ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၂၄


မောင်မောင်စိုး - လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ - အပိုင်း ၂၄
(မိုးမခ) သြဂုတ် ၂၀၊ ၂၀၁၆


အီကို ကိုအောင်ရင့်ဆိုင်နှင့် သူငယ်ချင်းများ

မိန်းထဲတွင် အီကိုတွင်းလည်းအပေါင်းအသင်းများရှိလာသည်။ သူငယ်ချင်းများဟုဆိုရသော်လည်း ထိုသူတို့မှာ မိမိထက်အသက်လည်းကြီး ဝါလည်းကြီးသူများဖြစ်သည်။ မိမိက ပထမနှစ်ကျောင်း ရောက်စ ရှိသေးသော်လည်း အီကိုမှ မိတ်ဆွေများက တတိယနှစ်နှင့် နောက်ဆုံးနှစ် ကျောင်းသား များဖြစ်ကြရာ မိမိ၏စီနီယာများဟုဆိုရပါမည်။ မိမိထက်ကြီးသူများနှင့်သွားပေါင်း ပြီး စကားကြီး စကားကျယ်များပြောဆိုဆွေးနွေးငြင်းခုံခဲ့သည်ဟု ဆိုရမည်။

အီကိုတွင် မိမိတို့ထိုင်လေ့ရှိသောဆိုင်မှာ AE 10 လား AE 11 လား မသဲကွဲတော့သည့် စာသင်ဆောင် နားမှ ကိုအောင်ရင့်လက်ဖက်ရည်ဆိုင်ဖြစ်သည်။ လက်ဖက်ရည်သောက်ရင်း ဆွေးနွေးငြင်းခုံခဲ့ကြသည့် ဆိုင်လေးဖြစ်သည်။ ကျောင်းသာူများအပေါ်လည်း အနွံအတာခံ၍ ထိုင်ဖြစ်ခြင်းလည်းဖြစ်သည်။ နံမည်ကြီးဦးယမ်းဘီလူးအအေးဆိုင်ကတော့ မိမိတို့သိပ်မထိုင်ဖြစ်ကြ။ ထိုဆိုင်တွင် ကျောင်းသူများနှင့် စုံတွဲများထိုင်လေ့ရှိသည်။

မိမိသိသောအီကိုကျောင်းသားများထဲကအခြားသူများထက် ခေါင်းတလုံး ပိုမြင့်သူကား ကိုချစ်ဆောင်ဦး ဖြစ်သည်။ ပြည်အနီး ပေါက်ခေါင်းမြို့နယ်ထဲရှိ ချောင်းဂေါင်းရွာမှဖြစ်သည်။ ဗိုလ်နေဝင်းခေါ်သခင်ရှုမောင်နှင့် တရွာတည်းသားဖြစ်သည်။ ထိုချောင်းဂေါင်းရွာ အလယ်မှ ချောင်းတချောင်းဖြတ်စီးနေပြီး ရွာနှစ်ပိုင်းကွဲနေသကဲ့သို့ အယူအဆလည်းကွဲနေသည်။ ရွာတခြမ်းက မဆလအားလိုလားပြီး တခြမ်းက ကွန်မြူ နစ်လိုလားသည်။ ကိုချစ်ဆောင်ဦးကား ကွန်မြူ နစ် လိုလားသော ရွာအခြမ်းက ဖြစ်သည်။ နဝင်းချောင်းဖျားဒေသ CPB အာဏာနီ တည်ဆောက်ရာ ဒေသဖြစ်သည့် ပေါက်ခေါင်းနယ်တွင် CPB သြဇာအတော်အသင့်ရှိသည်ဟုဆိုရမည်။

