ခင်လွန်း - သမိုင်းလက်ဆင့်ကမ်း



ခင်လွန်း - သမိုင်းလက်ဆင့်ကမ်း
(မိုးမခ) သြဂုတ် ၈၊ ၂၀၁၆



ဒို့ခေတ်မှာ
ဒို့အရှေ့ခေတ်က လူတွေအတိုင်း
တံတိုင်း နံရံ အကာအဆီးတွေ မှန်သမျှ
ဒို့ အကြိမ်ကြိမ် တွန်းခဲ့ကြ
ဒို့အကြိမ်ကြိမ် တိုက်ခဲ့ကြ
ခေါင်းနဲ့တိုက်ခဲ့ကြ
ကိုယ်နဲ့တိုက်ခဲ့ကြ
ဘဝနဲ့တိုက်ခဲ့ကြ
အသက်နဲ့လဲပြီးတိုက်ခဲ့ကြ

သေကြ ကြေကြ
ကွဲကြ ကွာကြ
အကျဉ်းကျကြ
တချို့ရူးသွပ်
တချို့ပျောက်ဆုံး

နှောင်ကြိုးမှန်သမျှ
ဖြတ်ပြီး စွန့်ပြီး တိုက်ခဲ့ကြ
ငါတို့ရသမျှဟာ
အခု မင်းတို့လက်ထဲရောက် ဒီယနေ့သမိုင်းစဉ်ပဲ။

၈ လေးလုံး
၂၈ နှစ်မြောက်ပြောပါဆိုရင်
မင်းတို့ခေတ်မှာလည်း
ငါတို့ရှေ့က လူတွေလိုလုပ်ကြ
မင်းတို့ရှေ့က ငါတို့တွေလိုလုပ်ကြ

ဒီယနေ့သမိုင်းစဉ်တောင်းဆိုတဲ့အတိုင်း
မင်းတို့လုပ်ကြ
ဒီနေ့မှာ ငါ့အတွက်ပြောစရာ
ဒါပါပဲညီတို့…. ။ ။

ခင်လွန်း
၇၊ ၈၊ ၂၀၁၆
ည- ၉း ၃၀
(သရုပ်ဖော် - စစ်ငြိမ်းအေး၊ ၁၉၈၉ ဧပြီ၊ အိန္ဒိယပြည်ဘက်ခြမ်းမှာ ကျောင်းသားလက်နက်ကိုင်တပ်ဖွဲ့ Democratic Guerilla Front ဖွဲ့စည်းခဲ့စဉ်က ထုတ်ခဲ့တဲ့ မြေအောက်စာစောင် မျက်နှာဖုံး၊ ကိုခင်လွန်းအတွက် အမှတ်တရအဖြစ် မောင်ရစ် စုထားတဲ့အထဲက လက်ဆင့်ကမ်းလိုက်ပါတယ်)