မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၂၀)


မောင်မောင်စိုး ● လွမ်းရစ်ဝေသော နေ့များ၊ ညများ၊ ဘဝပေါင်းများစွာ - အပိုင်း (၂၀)
(မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၆

● လေထီးဦးအုန်းမောင်
၂ ကျွန်းပြန်ဟုဆိုရမည့် လေထီးဦးအုန်းမောင်၏အိမ်မှာ တောင်ဥက္ကလာတွင် ဖြစ်သည်။ ရပ်ကွက်အတွင်းပိုင်းဖြစ်၍ လမ်းတော့သိပ်မကောင်းလှပေ။ သစ်သားတထပ်အိမ်တလုံးအတွင်း ဦးလေးဦးအုန်းမောင်နှင့်တွေ့ရသည်။ အသားညိုညို ပိန်ပိန်ပါးပါး အရပ်ရှည်သူ ဖြစ်သည်။ အနေအေးဆေးပြီး ပြုံးရွှင်စွာ စကားပြောတတ်သည်။ ဆရာမြကား မိမိဖခင်နှင့် ရွယ်တူခန့်ရှိပြီး ဦးအုန်းမောင်ကတော့ မိမိဖခင်ထက်ကြီးသည်။ သို့သော် ထိုသူ ၂ ဦးစလုံးက ငယ်ရွယ်သူမိမိအား ကျနော်နှင့် ခင်ဗျားနှင့် လေးလေးစားစား ပြော၍ အံ့အားသင့်မိသည်။ ပထမတခေါက်တော့ ကိုအောင်မေသုနှင့်သူတို့ စကားပြောသည်ကို နားထောင်သူသက်သက် ဖြစ်သည်။ နောက်အခေါက်တွေမှာတော့ မိမိသိလိုသူများကို မေးခွင့် နားထောင်ခွင့်ကြုံသည်။

ဂျပန်ခေတ်တုန်းက အိန္ဒိယသို့ နောင်သမ္မတဖြစ်လာမည့် မန်းဝင်းမောင်၊ ဗိုလ်မှူးချစ်ကောင်း(CPB ကျဆုံး)တို့နှင့်အတူ ဂျပန်တော်လှန်ရေးအတွက်စေလွှတ်ခံရပြီး အိန္ဒိယတွင် လေထီးသင်တန်း ရောက်ခဲ့သူဖြစ်၍ လေထီးဦးအုန်းမောင်ဟုခေါ်ကြခြင်းဖြစ်သည်။ ဒို့ဗမာအစည်းအရုံးဝင်တဦးဖြစ်ပြီး ရေနံမြေသပိတ်ချီတက်ရာတွင် အသေခံဗိုလ်စာရင်းသွင်းခဲ့သူလည်း ဖြစ်သည်။

၁၉၃၉/၄၀ ခန့်က ဖျာပုံမြေအောက်တော်လှန်ရေးအဖွဲ့ဝင် ၁၉၄၂ တွင် ဘီအိုင်အေ မြို့နယ် ငြိမ်ဝပ် ပိပြားရေးအဖွဲ့ဝင်အဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၄၄ တွင် ဂျပန်တော်လှန်ရေးအတွက် အိန္ဒိယသို့ စစ်သင်တန်းများတက်ရန် စေလွှတ်ခံရသည်။ ၁၉၄၅ မြန်မာပြည်ပြန်ရောက်ပြီး ဗမာပြည်ကွန်မြူနစ် ပါတီဗဟိုစည်းရုံးရေးမှူးအဖြစ်၎င်း၊ ၁၉၄၆ ခုနှစ် ဖဆပလရွှေတိဂုံဘုရား အလယ်ပစ္စယံညီလာခံ၌ ဖျာပုံခရိုင်ကိုယ်စားလှယ်အဖြစ်၎င်း၊ တာဝန်ယူခဲ့သည်။

