ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်မောင်စိုး - ၂၁ ရာစုပင်လုံနှင့် မိုင်ဂျာယာန်မျက်နှာစုံညီအစည်းအဝေး - အပိုင်း ၆


မောင်မောင်စိုး - ၂၁ ရာစုပင်လုံနှင့် မိုင်ဂျာယာန်မျက်နှာစုံညီအစည်းအဝေး -  အပိုင်း ၆
(မိုးမခ) သြဂုတ် ၁၆၊ ၂၀၁၆


နေပြည်တော်တွေ့ဆုံပွဲများ
မိုင်ဂျာယာန်ညီလာခံနှင့် တချိန်တည်းတွင် နေပြည်တော်တွင်လည်း ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးကော်မရှင်တာဝန်ရှိသူများ မြန်မာစစ်ဖက်ခေါင်းဆောင်များ နှင့် UWSP/UWSA ဝပြည်သွေးစည်းရေးပါတီ အတွင်ရေးမှူးဦးပေါက်ယိုရိ ခေါင်းဆောင်သောအဖွဲ့ NDAA မိုင်းလားအဖွဲ့ ခေါင်းဆောင် ဦးစိုင်းလင်းခေါင်းဆောင်သောအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါအဖွဲ့ ၂ သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထဲတွင် စစ်အင်အား အတောင့်တင်းဆုံး ဖြစ်ကြပြီး ၎င်းတို့ ထိန်းချုပ်အုပ်စိုးသည့်နယ်မြေ တိတိကျကျရှိကြသော အဖွဲ့ ၂ ခုဖြစ်သည်။ ကျန်အဖွဲ့များကဲ့သို့ ပြောက်ကျားလှုပ်ရှားသည့် အခြေအနေမရှိပေ။ ကိုယ့်နယ်မြေ ကိုယ့်တပ် ကိုယ့်အုပ်ချုပ်ရေးနှင့် ရပ်တည်ခဲ့ကြ၍ ထိုအခြေအနေမျိုးကို ကျန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အားကျခဲ့ကြသည်။

၎င်းအဖွဲ့ ၂ ဖွဲ့သည် ၁၉၈၉ ခုနှစ် CPB မှ ခွဲထွက်ပြီး နဝတ နှင့် ငြိမ်း ချမ်းရေးယူပြီးသည်မှစ၍ ၂၀၀၉ ခုနှစ်ထိ အနှစ် ၂၀ လုံး အစိုးရနှင့် ဆက်ဆံရေးကောင်းခဲ့သည်။ ၂၀၀၉ ခုနှစ် နအဖ အစိုးရက BGF နယ်ခြားစောင့်တပ်ဖွဲ့ရေး အတွက် စတင်လုပ်ဆောင်ချိန်မှစ၍ အစိုးရနှင့် စစ်ရေးတင်းမာမှုများ ပြန်လည်ဖြစ်ပွါးခဲ့သော်လည်း နှစ်ဖက်စစ်အင်အားပြို င်ဆိုင်မှုသာ ရှိခဲ့ပြီး တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိခဲ့ပေ။

အဆိုပါ ၂ ဖွဲ့စလုံးသည် ၁၉၈၉ ခုနှစ် နဝတ နှင့်လက်မှတ်ထိုးထားသော ငြိမ်းချမ်းရေးစာချုပ်ကို ကိုင်စွဲထားပြီး NCA ဆွေးနွေးပွဲတွင်လည်း ပါဝင်ခြင်းမရှိသကဲ့သို့ NCA စာချုပ်တွင်လည်း လက်မှတ်ရေးထိုးထားခြင်းမရှိပေ။ သမ္မတဦးသိန်းစိန်လက်ထက် NCA လက်မှတ်ထိုးရန် ဆွေးနွေးခဲ့သော်လည်း ငြင်းဆန်ခဲ့ကြပြီး ငြိမ်းချမ်းစာချုပ် တကြိမ်ထိုးပြီး၍၎င်း NCA ဆွေးနွေးရာတွင် မပါဝင်ခဲ့၍၎င်း NCA လက်မှတ်မထိုးဟု ငြင်းဆန်ခဲ့ကြသည်။ အစိုးရဘက်မူ နိုင်ငံရေးဆွေးနွေးပွဲတက်ရန်အတွက် NCA လက်မှတ်ထိုးရန်လိုသည်ဟု ဆိုသည်။