ကိုချစ်ဆောင်ဦးကား အသားဖြူ ဖြူ ရုပ်ဆိုးဆိုးဟုဆိုရမည်။ သူ့မျက်နှာတွင် ပါးစပ်တခုလုံး ရှေ့ရောက် နေသည့် ထူးခြားချက်ရှိသည်။ သို့သော် အသားဖြူ သူဖြစ်၍ ဘာဝတ်ဝတ် အဆင်ပြေသည်။ ထိုစဉ်ကထဲက အရောင်အနုအရွများကို နှစ်သက်စွာ ဝတ်ဆင်လေ့ရှိသည်။ တိုက်ပုံအင်္ကျီလည်း ခုံမင်စွာ ဝတ်ဆင်လေ့ရှိသည်။ အရောင်နုလေးများ ကြိုက်တတ် ဝတ်ဆင်တတ်သူဟုဆိုရမည်။ ထို့ပြင် သေသေသပ်လည်း ဝတ်စားဆင်ယဉ်သူ ဖြစ်သည်။ သူ့အားမည်သည့်အခါ စုတ်တီးစုတ်ဖတ် ညစ်တီးညစ်ပတ်မတွေ့ရ။ အသန့်အပြန့်လည်းကြို က်ပုံရသည်။ သို့သော် သူ၏စိတ်ဓာတ်ကတော့ မနုရွချေ ။ မာကြော၍ အလွန်ပြင်းထန်သော စကားလုံးများ ရဲရဲတောက်စကားလုံးများ ဆိုလေ့ ရှိသူဖြစ်သည်။

ထိုစဉ်ကာလ ၁၉၇၄/၇၅ ကျောင်းသားလှုပ်ရှားမှု များတွင်ပါဝင်ခဲ့ပြီး နောက်ပိုင်းလည်း မပြတ်ပါဝင် နေ၍ ထောင်ထဲဝင်လိုက်ထွက်လိုက်နှင့် နှစ်ပေါင်းများစွာ အုတ်နံရံတွင် နေခဲ့ရသည်။ နောက်ဆုံးတခေါက်တော့ အတော်ကြာပုံရသည်။ သမ္မတဟောင်းဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့် နှင့်မှ ပြန်လွတ်လာသည်ကို ကြားရသည်။  ခုတော့ ပြည်သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက် တွင် ပါဝင်လှုပ်ရှားနေသည်ဟု ကြားရသည်။ မိမိနှင့်မဆုံသည် ကတော့ နှစ် ၄၀ ခန့်ရှိပြီ။ သို့သော် အင်တာနက်လူမှုကွန်ယက်များတွင်တော့ သတင်များကြားရတွေ့နေရသည်။ ယခုအခါ အသက်က ၆၅ နှင့် ၇၀ တန်းလောက်ရောက်နေသော်လည်း အဝတ်အစားကတော့ အနုအရွလေးများနှစ်သက်စွာ ဝတ်ဆင်နေဆဲ။ သန့်ပြန့်နေဆဲ ။ အလားတူ လေသံကလည်း မာနေဆဲ ကျယ်လောင်နေဆဲ ရဲရဲတောက်နေဆဲ ။

နောက်တဦးကတော့ ကိုခင်မောင်လေးဖြစ်သည်။ အသားဖြူ ဖြူ ခပ်ဝဝဖိုင့်ဖိုင့်နှင့် မျက်နှာချိုသူ ဖြစ်သည်။ အဝတ်အစားဝတ်သည်ကို သိပ်အလေးမထားတတ်ချေ ။ တွန့်လိမ်နေသော သူဆံပင်ကို လည်း သိပ်ဖီးလေ့မရှိပေ။ သူကား မိတ္ထီလာချည်မျှင်နှင့်အထည်စက်ရုံ အလုပ်သမားမိသားစုမှ ပေါက်ဖွားလာခြင်းဖြစ်သည်။ မိတ္ထီချည်မျှင်နှင့် အထည်စက်ရုံက ထိုစဉ်က အစိုးရပိုင်ဖြစ်သည်။ ယခုတော့ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံဖြစ်သွားပြီး တပ်ပိုင်ဖြစ်နေချေပြီ။ သူသည် လက်ခတ်နှင့်တီးရသော မြန်မာဂီတာ တီးခတ် ခြင်း မြန်မာသီချင်းများသီဆိုခြင်းများ ဝါသနာထုံသကဲ့သို့ ကဗျာရေးစပ်ခြင်းလည်း ဝါသနာထုံသည်။ ကဗျာရေးရာတွင် ဇော်မှိုင်းဆိုသည့် နံမည်နှင့် ရေးလေ့ ရှိသည်။

