ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၂၁)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၂၁)
(မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၆

● မြကျွန်းညိုညို
မိမိတို့ခေတ်မှာ ဆေး စက်မှု၊ တိမွေးကု၊ သွား၊ ဆေး၊ စိုက်ပျိုးရေး စသည့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ဆိုသည်များစွာပေါ်လာသည်။ မည်သို့ပင် ပေါ်လာစေကာမူ ရန်ကုန်ပင်မတက္ကသိုလ်ကြီး လောက်တော့ သြဇာမကြီးနိုင်ခဲ့ကြပေ။ ၁၉၂၀ ခုနှစ်က တည်ထောင်ခဲ့သည့် ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ဝါ ရာဇူးသည် အထင်ကရ တက္ကသိုလ်နေရာကို ယူထားနိုင်ဆဲဖြစ်သည်။ ထိုကြောင့်လည်း ရာဇူးကို မိန်း ( အဓိကပင်မ) ဟုခေါ်ကြခြင်းဖြစ်သည်။ မိမိတို့ ရောက်ခဲ့ခုနှစ်ပိုင်းက နှစ် ၅၀ ကျော်သက်တမ်းရှိသည့် တက္ကသိုလ်ကြီးသည် မြန်မာပြည်တွင်သာမက အရှေ့တောင်အာရှတွင်ပါ ထည်ဝါသည့် တက္ကသိုလ်အဖြစ် ရပ်တည်နေခဲ့သည်။

ဖြောင့်တန်းသည့်အဓိပတိလမ်းမ၊ ခန့်ညားသည့်ရင့်ကျက်သည့် ဘွဲ့နှင်းသဘင်ခန်းမ၊ မြင့်မား ဝေဆာကြီးမားသည့်သစ်ပုတ်ပင်၊ လရိပ်ပြာအောက်ကဂျပ်ဆင်၊ ကိုလိုနီခေတ်လက်ရာ အဆောင် အဆောင်များ၊ ကန့်ကော်ပင်အုပ်အုပ်တို့ စိန်ပန်းတို့ဖြင့် လှပသောကျက်သရေရှိသော တက္ကသိုလ် ၏အရှိန်အဝါကို အခြားတက္ကသိုလ်များလိုက်မမီနိုင်။ ရာဇူးဘေးရှိ အင်းယားကန်ရေပြင်ကလည်း ရာဇူးအလှကို ပိုကြွစေသည်။ ထို့ပြင် ဒဂုံ၊ ရွှေဘို၊ ပင်းယ၊ ပဲခူး စသည့် ကျောင်းသားအဆောင်များ မာလာ၊ သီရိ၊ အင်းလျား၊ ရတနာ စသည့် ကျောင်းသူ အဆောင်များသည်၎င်း တက္ကသိုလ်တခု၏ ဂုဏ်အင်္ဂါကို ပြည့်စုံစေပါသည်။

နေ့ခင်းတွင် ကျောင်းဝင်းအတွင်း ပျားပန်းခတ်လှုပ်ရှားနေသော ကျောင်းသားများတွေ့ရသကဲ့သို့ ညဘက်တွင်လည်း အဆောင်များတွင် မီးတထိန်ထိန်နှင့် သာစွတက္ကသိုလ်ဟုဆိုရမည်။

တက္ကသိုလ်ရိပ်သာလမ်း ပင်မဝင်ပေါက်မှဝင်လိုက်လျှင် ဖြောင့်စင်းသော အဓိပတိလမ်းမသည် တက္ကသိုလ်ရင်ခွင်သို့ဝင်လာသူများကို ကမ်းလင့်ကြိုဆိုနေသည်။ လမ်းဘေးဝဲယာမှ သစ်ပင်အုပ် အုပ်တို့ဖြင့် ခြံရံထားသော အဓိပတိလမ်းမသည် တက္ကသိုလ်ကျောင်းသားတို့ လျှောက်ရမည့် လမ်းအဆုံးတွင် အဆုံးသတ်သည်။ အဓိပတိလမ်းမ၏တဖက်ထိပ်တွင် ဘွဲ့နှင်းသဘင်ခန်းမရှိသည်။ ရေညှိများဖြင့် မည်းနက်နေသော ဘွဲ့နှင်းသဘင်ခန်းမသည် သူ၏အိုမင်းရင့်ရော်မှုကိုပြသကဲ့သို့ သူ၏ရင့်ကျက်တည်ငြိမ်မှုကိုလည်း ပြသည်။ အမောင်ကျောင်းသူ ကျောင်းသားတို့ စာသင်နှစ်များ ပြီးဆုံး၍ ဘွဲ့ဝတ်ရုံ ခြုံလွှမ်း၍ သူထံအရောက်လာမည့်နေ့ကို စောင့်စားနေသည်။

ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် ရှိသော သစ်ပုတ်ပင်ကြီးငွားငွားစွင့်စွင့် အုပ်မိုးထားသည်။ ရိုးတန်ကျဲ ကျဲ ပင်ပျိုတို့နှင့် အလှချင်းပြိုင်၍နေသည်။ ထူးခြား မြင့်မားသည့် ထိုသစ်ပုတ်ပင်ကြီးသည် ရာဇူး၏ ထင်ရှားသည် အမှတ်တံဆိပ်တခုလည်း ဖြစ်သည်။ ယနေ့တိုင်ဘွဲ့ယူကြသူများ၏ အမှတ်တရ ဓာတ်ပုံအရိုက်ခံနေရဆဲ ဖြစ်သည်။ ရာဇူးအမိတက္ကသိုလ်အား တမ်းတလွမ်းရသူများ၏ နှလုံးအိမ် တွင်းမှ ထင်ရှားသောပုံရိပ်လည်း ဖြစ်သည်။ ၂၀၀၈ နာဂစ်လေမုန်တိုင်းကာလက ပြိ လဲသွားမည်ကို ပူပန်ခြင်းခံခဲ့ရသော တခုတည်းသော်သစ်ပင်ကြီးလည်း ဖြစ်သည်။ သစ်ပုတ်ပင်သည် နာဂစ်ဒဏ်အား၎င်း၊ တက္ကသိုလ်နယ်မြေ၌ ကျောင်းသားများတိတ်ဆိတ်ခြောက်သွေ့သွားသည့် ကာလများအား၎င်း၊ ကြံ့ကြံခံ၍ စည်ကားသက်ဝင်သည့် တက္ကသိုလ်ကြီးအဖြစ် ပြန်လည်သက်ဝင်လာစေဖို့ ငံ့လင့်နေပုံရသည်။

အဓိပတိလမ်းမဘေးက ကန့်ကော်ပင်အုပ်အုပ်ကတော့ စာကြည့် တိုက်သစ်ဆောက်ဖို့ ထိုကာလကပင်ခုတ်လှဲခံလိုက်ရသည်။ သိုပေမဲ့လည်း တက္ကသိုလ်နယ်မြေထဲ၌ ကန့်ကော် စိန်ပန်း ငုဝါတို့ လှိုင်လှိုင်ပွင့်၍ ဝေနေဆဲဖြစ်သည်။ ပန်းပေါင်စုံရနံ့တို့ သင်းပျံ့မွှေးကြိုင်နေဆဲဖြစ်သည်။ ပန်းပွင့်ကြွေတို့ တက္ကသိုလ်နယ်မြေတွင်း မြေခ၍ အလှဆင်ဆဲဖြစ်သည်။

ဘွဲ့နှင်းသဘင်ခန်းမ၏ လက်ျာဘက် ပြည်လမ်းမဘက်ခြမ်းတွင်စီးပွားရေးတက္ကသိုလ်ရှိသည်။ အလွယ်တကူ အီကို ဟုခေါ်ကြသည်။ မိန်းထဲတွင်ရှိသော တခုတည်းသော အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်ဖြစ်သည်။ ထိုစဉ်ရာဇူး၏ပါမောက္ခချုပ်မှာ ဒေါက်တာမောင်မောင်ခဖြစ်ပြီး စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ်မှာ ဒေါက်တာအေးလှိုင်ဖြစ်သည်။ ကျောင်းသားများ၏ချစ်ခင် လေးစားခံရသော ဆရာများဖြစ်သည်။ ဆရာခဟုကျောင်းသားများက ခေါ်သည့် ဒေါက်တာမောင်မောင်ခက ပို၍ အလေးစားခံရသည်။ အမြဲတစေပြုံးနေလေ့ရှိပြီး စိတ်မဆိုး တတ်သောဆရာဟု ဆိုရမည်။

