မောင်မောင်စိုး - ၂၁ ရာစုပင်လုံနှင့် မိုင်ဂျာယာန်မျက်နှာစုံညီအစည်းအဝေး - အပိုင်း ၎


မောင်မောင်စိုး - ၂၁ ရာစုပင်လုံနှင့် မိုင်ဂျာယာန်မျက်နှာစုံညီအစည်းအဝေး  - အပိုင်း ၎
(မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၆

ဖက်ဒရယ်တွင်အခြေခံရမည့်မူများ
မိုင်ဂျာယာန်ညီလာခံ ဒုတိယနေ့တွင် ဆွေးနွေးသည့် အကြောင်းအရာမှ ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့်မူများ ဖြစ်သည်။ ထိုစာတမ်းနှင့်ဆက်စပ်ကိုးကားရန် ညီညွတ်သော တိုင်းရင်းသား များဖက်ဒရယ်ကောင်စီ UNFC ၏ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေးနှင့် ညှိနှိုင်းရေး ကော်မတီ FCDCC ( Fedral Constitution Drafting and Coordination Committee ) မှ ရေးဆွဲထားသော " ဖက်ဒရယ်ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယမူကြမ်း ( 12/2/2008 ) နှင့် ၎င်း မူကြမ်းကို UNFC သုတေသနနှင့် ဥပဒေရေးရာဌာနမှ မွမ်းမံဖြည့်စွက် ထားသော ဒုတိယမူကြမ်း ( 12/7/2016 ) စာအုပ် ၂ အုပ်အားလည်း ကိုးကားရန်အတွက် ဖြန့်ဝေသည်။

သို့သော် ညီလာခံ၌ ဆွေးနွေးအတည်ပြု ကြသည်မှာ ဖက်ဒရယ်စနစ်တွင် အခြေခံသင့်သည့် မူ ၈ ချက် သာ ဖြစ်သည်။ ဆက်စပ်ကိုးကားရန်ပေးထားသော စာအုပ် ၂ အုပ်အား ဆွေးနွေးခြင်း အတည်ပြုခဲ့ခြင်း မရှိခဲ့ပေ။

မိုင်ဂျာယာန်၏ ဖက်ဒရယ်မူ
မိုင်ဂျာယာန်တွင် ထပ်မံအတည်ပြုခဲ့၍ မိုင်ဂျာယာန်၏ ဖက်ဒ ရယ်မူဟုဆိုရမည့် အချက်များမှာ အောက်ပါအချက် ၈ ချက် ဖြစ်သည်။

၁။ အချုပ်အခြာအာဏာ ( Sovereign power )

ပြည်ထောင်စု၏အချုပ်အခြာအာဏာသည် လူထုထံမှ ဆင်းသက်ရမည်။
အာဏာ ၃ ရပ်အား ခွဲဝေကျင့်သုံးရမည်။ လူထုဆန္ဒခံယူပွဲများဖြင့်ဆုံးဖြတ်ခွင့်ရှိရမည်။
၂။ တန်းတူရေး (Equality )
တိုင်းရင်းသားလူမျိုးတိုင်း တန်းတူရည်တူ အခွင့်အရေး ရှိရမည်။
၃။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ( Self - determination )
တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေး စီးပွားရေး လူမှုရေးနှင့် ယဉ်ကျေးမှု စသည့် ကဏ္ဏ အသီးသီးတွင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိရမည်။
၎။ စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စုမူ
ဖက်ဒရယ်ပြည်ထောင်စုကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ပြည်နယ်များဖြင့် ဖွဲ့စည်းရမည်။ ပြည်ထောင်စုအဆင့်တွင် အာဏာတူလွှတ်တော် ၂ ရပ်ဖြစ်သော အမျိုးသားလွှတ်တော် ( အထက်လွှတ်တော်) နှင့် ပြည်သူ့လွှတ်တော် ( အောက်လွှတ်တော်) တို့အား ထားရှိရမည်။
၅။ တိုင်းရင်းသားလူနည်းစုများ၏အခွင့်အရေးကို ကာကွယ်ခြင်း
( Ethnic minority right )

ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်များတွင် နေထိုင်ကြသော တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို အပြည့်အဝ ကာကွယ်ပြဋ္ဌာန်းပေးရမည်။
၆။ ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျား/မဆိုင်ရာတန်းတူညီမျှမှု ( Democracy, Human Rights and Gendar Equality )
ဘာသာရေးအယူဝါဒ အသားအရောင် လိင်ကွဲပြားမှုကိုအခြေခံသော ခွဲခြားဆက်ဆံခြင်းမရှိစေဘဲ အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအခွင့်အရေးကို ကာကွယ်ပြဋ္ဌာန်းပေးရမည်။
၇။ ပါတီစုံဒီမိုကရေစီ ( Multi-party Democracy system )
လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်၍ လူမျိုးပေါင်းစုံက စုပေါင်းပိုင်ဆိုင်ထားသော ဖက်ဒရယ်ပြည်ထောင်စု တွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရမည်။
၈။ ဘာသာရေးကို အခြေမခံသောနိုင်ငံ( Secular State ) နိုင်ငံရေးနှင့် ဘာသာရေးရောစပ်ခြင်း မရှိစေဘဲ ဘာသာရေးကို အခြေမခံသော နိုင်ငံဖြစ်ရမည်။

အထက်ပါ ၈ ချက်အား ယခင်ညီလာခံများကလည်းဆွေးနွေးလာခဲ့ပြီး ယခု မိုင်ဂျာယာန်ညီလာခံတွင် ထပ်ဆင့် အတည်ပြုသည့် မူ ၈ ချက်ဟုဆိုနိုင်သည်။ သို့သော် ၎င်းမူ ၈ ချက်မှာလည်း မူကြမ်းအဆင့် တွင်ပင် ရှိနေသေးပြီး ထပ်မံပြင်ဆင်ဖြည့်စွက်ရန် လိုအပ်နေသေးသည်။ ၎င်း မူ ၈ ချက်တွင် အဓိက ကွဲလွဲမှုရှိသည်မှာ အချက် ၄ ဖြစ်သော စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုမူနှင့်ပတ်သက်၍ ဖြစ် သည်။

အမျိုးသားပြည်နယ်မူနှင့် ရှမ်းမူ
အဆိုပါ ဖက်ဒရယ်ပြည်ထောင်စုမူနှင့် ပတ်သက်၍ FCDCC မှ တင်ပြသည့်မူမှာ အမျိုးသား ပြည်နယ်များ ဖွဲ့စည်းရေး ( ၁၂ ပြည်နယ်)ရေးဖြစ်သည်။ ၎င်းမူအား UNFC မှ တလျှောက်လုံး ရပ်ခံလာသည့်မူအဖြစ် အဓိကKNU မှ ရပ်ခံတင်ပြသည်။ ၎င်းမူအရ ဗမာအမျိုးသားပြည်နယ်အပြင် ကျန်တိုင်းရင်းသားလူမျိုးများ ရောထွေးနေသော ဥပမာ ဧရာဝတီတိုင်း တနင်္သာရီတို့အား အမျိုးသား များပြည်နယ်များအဖြစ် ဖွဲ့စည်းရေးဖြစ်သည်။

၎င်းနှင့်ကွဲလွဲသည့်အခြားမူတခုမှာ ရှမ်းမူခေါ်တောင်ကြီးမူခေါ် ၈ ပြည်နယ်မူ ဖြစ်သည်။ ဖဆပလခေတ် ၁၉၆၁ ခုနှစ် ဇွန် ၈ ရက်မှ ၁၆ ရက်အထိ တောင်ကြီးမြို့၌ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးညီလာခံ တရပ် ကျင်းပခဲ့သည်။ ၎င်းညီလာခံ၌ ကချင် ၂၆ ဦး၊ ကရင် ၂၇ ဦး၊ ကရင်နီ ၂၀ ဦး၊ ချင်း ၅ ဦး၊
မွန် ၁၃ ဦး၊ ရှမ်း ၁၃၀ ဦး၊ ရခိုင် ၅ ဦး၊ တိုင်းရင်းသားခေါင်းဆောင်များ စုစုပေါင်း ၂၂၆ ဦး လေ့လာသူ ၁၀၄ ဦး စုစုပေါင်း ၃၃၀ ဦး တက်ရောက်ခဲ့ကြသည်။ ၎င်းအစည်းအဝေးမှ ဖက်ဒရယ်ပြည်ထောင်စုအား ဗမာပြည်နယ်တခုအပါ ၈ ပြည်နယ်နှင့် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် မိုင်ဂျာယာန်တွင် ဖက်ဒရယ်ပြည်ထောင်စုမူနှင့်ပတ်သက်၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်အဝ ရှိသော ပြည်နယ်များဖြစ်ရမည်ဆိုသည့်အခြေခံပေါ်တွင် ပြည်နယ်ဖွဲ့စည်းပုံနှင့် ကွဲလွဲသည့် မတူသည့် အမြင်ရှိနေဆဲ ဆွေးနွေးညှိနှိုင်းဆဲ ဖြစ်သည်ဟု ဆိုရပါမည်။

