ကျော်ကျော်မြရည်စမ်း ● လက်ကိုင်ပုဝါနှစ်ထည်အကြောင်း (၈ လေးလုံးအထိမ်းအမှတ်)


ကျော်ကျော်မြရည်စမ်း ● လက်ကိုင်ပုဝါနှစ်ထည်အကြောင်း (၈ လေးလုံးအထိမ်းအမှတ်)
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၆

လက်ကိုင်ပုဝါလေးတွေကို  ယခုအခါ အသက် လေးဆယ်ကျော်ကျော် ရှိနေသူတိုင်း အသုံးပြုဖူးကြမည်ဟု ကျနော် ထင်ပါ သည်။ ယခု ခေတ်ကို ဖြတ်သန်းနေကြသည်လူငယ်လေး တော်တော်များများကိုတော့ လက်ကိုင်ပုဝါ ဆောင်ထားတာ၊ သုံးတာမ တွေ့ရတော့။ သူတို့ခေတ်မှာ အလွယ်တကူ သုတ်သင်သန့်စင်နိုင်သည့် တစ်ရှူးစက္ကူလေးများ အလွယ်တကူရ အောင် ပေါများလာတာကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင်သည်။

ကျနော်တို့လူငယ်ဘဝကို ဖြတ်သန်းရသည့်အချိန်များမှာတော့ တဖက်သတ်ပိတ်ထားသည့် "တံခါးပိတ်ဝါဒ" ကြောင့် ဘယ် အသုံးဆောင်ပစ္စည်းကိုမျှ လွယ်လွယ်နှင့်မရခဲ့ဖူးချေ။ ထို့ကြောင့် ထင်ပါသည်။ ခက်ခက်ခဲခဲကြိုးစားမှုကြောင့် အသုံးအဆောင် ပစ္စည်းလေးတခုတလေ တိုးလာတိုင်းလည်း  တန်ဖိုးထားတတ်ခဲ့ကြသည်။

တောမြို့လေးကနေပြီး ရန်ကုန်မြို့ကြီးဆီကို  အထက်တန်းပညာသင်ကြားဖို့ ကျနော်ရောက်လာတော့  အသက်ဆယ့်လေး နှစ်ကျော်စ အချိန်၊ လူပျိုပေါက် ရှိုးထုတ်တတ်စ အချိန်။  ထိုစဉ်ကာလက ရန်ကုန်မြို့က  ကျနော့်အရွယ်တူ သူငယ်ချင်းများ ၏ကျောင်းလွယ် အိတ်ထဲတွင် လက်ကိုင်ပုဝါလေးတွေ ကိုယ်စီ ပါကြသည်။ တောသားကျနော်လည်း ဘာရယ်ညာရယ် မဟုတ်။ မြို့သားဂိုက်ပေါက်အောင် သူတို့ကိုတုရသောအခါ လက်ကိုင်ပုဝါလေးတစ်ထည်ဝယ်ကာ ကိုင်ဖြစ်ခဲ့သည်။

ကျနော့်အဒေါ်အိမ်က တောင်ဥက္ကလာပ၊ ဆယ်ရပ်ကွက် တွင်ရှိပါသည်။ ထိုအိမ်မှ နေ၍ အ.ထ.က (၃)သို့အဒေါ်၏သမီးဖြစ်သူ အမဝမ်းကွဲနှင့် ကျောင်းအတူ သွားကြသည်။  ရပ်ကွက်နှစ်ခု ကျော်၍ ခြေကျင်သွားကြခြင်းဖြစ်ရာ  မနက်ခင်းဖြစ်သော်လည်း  ကျောင်းရောက်ခါနီးတွင်  မျက်နှာတွင် ချွေးစလေးများ စို့လာသည်။ အမဖြစ်သူ၏မျက်နှာတွင်လည်း ချွေးစတွေနှင့်။  ထို အခါမျိုးတွင် လက်ကိုင်ပုဝါလေးတွေကိုယ်စီနှင့်ချွေးသိပ်သွားအောင် မျက်နှာကိုဖွဖွ တို့ရသည်။ ပြီးတော့ တရိုတသေလေး ပြန်သိမ်းရသည်။

