ဘတ်ဂျက်တနှစ်ကို ဘတ် ၁၅ သန်း စီမံခန့်ခွဲခွင့်ရှိပါတယ်။ ဒီငွေနဲ့ အစိုးရကျောင်း ၄၀,၀၀၀ ကျော်မှာရှိတဲ့ ကျောင်းသား ၇.၆ သန်းကို နို့တိုက်ကျွေးဖို့ ပါ။ နောက်ပိုင်းမှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကပါ နို့ဘုတ်အဖွဲ့ဝင် အချို့နဲ့ နွားနို့ပေးသွင်းသူတွေ အကြား ဈေးညှိဆောင်ရွက်မှုတွေကို၊ ဈေးတင်ရောင်းချမှုတွေကို ဝင်ရောက်စစ်ဆေးရတာမျိုး ဖြစ်လာခဲ့ပါတယ်။
ကျောင်းရှိ လက်ဆေးကန်များ

ဆရာ၊ ဆရာမများ အိမ်ရာ

■ ကျောင်းသုံးဖတ်စာအုပ်များ
တခါက ဘယ်လို့ဖြစ်လို့လဲ မသိပါဘူး။ ကျွန်တော့်သမီးအကြီးက ကျောင်းသုံးဖတ်စာအုပ်အချို့မရဘဲ ဖြစ်နေပါတယ်။ ကျောင်းကလည်း မှာထားပေးတာ အကြောင်းကြောင်းကြောင့် နောက်ကျနေပါတယ်။ အဲသည်တော့ ကျွန်တော်တို့က အပြင်စာအုပ်ဆိုင်မှာ ရှာဝယ်ပေးရဖို့ ဖြစ်လာပါတယ်။ အဲသည်တော့မှ ထိုင်းကျောင်းတွေက ဖတ်စာအုပ်အကြောင်း သိရ ပါတယ်။ သူတို့ဆီမှာ သင်ရိုးညွှန်းတမ်း (ဘယ်အတန်းမှာ ဘယ်လိုကိစ္စ တတ်မြောက်ရမယ်) ဆိုတာ အစိုးရက ဆုံးဖြတ်ပါ တယ်။ ဒါပေမယ့် ဖတ်စာအုပ်တွေကိုတော့ ပြင်ပကုမ္ပဏီတွေက ရေးကြပါတယ်။ ကျောင်းတွေက သူတို့ကြိုက်နှစ်သက်တဲ့ ကုမ္ပဏီက စာအုပ်ကို မှာပြီးဝယ်ယူကြပါတယ်။ အဲသည်တော့ ကျောင်းတွေမှာ ဖတ်စာအုပ်ကုမ္ပဏီရွေးချယ်မှုက မတူညီကြ ပါဘူး။ စာအုပ်ဆိုင်ကပြောပါတယ်။ ကုမ္ပဏီအမည်သိရင်၊ သို့မဟုတ် ဖတ်စာအုပ်ပါ ဘားကုဒ် (Barcode) ကို သိရင် သူတို့ မှာပေးလို့ ရပါတယ်လို့ ဆိုပါတယ်။

တခုကောင်းတာကတော့ ဖတ်စာအုပ်တွေက ကိစ္စအသစ်ဖြစ်ပေါ်တိုးတက်မှုအလိုက် ကုမ္ပဏီတွေက ပြင်ဆင်နေကြပါ တယ်။ သူတို့ကုမ္ပဏီက စာအုပ်ပိုရောင်းကောင်းအောင်၊ အမြဲ ကာလနဲ့လျော်ညီစွာပြင်ဆင် (Update) လုပ်နေကြရပါ တယ်။ နောက်ပိုင်းမှာ ထိုင်းက The Nation သတင်းစာက အယ်ဒီတာ ကာဝီ ချုံကစ်တာဝုန် (Kavi Chongkittavorn ) နဲ့တွေ့တော့ သူ့ဇနီးက ဖတ်စာအုပ် (Textbook) ရေးပြီး ရောင်းချကြောင်း ပြောတာကြားရပါတယ်။ နောက်ပိုင်း ကျွန်တော် (NIDA) တက္ကသိုလ်မှာတက်တော့ အတန်းဖော် တဦး က ဖတ်စာအုပ်ရောင်းတဲ့ကုမ္ပဏီတခုမှာ ဖတ်စာအုပ်ရေးသူ စာရေးဆရာ လုပ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် ထိုင်း ဖတ်စာအုပ်တွေဟာ ပျင်းစရာကောင်းတယ်၊ ဆွဲဆောင်မှု အားနည်းတယ် ဆိုတာမျိုး ဝေဖန်မှုတွေလည်း ရှိပါသေးတယ်။ အစိုးရ ပညာရေးဝန်ကြီးဌာနက ဖတ်စာအုပ်တွေ ဒီထက် ပိုထိရောက်အောင် ပြင်ဆင်လိုတယ် ဆိုတာမျိုး ပြောဆိုကြသံလည်း ကြားရပါတယ်။