သူလည်း ကျောင်းသားလှုပ်ရှားမှုများတွင် တက်ကြွစွာ ပျော်ရွှင်စွာ ပါဝင်လေ့ရှိသူဖြစ်သည်။ ထိုကာလလှုပ်ရှားမှုတခုက သူအိမ်ပြန်နေစဉ်ဖြစ်သွားပြီး လွဲချော်သွား၍ တက်တခေါက်ခေါက် ဖြစ်ခဲ့သူဖြစ်သည်။ ထောင် ဘယ်နှစ်ကြိမ်ကျခဲ့သည်လည်းတော့ မမှတ်မိ။ နောက်ဆုံးလွတ်လာသည်က ၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်က ဖြစ်သည်။ နှစ်ရှည်ထောင်ကျနေ၍ သားတယောက်နှင့်ရုန်းကန်နေရသော ဇနီးဖြစ်သူက မကြည်ဖြူ ၍ အိမ်ထောင်ရေး
အဆင်မပြေဟု ကြားရသည်။ နောက်လေဖြတ်၍ ညီမအိမ်ရောက်သွားပြီး ကွယ်လွန်သွားသည်ဟု ကြားရသည်။ ပေးဆပ်သူတိုင်း ပြန်ရတတ်သည် မဟုတ်ပေ။

နောက်တဦးကား ကိုရဲထွဋ် ဖြစ်သည်။ ဆံပင်လှိုင်းတွန့်နှင့် နေကာ မျက်မှန်နှင့်စတိုင်ကျ ဂိုက်ကောင်း သူ ဖြစ်သည်။ စောစောပိုင်းကာလများက ဖမ်းဆီးခံရသည်ကို မကြားမိခဲ့ရပေ။ သို့သော် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၌ ပဲခူးတိုင်းမြို့နယ်တခုမှ NLD အမတ်အဖြစ် အရွေးခံရသည်။ ထိုကာလ NLD
အမတ်တို့ကံကြမ္မာအတိုင်း အဖမ်းခံရလိုက်သည်ဟု ကြားသိရသည်။ ထောင်ကလွတ်ပြီး နိုင်ငံရေး နယ်ပယ်မှ စွန့်ခွာသွားသည်။ ဆရာဝန်မတဦးနှင့်အိမ်ထောင်ကျပြီး အိမ်ထောင်ရေး စီးပွားရေး အဆင်ပြေပုံရသည်။

ကိုလေးဟုခေါ်ကြသော ကိုလှသိန်းလည်း ဤအီကို အပေါင်းအဖော်များတွင် ပါလေ့ရှိသည်။ သူကတော့ ကျောက်ဆည်မြို့နယ် တမန်တလင်းရွာမှ ဖြစ်သည်။ အနေအေးသည်။ စကားသိပ်များလေ့မရှိ။ တိတ်တိတ်ဆိတ်ဆိတ်နားထောင်လေ့ရှိသည်။ သူနဲ့အချိန်တချို့ ထပ်မံ တွေ့သေးသည်။ နောက်ပိုင်းတွင်ထပ်မံဖော်ပြပါမည်။

