ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ထွန်းဝင်းငြိမ်း - အရေးတော်ပုံ၊ ဂဠုန်နီသတင်းစဉ်နဲ့ ကျွန်တော်

ထွန်းဝင်းငြိမ်း - အရေးတော်ပုံ၊ ဂဠုန်နီသတင်းစဉ်နဲ့ ကျွန်တော်
(မိုးမခ) သြဂုတ် ၈၊ ၂၀၁၆


ညီလာခံကနေ သတင်းစာစောင်တွေအနေနဲ့ မဆလအစိုးရ ပြုတ်ကျရေးကို အဓိကထား လှုံ့ဆော်ရေးသားကြရန်၊ လူသတ်ခေါင်းဖြတ် စတဲ့ အနိဋ္ဌာရုံသတင်းများကို ဦးစားပေးဖော်ပြနေမှု များမပြုလုပ်ကြရန်နဲ့ ပြည်သူအချင်းချင်း၊ ဒီမိုကရေစီ ဘက်တော်သားအချင်းချင်း တိုက်ခိုက်သည့် အရေးအသားများ ရှောင်ကြဉ်ကြရန် စသည်ဖြင့် ဆုံးဖြတ်ခဲ့ကြတာကိုမှတ်မိပါတယ်။










၁၉၈၈ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်တော့ ကျွန်တော်က မြန်မာ့ရေနံ ကော်ပိုရေးရှင်းမှာ အငယ်တန်း စက်မှုအင်ဂျင်နီယာဘဝနဲ့ ဝန်ထမ်းသပိတ်မှောက်ခဲ့တယ်။ သြဂုတ်လကုန်ခါနီးမှာ အကိုကြီးဖြစ် သူ ပန်းချီကိုငြိမ်းဦးက အရေးပေါ်ခေါ်တာနဲ့ သပိတ်အဖွဲ့နဲ့ ညှိနှိုင်းပြီး မန္တလေးကို ပြန်လာခဲ့တယ်။
ဂဠုန်နီသတင်းစဉ်
မန္တလေးရောက်တဲ့နေ့မှာပဲ အကိုဖြစ်သူ ပန်းချီကိုငြိမ်းဦးက ပန်းချီ ကိုစစ်ငြိမ်းအေးရဲ့ ၈၂ လမ်း၊ ၃၅ လမ်းနဲ့ ၃၄ လမ်းကြားမှာရှိတဲ့အိမ်ကို ခေါ်သွားတယ်။ အဲဒီရောက်တော့မှ ဆရာသမားတွေက ဂဠုန်နီစာစောင် ထုတ်ဖို့ စီစဉ်နေတယ်ဆိုတာ သိရတယ်။ ဂဠုန်နီစာစောင်ကို ဂဠုန်နီဆရာတော် ဦးကာဝိယ အမှူးထားပြီး ဆရာတော်ဦးသုန္ဒရက တာဝန်ခံထုတ်တာပါ။ စာစောင်အတွက် ငွေထုတ်ပေးတာက ၂၉ လမ်းနဲ့ ၈၃ လမ်းဒေါင့်မှာ သုံးရာသီ လက်ဖက် ရည်ဆိုင်ဖွင့်ထားတဲ့ ကိုမောင်မောင်ပါ။ အာရ်အိုင်တီကျောင်းသားဟောင်းလို့ သိရတယ်။ သူက စာလည်းရေးတယ်။ သူ့ကလောင်အမည်တော့ မမှတ်မိတော့ဘူး။

နောက်ထပ် ပင်တိုင်ဝိုင်းတော်သားတယောက်ကတော့ ဒေါက်တာအောင်ကျော်ဦးပါ။ ဘုရားကြီး အရှေ့ ၄၅ တာကွင်း မြောက်ဘက်မှာရှိတဲ့ နေဝင်းရောင်စုံ ပုံနှိပ်တိုက်က။ သူက ဂဠုန်နီ စည်းရုံးရေးမှူးတယောက်အဖြစ် ထင်ရှားပါတယ်။ စာလည်းရေးတယ်။ ဆရာဝန်တဦးလည်း ဖြစ်တယ်။