၁၉၄၈ ခုနှစ် CPB တောခိုသောအခါ မြစ်ဝကျွန်းပေါ်တိုင်း၌ တာဝန်ယူခဲ့သည်။ ၁၉၅၃ ခုနှစ်၌ CPB ဗဟိုကော်မတီနှင့် မြစ်ဝကျွန်းပေါ်တိုင်း ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ် ပုသိမ်ခရိုင်အတွင်း တိုက်ပွဲ တခု၌ဒဏ်ရာရပြီး ဖမ်းဆီးခံခဲ့ရသည်။ ၁၉၅၈ တွင် ကိုးကိုးကျွန်းသို့အပို့ခံရပြီး ၁၉၆၀ တွင် ပြန် လွတ်ခဲ့သည်။ ၁၉၆၄ တွင် ဒုတိယအကြိမ်အဖမ်းခံရပြီး ၁၉၆၉ ခုနှစ် ကိုးကိုးကျွန်းသို့ ဒုတိယ အကြိမ်အပို့ခံရသည်။ ၁၉၇၂ ခုနှစ်တွင်ပြန်လည်လွတ်မြောက်လာခဲ့သူ ဖြစ်သည်။ တိုက်ပွဲတွင်ရခဲ့သောဒဏ်ရာကြောင့် ခြေထောက်သိပ်မကောင်းလှချေ။

ကိုလိုနီခေတ် ဒို့ဗမာအစည်းအရုံးမှစ၍ မြန်မာ့နိုင်ငံရေးတွင် ထဲထဲဝင်ဝင် လုံးပမ်းတိုက်ခိုက်ခဲ့သူ တဦးဖြစ်သူ အန်ကယ်ဦးအုန်းမောင်၏အတွေ့အကြုံ၊ အတွေးအမြင် အယူအဆတို့သည် မိမိအတွက် တန်ဖိုးရှိလှသည်။

လေအေးအေးဖြင့် ဖြေညှင်းစွာပြောလေ့ရှိသော အန်ကယ်ဦးအုန်းမောင်သည် အငြင်းပွား ဖွယ်နိုင်ငံရေးပြဿနာများနှင့်ပတ်သက်၍လည်း ထိန်းထိန်းသိမ်းပြောဆိုတတ်သူ ဖြစ်သည်။ အန်ကယ်ဦးအုန်းမောင်၏ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်သည်လည်း အေးဆေးတည်ငြိမ်သူတဦးဖြစ်ပြီး လွတ်လပ်ရေးခါစက မြစ်ဝကျွန်းပေါ်တိုင်းအမျိုးသမီးသမဂ္ဂ ဒုဥက္ကဋ္ဌတာဝန်ယူခဲ့ပြီး CPB မြစ်ဝကျွန်း ပေါ်တိုင်းသို့တောခိုခဲ့သူ ဖြစ်သည်။ လင်နှင့်မယားရှေ့သွားနောက်လိုက်ညီသည်ဟု ဆိုရမည်။

မိမိနှင့်အနှစ် ၂၀ ခန့်ကင်းကွာသွားပြီး ၁၉၉၅ နောက်ပိုင်းတွင်ပြန်လည်တွေ့ဆုံရသည်။ မိမိထံမှ အရှေ့မြောက်ပိုင်းအခြေ အနေများကို သူပြန်လည် နားလည်ယူသည်။ သူ့အိမ်တွင် သခင်အုန်းမြင့် ကိုကျော်နိုင် ခေါ် စာရေးဆရာထက်မြက် ဦးစိုးမြင့် ( ယခု သခင်ကိုယ်တော်မှိုင်းဂူဗိမာန် စောင့်ရှောက်ရေး) တို့ကို တွေ့ရတတ်သည်။ အန်ကယ်ဦးအုန်းမောင်နှင့် မိမိဖခင်တို့လည်းရင်းနှီးနေပြီဖြစ်ရာ မိမိနေထိုင်ရာ စမ်းချောင်းသို့လည်း ရောက်လာတတ်သည်။ ထိုကာလက တညနေတွင် တက္ကသိုလ် ရိပ်သာလမ်း ခြံအမှတ် ၅၄ ၏လမ်းတဖက် လူအုပ်ထဲတွင် ချွတ်ထား သောဖိနပ်ကလေးပေါ်ထိုင်၍ ဒေါ်အောင် ဆန်းစုကြည် တရားဟောသည်ကို ထိုင်၍ နားထောင်နေသည်ကို တွေ့ခဲ့ရဖူးသည်။

၁၉၉၉ ခုနှစ် သူအသက် ၈၀ ပြည့်မွေးနေ့ပြုလုပ်သည်။ သူလမ်းထဲ ကားဝင်မရ၍ လမ်းထိပ်တွင်ပင် ကားရပ်ထားခဲ့ရသည်။ ထိုလမ်းထိပ်တွင်လည်း ဆိုင်ကယ်နှင့်ကားများရပ်ထားသကဲ့သို့ လူအုပ် လိုက် ထိုင်နေကြသည်။