စီးပွားရေးတက္ကသိုလ်ပင်မအဆောက်အအုံရှေ့တွင် တိုးချဲ့ AE စာသင် ဆောင်လေးများ ရှိသည်။ မြေစိုက် ထရံကာသွပ်မိုးစာသင်ဆောင်လေးများ ဖြစ်သည်။ မဆလခေတ်တိုးချဲ့စာသင်ဆောင် လေးများသည် ကိုလိုနီခေတ် ခန့်ထည်သောအဆောက်အအုံများကြားတွင် လွန်စွာသေးသိမ်လွန်း လှသည်။ အုပ်ချုပ်သူများ စီမံခန့်ခွဲသူများ၏အရည်အချင်းကို ဖော်ပြနေသည်။

အဆိုပါ အီကိုတွင်စည်ကားလှသော ကန်တင်းရှိသည်။ များစွာသော စားသောက်ဆိုင်များကြား တွင် ဦးယမ်းဘီလူးအအေးဆိုင်နှင့် ကိုအောင်ရင်လက်ဖက်ရည်ဆိုင်က နံမည်ကျော်သည်။ ဤသို့ လူသိများ ရေပန်းစားခြင်းမှာ အစားအသောက်ကောင်း၍ထက် ကျောင်းသားတွေကို သည်းခံ နိုင်စွမ်းကြောင့်လည်း ဖြစ်နိုင်သည်။ တက္ကသိုလ်နယ်မြေထွက် စာသမား၊ ကဗျာသမား၊ အနုပညာ သမားများ၏ရေးဖွဲ့မှုကြောင့်လည်း ဖြစ်နိုင်သည်။ အီကိုစားသောက်ဆိုင်တန်းက အီကိုကျောင်းသူ များနေထိုင်ကြရာ မာလာဆောင်နောက်ပေါက်နှင့်မနီးမဝေးမှာရှိသည်။ အီကိုကျောင်းသူများ အဝင်အထွက်များသည့်နေရာလည်း ဖြစ်သည်။ ကျောင်းသူများ အသွားအလာများသည့်နေရာတွင် ကျောင်းသားများ အသွားအလာများသည်မှ ထုံးစံဟု ဆိုရမည်။

AE အဆောင်များအကျော် ဂျပ်ဆင်ဘက်ထွက်သည့်လမ်းနှင့် အဓိပတိလမ်းမကြားတွင် RC ဟုခေါ် သည့် Recreation Center ရှိသည်။ ကျောင်းသားများ အပမ်းဖြေနေရာဟုဆိုရမည်။ တက္ကသိုလ်အနုပညာအသင်း အခြေစိုက်ပုံရသည်။ RC နားမှဖြတ်သွားလျှင် တခါတရံ ဆိုင်းသံဗုံသံ ကြားရသည်။

တခါတရံလည်း စောင်းသံ ပတ္တလားသံ ကြားရလေ့ရှိသည်။ အဆိုပါ RC ထဲမှ တက္ကသိုလ် အနုပညာသမား များစွာထွက်ရှိသည်။ အငြိမ့်မင်းသမီး၊ လူရွှင်တော်၊ ပန်းချီဆရာမှ စ၍ အနုပညာသမား များစွာပေါ်ထွက်ခဲ့သည်။

ဂျပ်ဆင်ကတော့ အခြားနေ့များတွင် တိတ်ဆိတ်နေလေ့ရှိသည်။ တနင်္ဂနွေနေ့များတွင်တော့ ဘုရားကျောင်းတက်သူများတွေ့ရသည်။ ထူးအိမ်သင်ကတော့ ၁၉၈၈ အရေးအခင်းအပြီး ကျောင်းတော်ကြီးကို ပြန်ရောက်မလာနိုင်သူများအား သတိရလွမ်းဆွတ်ခြင်းများစွာဖြင့် ဂျပ်ဆင်ထိပ်က လရိပ်ပြာ ဆိုသည့် အောင်မြင်ကျော်ကြား လူသိများသည့် သီချင်းတပုဒ် ဖွဲ့နွဲ့သီဆိုခဲ့ဖူးသည်။