လက်ကိုင်ပုဝါ ကိုကာလာစုံသုံးသည့်ဆရာများကိုလည်း ထိုစဉ်ကာလက တွေ့ခဲ့ရဖူးသည်။ ကျောင်းတက်သည်မှာ တောင် ဥက္ကလာပ၊ အ.ထ.က (၃) ဖြစ်သော်လည်း ကျူရှင်တက်သောအခါ သင်္ဃန်းကျွန်းမြို့နယ်တွင်ရှိသော ဓာတုဗေဒဆရာ ဦးညီညီနှင့် ရူပဗေဒ ဆရာဦးဉာဏ်လွင်တို့ထံ သွားတက်ရသည်။

ဆရာဦးညီညီသည် ဓာတုဗေဒ သင်သောအခါ စာသင်စတိတ်ခုံပေါ်ခေါက်တုံခေါက်ပြန် လမ်းလျှောက်ရင်း အားပါးတရ သင်တတ်သည်။ စီးကရက်ကိုလည်း မနားတမ်း ဖွာတတ်သေးသည်။ ပြီးတော့ ချွေးထွက်လာလျှင် ခါးကြားမှလက်ကိုင် ပုဝါထုတ်ပြီး အားရပါးရသုတ်တတ်သည်။ နှစ်ခါသုံးခါသုတ်ပြီးလျှင် ထိုလက်ကိုင်ပုဝါကို ကျူရှင်စာရေးတယောက်က လာ သိမ်းပြီး ဆရာ့လက်ထဲ အသစ်တထည် ထည့်ပေးတတ်သည်။ တရောင်ပြီးတရောင်၊ ရောင်စုံလက်ကိုင်ပုဝါလေးများကို စာသင်နေရင်း လှစ်ခနဲ လစ်ခနဲမြင်တွေ့ရသည်။

ဆရာဦးဉာဏ်လွင်ကျပြန်တော့ ဆရာဦးညီညီလို အော်ဟစ်လမ်းမလျှောက်၍ ချွေးမထွက်ပါ။ သို့သော် မကြာခဏဆိုသလို သူဝတ်ဆင်ထားသည့်တိုက်ပုံအင်္ကျီထဲမှ လက်ကိုင်ပုဝါ ရောင်စုံလေးများကိုထုတ်၍  ချွေးသိပ်သလို မျက်နှာကို တို့တတ် သည်။

ဇွန်လ ပထမအပတ် ကျောင်းဖွင့်ပြီးမကြာခင်မှာ  ကျောင်းစည်းကမ်းများတင်းကျပ်လိုက်သည်။ ကျောင်းနောက်ကျလျှင် ကျောင်းတံခါးဖွင့်မပေးတော့။ မိဘအုပ်ထိန်းသူ ကိုယ်တိုင်လိုက်ပို့ ပါမှနောက်ကျသည့် ကျောင်းသားကို တံခါးဖွင့်ပေးပါသည်။ ကျနော်နှင့် ဝီရိယကောင်းလှသည့် အမ ဖြစ်သူကတော့ ကျောင်းနောက်ကျသည်ဟူ၍ မရှိ။ ဝီရိယနည်းသော ကျနော့်ကို အမဖြစ်သူက အစဉ်အမြဲ တွဲခေါ်ပါသည်။

တောမြို့လေးက ကျောင်းလာတက်သည့်ကျနော်အဖို့ ထူးဆန်းအံ့သြဖွယ်ရာများကို မကြာ ခင်မြင်ရ၊ ကြားရတော့သည်။ ကျောင်းမုန့်စားဆင်း ၁၅ မိနစ်နားချိန်တွင်စည်းကမ်းတင်းကျပ်စွာ ပိတ်ဆို့ထားသောကျောင်းဝင်းအတွင်းသို့ တက္ကသိုလ်ကျောင်းသားအကိုကြီးနှစ်ယောက်၊ သုံးယောက် တတွဲ တရားလာဟောကြခြင်းပင်။

အံ့သြစရာပင်။  မည်သို့မည်ပုံ ဝင်လာကြသည်မသိ။ ကြည့်မိချိန်တွင် သန့်စင်ခန်းဘေးက အုတ်ရေကန်ပေါ်တက်ပြီး တရား ဟောနေပြီ။ ခေါင်းစဉ်က အာဏာရှင်အစိုးရ၏ ဖိနှိပ်ချုပ်ခြယ်မှု များအကြောင်း။