အန်ကယ့်မွေးနေ့လာသူများတော့မဟုတ်ကြ။ မွေးနေ့ပွဲကို လာစောင့်ကြပ်နေသော ရပ်ကွက်ရုံးမှ လူများ၊ ထောက်လှမ်းရေး SB များအပြင် စွမ်းအားရှင်ဆိုသူများလည်း ပါပုံရသည်။ အန်ကယ်အိမ်ရောက်တော့ အိမ်ပေါ်ရော အိမ်ဝင်းထဲရော အိမ်အောက်မကျန် လူပြည့်ကြပ် နေသည်။ ခေတ်အဆက်ဆက် အတိုက်အခံနိုင်ငံရေးသမားများ ကျွန်းပြန်များကိုတွေ့ရသည်။ အတော်စည်ကားသည်ဟု ဆိုရမည်။

အန်ကယ်တဖက်အိမ်တွင်လည်း လူတချို့လှုပ်လှုပ်ရွရွဖြစ်နေ၍ မေးမြန်းကြည့်တော့ ထောက်လှမ်းရေးမောင်မင်းကြီးသားများ အန်ကယ်အိမ်ကိုဗီဒီယိုလှမ်းရိုက်နေသည်ဟုဆိုသည်။ မိမိရောက်ပြီး မကြာမီတွင် ဒေါ်အောင်ဆန်းစုကြည်ရောက်လာရာ အားလုံးလှုပ်လှုပ်ရွရွဖြစ်သည်။ သို့သော် လှုပ်လှုပ်ရွရွဖြစ်သူများမှာ မိမိတို့မဟုတ်။ လမ်းထိပ်ကလူသိုက်နှင့် တဖက်အိမ်မှဗီဒီယိုရိုက်နေကြသော လူသိုက်ဖြစ်သည်။ မွေးနေ့ပွဲလာမိမိတို့မှအပ ရပ်ကွက်ထဲမှ ရပ်ကွက်သူ ရပ်ကွက်သားများ အပြင်မထွက်ရဲကြ။ မိမိအိမ်တွင်းမှ ပြူတစ်ပြူတစ်လုပ်၍ ကြည့်နေကြသည်။

ထိုမွေးနေ့မတိုင်ခင် ရေကျော်မှာနေသည့် ပိသုကာဦးကျော်မင်းဆုံး၍ မိမိသတင်းမေး ရောက်သွား ခဲ့ဖူးသည်။ ပိသုကာဦးကျော်မင်းသည် ရွှေတိဂုံတောင်ဖက်မုခ်ရှိ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်အား ပုံစံထုတ်ခဲ့သူတဦးဖြစ်ပြီး ၁၉၉၀ ခုနှစ်ရွေးကောက်ခံ NLD အမတ်တဦးဖြစ်သည်။ မိမိအသုဘအိမ်ရောက်တော့ သတင်းမေးလာသည့်ဆွေမျိုးမိသင်္ဂဟအချို့နှင့် ဧည့်ခံနေသော အဖမ်း မခံရ သေးသည့် NLD အမာခံအချို့တွေ့ရသည်။ လူသိပ်မများလှ။

ဒေါ်အောင်ဆန်းစုကြည်လည်း သတင်းလာမေးသည်ကိုတွေ့ရသည်။ လမ်းထဲက အိမ်တချို့က ပြူ တစ်ပြူတစ်နှင့် အိမ်ထဲမှလှမ်းကြည့်နေသည်ကိုသာတွေ့ရသည်။ လမ်းမပေါ်တွင်တော့ တာဝန်ရှိ လူကြီးမင်းများမှအပ လူရှင်းနေသည်။ အသုဘအိမ် အတွင်း၌လည်း အလားတူ ဖြစ်သည်။ ခုများတော့ ပြောင်းလဲသွားချေပြီ။

တောင်ဥက္ကလာရပ်ကွက်ထဲ ရေကျော်လမ်းမထဲ ဒေါ်အောင်ဆန်းစုကြည်သာဝင်လာပါက လူတွေ ဝုန်းဒိုင်းကြဲ တိုးပေါက်နိုင် မည် မဟုတ်လောက်ပေ။ ထိုစဉ်ကတော့ မျက်ထောင့်နီနှင့် ကြည့်နေကြသော ထောက်လှမ်းရေး SB ရဲ ရပ်ကွက်လူကြီးနှင့် စွမ်းအားရှင်များသာတွေ့ရပေသည်။