ဂျပ်ဆင်ကျော်သွားလျင် ရွှေဘိုဆောင်ကို ရောက်သည်။ ထိုစဉ်က အီကိုကျောင်းသားများနေသည့် အဆောင်ဖြစ်သည်။ ရွှေဘိုဆောင်ကျော်လျှင် ဒဂုံဆောင်ရှိသည်။ ဒဂုံဆောင်ကတော့ ဝိဇ္ဇာဘာသာ တွဲကျောင်းသားများနေကြသည့် အဆောင်ဖြစ်သည်။ မိမိသူငယ်ချင်းများကတော့ စိတ်ပညာက ဖြစ်ကြသည်။ အဆောင်မှူးက စိတ်ပညာက ဦးလှကြည်ဖြစ်ပြီး Hall tutor တဦးက မောင်ပန်းမွှေး ဟူသော ကဗျာဆရာ ဖြစ်သည်။ ထိုစဉ်ထုတ်သည့် ပို့စကဒ်များတွင် မောင်ပန်းမွှေးကဗျာများက ရေပန်းစားသည်။

"ကြာတတ်တွေ
မကြာစေဖို့
ကြာတွေလှူကာ ဆုတောင်းပါသည်။" တို့

"နေပူ လေပူ
ရင်ပူပူမှာ
ပန်းဖြူဖြူလေး ပေးလိုက်တယ်နော် " က ရင်ခုန်တတ်စ ကျောင်းသား ကျောင်းသူများကြား ရေပန်းစားသည်။
ဒဂုံဆောင်ကထွက်လျှင် ညာဘက်တက္ကသိုလ်စည်းရိုးနားတွင် ဦးချစ်လက်ဖက်ရည်ဆိုင်ရှိသည်။ သွပ်မိုးတထပ် ခပ်သေးသေးအဆောက်အအုံလေးဖြစ်သည်။ မိုးမရွာသည့်နေ့တွင် ဆိုင်ရှေ့က ဘန်ဒါပင်ရိပ်တွင် စားပွဲအပြည့်ရှိသည်။ ကျောင်းသားကျောင်းသူများရော ဆရာများပါ ထိုင်လေ့ရှိသည်။

ဆိုင်ရှင်ဦးချစ်ကလည်း ဘယ်ခေတ်ဘယ်ကာလက ကျောင်းဝန်းထဲ ဆိုင်ဖွင့်လာသည်လည်းတော့ မသိ။ ဆရာရော ကျောင်းသားပါသိသည်။ ဦးချစ်ဆိုင်သည် သူ၏သေးငယ်သောဆိုင်နှင့်မမျှအောင် တက္ကသိုလ်နယ်မြေအတွင်း နံမည်ကြီးလွန်းသည့် ဂုဏ်သတင်းကြီးလွန်းလှသည့် လက်ဖက်ရည်ဆိုင်ဖြစ်သည်။ ထိုစဉ်က ရာဇူး၏အမှတ်တံဆိပ်တခုဖြစ်သည်။

ဦးချစ်ဆိုင်ရှေ့တွင် တောင်ငူဆောင်၊ အမရဆောင်၊ ရာမညဆောင်၊ မန္တလေးဆောင် ရှိသည်။ အရင်ခေတ်ကတော့ ကျောင်းသားဆောင်များ ဖြစ်ခဲ့ကြသော်လည်း အခု ဝိဇ္ဇာဘာသာတွဲ စာသင်ဆောင်ရှိသည်။ ရာမညဆောင်လား အမရဆောင်လားတော့ မမှတ်မိတော့တွင် သမိုင်းဌာန ရှိသည်။ ထိုအဆောင်သို့ ကားအကောင်းစားစီး၍ အရပ်ဝတ်လုံခြုံရေးနှင့် စာသင်လာ သင်သော ဆရာမတဦး ရှိသည်။ သူမနံမည်ကို ဒေါ်နီနီမြင့်ဟုခေါ်သည်။ မဆလဥက္ကဋ္ဌကြီးဦးနေဝင်း၏ စတုတ္ထမြောက်ဇနီးထင်ပါသည်။