Pico (Thailand) ရဲ့ အစီရင်ခံစာတခုအရ ထိုင်းနိုင်ငံက လေ့လာရေးစာအုပ်စာတမ်းတွေ (ဖတ်စာအုပ်၊ လေ့ကျင့်ခန်း စာအုပ်များ အပါအဝင်) ရဲ့ ၇၀% ကို ပြင်ပပုံနှိပ်ထုတ်ဝေသူတွေက ထုတ်လုပ်ကြပြီး၊ မိမိဘာသာ အရည်အသွေးအာမခံ စနစ် (Publisher's Self-assurance Category) နဲ့ ထုတ်တယ်ဆိုပါတယ်။ အဓိကကျတဲ့ ထုတ်ဝေသူက ဆရာများနဲ့ ပညာရေးဝန်ထမ်းများ လူမှုဖူလုံရေးမြှင့်တင်ပေးရေး ကော်မရှင် (Welfare Promotion Commission for Teachers and Educational Personnel) လက်အောက်က ကူးသန်းရောင်းဝယ်ရေး အဖွဲ့တွေနဲ့ ပုဂ္ဂလိက ပုံနှိပ်တိုက်ကုမ္ပဏီ ၁၆-ခု က ထုတ်လုပ်နေကြပါတယ်။ ၂၀၁၂ ခုနှစ် လေ့လာချက်တခုအရ လေ့လာရေးစာအုပ်စာတန်း ၆၇၁ ခုကို စိစစ်ကြည့်ရာမှာ အစိုးရ ပညာရေးဝန်ကြီးဌာနက အတည်ပြုထားတာ ၃၀% လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ စာအုပ်ထုတ်ဝေရေး ကုမ္ပဏီ တွေကလည်း ကျောင်းတွေဆီက အမှာရဖို့၊ ခပ်လွယ်လွယ်ပဲ၊ အချက်အလက် အချို့ပြင်ဆင်၊ ပုံစံဟောင်းအတိုင်း ပုံနှိပ် ထုတ်ဝေလိုက်ကြတာပဲလို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဝေဖန်ပိုင်းခြားဖို့ မေးခွန်းတွေ ပြင်ဆင်ထားတာ အားနည်း တယ်လို့ ထောက်ပြမှုတွေလည်း ရှိပါတယ်။ [အောက်ခြေမှတ်စု ၃ တွင် ရှု --]


■ စာမေးပွဲများ
မြန်မာနိုင်ငံမှာတော့ ဆယ်တန်း (Grade 11) တက္ကသိုလ်ဝင်တန်း စာမေးပွဲက အရေးကြီးပါတယ်။ ဆယ်တန်းအမှတ်နဲ့ပဲ ကျောင်းတွေ အောင်ချက်ကောင်း-မကောင်းကို ဆုံးဖြတ်ပါတယ်။ ကျောင်းသားတွေ ဘဝတက်လမ်းကိုလည်း ဆုံးဖြတ် သလို ဖြစ်ပါတယ်။ ဆယ်တန်းစာမေးပွဲကလည်း ဖြေဆိုသူ ၁၀၀ မှာ ၇၀% လောက် ကျကျန်ရစ်ပြီး၊ ၃၀% ရာခိုင်နှုန်းကျော် လောက်ပဲ အောင်မြင်ပါတယ်။ ကျန်တဲ့အတန်းတွေမှာတော့ စဉ်ဆက်မပြတ် အကဲဖြတ်စနစ်ကို ကျင့်သုံးတယ်လို့ သိရပါ တယ်။ မကြာသေးမီကတော့ ၄-တန်းနဲ့ ၈-တန်းမှာ အစိုးရစစ် ပြန်လည်ကျင့်သုံးမယ်ဆိုတာမျိုးလည်း သိခဲ့ရပါတယ်။