ဗမာပြည်နယ်ပြဿနာ
အဆိုပါ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးနှင့်ပတ်သက်၍ မူ ၂ ရပ်ကွဲလွဲနေသော်လည်း တူညီသော အချက်တခု ဗမာပြည်နယ်ဖွဲ့စည်းရေးဖြစ်သည်။ အဆိုပါ ဗမာပြည်နယ်ဖွဲ့စည်းရေးပြဿနာမှာ ၁၉၄၇ ခုနှစ် မေလ ၂၃/၂၄ တွင် ရန်ကုန်မြို့၊ ဂျူဗလီခန်းမတွင်ကျင်းပသော ဗိုလ်ချုပ်အောင်ဆန်းဦးစီးကာ တိုင်းရင်းသားခေါင်းဆောင်များပါတက်ရောက်သည့် တိုင်းပြု ပြည်ပြု ဖဆပလပဏာမညီလာခံက သဘောတူချမှတ်ထားသည့် အချက်များပေါ်မှဆင်းသက်လာပုံရသည်။ ထိုညီလာခံက အောက်ပါ အတိုင်း သဘောတူချမှတ်ခဲ့သည်။

" အခန်း ၁ နိုင်ငံတော်ဖွဲ့စည်းပုံ
( ၁ ) ဗမာနိုင်ငံတော်ကို လွတ်လပ်သောအချုပ်အခြာအာဏာပိုင် သမ္မတနိုင်ငံဟု ကြေညာရမည်။
( ၂ ) ဆိုခဲ့ပြီးသော လွတ်လပ်ပြီးသော အချုပ်အခြာအာဏာပိုင်သမ္မတနိုင်ငံတွင်
က။ ။

၁။ ဗမာပြည်ဝန်ကြီးအဖွဲ့ကအုပ်ချုပ်သော ဗမာပြည်မ
၂။ ဟုမ္မလင်းခရိုင်ခွဲ
၃။ ဆင်ကလိန်ခန္တီး
၎။ သောင်သွပ်
၅။ ဆွမ္ပရာနယ်ပယ်
၆။ နာဂတောင်တန်းများ
၇။ သံလွင်ခရိုင်
၈။ ကန်ပက်လက်ခရိုင်ခွဲ
၉။ ရခိုင်တောင်တန်းဟုခေါ်ဝေါ်သောဒေသများ
ခ။ ။ ကိုးခန်းနှင့်မောင်းပိုင်တို့အပါအဝင်ဖြစ်သော ရှမ်းပြည်ထောင်စု
ဂ။ ။ ကရင်နီပြည်နယ်များ
ဃ။ ။ ကချင်တောင်တန်းများ
င။ ။ ကန်ပက်လက်မပါသော ချင်းတောင်တန်းခရိုင်တို့ပါဝင်ရမည် ဟူ၍ ဖြစ်ပါသည်။ "

ဤသို့ ဗမာပြည်နယ်ဖွဲ့စည်းတင်ပြချက်သည် တိုင်းရင်းသားများဖက်မှ ၂၁ ရာစုပင်လုံတွင် တင်ပြရန် ရည်ရွယ်ထားသည့် စဉ်းစားချက်အဖြစ်မှတ်ယူရဖွယ်ဖြစ်သည်။ တိုင်းရင်းသားအင်အားစုများဖက်မှ စဉ်းစားချက်သည် ပြည်နယ်များပေါင်းစုသည့် ဖက်ဒရယ်ပြည်ထောင်စုပုံစံမျိုးထက် သမ္မတနိုင်ငံ
များပေါင်းစုသည့် ဆိုဗီယက်ယူနီယံပုံစံမျိုးနွယ်သည်ဟု ယူဆရပါသည်။

အာဏာတူလွှတ်တော် ၂ ရပ်ပြဿနာ
အချက် ၄ ဖြစ်သောစစ်မှန်သော ဖက်ဒရယ်မူပြသနာတွင် တိုင်းရင်းသားများဖက်မှ ဖောပြသည်မှာ အာဏာတူ လွှတ်တော် ၂ ရပ်ထားရှိရေးဖြစ်သည်။ ဆိုလိုသည်မှာ လွှတ်တော်တရပ်က အတည်ပြု သော်လည်း အခြားလွှတ်တော်တရပ်က အတည်မပြုပါက ၎င်းဥပဒေ အသက်မဝင်နိုင်သည့် အာဏာတူ လွှတ်တော် ၂ ရပ်ဖြစ်သည်။ ဆိုလိုသည်မှာ လွှတ်တော် ၂ ရပ်စလုံးမှ သီးခြားစီ အတည်ပြု မှသာ မည်သည့်ဥပဒေမဆို အသက်ဝင်စေမည့် အဓိပ္ပာယ်ဖြစ်သည်။