ထိုတက္ကသိုလ်ကျောင်းသားအကိုကြီးများသည် ၄င်းတို့၏မျက်နှာတစ်ဝက်ကို လက်ကိုင်ပုဝါကိုယ်စီဖြင့် ဖုံးအုပ်ထားကြ၏။

ကျနော့်မှာ သူတို့၏အသံကိုသာကြားရပြီး မျက်နှာအပြည့်အစုံ မမြင်ရသောအခါ  အားမလို အားမရ ဖြစ်ရသေးသည်။  ထိုစဉ် ဆရာမများရောက်လာပြီး သူတို့ကိုသနားလျှင် ပြန်ကြပါဟုပြောသောအခါ ထိုအကိုကြီးများက  ၅ မိနစ်လောက်တော့ခွင့်ပြုပေးပါဆိုပြီး တရားဆက်ဟောကြသည်။ ကျောင်းပြန်တက်ရန် ခေါင်းလောင်းထိုးလိုက်လျှင် အလျှိုလျှို  ပျောက်သွား ကြပါ သည်။

ထိုကဲ့သို့သောညမျိုးတွင် ကျနော်၊ အတော်နှင့် အိပ်မပျော်တော့၊ မုန့်စားဆင်းချိန်ကြားခဲ့ရသောစကားများကို ပြန်ကြားနေပြီး လက်ကိုင်ပုဝါအုပ်ထားသော မျက်နှာတဝက်ကိုသာ မြင် ယောင်နေမိသည်။

ကျနော်တို့ငယ်ဘဝကဖတ်ခဲ့ရသော ကာတွန်း ရုပ်ပြများထဲတွင် လူဆိုးဓားပြများသည်သာ မျက်နှာကို ပုဝါအုပ်၍ ရုပ်ဖျက်ကြ ရသည်။ ထိုတက္ကသိုလ်ကျောင်းသား အကိုကြီးများသည်ကား လူဆိုးဓားပြများမဟုတ်ပါဘဲနှင့် ရုပ်ဖျက်ကြရရှာသည်။ အဘယ့်ကြောင့်နည်း။ တောသား ကျနော် ဉာဏ်မမီစွာစဉ်းစားပြီး  အတွေးချာချာလည်ခဲ့ရဖူးပါသည်။

ဗဟုသုတအတော်အတန်ပြည့်ဝနေသော  ရန်ကုန်သူ အမ ပြောပြမှသာ သူခိုးက လူပြန်ဟစ်နေ၍  တက္ကသိုလ်ကျောင်းသား အကိုကြီးများ  ရုပ်ဖျက်ထားကြရသည့်အကြောင်း ကိုသိခဲ့ရ၏။ ထိုနေ့ညတိုက်တိုက် ဆိုင်ဆိုင် ...ည ၈ နာရီတွင်  BBC မှ သတင်းလာသည်။

ဦးလေးဖြစ်သူက  ရေဒီယိုနားထောင်ဖို့ ခေါ်တော့ မောင်နှမနှစ်ယောက်လုံး ရေဒီယိုနား ရောက်ခဲ့ကြသည်။

၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၂ ရက် နေ့၊ ည ၈ နာရီသတင်း။  ဇွန်လ ၂၁ ရက်နေ့က၊ ကျောင်သား များဆန္ဒပြသည့်အကြောင်း။ စစ်တပ်၏လုံထိန်းကားများနှင့် လမ်းပေါ်မှာတင် တိုက်သတ်သည့်အကြောင်း။ ကလေးတွေ သေဆုံး။ အရေအတွက် အတိအကျမသိရသည့်အကြောင်း။ ဤကိစ္စနှင့်ပတ်သက်၍ မြန်မာပြည်ရှိ  "စာပေနှင့်အနုပညာရှင်များ" က လွှတ်တော်သို့ကန့်ကွက်စာတင်ကြောင်း။ စာပေ သမား ၁၀၀ ကျော်လက်မှတ်ရေးထိုးတင်ပြကြောင်း  ...ကြေညာသွားပါသည်။ အမက လက်ခုပ် တီး၍ ရေဒီယိုကို အားပေးသည်။