ကျွန်တော်သတိထားမိသလောက်တော့ ထိုင်းက ကျွန်တော့သမီးတွေမှာ စာမေးပွဲက အတန်းအတော်များများမှာ ခပ်ပေါ့ပေါ့ပဲ ဖြတ်သန်းခဲ့ကြပါတယ်။ ကျောင်းတွင်း ကျူတိုရီယာယ်လုပ်ဆောင်မှု၊ ကျောင်းတက်မှု စတဲ့ရမှတ်တွေနဲ့ပဲ အတန်းတက်ပေးခဲ့တာ တွေ့ရပါတယ်။ မှတ်မိသလောက်တော့ သူတို့ကို စုတုပြုသဘောမျိုး၊ Presentation ပုံစံမျိုးတွေ ခိုင်းတာ သတိထားမိပါတယ်။ ဥပမာ- စက္ကူချပ်ကြီးတခုမှာ သီတင်းကျွတ်ပွဲတော်အကြောင်း အင်တာနက်တွေကရှာ၊ ဖြတ်ညှပ်ကပ်၊ နံရံကပ်စာစောင်သဖွယ် ရောင်စုံတွေနဲ့ တင်ပြရတာမျိုးတွေ၊ ကျွန်တော်တို့မြို့က စေတီအကြောင်း ကားချပ် တွေနဲ့ တင်ပြရတာမျိုးတွေ တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ထိုင်းမှာ အစိုးရစစ် စာမေးပွဲတွေအပြင်၊ တက္ကသိုလ်တွေကစစ်တဲ့ ပြင်ပ စာမေးပွဲတွေလည်း ရှိပါသေးတယ်။

ကျောင်းတွင်း အသေးစားစိုက်ပျိုးရေးပရောဂျက် တခု

အဲသည်စာမေးပွဲတွေကို အို-နက် (O-Net) လို့ခေါ်ကြပါတယ်။ ပုံမှန် အမျိုးသား ပညာရေး စာမေးပွဲ O-NET (Ordinary National Educational Test) ပါ။ Grade-၆, ၉ နဲ့ ၁၂ တွေမှာ ဖြေကြရပါတယ်။ အဲသည်စာမေးပွဲရမှတ်တွေက ကျောင်း သားတဦးချင်း အတွက်ရော၊ ကျောင်းတွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ ဆောင်ရွက်ပေးပါတယ်။ ကျောင်းဆရာ-ဆရာမ တွေကလည်း ဒီရမှတ်တွေကိုကြည့်ပြီး သူတို့သင်ကြားပို့ချမှု တိုးတက်လာအောင် ဆောင်ရွက်နိုင်ကြပါတယ်။ အဲဒီစာမေးပွဲ တွေက ၂၀၀၈ ခုနှစ်၊ အခြေခံပညာရေး ပင်မသင်ရိုးညွှန်းတမ်းအရ စစ်ဆေးတာပါ။ ၁၂-တန်းကျောင်းသားတွေအတွက် ၂၀၀၇ ခုနှစ်မှာ ဘာသာရပ် ၈-ခုကို ဖြေကြရပါတယ်။

၁။ ထိုင်းဘာသာ
၂။ သင်္ချာ
၃။ သိပ္ပံ
၎။ လူမှုရေး လေ့လာမှု၊ ဘာသာရေးနှင့် ယဉ်ကျေးမှု
၅။ ကျန်းမာရေး လေ့လာမှုနှင့် ကိုယ်ကာယ ပညာရေး (PE)
၆။ ဝိဇ္ဇာ (Arts)
၇။ အလုပ်အကိုင် နှင့် နည်းပညာ (Occupation and Technology)
၈။ နိုင်ငံခြား ဘာသာရပ်များ … ဖြစ်ပါတယ်။