ပန်းချီကိုစစ်ငြိမ်းအေး ဦးဆောင်ပြီး သူ့အိမ်မှာပဲ ဂဠုန်နီစာစောင်ထုတ်ဝေရေး ဆောင်ရွက်ခဲ့ကြ တယ်။ ဂဠုန်နီလိုဂို၊ စာလုံးနဲ့စာစောင်အပြင် အဆင်တွေက ကိုစစ်ငြိမ်းအေးဒီဇိုင်းထုတ်တာပါ။ အယ်ဒီတာအဖွဲ့ရယ်လို့ သတ်သတ်မှတ်မှတ် ဖွဲ့ထားတာမျိုးမဟုတ်ပါ။ ပင်တိုင်ဝိုင်းတော်သားတွေက ကိုစစ်ငြိမ်းအေး၊ ကိုငြိမ်းဦး၊ ကိုမောင်မောင်၊ ဒေါက်တာ အောင်ကျော် ဦး၊ ဓာတ်ပုံရွှေကမ္ဘာမောင်ေ မာင်ကြီးနဲ့ ကျွန်တော်တို့က ကိုယ်တိုင် သတင်းရေး၊ သတင်းလိုက်၊ သတင်းခေါင်းတွေ တပ်ခဲ့ရပါတယ်။ နီးစပ်ရာ ဆရာတွေဆီမှာ သတင်းဆောင်းပါးတွေတောင်းခဲ့ကြပြီး ဂဠုန်နီကို ပုံဖော်ခဲ့ကြတာပါ။

ဂဠုန်နီစာစောင်က Legal ခေါက်ချိုးဆိုက် ၈ မျက်နှာပါပါတယ်။ ဝူဖရီ စက္ကူပေါ်မှာ အဖြူ၊ အမည်း တစ်ရောင် ထဲ အော့ဖ်စက်ရိုက်ပြီး စက်တင်ဘာလဆန်းကစပြီး တရက်ခြားတကြိမ် ထုတ်ဝေခဲ့တယ်။ ရောင်းဈေး က နှစ်ကျပ်ပါ။ တစ်ကျပ်ခွဲနဲ့ဖြန့်တယ်ထင်ပါတယ်။ အဲဒီအချိန်က ကွန်ပျူတာ စာစီစာရိုက် Layout တွေ မပေါ်သေးတော့၊ Art Card ပေါ်မှာ ဓာတ်ပုံတွေကပ်၊ လက်ရေးစာလုံးနဲ့ရေး ဖလင်ရိုက် ပြီး အော့ဖ်စက် ပို့ပေးရ တယ်။ အော့ဖ်စက်တိုက်က ၈၂ လမ်းနဲ့ ၄၅ ဗထူးလမ်းထောင့် ခေတ်ကျောင်းသားကွမ်းယာ ဆိုင်နား အောင်သိန်းသိန်းကျော်မှာ ရိုက်ပါတယ်။ ပိုင်ရှင်က ကဗျာဆရာဦးကြည်အောင်ရဲ့ ညီမတော်ပါ တယ်။ စာစောင်တခုရဲ့စာမူကနေ ထုတ်လုပ်ရေးအထိ တာဝန်ယူပေးရတယ်ဆိုပါတော့။