UWSA နှင့် NDAA မိုင်းလားအဖွဲ့တို့သည် ဒေသအရ၎င်း စစ်ရေးအရ၎င်း နီးကပ်စွာ ဆက်ဆံနေကြ သော အဖွဲ့ ၂ ခုဖြစ်သော်လည်း ကျန်သည့်တိုင်းရင်းသားအဖွဲ့များနှင့်နီးကပ်သော ဆက်ဆံရေးမရှိခဲ့ သည့်ပြင် UNFC အဖွဲ့ဝင်လည်းမဟုတ်ခဲ့ပေ။ သို့သော် ၂၀၁၂ ခုနှစ် ငြိမ်းချမ်းရေး ဖြစ်စဉ်စတင်လာ သောအခါ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် ထိတွေ့ဆက်ဆံလာကာ UWSA ဌာနချုပ်ရှိရာ ပန်ဆန်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ထိပ်သီးညီလာခံများကို ၂ ကြိမ်တိုင် ကျင်းပခဲ့သည် ကို တွေ့ရသည်။

လက်ရှိအနေအထားတွင် အရပ်သားအစိုးရသစ်နှင့် မြန်မာစစ်ဖက်ခေါင်းဆောင်များ၏ ကိုယ်စားလှယ် များက မိုင်းလားတွင် သွားရောက်ဆွေးနွေးခဲ့ပြီး နောက် ဒုတိယအကြိမ် နေပြည်တော်သို့ လာရောက် ဆွေးနွေးကြခြင်းဖြစ်သည်။ ဆွေးနွေးပွဲရလဒ်အနေဖြင့် ၂ ဖွဲ့စလုံးက နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲတွင် တက်ရောက်ရန် သဘောထားပေးကြသော်လည်း ၂၁ ရာစုပင်လုံသို့ တက်ရောက်ရန် ယတိပြတ် အဖြေမပေးကြပေ။

ယခုအကြိမ် UWSA နှင့် NDAA မိုင်းလားတို့ ၂၁ ရာစုပင်လုံတက်ရောက်ရေးအတွက် တောင်းဆိုထား သည်မှာ ကိုးကန် MNDAA တအန်းTNLA  ရခိုင် AA တို့ပါ ပါဝင်ရေးကိုတောင်းဆိုလာခြင်းဖြစ်သည်။ ဤသို့တောင်းဆိုရပ်ခံလာမှုသည် တရုတ်၏သြဇာသက်ရောက်မှုကြောင့်ဖြစ်သည်ဟု ယူဆဖွယ်ဖြစ် သော်လည်း မည်သို့ပင်ဖြစ်စေ UWSA နှင့် NDAA သည် MNDAA/TNLA/AA တို့အား အစိုးရက အသိ အမှတ်ပြုပြီး ၂၁ ရာစုပင်လုံ တွင်ပါဝင်ခွင့်ပြုရေးနှင့် ၎င်းတို့ ၂ ဖွဲ့ ၂၁ ရာစုပင်လုံ တက်ရေးအား ချိတ်ဆက်ထားသည်ကတော့ လက်ရှိအခြေအနေဟု ဆိုရမည်။