မန္တလေးဆောင်က အဓိပတိလမ်းဝင် ဝင်ချင်း ဘယ်ဘက်ကအဆောင်ဖြစ်ပြီး အဓိပတိလမ်းမအား မျက်နှာမူထားသည်။ ၁၉၆၂ ဇူလိုင် ၇ ရက်နေ့တွင် ဖြစ်စဉ်တွင် ၇/၇/၁၉၆၂ ရက်စွဲကိုသွေးနှင့်ရေး၍ ဆက်လက်တိုက်ပွဲဝင်ဖို့ လှုံ့ဆော်သည့်သွေးစာကို နံရံပေါ်ရေးထိုးထားခဲ့သည့် အဆောင်အဖြစ်မှတ်တမ်းဝင်သည်။ နောက်ပိုင်းတွင် CPB ၏ ဗဟိုကော်မတီဝင်ဖြစ်လာသောလွိုင်လင်ဇာတိ ရှမ်း ကျောင်းသားစိုင်းအောင်ဝင်းနှင့် ၁၉၈၈ အရေးအခင်းနောက်ပိုင်း ထောက်လှမ်းရေးခင်ညွန့်အဖြစ် နံမည်ကြီးလာသော ဗိုလ်ခင်ညွန့်တို့သည် ၇ ရက်ဇူလိုင်အရေးအခင်းကာလက မန္တလေးဆောင်မှ ဖြစ်ကြသည်ဟုဆိုပါသည်။
မန္တလေးဆောင်၏အရှေ့ဘက် အဓိပတိလမ်းမဝင်ပေါက်၏ လက်ျာဘက်၌ သံတိုင်အပြည့်ကာ၍ သော့ခတ်ထားကာ မည်သည့်အဆောက်အဦးမှမရှိသည့် ဝင်းကြီးတခုရှိသည်။ သို့သော် သတိထားကြည့်လျှင် ရှေ့ဝင်းစည်းရိုးအနီး ကျောက်တိုင်တခုရှိသည်။ ကိုလိုနီခေတ်က သပိတ်မှောက် ကျောင်းသားများ အတွင်းဝန်ရုံးသွားဝိုင်းစဉ် ဗြိတိသျှကိုလိုနီပုလိပ်များ၏လက်ချက်ဖြင့် ကွယ်လွန်သွားသည့် ကျောင်းသားဗိုလ်အောင်ကျော်အထိမ်းအမှတ် ကျောက်တိုင်ကို တွေ့နိုင်သည်။ ယခုဆိုလျှင် ၅၄ နှစ်တိုင်လာပြီဖြစ်သော်လည်း ထိုဝင်းကြီးအတွင်း မည်သည့် အဆောက်အဆုံမှ ပေါ်ထွက်မလာခဲ့ပေ။ ထိုဝင်းကြီးတွင် ကိုလိုနီခေတ်ကထဲက တည်ဆောက်ခ သော တကသ အဆောက်အအုံရှိသည်။ ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီး လပိုင်းအတွင်း ဖြိုချဖျက်ဆီးခံခဲ့ရသည်။ အဆိုပါ လူသူအဆောက်အုံကင်းမဲ့နေသော ကွင်းပြင်ကြီးသည် ခေတ်အဆက်ဆက်ကျောင်းသားတို့အား သူရင်တွင်းမှစကားများ အမြဲတစေပြောပြနေသည်။

သမဂ္ဂဝင်းကို ကျော်သွားတော့ အဓိပတိလမ်း၏ ညာဘက်ခြမ်းတွင် သိပ္ပံဘာသာတွဲသင်သည့် အဆောင်များ လက်တွေခန်းများနှင့် ကန်တင်းတခုရှိသည်။ နောက် ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ ပဲခူး ဆောင်များရှိသည်။ ကျောင်းသားများနေသည့်အဆောင်များဖြစ်သည်။ ပဲခူးဆောင်ရှိ တကသ / ဗကသဥက္ကဋ္ဌတာဝန်ယူခဲ့ဘူးသူ ကိုအောင်ဆန်း၏အခန်းကိုတော့ အမှတ်တရ ပိတ်ထားသည်။ အခြားကျောင်းသားများ နေခွင့်မပြု။ ထိုအဆောင်များသည် နေ့ခင်းဖက်တွင် မသိသာသော်လည်း ညဖက်တွင် စည်စည်ကားကားရှိ သည်။ နောက်ပိုင်း ညနေပိုင်းလောက်ကစပြီး ထိုအဆောင်များ ရှေ့၌ စား သောက်ဆိုင်တန်းလေးပေါ်လာသည်။ တက္ကသိုလ်ထဲမှ ဝန်ထမ်းမိသားစုများ ဖွင့်ကြပုံ ရသည်။ ထမင်းသုတ် ခေါက်ဆွဲသုတ် လက်ဖက်သုတ်၊ ဂျင်းသုတ်၊ အစုံရသည်။ နောက်ပိုင်း အဆောင်ထမင်းဟင်းက တဖြည်းဖြည်းညံ့လာတော့ အသုတ်ဆိုင်လေးများ အားထားပြီး ဗိုက်ဖြည့် ကြရသည်။