အီကိုမှ ပေါင်းသင်းဖြစ်သူ ခင်မင်ဖြစ်သူ နောက်တဦးကတော့ ကိုတင်မောင်သန်းဖြစ်သည်။ သူနဲ့ပတ်သက်၍ ၂၀၀၇ ခုနှစ်က နွယ်နီမဂ္ဂဇင်းတွင် ဝတ္ထုတပုဒ်ပင်ရေးသားခဲ့ဖူးသည်။ သူသည် မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်နှင့် သပ်သပ်ရပ်ရပ်ဝတ်စားတတ်သူ ဖြစ်သည်။ တိုက်ပုံအင်္ကျီ ကို ဝတ်သည်ထက် ညာဘက်ပုခုံးပေါ်လွှဲတင်ပြီး ညာဘက်လက်ဆွဲကိုင်ထားတတ်သည်။ လဘက်ရည်ဆိုင်ထိုင်၍ စကားပြောကြလျှင် သူစကားပြောမည်ဆိုလျှင် သူ့၏ခေါင်းရှေ့သို့ တိုးလာတတ်ပြီး ညာဘက်လက်ကိုမြှောက်၍ ရှေ့သို့ ဆန့်ထုတ်တတ်သည်။ သူလည်း စာဖတ်ဝါသနာ ထုံသူဖြစ်သကဲ့သို့ နိုင်ငံရေးတွင် တက်ကြွသူဖြစ်သည်။

သူ၏ဖခင်ဖြစ်သူက ဗိုလ်တင်ကွန့်ဖြစ်သည်။ ၁၉၄၈ ခုနှစ် CPB တောခိုစဉ် CPB ဗဟိုကော်မတီဝင်နှင့် မြစ်ဝကျွန်းပေါ်တိုင်းကော်မတီ ဥက္ကဋ္ဌဖြစ်သည်။ နောက်ပိုင်း လက်နက်ချ သွားခဲ့သည်။ မိခင်ဖြစ်သူက ဒေါ်ကျင်သန်းဖြစ်သည်။ ဒေါ်ကျင်သန်းကလည်း မြစ်ဝကျွန်းပေါ်တိုင်း အမျိုးသမီးသမဂ္ဂဥက္ကဋ္ဌ အဖြစ် လည်း ၁၉၄၈ ဝန်းကျင်က ဆောင်ရွက်ခဲ့ဘူးသည်။ လေထီးဗိုလ်အုန်းမောင်ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်နှင့် ညီအမများဖြစ်ကြသည်။

မိမိနှင့် ကိုတင်မောင်သန်းနှင့်သိရှိခင်မင်ကြချိန်တွင် ကိုတင်မောင်သန်း၏မိဘနှစ်ပါးက လမ်းခွဲထားပြီး ဖြစ်သည်။ ကိုတင်မောင်သန်းက မိခင်ဖြစ်သူနှင့်အတူ တောင်ဥက္ကလာပတွင် နေသည်။ ထိုစဉ်က မိမိမကြာမကြာရောက်တတ်သည့် အိမ်ဖြစ်သည်။ စားအိမ်သောက်အိမ်ဟု ဆိုရမည်။ငယ်စဉ်ကတည်း က ငါးပိရည်မကြို က်သော မိမိသည် ကိုတင်မောင်သန်းမိခင်၏ လက်ရာငါးပိရည်ဖျော်ကို ခံတွင်း တွေ့သွားသည်။ ငါးပိရေကြိုကို မြေအိုးလေးနှင့်ကျိုသကဲ့သို့ ငါးရံ့ခပ်သေးသေး နှစ်ကောင်ခန့်ကိုလည်း မြေအိုးလေးနှင့်ပြု တ်၍အသားကိုနွှာပြီး ငါးပိရေကျိုထဲထည့်ပြီး ဖျော်ထည့်၍ ပိုအရသာရှိသည်လား မပြောတတ်ပေ။ ကြက်သွန်ဖြူ ဂျင်း ငရုတ်သီးစိမ်းတို့ထောင်းထည့်ထားပြီး ငရုတ်သီးခြောက်ကိုလှော်၍ ထောင်းထည့်ထားသည့် ငါးပိရည်ခွက်သည် မွှေးပျံ့နေပြီး မစားမီကထဲက စားချင်စဖွယ်ဖြစ်နေပေ သည်။