MNDAA/ TNLA/ AA
အဆိုပါတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ပြဿနာသည် ၂၁ ရာစုပင်လုံတွင် အားလုံးပါဝင် နိုင်ရေးအတွက် ဂွင်းဆက်ပြသနာဖြစ်နေပါသည်။ ၂၀၁၅ ခုနှစ် NCA လက်မှတ်ထိုးရာတွင် အဖွဲ့ ၈ ဖွဲ့ သာပါဝင်နိုင်ခဲ့သည်မှာလည်း အဆိုပါအဖွဲ့ ၃ ဖွဲ့ပါဝင်ခွင့်ပြုရန် အစိုးရဖက်မှ ငြင်းဆန်ခဲ့၍ ဖြစ်သည်။ ထို ၃ ဖွဲ့ ပါဝင်ရန် ငြင်းဆန်ခဲ့သဖြင့် အားလုံးပါဝင်ရေး All Inclusive မူကို ဆုပ်ကိုင်ထားသည့် KIO/ SSPP/ NMSP/ KNPP အပါ UNFC အဖွဲ့ဝင်များလည်း NCA လက်မှတ်ထိုးရန် ငြင်းဆန်ခဲ့သဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရန် ခက်ခဲခဲ့သည်ကို တွေ့ရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်စတင်စကာလမှာပင် မြန်မာစစ်ဖက်ခေါင်းဆောင်များ ထို ၃ ဖွဲ့အနေနှင့် လက်နက်စွန့်မှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ခွင့်ပြုနိုင်မည်ဟုဆိုခဲ့ရာ အခြေအနေသည် တင်းမာမှုများနှင့်စခဲ့သည်ဟုဆိုခဲ့သည်။ လက်တွေ့ကြည့်လျှင် အင်အား ၁ သောင်းကျော်ထိ တည် ဆောက်ထားသည့် အဆိုပါ ၃ ဖွဲ့သည် နိုင်ငံရေးပြဿနာမဖြေရှင်းဘဲ လက်နက်စွန့်ရန်မှာ ဖြစ်နိုင်သည့် လွယ်ကူသည့်ကိစ္စမဟုတ်ပေ။ သို့သော် ယခင်မြန်မာစစ်ဖက်ခေါင်းဆောင်များက ၎င်း ၃ ဖွဲ့အပြင် KIA တပ်မဟာ ၄ ကိုပါ ထည့်သွင်းပြောဆိုလေ့ရှိရာမှ ယခု အစိုးရသစ်လက်ထက်တွင် ထည့်သွင်းပြောဆိုခြင်းမပြုတော့ တထစ်လျှော့ပေးသည်ဟုဆို နိုင်သည်။

တြိဂံစစ်တိုင်းမှူးများအဖြစ်ဆောင်ရွက်ခဲ့ကြသည့် ဦးသိန်းစိန် လက်ရှိကာချုပ်တို့နှင့် ရင်းနှီးသည့် မိုင်းလား NDAA ခေါင်းဆောင် စိုင်းလင်းနှင့် UWSA တို့၏ကြားဝင်ညှိနှိုင်းပေးမှုဖြင့် ငြိမ်းချမ်းရေး ကော်မရှင်တာဝန်ရှိသူများနှင့် ၂၀၁၆ ဇူလိုင်လအတွင်း အလွတ်သဘောတွေ့ဆုံခဲ့သည်။ ထို့နောက် ၂၀၁၆ သြဂုတ်လ ၉ ရက်နေ့တွင် မိုင်းလားတွင် ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော် အတွင်းရေးမှူး ဦးခင်ဇော်ဦး အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည် တို့နှင့် PSLF/TNLA ဥက္ကဋ္ဌ တာအိုက်ဖုန်း ULA/AA ဥက္ကဋ္ဌ ဦးထွန်းမြတ်နိုင် MNDAA ဥက္ကဋ္ဌ ဖုန်တရွှင် အတွင်းရေးမှူး ဦထွန်းမြတ်လင်းတို့ တွေ့ဆုံခဲ့ကြသည်။

၎င်းအစည်းအဝေးမတိုင်မီ သတင်းသမားများနှင့်တွေ့ဆုံရာတွင် ဦးခင်ဇော်ဦးက အဆိုပါ ၃ ဖွဲ့အနေနှင့် လက်နက်စွန့်ရန်မလိုဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်ခွင့်ရမည်ဆိုခဲ့၍ အလားအလာကောင်း သတင်းကောင်းများကို မျှော်လင့်ခဲ့သော်လည်း အဆိုပါဆွေးနွေးပွဲမှ သဘောတူညီချက်တစုံတရာ မရခဲ့ဟု PSLF/TNLA တွင်းရေးမှုးတာဘုန်းကျော်ကဆိုသည်။ ငြိမ်းချမ်းရေးကော်မရှင်ထုတ်ပြန်ချက်အရ ထို ၃ ဖွဲ့ ၂၁ ရာစုပင်လုံတွင်ပါဝင်ခွင့်ရရေးအတွက် ကြေညာ ချက် တရပ်ထုတ်ပြန်ရန် သဘောတူထားသည်ဟု ဆိုသည်။