မိမိလည်း ထိုကာလက ရန်ကုန်တွင်နေသော်လည်း နယ်ဖက်သို့ ခရီးထွက်နေသည်က များသည်။ အန်ကယ်နှင့်သိပ်မဆုံဖြစ်ခဲ့။ ၁၉၉၉ နှစ်ကုန်ပိုင်းလောက် အန်ကယ်မဆုံးမီ သူ့အိမ်သို့ တခေါက် ရောက်ဖြစ်သည်။ မိမိနှင့်အတူ မိမိဖခင်နှင့် ဆရာပါရဂူ တို့လည်း ပါသည်။ အန်ကယ်ဦးအုန်းမောင် ကျန်းမာရေးသိပ်မကောင်းတော့။ အောက်စီဂျင်ပေးထားရသည် ထင်သည်။ သူ့ အား ပြုစုကုသ ပေးနေသည်က ဆရာလေးဟုခေါ်ကြသည့် ဒေါက်တာတင်စန်းဦးဖြစ်သည်။ နိုင်ငံရေးနယ်ပယ် စာပေနယ် ပယ်မှလူများအား အခမဲ့စေတနာဖြင့်ကုသပေးနေသော ဆရာဝန်ဖြစ်သည်။

ဤအခေါက်သည် အန်ကယ်အား နောက်ဆုံးတွေ့လိုက်ရသည့်အခေါက်ဖြစ်သည်။ အန်ကယ်ဆုံးတော့ မိမိရန်ကုန်တွင်မရှိ။ နယ်သို့ရောက်နေသည်။ ဤသို့ဖြင့် ကိုလိုနီခေတ်ကစပြီး မိမိနိုင်ငံရေးယုံကြည်ချက်အတွက် စွန့်လွှတ်အနစ်နာခံပြီး ကိုယ်ကျိုးမဖက်ဆောင်ရွက်ခဲ့သည့် နိုင်ငံရေးသမားတဦး၊ ပပလွှားလွှားမရှိ ဘဝကိုဖြတ်သန်းရင်း ကွယ်လွန်သွားခဲ့သည်။ကိုကျော်နိုင် ဝါ ကိုထက်မြက်ကိုကျော်နိုင်ကို ပြည်ထောင်စုဟု သူသူငယ်ချင်းများက ခေါ်ကြသည်။

ဆူလေးဘုရားလမ်းပေါ်ရှိ ဘဏ် ၃ မှာ ယခင်က ပြည်ထောင်စုဘဏ်ဟုခေါ်သည်။ ကိုကျော်နိုင်က ထိုဘဏ်မှဝန်ထမ်းဖြစ်သဖြင့် ပြည်ထောင်စုဟုတွင် သွားပုံရသည်။ သူ့အိမ်သင်္ကန်းကျွန်းတွင်ဖြစ်သော်လည်း မြို့ထဲရှိ သူ့အလုပ်လုပ်သောဘဏ်မှာ သွားရလာရ လွယ်သဖြင့် သူ့အား ဘဏ်တွင် သွားတွေ့လေ့ရှိသည်။ သူသည် အစိုးရဘဏ်ဝန်ထမ်းအဖြစ် လုပ်ဆောင်နေစဉ် နိုင်ငံရေးလှုပ်ရှားမှုများတွင်ပါဝင်ပြီး ကိုးကိုးကျွန်းသို့ ရောက်ရှိခဲ့သူ တဦးဖြစ် သည်။

သူအားလည်း ကိုအောင်မေသုမိတ်ဆက်ပေးမှုအရ သိခဲ့ရသည်။ သွားရလာရလွယ်ကူသဖြင့် ဘဏ်ဖွင့်ရက်တွင် သူ့ဆီရောက်တတ်သည်။ ထိုစဉ်က သူသည်တက်ကြွသူဖြစ်သည်။ လှုံ့ဆော်သူ ဖြစ်သည်ဟုလည်း ဆို၍ရပါသည်။ ထိုစဉ်က သူတို့၏မိုးကြိုမုန်တိုင်းစာအုပ်က ပွဲဆူနေသည်။ ထက်မြက်ဆိုသောနံမည်နှင့်စာ စရေးနေပြီ ဖြစ်သည်။ မတူသောအမြင်များနှင့် ငြင်းခုံမှုများစွာကို ထိတွေ့ခံစားခွင့်ရသည်။