အဲဒါအပြင် တလောက ကျွန်တော့်သမီးက ချူလာလောင်ကောင်တက္ကသိုလ်က လုပ်တဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှု စာမေးပွဲ ကို သွားဖြေခဲ့ပါတယ်။ အဲဒါက မဖြေမနေရ စာမေးပွဲ မဟုတ်ပါဘူး။ နာမည်ကြီးတက္ကသိုလ်တွေက စာစစ်ဌာနတွေ လုပ် ဆောင်ထားကြပြီး စာမေးပွဲတွေ လုပ်ပါတယ်။ ဥပမာအားဖြင့် Chulalongkorn University Academic Testing Centre (CU-ATC) ပါ။ နိုင်ငံတကာက လုပ်တဲ့ TOEFL, TOEIC စာမေးပွဲမျိုးနဲ့ ဆင်ပါတယ်။ စာမေးပွဲဖြေဆိုချိန်တွေ သတ်မှတ် ထားပြီး၊ စာမေးပွဲရလဒ်တွေက ၂-နှစ် သက်တန်းခံပါတယ်။ ဒီလိုအောင်မြင်ထားတဲ့ ၂-နှစ် သက်တမ်းကာလအတွင်း တက္ကသိုလ်လျှောက်ရာမှာ၊ အခြားလုပ်ငန်းနေရာတွေမှာ အသုံးပြုနိုင်တဲ့ စာမေးပွဲမျိုးပါ။ ကျောင်းသားတိုင်း မဖြေမနေရ တော့ မဟုတ်ပါဘူး။ အခြားတက္ကသိုလ်တွေမှာလည်း ဒီလိုစာစစ်ဌာနတွေ ထားရှိကြပါသေးတယ်။

■ ကောစောနော (သို့မဟုတ်) ကျောင်းပြင်ပ ပညာရေး
တခါက ကျွန်တော် ဖေ့ဘုတ်မှာ ရေးဖြစ်ပါသေးတယ်။ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့တုန်းကပါ။

"ဆယ်တန်းစာမေးပွဲ အောင်စာရင်းတွေထွက်တယ်။ ပျော်နေတဲ့မိဘတွေ၊ ဂုဏ်ထူးမပါပေမယ့် အောင်လို့ ဝမ်းသာတဲ့မိဘ တွေလည်း FB မှာတွေ့ရတယ်။ မြန်မာနိုင်ငံမှာ မူလတန်းကို ကျောင်းဝင်တဲ့ ၁ နှစ်ကျောင်းသား ၁.၁ သန်းမှာ ၃ သိန်းပဲ ဆယ်တန်း (Grade 11) ကို ရောက်တယ်။ အဲဒီထဲကမှ ၃ ယောက်မှာ ၁ ယောက်ပဲ ဆယ်တန်းအောင်တယ်။ (ဒါက ဘက်စုံပညာရေးကဏ္ဍ လေ့လာမှု CESR က တွေ့ရှိချက် ဖော်ပြထားတာ)။ ဒါကို ပျောက်ဆုံးသွားတဲ့ ကျောင်းသား ၁ သန်း လို့ ဖော်ပြထားတယ်။ ခုနှစ်အောင်ချက်ရာခိုင်နှုန်းကလည်း ၃၇% လို့ ကြားရတယ်။

ကျသွားတဲ့ ကျောင်းသားတွေက နောက်တကြိမ် ပြန်ကြိုးစားကြတယ်။ နောက်ဆုံး မအောင်ရင်တော့ အပြင်ကို အလုပ်ရှာ ဖွေဖို့ ရောက်သွားတာပေါ့။ CESR တွေ့ရှိချက်မှာ အမှန်က ဆယ်တန်းအဆင့် ပညာက သီအိုရီများပြီး၊ ဆယ်တန်းထွက်ရင် လုပ်ငန်းခွင် ဝင်နိုင်ဖို့ လက်တွေ့အရည်အချင်းက နည်းလှတယ်။ ဒါကြောင့် သူတို့က နည်းပညာနဲ့ သက်မွေးဝမ်းကျောင်း (Technology& Vocational Education) ကိုပါ ပူးတွဲသင်ကြားနိုင်ဖို့ အကြံပြုကြတယ်။