အော့ဖ်စက်က ထွက်လာတဲ့စာစောင်ကို ဂဠုနီအဖွဲ့ရဲ့ဆရာတော်တပါးက တာဝန်ခံပြီး ဖြန့်ချိပါတယ်။ စာစောင်ရောင်းလို့ရတဲ့ငွေကလည်း ဂဠုန်နီ သပိတ်စစ်ကြောင်းရဲ့ ရံပုံငွေပါပဲ။ ဆရာ ကိုစစ်ငြိမ်းအေး ဦးဆောင်တဲ့ ထုတ်လုပ်ရေးအဖွဲ့က အနုပညာ၊ နိုင်ငံရေးစိတ်နဲ့ ဂဠုန်နီသတင်းစဉ်ကို ကူညီခဲ့ကြတာပါ။ စာစောင်ထုတ်ခဲ့တဲ့ကာလမှာ သတ်မှတ်အခကြေးငွေနဲ့ လုပ်ခဲ့ကြတာမဟုတ်ပါဘူး။ ထမင်းစား၊ လက်ဖက် ရည် သောက်စတဲ့ အသုံးစရိတ်တွေကို သုံးရာသီပိုင်ရှင် ကိုမောင်မောင်က စိုက်ထုတ် အကုန်ကျခံ တာကို တွေ့ရပါတယ်။
ဂဠုန်နီဆရာတော် ဦးကာဝိယရဲ့တရားပွဲတွေကို မန္တလေးမြို့ပေါ်အနှံ့နဲ့ မတ္တရာ၊ ကျောက်ဆည်၊ သဲတော၊ ဝမ်းတွင်း၊ သာစည်၊ ပျဉ်းမနားဒေသတွေအထိ နယ်လှည့်ပြီး မဆလဆန့်ကျင်ရေး တရားတွေဟောခဲ့ တာ ကြောင့် ပြည်သူလူထု က သဘောကျထောက်ခံကြပါတယ်။ ဂဠုန်နီ သပိတ်အဖွဲ့(ဂဠုန်နီစစ်ကြောင်း) ဟာ အဖွဲ့ဝင်အင်အား ၁ သိန်းခွဲလောက်ထိ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီ လိုသြဇာတွေကြောင့် အဲဒီကာလက ဂဠုန်နီစာစောင်ဟာ အထက်ဗမာပြည်မှာတော့ အတော် ''ပေါက်'' ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီအချိန်က မန္တလေးမှာ အစောဆုံး စာစောင်ထုတ်ခဲ့ကြတဲ့အထဲမှာ ရှစ်လေးလုံးသတင်းစာ၊ ဧရာဝတီ၊ အောင်ဆန်းကြယ်နီ၊ အိမ်တော်ရာ၊ တပ်ဦး စတဲ့သတင်းစာစောင်တွေပါမယ်ထင်ပါတယ်။ မန္တလေးမြို့မှာ သတင်းစာစောင် သုံးဆယ်ကျော်လောက်ထွက်ခဲ့တယ်လို့ မှတ်မိပါ တယ်။ အဲဒီကာလက စာစောင်တွေရဲ့နိုင်ငံရေးလမ်းကြောင်းက တပါတီ အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးပါပဲ။ ဖြစ်ပေါ်နေတဲ့နိုင်ငံရေး အခြေအနေတွေအပေါ်အလိုက် ဖွဲ့စည်းပုံအခြေခံဥပဒေဖျက် သိမ်းရေး၊ မဆလစစ်အစိုးရ ပြုတ်ကျရေး၊ ကြားဖြတ်အစိုးရဖွဲ့စည်းရေး စတဲ့အာလုပ် ကြွေးကြော် သံတွေ ပေါ်ထွက်ခဲ့ပါတယ်။
ဗမာပြည်နိုင်ငံရေးက ရန်ကုန်ဗဟိုပြု အနေအထားဖြစ်ခဲ့တော့ စာစောင်တွေက ရန်ကုန် သတင်းကို ပဲဦးစားပေးဖော်ပြကြပါတယ်။ ရန်ကုန်သတင်းကို ရေဒီယို အသံလှိုင်းတွေ၊ တယ်လီဖုန်းတွေက တဆင့် ရယူကြရပါတယ်။