အဆိုပါအဓိပ္ပာယ်အရ ပြည်ထောင်စု လွှတ်တော်ဟူ၍ စုပေါင်းထားသည့်လွှတ်တော်မထားရှိရေး ဖြစ်သည်။ သို့သော် အသေးစိတ်အချက်အလက်များတွင် အချို့ဥပဒေများကို ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းပေးရမည်ဟုဆိုထားရာ ရှင်းလင်းမှုမရှိပေ။ ထို့ပြင် အချို့ဥပဒေကို အမျိုးသား လွှတ်တော်( အထက်လွှတ်တော် ) ကပြဋ္ဌာန်းရမည်ဟု အချို့အသေးစိတ်အချက်အလက်များတွင် ညွှန်းဆိုပြန်ရာ အာဏာတူ လွှတ်တော် ၂ ရပ် ဟူသည့် ဆိုသည့်ဖွင့်ဆိုချက် ပျက်ပြယ်ပြန်သည်ကို တွေ့ရသည်။

သို့ဖြစ်ရာ လက်ရှိဆွေးနွေးသုံးသပ်ချက်မျှနှင့် မပြီးပြတ်သေးဟု ဆိုရပေမည်။ ထို့ပြင် ၂၁ ရာစုပင်လုံတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်ရပ်ခံမည့် မြန်မာစစ်ဖက်နှင့် အကြိတ်အနယ်ဆွေးနွေးရမည့်ကိစ္စရပ်လည်း ဖြစ်ပေသည်။

ပြဿနာ၏ဇစ်မြစ်
အဆိုပါ ဖက်ဒရယ်ပြည်ထောင်စုမူတွင် ဆွေးနွေးနေဆဲဖြစ်သည့် ဗမာပြည်နယ်ပြဿနာသည်၎င်း လွှတ်တော် ၂ ရပ် ပြဿနာသည်၎င်း အငြင်းပွားဖွယ်ပြဿနာများ ဖြစ်သည်။ တိုင်းရင်းသားအင်အားစုများမှ ၎င်းအကြောင်းရာတင်ပြလာခြင်း၏ဇစ်မြစ်မှာ တိုင်းရင်းသားပြည်နယ် များ၏အခွင့်အရေးကို ကာကွယ်လိုသည့်အခြေခံပေါ်မှ စဉ်းစားခြင်းဖြစ်သည်။

လက်ရှိအခြေခံဥပဒေအရ အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသားပါတီများအနေနှင့် ပြည်မပါတီများ၏အမတ်အရေအတွက်ကို မယှဉ်နိုင်ရာတိုင်းရင်းသားအရေးနှင့်ပတ်သက်၍ လွှတ်တော်တွင် အများစုနေရာရှိနေသော ပြည်မပါတီများ( ဗမာပါတီများ) ၏မဲအများစုဖြင့် ဆုံးဖြတ်မှု ကို လိုက်နာနေရသည့် အခြေအနေကို ပြောင်းလဲပစ်လိုသည်က အဓိကဖြစ်သည်ဟု သုံးသပ်ရသည်။ ထို့ပြင် ပြည်သူလွှတ်တော်ပါ လွှတ်တော် ၂ ရပ်ပေါင်းပါက လွှတ်တော်တွင် တိုင်းရင်းသားတို့မဲသည် ပြည်မပါတီများ၏မဲကို မနိုင် နိုင်တော့ဘဲ ပြည်မပါတီများ၏ သဘောထား ကိုသာ နာခံနေရမည့်အခြေအနေကို တိုင်းရင်းသားတို့ လိုလားကြခြင်းမရှိသည်က ပြဿနာ၏ ဇစ်မြစ် ဖြစ်သည်။

သို့ဖြစ်ရာ ပြဿနာ၏ဇစ်မြစ်ဖြစ်သော တိုင်းရင်းသားပြည်နယ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အုပ်ချုပ်ခွင့် စီမံခန့်ခွဲခွင့်နှင့် တိုင်းရင်းသားပြည်နယ်များ အခွင့်အရေးနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်၏အခန်း ကဏ္ဍကို မှန်ကန်စွာကိုင်တွယ်ဖြေရှင်းနိုင်ရေးသည် ၂၁ ရာစုပင်လုံ၏အရေးပါသည့် သော့ချက်
ကျသည့် ပြဿနာဖြစ်လာဖွယ်ရှိသည်ဟု သုံးသပ်ရပေသည်။

ဆက်လက်ဖော်ပြပါမည်Mg Mg Soe ( မောင်မောင်စိုး )