ဆယ်တန်းပြန်ဖြေကြတဲ့ ကျောင်းသားက ၄၇၀,၀၀၀ လောက်ရှိတယ်လို့ CESR က ဆိုထားတယ်။
အနောက်နိုင်ငံတွေမှာက အထက်တန်းက ထွက်ရရင်လည်း အလုပ်ခွင် ဝင်လို့ရမယ်။ ဒါမှမဟုတ် တဝက်ပျက်နဲ့ ကိုယ်ဝန်ရ ကျောင်းထွက်လိုက်ရတာမျိုး၊ အခြားအကြောင်းနဲ့ ကျရှုံးနေတာ ရှိတောင် အရင်ရမှတ် Credit တွေကို ပြန်ကယ် နိုင်တဲ့စနစ်၊ နည်းပညာ/ သက်မွေး လက်တွေ့တွေပေါင်းပြီး အထက်တန်းကျောင်း ပြန်အောင်မြင်အောင် သွားနိုင်တဲ့ လမ်းကြောင်းတွေ ပေးတယ်။ ကျနော်တို့ရဲ့ ပျောက်ဆုံးသွားတဲ့ ကျောင်းသား ၁ သန်းအတွက်လည်း စဉ်းစားသင့်တယ် ထင်ပါတယ်။"

ထိုင်းနိုင်ငံမှာတော့ ကျောင်းပြင်ပ ပညာရေးဌာနရှိပြီး၊ မြန်မာနိုင်ငံမှာလည်း မကြာသေးမီက ကျောင်းပြင်ပ ပညာရေးဌာန အသစ် စဖွဲ့တယ်လို့ ဖတ် လိုက်ရပါတယ်။ ထိုင်းမှာတော့ အတိုကောက်အားဖြင့် (ကောစောနော) လို့ ခေါ်ပါတယ်။ ကျွန်တော့်ခယ်မတယောက် ဒီလို ကောစောနောတက်တာ တွေ့ရဖူးပါတယ်။ အဲဒါအပြင် ဘီဘီစီသတင်းဌာနက သတင်းထောက် ဦးဝင်းမြင့်ဟာလည်း ဒီလို ကောစောနော ပညာရေးနဲ့ တက်ရောက်ပြီး၊ ဘွဲ့ယူလာခဲ့သူ ဖြစ်ပါတယ်။ သူနဲ့တွေ့တော့ ဒီလိုကျောင်းပြင်ပ ပညာရေးအကြောင်း သေချာမေးဖြစ်ပါတယ်။