အခြားသတင်းများအရ မြန်မာစစ်ဖက်နှင့် ငြိမ်းချမ်းရေးကော်မရှင်အနေနှင့် အဆိုပါ ၃ ဖွဲ့အား ၂၁ ရာစုပင်လုံတွင် ပါဝင်ခွင့်ရှိရန်အတွက် ကြေညာချက်တစောင်ထုတ်ပြန်စေလိုကြောင်း ထိုကြေညာ ချက်တွင် လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ကြောင်း ဖော်ပြစေချင်ခဲ့ပြီး အဆိုပါ ၃ ဖွဲ့ဖက်မှ လက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းရေးဟုသာ ဖော်ပြချင်သည့် အချက်တွင်ကွဲလွဲမှုရှိနေသည်ဟု ဆိုသည်။ သို့ဖြစ်ရာ ထို ၃ ဖွဲ့ပြဿနာသည် ၂၁ ရာစုပင်လုံအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကွင်းဆက် ပြဿနာ ဖြစ်နေဆဲဖြစ်သည်။ နောက်ထပ် ထပ်မံညိနှိုင်းဖြေရှင်းရန် လိုအပ်နေဆဲပြဿနာဖြစ်သည်။

အားလုံးပါဝင်ရေးနှင့် နိုင်ငံရေးပြဿနာ

၂၁ ရာစုပင်လုံညီလာခံအောင်မြင်ရေးအတွက် အဓိကပြသနာမှာ လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင် နေသူ အားလုံး ပါဝင်နိုင်ရေးဖြစ်သည်။ တန်းတူရေး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် လက်နက်ကိုင်တပ်ဖွဲ့ ပြဿနာများမှာ ၂၁ ပင်လုံတွင် ဆွေးနွေးညှိနှိုင်းအဖြေရှာရမည့် ပြဿနာ ဖြစ်သည်။ လက်ငင်းဦးစွာဖြေရှင်းရမည့်ပြဿနာမှာ အားလုံးပါဝင်ရေးဆိုသည့် နိုင်ငံရေးပြဿနာဖြစ်သည်။

UNFC ကလည်း အားလုံးပါဝင်ရေးမူကိုဆုပ်ကိုင်၍ ယနေ့တိုင် NCA လက်မှတ်ထိုးရာတွင် မပါဝင်သေးပေ။ အစိုးရသစ်၏ငြိမ်းချမ်းရေးကော်မရှင်ကမူ " ပါဝင်သင့် ပါဝင်ထိုက်သူများ" အားလုံးပါဝင်ရေးဟု ဝိသေသတပ်၍ ဖော်ပြသည်။ လက်တွေ့ကျသည်ကတော့ အဆိုပါ ၃ ဖွဲ့ ပြဿနာပင်ဖြစ်သည်။
ယခုကျင်းပမည့် ညီလာခံတွင်လည်း UNFC ကအားလုံးပါဝင်ရေးကို တောင်းဆိုထားပေရာ ထို ၃ ဖွဲ့ မပါက NCA လက်မှတ်ထိုးရေးသည်၎င်း ၂၁ ပင်လုံတက်ရောက်ရေးသည်၎င်း ချောမွေ့ဖွယ်မရှိပေ။ ထို့ပြင် UWSA နှင့် NDAA အဖွဲ့များလည်း ၂၁ ပင်လုံသို့ တက်ရောက်ရေး သေချာမှုရှိမည်မဟုတ်ပေ။
NDAA အတွင်းရေးမှူးဦးကြည်မြင့်က သြဂုတ်လ ၉ ရက်နေ့ဆွေးနွေးပွဲ အောင်မြင်မှုမရခဲ့ပြီးနောက် အဆိုပါ ၃ ဖွဲ့ ၂၁ ပင်လုံ ပါဝင်ရေး ဆက်လက်ကြိုးပမ်းသွားမည်ဟုဆိုခဲ့သည်။