ကျနော် အူလည်လည် ဖြစ်နေသည်။

စာကြည့်စားပွဲရောက်မှ သူတိုးတိုးလေးပြောပြ၍  အကြောင်းစုံသိရသည်။ ရန်ကုန်မွေး၊ ရန်ကုန်ကြီးသည့် အမက ရန်ကုန်၏ လတ်တလောအခြေအနေကို အတော်ပင် သိနေသည်။

ကျနော့်မှာ.. မရောက်ဘူးသည့်ပြည်လမ်းမကြီးဆီသို့ စိတ်ကူးဖြင့် ရောက်သွားပြီ။ "ဒို့အရေး...ဒို့အရေး...." အော်ဟစ်ကြွေးနေ သည့်ဘဝတူ အဖြူအစိမ်းလေးများကို  မြင်ယောင်လာသည်။  စစ်ကားကြီးများ၏အသံများ ကြားလာသည်။ ပြီးတော့ ငယ်သံ မပျောက်သေးသည့် နာကျင်ဟစ်အော်သံများ။ သွေးကွက်များ။ စိတ်မကောင်းခြင်းများစွာနှင့် အိပ်ရာဝင်ခဲ့ရပါသည်။

မနက်ကျောင်းသွားတော့ ၃၁ ဘတ်စ်ကားဂိတ်နားက စတိုးဆိုင်ရှေ့ မှာ ကျနော့်ကို ရပ်စောင့်ခိုင်းပြီး ဈေးဝင်ဝယ်သည်။ ပြန် ထွက်လာတော့ ပလပ်စတစ်အကြည်ဖြင့်ထုပ်ပိုးထားသော လက်ကိုင်ပုဝါကြီးနှစ်ထည်။  တထည်ကို သူ့ကချင်လွယ်အိတ်အနီရောင်ဘေးအိတ်လေးထဲထည့်ပြီး၊ နောက်တထည်ကို ကျနော့်  ရှမ်းလွယ်အိတ်အပြာရောင်လေး၏ ဘေးအိတ်ထဲသို့ထည့်ပေး သည်။ အခုမသုံးရသေးဘူး။ ဒါပေမဲ့ အမြဲထည့်ထားရမယ်ဟု ဆို၏။

ထိုအချိန်မှစ၍ ကျနော့်လွယ်အိတ်ထဲတွင် အသုံးမပြုရသေးသည့် လက်ကိုင်ပုဝါတစ်ထည်အမြဲပါခဲ့သည်။ ဓာတု၊ ရူပကျူရှင်များရောက်တိုင်း ဆရာများ၏လက်ကိုင်ပုဝါရောင်စုံများကို ကြည့်ဖြစ်ဆဲ။

ကျောင်းဖွင့်ရက်မုန့်စားဆင်းချိန်များတွင် တက္ကသိုလ်ကျောင်းသားအကိုကြီးများ ခပ်စိပ်စိပ်ရောက်လာတတ်ကာ  လက်ကိုင် ပုဝါမျက်နှာအုပ်၍ တရားဟောဆဲ။ ကျနော်တောသား၏ဉာဏ်ဦးနှောက်ကျည်ပွေ့လည်း အတက်နည်းနည်းချင်း ထွက်ခဲ့ပြီ။  လက်ကိုင်ပုဝါလေးနှစ်ထည်ကတော့ ကိုယ်စီနေရာယူငြိမ်သက်ကာ  သူခိုးက လူပြန်ဟစ်သည့်ခေတ်ကိုသရုပ်ဖော်ရမည့်အချိန်ကို စောင့်စားဆဲ။

ထိုနေ့ မနက်ကျောင်းတက်ကတည်းက ဆရာ၊ ဆရာမများ မျက်နှာမှာ စိုးရိမ်ပူပန်သည့်အရောင်ဟပ်နေတာတော့ သတိထားမိ သည်။  ဆရာမတယောက်က "သူများယောင်လို့ယောင်  အမောင်တောင်မှန်း မြောက်မှန်းမသိ မလုပ်ကြနဲ့ " ဟု ပြောသောအခါ အမက ထိုဆရာမကိုမထီသလို လှမ်းကြည့်တာတော့ ကျနော်တွေ့လိုက်သည်။  မုန့်စားဆင်းချိန် ကျနော့် အနားသို့ အမရောက်လာပြီး၊ ကျောင်းဆင်းခေါင်းလောင်းထိုးတာနဲ့ သူ့အနားကပ်နေဖို့မှာသည်။