ဒါကို အဝေးသင်ပညာရေး (တနည်း ကျောင်းပြင်ပ ပညာရေး) လို့ခေါ်ပြီး၊ ပညာရေးဝန်ကြီးဌာနအောက်က ဌာနတခု ဖြစ်ပါတယ်။ မူလတန်းမှာ အဆင့် ၁-၂-၃-၄ ခွဲထားပြီး ၆-လခန့် တက်ရောက်ရပါတယ်။ ပုံမှန်ပညာရေးအတိုင်း နှစ်ပြည့် မသင်ပါဘူး။ မူလတန်းပြီးတဲ့အခါ ၆-တန်းအောင်လက်မှတ်ပေးပါတယ်။ နောက်တခါ အဆင့်-၉ ( Level 9) ကိုတော့ ၂-နှစ်ခန့် တက်ရပါတယ်။ အဆင့် (၁၂) Level- 12 ကတော့ တက္ကသိုလ်ဝင်တန်းပါ။ တနိုင်ငံလုံး မြို့နယ်တိုင်းမှာ ဒီလို အဝေးသင် ပညာရေးဌာန ရှိပါတယ်။ ကျောင်းသားတွေကို ဖတ်စာအုပ်တွေ ပေးဖတ်ပါတယ်။ စနေ-တနင်္ဂနွေမှာတော့ အနီးကပ်သင်တန်း တက်စေပါတယ်။ အိမ်စာလုပ်ဖို့ ခိုင်းတာတွေလည်း ရှိပါတယ်။ ရပ်ကွက်ဖွံ့ဖြိုးရေးကိစ္စတွေ စုပေါင်း လုပ်ဆောင်တယ် ဆိုရင်လည်း ပေးတဲ့အမှတ်တွေ ရှိပါတယ်။ အဲသည်လို ကျောင်းပုံမှန်တက်မယ်၊ အိမ်စာပုံမှန်လုပ်မယ်၊ ရပ်ရေးရွာရေးလေးလည်း လုပ်မယ်ဆိုရင် အမှတ် ၄၀ ရမှတ်လောက်ကတော့ သေချာနေပါတယ်။ နည်းနည်းထပ်ကြိုးစား လိုက်တာနဲ့ အောင်သွားဖို့က ကျိန်းသေးပါတယ်။ ဒီကျောင်းပြင်ပ အတန်းတွေကို စစ်တဲ့ စာမေးပွဲမေးခွန်းတွေကတော့ ဗဟိုရှိဌာနက လာပါတယ်။ လက်ရှိကျောင်းတွေ နေရာကိုသုံးပြီး သင်ကြားတာ၊ စစ်ဆေးတာ လုပ်ကြပါတယ်။ ထိုင်းနိုင်ငံ မှာ ထောင်ထဲကနေ အတန်းအောင်သွားတယ်၊ ဘွဲ့ရသွားတယ်ဆိုတာလည်း ဒီစနစ်ပါပဲ။ ထောင်ထဲက အကျဉ်းသားတွေ ကို ပြုပြင်ပေးရေးအတွက် ဒီလို ကောစောနောစနစ်နဲ့ စာသင်ခွင့် ပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ကျောင်းပြင်ပ ပညာရေးရဲ့ ရည်ရွယ်ချက် သက္ကရာဇ် ၂၀၁၅ မှာ လူတိုင်းစာတတ်မြောက်ရေး (Education for All) နဲ့ အမြဲလေ့လာဆည်းပူးနေတဲ့ လူမှုအဖွဲ့အစည်း (A Learning Society) ကို တည်ဆောက်ဖို့လို့ ဆိုပါတယ်။ အခြေခံ ပညာဌာနက ကျောင်းနေအရွယ်ကလေးတွေအတွက် တာဝန်ယူပြီး၊ အသက် ၁၅-နှစ်ကျော်သူများအတွက်ကိုတော့ ကျောင်းပြင်ပ ပညာရေးကော်မရှင် [Office of the Non-Formal Education Commission (ONFEC)] က တာဝန်ယူ ပါတယ်။ ၁၉၉၉ ခုနှစ် ပညာရေးဥပဒေအရ ပေါ်ပေါက်လာတာပါ။

ဒီလို စာသင်တန်းတွေမှာ ပင်မသင်ရိုးညွှန်းတမ်းကြီးနဲ့ ကွာခြားပါတယ်။ အထွေထွေဗဟုသုတ ၃၀% လောက်နဲ့ ဘဝသက် တာ ကျွမ်းကျင်မှု (Life skills)၊ သက်မွေးဝမ်းကျောင်း ဘာသာရပ်နဲ့ ဝင်ငွေရရှိရေးကိုလည်း ထည့်သွင်း သင်ကြားပါတယ်။ အထူးသဖြင့် မိမိကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတခုကို ဘယ်လို စမလဲ၊ ဘယ်လိုစီမံအုပ်ချုပ်မလဲ ဆိုတဲ့ ကျွမ်းကျင်မှုလေး တွေပါ ထည့်သွင်းသင်ကြားပါတယ်။ ကုန်ကျစားရိတ်က မများလှပါဘူး။ ရာဂဏန်းလောက်ပဲ ကုန်ကျတယ်လို့ ဦးဝင်းမြင့် က ပြောပြပါတယ်။ အကယ်၍ ကောစောနော ပညာရေးက နေ တက္ကသိုလ်ဝင်တန်းအောင်လာရင်တော့ ရတ်ချဖတ် (Rajabhat Institute) လို့ခေါ်တဲ့ ရပ်ရွာရှိ တက္ကသိုလ်များ၊ သက်မွေးဝမ်းကျောင်း ကျောင်းများ၊ ပွင့်လင်းတက္ကသိုလ် (Open University) လို့ ခေါ်ကြတဲ့ ရမ်ကမ်ဟန်တက္ကသိုလ် (Ramkamhaeng Open University)၊ ဆိုခိုထိုင်း ထမ္မထိရတ် ပွင့်လင်းတက္ကသိုလ် [Sukhothai Thammathirat Open University, Thailand (STOU)] စတာတွေကို ဆက်တက်လို့ ရပါတယ်။ အဲဒါအပြင် ကျောင်းပြင်ပ ပညာရေးဌာနက အများသုံးစာကြည့်တိုက်များ (၈၄၇ ခု)၊ ရပ်ရွာ လေ့လာရေး စင်တာများ Community Learning Centres (၈၀၅၇ ခု)၊ သိပ္ပံဌာနဲ့ ရေဒီယို၊ ရုပ်မြင်သံကြား ပညာရေး ထုတ်လွှင့်ပေးမှု တွေလည်း ဆောင်ရွက်နေပါတယ်။ [အောက်ခြေမှတ်စု ၄ တွင် ရှု --]