ရှစ်ဆယ့်ရှစ်ကာလရဲ့စာစောင်တွေမှာ အဓိက နိုင်ငံရေးဦးတည်ချက် မပျောက်အောင်၊ စာနယ်ဇင်း ကျင့်ဝတ်တွေသတိပြုမိအောင် အတွေ့အကြုံ ရှိသူတွေက မီဒီယာ၊ အင်တာဗျူးတွေမှာ ပြောခဲ့ကြ သလို အထက် ဗမာပြည်မှာတော့ စက်တင်ဘာလထဲမှာ မန္တလေး မြို့နယ်လုံးဆိုင်ရာ အထွေထွေသပိတ် တပ်ပေါင်းစုအဖွဲ့ချုပ်က သတင်းစာညီလာခံ ကျင်းပနိုင်ခဲ့ပါတယ်။
အဲဒီညီလာခံကနေ သတင်းစာစောင်တွေအနေနဲ့ မဆလအစိုးရ ပြုတ်ကျရေးကို အဓိကထား လှုံ့ဆော်ရေးသားကြရန်၊ လူသတ်ခေါင်းဖြတ် စတဲ့ အနိဋ္ဌာရုံသတင်းများကို ဦးစားပေးဖော်ပြနေမှု များမပြုလုပ်ကြရန်နဲ့ ပြည်သူအချင်းချင်း၊ ဒီမိုကရေစီ ဘက်တော်သားအချင်းချင်း တိုက်ခိုက်သည့် အရေးအသားများ ရှောင်ကြဉ်ကြရန် စသည်ဖြင့် ဆုံးဖြတ်ခဲ့ကြတာကိုမှတ်မိပါတယ်။
အဲဒီတုန်းက စာစောင်တွေမှာ သတင်းရေးသားခဲ့ကြသူတွေက နာမည်မခံဘဲ ရေးကြတာများပါတယ်။ ကာတွန်းဆရာအချို့က နာမည်ရင်းနဲ့ရေးတာကို တွေ့ရတယ်။ အယ်ဒီတာအဖွဲ့ဆိုတာကိုလည်း အမည်ဖော်ပြတာမျိုး နည်းပါတယ်။ မန္တလေးက ရှစ်လေးလုံးသတင်းစာကို လူထုတိုက်ကထုတ်ပြီး၊ ညီပုလေး၊ ဝင်းစည်သူ၊ ဆူးငှက်၊ ကျော်ရင်မြင့်၊ ခင်ခင်ထူးစတဲ့ စာရေးဆရာတွေ ဝိုင်းရေးကြတာပါ။ လူထုဒေါ်အမာ ကိုယ်တိုင် တည်းဖြတ် ပေးတာလို့ ကြားရပါတယ်။ ဒါကြောင့်မို့လို့ သတင်းစာအပီသဆုံးနဲ့ စနစ်ကျတဲ့စာစောင်တခု ဖြစ်ခဲ့တယ်လို့ မြင်မိ ပါတယ်။

ဧရာဝတီစာစောင်ကိုလုပ်ခဲ့တာ စာရေးဆရာခင်အောင်ဝင့်နဲ့ ကာတွန်းခင်မောင်တင့်တို့ပါ။ လမ်းသစ်စာစောင်မှာ အဖုံးဒီဇိုင်းလုပ်ပြီး အူဇီ၊ ဇကလေး စတဲ့ ကလောင်နာမည်တွေနဲ့ ဧရာဝတီနဲ့ အခြားစာစောင်တွေမှာ ကာတွန်းရေးခဲ့သူက ပန်းချီဒီဇိုင်းစိုးဝင်းငြိမ်းပါ။

ဂဠုန်နီစာစောင်က ရှစ်လေးလုံးနေ့မှာ လူထုကို လှုံ့ဆော်ထားတဲ့ကဗျာရှည်ကြီးတပုဒ် ဖြန့်ဝေခဲ့ တယ်။ အဖွင့်ပုဒ်မှာ အခုလိုဖော်ပြထားတယ်။ ''သူခိုးဓားပြလို ဖောက်ပြန်နေတဲ့၊ အစိုးရကို မထောက်ခံလိုတာကြောင့်၊ ပြည်မြန်မာကောင်းစားစေမှုအတွက်၊ ညီညာစွာ ကျောင်းသား တွေစုပြီး၊ အံတုဆန္ဒပြခဲ့ကြတယ်''လို့ စပ်ဆိုခဲ့ကာ ''ရာဇပလ္လင် တစ်သောင်းတန်မှာ၊ အာဏာရှင် လျောင်းစံနေသရွေ့၊ မြန်မာတခွင် ကောင်းရန်မမြင်သမို့၊ ဒေါင်းအလံ ဂဠုန်အလံထူလို့၊ ဘုံရန်သူ စိန်လွင်ကိုလ၊ ပုန်ကန်ရန် အချိန်မြင်ပြီမို့၊ အိမ်အပြင်သို့ အားလုံးထွက်၊ ရဲရဲဝံ့ဝံ့ ချီတက်ကြပါစို့'' ဆိုပြီး နိဂုံးပိုဒ်မှာရေးထားတာတွေ့ရပါတယ်။
အဲဒီကဗျာကို ဒေါက်တာ အောင်ကျော်ဦး ရေးဖွဲ့ခဲ့ပြီး၊ ပန်းချီကိုငြိမ်းဦးရဲ့သရုပ်ဖော်နဲ့ ဖြန့်ခဲ့တာလို့ ဖြစ်ပါ တယ်။ ဂဠုန်နီကို မန္တလေးက စာရေးဆရာတွေနဲ့ အထက်ဗမာပြည်ဓာတ်ပုံအသင်းက ဓာတ်ပုံဆရာတွေ ဝိုင်းဝန်း ပံ့ပိုးခဲ့ကြတာပါ။ နိုင်ငံရေးသမားကြီး ဗဒင်းဦးမောင်မောင်၊ လမင်းတရာအငြိမ့်ပိုင်ရှင် ဆရာမောင်မြတ်မှိုင်းက မှိုင်းသူရ ကလောင်နဲ့ မျက်နှာဖုံးသတင်းဆောင်းပါးတွေ ရေးပေးတာမှတ်မိပါတယ်။