မိမိနှင့်စကားစပ်မိပြီး မိမိပုသိမ်ဇာတိဖြစ်ကြောင်းပြောဖြစ်တော့ ကြီးကြီးဒေါ်ကျင်သန်းက မိမိတို့ အိမ်နေရာကိုသိသွားပြီး " ဟဲ့ အဲဒီအိမ်မှာ ငါတို့နေဖူးတယ်လေ အဲဒီအိမ်က သံချောင်းလား
သံလုံလား တယောက်တောထဲရောက်လာသေးတယ်လေ " ဟုမေးပြော ပြောသည်။
" တောထဲရောက်လာတာက သံချောင်းပါ ။ ကျနော့်အဖေပါ " ပါပြန်ဖြေခဲ့ရသည်။

၁၉၄၈ ခုနှစ် CPB တောခိုတော့ မြစ်ဝကျွန်းပေါ်တိုင်းက ဗိုလ်တင်ကွန့်တို့ ဗိုလ်အုန်းမောင်တို့ဦးစီးပြီး တောထဲရောက်သွားချိန် ဒေါ်ကျင်သန်း ဒေါ်မြင့်မြင် ညီအမများက တောမခိုသေး ပုသိမ်မြို့ပေါ်တွင် ကျန်နေခဲ့သည်။ ထိုစဉ်က သူတို့တွေ ပုသိမ်က မိမိတို့အဘိုးအိမ်၏ အဖီလေးတွင် ငှားနေကြပြီး နောက်မှ တောခိုသွားကြခြင်းဖြစ်သည်။ ထိုစဉ်က အိမ်ရှိ မိမိတို့ အဖေညီအကို ၃ ယောက်၏ ငယ်နံမည်များဖြစ်သော သံလုံး၊ သံချောင်း၊ သံခဲတို့ကိုမှတ်မိခဲ့ပုံရသည်။ ပို၍မှတ်မိသည်မှာ ထိုညီအကို ၃ ယောက်ထဲတယောက်ဖြစ်သော မိမိဖခင်က ၁၉၅၀ စွန်းစွန်းတွင် မြစ်ဝကျွန်းပေါ်တိုင်း တောတွင်းဌာနချုပ်သို့ ရောက်ရှိသွား၍ ဖြစ်ပုံရသည်။

ဒေါ်ကျင်သန်းကား သူ၏ညီအမဖြစ်သူ ဒေါ်မြင့်မြင့်နှင့်မတူ။ ဒေါ်မြင့်မြင့်က အေးဆေးစကားနည်း သော်လည်း သူမကတော့ ဟောဟောဒိုင်းဒိုင်းပွင့်ပွင့်လင်းလင်းပြောတတ်သည်။ ၁၉၉၆ ခန့်က မိမိရန်ကုန်ပြန်ရောက်ပြီး တောင်ဥက္ကလာအိမ်သို့ရောက်သွားခဲ့ရာ ကိုတင်မောင်သန်းနှင့်တော့မတွေ့။ ကြီးကြီးဒေါ်ကျင်သန်းနှင့်တွေ့ရသည်။ အတော်အိုစာသွားသော်လည်း ယခင်ကဲ့သို့ အသံကမာဆဲ။ ဟောဟောဒိုင်းဒိုင်းပြောဆဲဖြစ်သည်။ အသက်အရွယ်ကြီးရင့်ပြီဖြစ်၍ တွေ့တွေ့ချင်းတော့ မိမိနှင့် မောင်မောင်ထွေးကို သိပ်မသဲကွဲ။ မတွေ့တာလည်း နှစ် ၂၀ ကျော်ခန့်ကြာသွား၍ ဖြစ်သည်။ နောက်တော့ မိမိအား မှတ်မိသွားသည်။ မှတ်မိသွားတော့လည်း သူမပြောချင်တာ ဒဲ့ပြောသည်ကိုကြားရပြန်သည်။

" ကဲပါကွယ် အေးအေးဆေးဆေးနေပါတော့ ။ သခင်သန်းထွန်းတို့လို လူတော်တွေလုပ်တာတောင် မရတာ မင်းတို့လုပ်ဘယ်ရမလဲ " ဟုဆိုသည်။ မိမိကတော့ ဘာမှပြန်မပြောခဲ့ပါ။ ပြုံး၍သာ နားထောင်ခဲ့သည်။