မိန်းကလေးဆောင်များကတော့ ပြည်လမ်းပေါ် မျက်နှာမူထားသည့် မာလာဆောင် ဂျပ်ဆင်ရှေ့က သီရိဆောင် အင်ယားလမ်းမပေါ် အင်ယားကန်ဖက်မျက်နှာမူ၍ အင်ယားဆောင် ရတနာဆောင်တို့ရှိသည်။ အင်းယားကိုအင်းလျားဟုလည်းရေးလေ့ရှိသည်။ ကျောင်းသူဆောင်များက ည ၆ နာရီ အဆောင်တံခါးပိတ်၍ အခန်းစေ့လူရှိသည်။ ညဘက်ဆိုလျှင် အခန်းတိုင်းမီးလင်းနေတတ်သည်။ ညဘက်လူခြေတိတ်စပြုလျှင် ထိုကျောင်းသူဆောင်များတွင် သီချင်းဟစ်ကြွေးသူများအလျှိုလျှို ပေါ်လာသည်။ ဂီတာနှင့်လာဆိုသူလည်းရှိသည်။ မယ်ဒလင်နှင့်လာဆိုသူလည်း ရှိသည်။ ဘာမှမပါဘဲ ရင်ဖွင့်အော်ဟစ်သူများလည်း ရှိတတ်သည်။ အဖွဲ့သုံးလေးဖွဲ့ဆုံ၍ရန်မဖြစ် စကားမများကြ။ တယောက်တလှည့်ဆိုကြသည်။ အချို့အဖွဲ့များဆို၍ ပြန်သွားလျှင် အဆောင်ပေါ်က အချို့အခန်းများ မီးပိတ်သွားတတ်သည်။ ထိုသို့ အဆောင်ရှေ့တွင် လာရောက်သီဆိုကြရင်း မေတ္တာဆုံသွားသူများလည်း ရှိသည်။ ရေစက်မကြုံသူများလည်း ရှိသည်။ နံမည်ကြီး အဆိုတော်ဖြစ်သွားသူများလည်း ရှိသည်။ လွမ်းစရာပျော်စရာညများ ဖြစ်သည်။

ရာဇူး၏တဖက်ခြမ်းသည် အင်းယားကန်ဖြစ်သည်။ အင်ယားကန်ဘောင်သည် ကျောင်းသူ ကျောင်းသားများ အပန်းဖြေရာနေရာတခုဖြစ်သည်။

ကန်ဘောင်တွင် လမ်းလျှောက်ကြသည်။ အကြော်ဆိုင်တွင် ထိုင်လေ့ရှိသည်။

ကန်ဘေးတွင် ချစ်သူစုံတွဲ ထိုင်လေ့ရှိကြသည်။ ထိုစဉ် ဘွဲ့နှင်းသဘင်နောက်ဖက် အင်းယားကန်စပ်တွင် သစ်ပင်များရှိသကဲ့ ခြုံများလည်းရှိသည်။ ထိုနေရာတွင် အတွဲများ အတွဲချောင်းသူများဖြင့် စည်ကားလေ့ရှိသည်။ မည်သို့ဆိုစေ အင်းယားကန်ပြင်ကို ဖြတ်သန်းလာသော လေပြေသည် ကျောင်းသားတို့၏စိတ်ကို ပေါ့ပါးလန်းဆန်းစေပါသည်။ သို့သော် ယနေ့တော့ ထိုအင်းယားကန်ဘောင်ဘေးမြေနေရာများသည် ယခင်ကကဲ့သို့ အများပိုင် နေရာများ မဟုတ်တော့ အကြောင်းအမျိုးမျိုးဖြင့် လက်ဝါးကြီးအုပ်နေရာယူထားသည်ကိုတွေ့ရသည်။ ရန်ကုန်တိုင်းလွှတ်တော်အမတ် ကိုနေဘုန်းလတ်ကတော့ အများပိုင်နေရာများ ပြန်လည်ဖေယ်ထုတ်ဖို့ တိုင်းလွှတ်တော်တွင် အဆိုတင်သွင်းနေသည်ကိုတွေ့ရသည်။