ကျောင်းဝင်းအပြင်ဘက်ရောက်တော့  ကျနော်တို့ရွယ်တူ ကျောင်းသားများစောင့်ကြိုနေ ကြပြီ။ အမက သူ့လက်ကိုင်ပုဝါကြီး ကိုထုတ်၍ မျက်နှာစည်းလိုက်ပြီး၊ ကချင်လွယ်အိတ်နီကို စလွယ်သိုင်း လိုက်သည်။

သူ့အရိပ်အကဲကြည့်နေသူ ကျနော်လည်း သူနှင့်တသဝေမတိမ်း လိုက်လုပ်တော့သည်။  မောင်နှမနှစ်ယောက် လက်ချင်းမြဲမြဲ တွဲကာ  လူတန်းကြီးနှင့် ပါသွားသည်။

၃၁ ဘတ်စ်ကားဂိတ်၊ သံသုမာလမ်းချိုင့်ဝှမ်းများ၊ ၃၇ ဘတ်စ်ကားဂိတ်၊ စာတိုက်လမ်းဆုံ၊

"နေဝင်းအစိုးရပြုတ်ကျရေး
ဒို့အရေး....
ဒီမိုကရေစီ၊ ရရှိရေး
ဒို့ အရေး....."
         
အော်ရလွန်း၍ လည်ပင်းများနာလာသည်။

မောင်နှမနှစ်ယောက် လက်တွဲများပြုတ်သွားလိုက်၊ သတိရချိန် ပြန်တွဲလိုက်...။ ခြေထောက်များ အားမစိုက်ရပါဘဲနှင့် ရွေ့သွားတာပြန်မှတ်မိသည်။ ရွှေတိဂုံကိုလှမ်းမြင်နေရပြီ။ ဟစ်ကြွေးသံများ ညံဆဲ။
ခြေလှမ်းများသွက်ဆဲ။

"သူများယောင်လို့ယောင် အမောင်တောင်မှန်း မြောက်မှန်း မသိ" ဟု ဆရာမပြောခဲ့သည့် စကားကို ပြန်သတိရမိသည်။ မဟုတ်ပါ။  ယောင်ခြင်းမဟုတ်ပါ။ တောင်မှန်း မြောက်မှန်းလည်းသိ ကြပါ၏။  လူကြီးများအိမ်မှာ တိုးတိုးကျိတ်ပြောရသည့်မကျေမနပ်စကားကို၊ လမ်းမများပေါ်ထွက် ၍အော်ဟစ်ခဲ့ကြပြီ။ လက်ကိုင်ပုဝါလေးတွေ မျက်နှာစည်းလို့ လူဟစ်နေသည့်သူခိုးများ၏သရုပ်မှန်ပေါ်အောင် ဖော်ထုတ်ခဲ့ကြလေပြီ။

၂၈ နှစ်တာကြာခဲ့ပါပြီ။ ဝီရိယရှိ၍ ဉာဏ်ထက်သော အမသည်  ဆရာဝန်မဟုတ်သည့် ဒေါက်တာဘွဲ့ကို  ဂျပန်ပြည်ကယူလာခဲ့တာ အတော်ကြာပြီ။  ကျနော်ကတော့၊ ၈၈ အရေးတော်ပုံ ကြီးပြီးတော့ တောမြို့လေးပြန်သွားခဲ့ပြီး၊ တနေ့တခြား ပေါများလာသော မူးယစ်ဆေးဝါးထောင်ချောက်တွေက လွတ်အောင် မနည်းရှောင်ခဲ့ရသည်။  အနားမှာ..စီမံခန့်ခွဲ ပေးတတ်သည့်လက်ကိုင်ပုဝါဝယ်ပေးသူအမမရှိတော့   ပညာရေးမှာ ယောင်ချာချာ။ အမနှင့် ကျနော်ယှဉ်နိုင်တာ ကတော့ သားသမီးအရေအတွက်ပင်။ ကျနော်ကသုံးယောက်။ပညာမက်မောသူ  အမကတယောက်တည်း။   တူညီတာက တော့ ယနေ့ထက်တိုင် ထိုစဉ်ကလက်ကိုင်ပုဝါလေးတွေကို ကိုယ်စီသိမ်းထားကြခြင်းပင်။  ။

ကျော်ကျော် မြရည်စမ်း