၂၀၀၀ စွန်းစွန်းတွင်ဆုံးရှာသည်ထင်သည်။ သူမ ဆုံးတော့ ကိုတင်မောင်သန်း
က ဖုန်းဆက်အကြောင်းကြားခဲ့သော်လည်း မိမိခရီးလွန်နေ၍ သူမ၏နောက်ဆုံးခရီးအား လိုက်မပို့ နိုင်ခဲ့ပါ။ ကျောင်းသားဘဝကတော့ ထိုအိမ်သည် မိမိတို့ စားအိမ်သောက်အိမ် ဆွေးနွေးငြင်းခုံခဲ့ကြရာ အိမ်ဖြစ်ခဲ့သည်။

အီကိုကဆရာများ
အီကိုကခင်မင်ခဲ့သူများတွင် ကျောင်းသားများသာမက ဆရာတယောက်လည်းပါသည်။ ထိုသူကတော့ အီကိုတွင် သရုပ်ပြဆရာလုပ်နေသောကိုကြီးမြင့်ဖြစ်သည်။ ကိုကြီးမြင့် ဖခင်က မြန်မာနိုင်ငံတွင် အာမခံလုပ်ငန်းစတင်အစပျိုးခဲ့ကြသည့် အာမခံဦးကိုကိုကြီးဖြစ်သည်။ ထိုစဉ်က အီကိုတွင်
လည်း ဧည့်ပါမောက္ခတာဝန် ယူနေသည်ထင်ပါသည်။ ဖခင်ဖြစ်သူ၏ရာထူးဂုဏ်သိမ်နှင့် အင်းယားကန်စပ်ရှိ ဘဏ်အရာရှိရိပ်သာဝင်းအတွင်းရှိ လုံးချင်းနှစ်ထပ်တိုက်နှင့်ကားနှင့် နေနိုင်သော ကိုကြီးမြင့်သည် အနေအထိုင် မဝင့်ဝါခဲ့။ ရိုးရိုးကုပ်ကုပ်သာ ဖြစ်သည်။ အသားခပ်လတ်လတ် ခပ်ပိန် ပိန် မျက်မှန်ထူထူနှင့် တိုက်ပုံအင်္ကျီ ဝါဖန့်ဖန့်လေးနှင့် ခပ်ကုပ်ကုပ်သာနေတတ်သည်။

ကိုကြီးမြင့်ကား အင်ယားကပ်စပ်က လုံချင်းနှစ်ထပ်တိုက်ကြီးတွင် နေထိုင်ပြီး ကားလ်မတ်၏ အရင်းကျမ်းကိုဖတ်ရှု နေသူဖြစ်သည်။ အင်္ဂလိပ်စာကောင်းသကဲ့သို့ သူ ဖတ်ထားသောစာများကို မြန်မာလိုလက်တန်း ခရားရေလွှတ် ရှင်းပြနိုင်သူဖြစ်သည်။ သာမန်အချိန်တွင် စကားသိပ်ပြောလေ့မရှိ ပြုံးပြုံးပြုံးပြုံးဖြင့် သူများပြောသည်ကိုသာ နားထောင်လေ့ရှိသော်လည်း အကြောင်းအရာတခု တင်ဆွေးနွေးလိုက်လျှင် ခရားရေလွှတ် တတွတ်တွတ်ဖြင့် ကျမ်းကိုးကျမ်းကားပြည့်စုံစွာဖြင့် ရှင်းပြနိုင်သူဖြစ်သည်။ သူသည် ကွယ်လွန်ချိန်ထိ မိမိ၏ရဲဘော်ရဲဘက်အဖြစ် ရပ်တည်ခဲ့သူလည်း ဖြစ်ပါသည်။