၂၁ ရာစုပင်လုံညီလာခံသည် တိုင်းရင်းသားအရေး ဖက်ဒရယ်အရေးအတွက် ကျင်းပသည့်ညီလာခံ ဖြစ်သကဲ့သို့ငြိမ်းချမ်းရေးညီလာခံလည်းဖြစ်ပေရာ လက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်နေသူအားလုံး ပါဝင်နိုင်မှသာ စစ်မှန်သော ငြိမ်းချမ်းရေးကို ရနိုင်ပေမည်။ လက်ရှိပြဿနာမှာ ပြည်တွင်းစစ်ပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းဖို့ကြိုးစားနေကြခြင်းဖြစ်သည်။ မူဝါဒမှာ အမျိုးသား ရင်ကြားစေ့ရေးဖြစ်သည်။ အမျိုးသားရင်ကြားစေ့ရေးဆိုသည်တွင် သင်ပုန်းချေရေးလည်းပါသည်။ နှစ်ပေါင်းများစွာဖြစ်တည်လာသော အမုန်းများ အာဃာတများ နာကျည်းမှုများအားနောက်ပို့၍ ခေတ်သစ်တခုစနိုင်ဖို့ဖြစ်သည်။

ဤသို့လုပ်နိုင်ဖို့ဆိုလျှင် နိုင်ငံရေးအရပတ်သက်ပါဝင်နေသူအားလုံးအား နိုင်ငံရေးသိက္ခာရှိသည့် ထွက်ပေါက်ပေးရန်လိုအပ်သည်။ ပါဝင်သည့် တသင်းတဖွဲ့သာ နိုင်ငံရေးအရသိက္ခာရှိသည့် ထွက် ပေါက်ယူပြီး အချို့ကိုချန်လှပ်ထား၍ မရနိုင်ပေ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်း လိုပါက အမြင်ကျယ်ရန် သဘောထားကြီးကြရန် အထူးလိုအပ်ပေလိမ့်မည်။ နိုင်ငံရေး အရ ချောင်ပိတ်ခံရသူများသည် ပြင်းထန်စွာတုံ့ပြန်ရုန်းကန်တတ်သည်။
ထို့ပြင် နိုင်ငံရေးပြဿနာကိုဖွင့်၍ မဆွေးနွေးပါက ဒုံရင်းပြန်ရောက်ပြီး ပြဿနာအား ဖြေရှင်း နိုင်မည်မဟုတ်ပေ။ ဤကား ၂၁ ရာစု ပင်လုံညီလာခံအတွက် ရှေးဦးကြုံနေရသည့် ပြဿနာဖြစ်သည်။

NCA ပြဿနာ
NCA ပြဿနာသည် ၂၁ ရာစုပင်လုံအောင်မြင်ရေးအတွက် ဒုတိယပြဿနာဟုဆိုရမည်။ လက်ရှိတွင် NCA လက်မှတ်ထိုးထားသည့်အဖွဲ့ ၈ ဖွဲ့သာရှိသေးပြီး မထိုးသေးသည့် အဖွဲ့ ၁၃ ဖွဲ့ကျန်သေးသည်။ အဆိုပါ NCA ကို ကျော်လွှားနိုင်ရန်မှာလည်း ၂၁ ပင်လုံအောင်မြင်ရေးအတွက် ကျော်လွှားရမည့် ဒုတိ
ယပြဿနာဖြစ်ပေသည်။

၂၀၁၆ ဇူလိုင်လ ၁၇ ရက်နေ့က UNFC ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် က NCA မှာပါသောအချို့အချက်များကို မိမိတို့သဘောမတူကြောင်း NCA ရေးဆွဲရာတွင် NLD အနေ နှင့် အင်အားနည်းပါးခဲ့ကြောင်း NCA ကိုပြုသာပြင်သာရှိအောင်တောင်းဆိုခဲ့သော်လည်း ထိုအချက် မထည့်ခဲ့၍ NCA လက်မှတ်ရေးထိုးရာတွင် မပါဝင်ခဲ့ကြောင်း NCA လက်မှတ်ထိုးပြီးမှဆက်သွားရေး ဆိုသည်မှာ သူမတို့ဆုံးဖြတ်ချက်မဟုတ်ကြောင်း ယခင်အစိုးရယန္တယားအမွေကို ဆက်ခံရခြင်း ဖြစ်ကြောင်း ရှင်းလင်းခဲ့သည်။

ဤအချက်နှင့်ပတ်သက်၍ ကားအမှန်ပင်ဖြစ်သည်။ ယနေ့အချိန်ထိ NCA လက်မှတ်ထိုးရာတွင် မပါဝင်သေးသည်မှာ UNFC နှင့် ကျန်အဖွဲ့များသာမက NLD နှင့် SNLD လည်း ပါဝင်ခြင်းမရှိခဲ့ပေ။

ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတခု၏အစိုးရတရပ်သည် ယခင်အစိုးရလုပ်ခဲ့များကို တာဝန်မယူ၍မရကြောင်း၊ ထို့ကြောင့် NCA ဝန်ထုပ်ဝန်ပိုးသည် သူမတို့အပေါ်ရောက်လာကြောင်း ထိုဝန်ထုပ်ကိုထမ်း၍ ပြေလည်အောင်လုပ်ရန်လိုကြောင်း၊ ဤအရာကို အခွင့်အလမ်းတခုအဖြစ် သူမ ကြည့်မြင်ကြောင်း၊ ထိုကဲ့သို့ တိုင်းရင်းသားများလည်း ကြည့်မြင်စေကြောင်း NCA က ယခုအတိုင်း ရှိနေသော်လည်း အဓိပ္ပာယ်ဖော်ဆောင်မှုများက မပြီးပြတ်သေးကြောင်း၊ အလျော့အတင်း ပြုလုပ်၍ ရနိုင်ကြောင်းဆိုခဲ့သည်။

သို့သော် မြန်မာစစ်ဖက်ခေါင်းဆောင်များက NCA လက်မှတ်ထိုးရေးမူကို ဆုပ်ကိုင်ထားသည်။ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ရန် NCA လက်မှတ်ထိုးရန် လိုသည်ဟုဆိုသည်။ သို့သော် လက်တွေ့တွင် ပြီးခဲ့သော သမ္မတဦးသိန်းစိန်သက်တမ်းတွင် NCA နှင့်သာ အချိန်ကုန်ခဲ့ပြီး နိုင်ငံရေး ဆွေးနွေးပွဲများမစတင်နိုင်ခဲ့ပေ။ သို့ဖြစ်ရာ အဆိုပါ NCA ဝန်ထုပ်ဝန်ပိုးအား ကျော်လွှားနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် NRPC အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန နှင့် ငြိမ်းချမ်းရေးကော်မရှင်တို့က ၂၁ ရာစုပင်လုံညီလာခံ ပထမ အဆင့်အား NCA လက်မှတ်ထိုးသူ များရော မထိုးသူများပါ တက်ရောက်ရန်ဆုံးဖြတ်ခဲ့သည်။

၂၀၁၆ သြဂုတ်လ ၁၁ ရက်နေ့မှစတင်သည့် ၂၁ ရာစုပင်လုံညီလာခံတွင် ဆွေးနွေးမည့် နိုင်ငံရေး မူဘောင်ဆိုင်ရာ ဆွေးနွေးညှိနှိုင်းပွဲတွင် NCA လက်မှတ်ထိုးသည့်အဖွဲ့ရော မထိုးသည့်အဖွဲ့များပါ တဖွဲ့လျှင် ၂ ဦးစီ ဖိတ်ကြားခဲ့သည်။ သို့သော် ဤသို့ဖြေရှင်းခြင်းသည် NCA မလိုအပ်ဟုအဓိပ္ပာယ် မရဘဲ တဖက်က ၂၁ ရာစုပင်လုံတက်ရင်း NCA လက်မှတ်ထိုးရေးကိစ္စကို ညှိနှိုင်းဆောင်ရွက်သွား မည်ဆိုသည့် အဓိပ္ပာယ်ရပုံရသည်။

၂၁ ရာစုပင်လုံညီလာခံတွင် NCA လက်မှတ်ထိုးသည့် အဖွဲ့များနှင့် မထိုးသည့်အဖွဲ့များ အခွင့်အရေး တူမည်မဟုတ်ဟုဆိုထားရာ NCA လက်မှတ်ထိုးရေးပြဿနာသည် ၂၁ ရာစုပင်လုံ၏ အဆင့်တိုင်းတွင် အားလုံးပါဝင်နိုင်ရေးအတွက် ကျော်လွှားရမည့် ဒုတိယပြဿနာဟုဆိုရပေမည်။ ထို့အတူ NCA လက် မှတ်ရေးထိုးခြင်းအား အသိမှတ်ပြု လက်မှတ်ရေးထိုးရာတွင် NLD နှင့် SNLD တို့မပါဝင်သေးသည်က ထူးခြားချက်ဟု ဆိုရပေမည်။

ဆက်လက်ဖော်ပြပါမည်။

Mg Mg Soe ( မောင်မောင်စိုး )