မီဒီယာရဲ့တွန်းအား
ဒီအဖြစ်တွေကြုံခဲ့ရတာ နှစ်အစိတ်လောက်ရှိခဲ့ပါပြီ။ 

ဒီမိုကရေစီအရေးတော်ပုံမှာ ပြည်သူ့မီဒီယာသမားတွေဟာ အရေးတော်ပုံရဲ့ တွန်းအားတရပ်အဖြစ် တာဝန်ကြေခဲ့ကြတယ်လို့ မြင်မိပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး အင်အားသုံးအကြမ်းဖက် ဖိနှိပ်သတ်ဖြတ်ဖမ်းဆီးနေချိန်မှာတောင် မန္တလေး မစိုးရိမ်တိုက်က ဆရာတော်တွေ ထုတ်ဝေခဲ့တဲ့ ဥတ္တမဂျာနယ်၊ အထက် ဗကသကထုတ်တဲ့ ဗဟိန်းဂျာနယ်၊ မီးဒုတ် သတင်းစာ၊ ပြည်သူ့အာဏာ စတဲ့ စာစောင်တွေကို နိုင်ငံရေး အင်အားစုအသီးသီးက လူထုကိုဆက်လက်ထုတ်ဝေပြီး လူထုကို မပြတ်လှုံ့ဆော်ခဲ့ကြပါသေးတယ်။

ရှစ်ဆယ့်ရှစ် ဒီမိုကရေစီအရေးတော်ပုံကြီးကို အင်အားသုံး ဖြိုခွင်းခဲ့ပေမယ့် ရှစ်လေးလုံး စိတ်ဓာတ်ဟာ အခုအချိန်ထိ ပျောက်ကွယ်မသွား ခဲ့ပါဘူး။ ပြည်သူတရပ်လုံး ဆန့်ကျင်ကြတဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ပြီး၊ စစ်မှန်တဲ့ပါတီစုံဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ်ကြီးကို ရာနှုန်းပြည့် အကောင်အထည်မဖော်နိုင်သေးသရွေ့ အရေးတော်ပုံကြီးရဲ့ ခရီးဟာ မပြီးဆုံးသေးဘူးလို့ပြောချင် ပါတယ်။

အဲဒီခရီးဟာ ဗမာ့ဒီမိုကရေစီရေးသမိုင်းဖြစ်စဉ်ပါပဲ။ သမိုင်းကို ပြည်သူတွေကသာ ရေးကြ စမြဲပါ။ ပြည်သူတွေအတွက် တိုက်ပွဲဝင်သူ တိုင်းကို ပြည်သူလူထုကြီးက ခေါင်းပေါ်ရွက်၊ ပခုံးနဲ့ ထမ်းထား ကြပါလိမ့်မယ်။ ပြည်သူ့အကျီုးကို ဆန့်ကျင်တဲ့သူတွေကိုတော့ လူထုက ချနင်းသွားကြလိမ့်မယ်။ ဒါ့ကြောင့် ဂဠုန်နီစာစောင်မှာ ဖော်ပြခဲ့ဖူးတဲ့ ဒေါက်တာအောင်ကျော် ဦးရဲ့ကဗျာတပုဒ်ကို သတိရမိပါတယ်။ မှတ်မှတ်ရရ ဖော်ပြရင်း နိဂုံးချုပ် လိုက်ပါရစေ။

စစ်တပ်
ပြည်သူကို ချစ်တတ်သလား
ကြိုက်ပီ ကြို၏။
စစ်တပ်
ပြည်သူကို ပစ်သတ်မလား
တိုက်မည် အလိုမရှိ။


ထွန်းဝင်းငြိမ်း
၁.ဂ.၂ဝ၁၃

-ထွန်းဝင်းငြိမ်း၏ ဖေ့ဘုတ်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
(သစ်ခက်သံလွင်)