ကြားဖြတ်ပြောရလျှင် အီကိုတွင် အချောအလှပေါသည်က ကျောင်းသူများသာမက ဆရာမ ငယ်ငယ် များလည်း ချောကြပါသည်။ သူတို့ မဟာဘွဲ့တက်နေရင်း ဂုဏ်ထူးတန်းတက်နေရင်း ကျူတာခေါ် သရုပ်ပြဆရာမဝင်လုပ်သူများက ငယ်ရွယ်သေးပြီး ကျောင်းသားများနှင့်အသက် သိပ်မကွာလှပါ။
ထိုစဉ်က မစန်းကျော်ဇောလည်း အီကိုတွင် ကျူတာအဖြစ်တွေ့ရသည်။ အသားဖြူ ဖြူအရပ်အမောင်း ကောင်းကောင်း ကျက်သရေရှိသည့်သူ ဖြစ်သည်။ ထိုစဉ်က သူမ အိမ်ထောင်ကျပြီထင်သည်။ သူမကား ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော( ရဲဘော်သုံးကျိပ်) ၏ သမီဖြစ်၍ ပို၍ လူသိများသည်။

မိမိသူငယ်ချင်းများ သဘောကျသည့် ဆရာမလေးကား အီကိုအင်္ဂလိပ်စာဌာနမှ ဖြစ်ပုံရသည်။ အရပ်ကတော့သိပ်မမြင့် ။ အသားဖြူ ဖြူ ပြည်ပြည့်ဖြိုးဖြိုး မျက်နှာဝိုင်းဝိုင်းနှင့် ဣနြေ္ဒရသူဖြစ်သည်။ ကရင်ဆရာမလေးဖြစ်ပုံရသည်။ သူမအတန်းချိန်ဆိုလျှင် မိမိတို့ သူငယ်ချင်းနှစ်ယောက် သွားတက် လေ့ရှိသည်။ ထိုစဉ်က မိမိနှင့်မဆိုင်သည့်အတန်းလည်းသွားတက်၍ရသည်။ အတန်း၏နောက်ဆုံး တန်းများတွင် ဝင်ထိုင်ပြီးတက်လေ့ရှိသည်။ ဆရာ ဆရာမများလည်း မောင်းထုတ်လေ့မရှိ။ ထို့ကြောင့်လည်း ထိုသူငယ်နှစ်ယောက်က ဆရာမလေးအတန်းချိန်အားမှတ်သားပြီး သွားတက်လေ့ ရှိသည်။

တရက်တော့ ဆရာမလေးစာသင်ချိန်တွင် heel ဆိုသည့် အင်္ဂလိပ်စာလုံးပါသွားသည်။ ဖိနောင့် ဖိနပ်အောက်ခံဒေါက်ဟု အဓိပ္ပာယ်ရသည်။ သကောင့်သားနှစ်ယောက်က ငြိမ်ငြိမ်မနေ။ What is heel ? heel ဆိုတာဘာလဲဟု ဆရာမလေးအား မေးခွန်းသည်။ ဆရာမလေးက ခပ်တည်တည်ပင် သူမ၏
ဒေါမြင့်ဖိနပ်အားချွတ်၍ အပေါ်သို့မြှောက်လိုက်သည်။ ထို့နောက် ဖိနပ်၏ဒေါက်အား လက်ညိုးထိုး၍ This is heel . ဒါ heel ပဲဟု ဆိုလိုက်ရာ ထိုနှစ်ယောက် လည်းမျက်နှာပိုးသတ်ငြိမ်နေခဲ့ရသည်။ ဆရာမလေး၏ အေးအေးဆေးဆေး ပညာပေးခြင်းအား ခံလိုက်ကြရသည်။

ပျော်ရွှင်လွမ်းမောစရာကောင်းသော ထို့နေ့ရက်များတွင် မိမိတို့ ဆေး ၂ မှ သူငယ်ချင်းများရော အီကို သူငယ်ချင်းများရော မိန်းထဲက သူငယ်ချင်းများ အများစုဆုံလေ့ရှိသော နေရာလေးကတော့ ဦးချစ်ဆိုင်တွင်ဖြစ်ပါသည်။

ဆက်လက်ဖော်ပြပါမည်
Mg Mg Soe ( မောင်မောင်စိုး )
photo credit Nae Myo Zaw