၂၀၀၅ ခုနှစ် စာရင်းအရ ကျောင်းပြင်ပ ပညာရေးမှာ တက်ရောက်နေသူတွေက မူလတန်းမှာ ၁၇၆, ၇၁၅ ဦး၊ အလယ်တန်း ၆၀၇,၁၀၅ ဦးနဲ့ အထက်တန်း ၉၀၅, ၄၄၁ ဦး ဖြစ်ပါတယ်။ ဒီပညာရေးစနစ်က မသန်စွမ်းသူတွေ ကျောင်းပြီးမြောက်လာ တာက ၂၁၂, ၂၅၈ ဦး ရှိပါတယ်။ ထောင်ကျနေသူတွေက ကျောင်းပြီးလာတာ ၅၉, ၈၅၀ ဦး၊ ကလေးသူငယ်ထောင်တွေ က ကျောင်းပြီးလာသူ ၅၉,၈၅၀ ဦး ရှိပါတယ်။

ဒီလို ကျောင်းပြင်ပ ကျောင်းသားတွေကို စစ်ဆေးဖို့ကျတော့ အဲန်-နက် ဆိုတဲ့ စာမေးပွဲကို ဗဟိုက ချမှတ်လုပ်ဆောင်ပါ တယ်။ N-NET (Non-Formal National Educational Test) ၂၀၁၃ ခုနှစ်မှာတော့ တက္ကသိုလ်ဝင်တန်းလိုမျိုး Grade-12 ၊ အသက် ၂၀ ကျော်တဲ့ ကျောင်းသားတွေကိုတော့ အောက်ပါဘာသာရပ်တွေ စစ်ဆေးပါတယ်။

၁။ ကွန်ပြူတာ အသုံးချမှု
၂။ နေ့စဉ်ဘဝ သင်္ချာ
၃။ အငယ်စား-အလတ်စား စီးပွားစီမံခန့်ခွဲမှု (SME Business Administration)
၎။ ဒီမိုကရေစီ
၅။ ရပ်ရွာအုပ်ချုပ်ရေးနှင့် စီမံ
၆။ အင်္ဂလိပ်စကားပြော (သို့မဟုတ်) တရုတ်စကားပြော (ရွေးချယ်ရန်စိတ်ကြိုက် ဘာသာရပ်ဖြစ်)
၇။ ထိုင်းဘာသာဖြင့် ဆက်သွယ်ရေး
၈။ ရပ်ရွာ သုတေသန (Community Research)
၉။ မိသားစုအတွက်/ ရပ်ရွာအတွက် အစားအသောက် စီမံမှု တို့ ဖြစ်ပါတယ်။

အောင်သူငြိမ်း
သြဂုတ် ၂၉၊ ၂၀၁၆ ခုနှစ်

(ဆက်လက်ဖော်ပြပါမည်။)

  1. Dr. Issara Suwanabol, "School Milk Programme in Thailand", avialable online at

  1. "Milking the system", Bangkok Post, 18/10/2015

  1. Chularat Seangpassa, "Making textbooks more appealing better than spending millions on a reading campaign", The Nation, August 29, 2016.

  1. Wisanee Siltragool, "Thailand Non-formal education", UNESCO. 2007.