သူက စာရေးဆရာနိုင်ဝင်းဆွေနှင့် အတော်လေးတွဲမိပုံရသည်။ သူနှင့်နိုင်ဝင်းဆွေတို့ ၂ ဦးတွဲ၍ ရေဆန်လမ်းဟူသည့် စာအုပ်တအုပ်ထွက်သည်ကို တွေ့ရသည်။ ဝေဖန်ရေးဆရာမောင်စွမ်းရည်က "အနုပညာလက်ရာကောင်းလှသောနိုင်ဝင်းဆွေတယောက်လည်း နိုင်ငံရေးအရ ထက်ထက်မြက် မြက်ရှိသည်ဟုဆိုသူတဦးနှင့် ပေါင်းမိနေသည်။ နိုင်ဝင်းဆွေရေ ရှေ့မှာကျောက်ဆောင်သတိထား " ဟု ရေးသားဖူးသည်။ ထိုစဉ်က ကိုကျော်နိုင်ဆီရောက်သော်လည်း နိုင်ဝင်းဆွေနှင့် မိမိမဆုံဖူးခဲ့။ နောင်များမှဆုံဖြစ်သည်။ စာရေးကောင်းသောနိုင်ဝင်းဆွေသည် ကိုထက်မြက်၏ စည်းရုံးမှုကြောင့် CPB အရှေ့မြောက်သို့ရောက်သွားသည်ဟုအချို့က ယူဆကြသည်။ တကယ်တော့ လူတင်ပါလို့ နွားကျားကိုက်သည်ဟု ဆိုရပါမည်။
ယခုတော့ ကိုကျော်နိုင်တယောက်လည်း စာရေးဆရာထက်မြက်ဆိုသည့်အမည်ဖြင့် စာပေနယ်တွင် ရပ်တည်လျက် ရှိသည်။ စာပေသမားတို့၏ သောကြာဝိုင်း စနေဝိုင်းတို့တွင် ရှိနေတတ်သည်။ လေလောဆယ် စာရေးဆရာသမဂ္ဂဥက္ကဋ္ဌ တာဝန်ယူနေသည်ဟုကြားသိရသည်။

● စာအုပ်အဟောင်းတန်း
ထိုစဉ်က စာအုပ်အဟောင်းတန်းမှာ ပန်းဆိုးတန်းလမ်းပေါ်ရှိ ယခုမီးလောင်သွားပြီဖြစ်သည့် ကုန်သွယ်လယ်ယာအဆောက်အဦးအောက်တွင်လည်း ရှိသည်။ အခြားတနေရာတော့ ကောင်းစွာမမှတ်မိတော့ပေ။ ထိုစာအုပ်ဟောင်းတန်းရှိ သူ့မိတ်ဆွေများနှင့်လည်း ကိုအောင်မေသုက မိမိအားမိတ်ဆက်ပေးခဲ့သည်။ သိပ်တော့ ရင်းရင်းနှီးနှီးမရှိခဲ့။ မျက်မှန်းတန်းမိရုံလောက်သာဖြစ်သည်။ ဘာပဲဖြစ်ဖြစ်စာအုပ်ဟောင်းရှာဖို့တော့ အထောက်အကူဖြစ်ပါသည်။

၁၉၇၃ /၇၄ လောက်တွင် လက်ဝဲဝါဒဘာသာပြန်စာအုပ်များမှာ အသစ်ထွက်နိုင်ခြင်းမရှိတော့။ ဖဆပလခေတ်ထုတ်ခဲ့သော စာအုပ်များကိုအဟောင်းတန်းမှာ ရှာရသည်။ မတ်၊ လီနင် စတာလင်တို့ စာအုပ်ဘာသာပြန်များကို ရှာဖွေ၍ရနိုင်သည်။ ဖဆပလခေတ်က ကျော်လင်းစာပေ သည် မတ်ဝါဒစာအုပ်ဘာသာပြန်အတော်များများထုတ်ဝေခဲ့သည်ကို တွေ့ရသည်။ ထို့ပြင် တရုတ်သံရုံးမှထုတ်သည့် မော်စီတုန်း၏ စာအုပ်ငယ်များလက်ရွေးစင်ကျမ်းများကို ဝယ်ယူရရှိနိုင်ပါသည်။ သို့ဖြစ်ရာ စာအုပ်အဟောင်းတန်းတွင်သာ မွှေနှောက်ရှာဖွေမေးမြန်း ဝယ်ယူရသည်။