တချိန်က စည်းကားသက်ဝင်ခဲ့သော ပင်မတက္ကသိုလ်ကြီးသည် ၁၉၉၀ နောက်ပိုင်းမှစ၍တိတ်ဆိတ် သွားခဲ့သည်။ သွေးမျက်ရည်တို့ပြည့်လျှံခဲ့သည်။ ယခင်က အမြဲတမ်းတံခါးဖွင့်ထားသော ကျောင်းကြီး၏တံခါးများလည်း သံကြိုးအထပ်ထပ်ရစ်ပတ်၍ သော့ခတ်ခံလိုက်ရသည်။ ခန့်ညားသော တက္ကသိုလ်အဆောင် ဆောင်မှာလည်း တံခါးများပိတ်၊ မီးများမှိတ်ခဲ့ရသည်။

ကျောင်းသားများ၏ တက္ကသိုလ်ဆိုသည်များသည် လယ်ကွင်းပြင်ထဲ ထန်းတောထဲသို့ ရောက်သွားသည်။ ထို့ကြောင့်လည်း မှန်တာလုပ်ရင် ရွာပြင်ထုတ်သည်ဟု ရှေးလူကြီးများ ဆိုခဲ့ပုံရသည်။ ပျော်စရာကောင်းသကဲ့သို့သိက္ခာလည်းရှိသည့် အဆောင်နေ ကျောင်းသား ဘဝလည်း ပျောက်ဆုံးသွားသည်။ ၂၀၂၀ တွင် နှစ်၁၀၀ ပြည့်တော့မည့် ရာဇူးသည် ထိပ်တန်း ကမ္ဘာ့တက္ကသိုလ်စာရင်းမပြောနှင့် ထိပ်တန်းအရှေ့တောင်အာရှ တက္ကသိုလ်စာရင်းတွင်ပင် မပါဝင်နိုင်တော့။ အနှစ် ၂၀ ခန့် ကျောင်းသားမရှိသည့် တက္ကသိုလ်ဖြစ်သွားခဲ့တော့သည်။

ပညာရေးသည် ပြန်မရနိုင်သော အရင်းအနှီးဟုယူဆကြ၍၎င်း ပင်မတက္ကသိုလ်ထဲတွင် ကျောင်းသားတွေစုမိလျှင် ဆူပူမှုဖြစ်ပြီး အာဏာအဆောက်အအုံကို ထိခိုက်မည်စိုး၍၎င်း ရာဇူးသည် နလံမထူနိုင်ခဲ့ပေ။ တက္ကသိုလ်မြေ နေဝင်မှာစိုးရွံခဲ့ဝကသော်လည်း ပင်မ တက္ကသိုလ်နေဝင်သည်ကို ကြုံခဲ့ရသည်။ ပညာမြင့်မှ လူမျိုးမြင့်မည် တိုင်းပြည်မြင့်မည် ဆိုပေရာ ပညာနိမ့်ကျ၍ လူမျိုးရော တိုင်းပြည်ပါ နိမ့်ကျသည့်အခြေအနေ ကြုံခဲ့ရတော့သည်။ မကြာမီကာလများတွင် ကျောင်းသားများဖြင့်စည်ကားနေသည် ပင်မတက္ကသိုလ်ကြီးအား မြင်တွေ့ရလိမ့်မည်ဟု စိတ်ကူးဖြင့် ရော်ရမ်းမှန်းဆ၍သာ နေမိတော့သည်။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe (မောင်မောင်စိုး)