လက်ဝဲဝါဒစာအုပ်များသာမက အခြားနိုင်ငံရေးစာအုပ်ပေါင်းများစွာလည်း ရှာဖွေ၍ ရနိုင်သည်။ ထိုစဉ်က မိမိကနိုင်ငံရေးအားသန်နေ၍ နိုင်ငံရေးစာအုပ်ပေါင်းစုံကို ရှာဖွေရန်အားသန်နေခဲ့သည်။ သို့သော် စာအုပ်အဟောင်းတန်းသည် နိုင်ငံရေးစာအုပ်များသာရှိသည်မဟုတ်။ ဘာသာရပ်မျိုးစုံ နယ်ပယ်ပေါင်းစုံကစာအုပ်များအားလည်း ရှာဖွေ၍ရနိုင်သည်။ စာဖတ်သူအားလုံးအတွက် အကျိုး ရှိသော စာအုပ်အဟောင်းတန်းလေးဟုဆိုရမည်။ ဟောင်းသော်လည်း ကောင်းနေဆဲ စာဖတ်သူများကို အကျိုးရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့်လည်း ယနေ့ကာလတွင် ယခင်စာအုပ်ဟောင်းများစွာကို ပြန်လည်ထုတ်ဝေနေကြသည်ကို တွေ့ရသည်။ ရာပြည့်စာအုပ်တိုက်ထုတ်စာအုပ်များကိုကြည့်လျှင် စာအုပ်ဟောင်းများ ပြန်လည်ထုတ်ဝေမှုက ၇၀% ခန့်ရှိသည်ကို တွေ့ရသည်။ မည်သို့ဖြစ်စေ စာအုပ်အဟောင်းတန်းလေးတွင် စာအုပ်မွှေ နှောက်ရှာဖွေရသည်ကလည်း လွမ်းစရာပင်ဖြစ်တော့သည်။

စာအုပ်တန်းတွင် ကိုအောင်မေသုမိတ်ဆက်ပေး၍သိရသူတဦးမှာ ကိုကြည်တင်ဦး ဖြစ်သည်။ သူက ဖြူဖြူ ဝဝ လုံးလုံးမို့ သူတို့ရင်းနှီးသူအချင်းချင်းကတော့ ဘဲဥဟုခေါ်ကြသည်။ နောက်တဦးကတော့ ကိုမင်းဟန်ဟု ထင်သည်။ သူကမိမိထက်အသက်အနဲငယ်ကြီးသော်လည်း ၃၀ နှစ်ခန့်သာ ရှိဦးမည်။ အသားဖြူဖြူ ခပ်သွက်သွက်လူငယ်တဦးဟုဆိုရမည်။ ၁၉၈၀နှစ်ပိုင်းက သူသည် အရှေ့မြောက် CPB အခြေခံဒေသသို့ ထွက်ခွာခဲ့သည်။

သို့သော်သူသည် ရှမ်းပြည်ဘက်မသွားဘဲ ကချင်ပြည်နယ်ဘက်က သွားခဲ့သည်။

ကချင်ပြည်နယ်ရောက်ရှိပြီး KIO ဗဟိုဌာနချုပ်သို့ရောက်ရှိသွားသည်။ KIO မှ CPB သို့ပို့ပေးရန် ပြင်ဆင်နေစဉ် ထိုစဉ် KIO ဌာနချုပ်ရှိရာ ပါကျောက်၌ သွေးဝမ်းလျှောပြီး ကွယ်လွန်သွားသည်ဟု ကြားသိလိုက်ရသည်။

စာအုပ်အဟောင်းတန်းလေးသည်၎င်း၊ စာအုပ်ဟောင်းရောင်းကြသူများသည်၎င်း မြန်မာ လူ့အဖွဲ့ အစည်းအား သူတို့အားနှင့်သူတို့ ရတတ်သမျှ ထုဆစ်ခဲ့ကြသည်ဟုဆိုရပေမည်။ ရန်ကုန်မြို့ ၏ စာအုပ်အဟောင်းတန်းကလေးကား ယနေ့တိုင်ရှင်သန် လှုပ်ရှားသက်ဝင်နေဆဲ ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe ( မောင်မောင်စိုး )

photo credit Nae Myo Zaw