ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

လှကျော်ဇော ● ဖေဖေ့အမှုကိစ္စ

လှကျော်ဇော ● ဖေဖေ့အမှုကိစ္စ
(မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၆

၁၉၅၆ ခုနှစ် စက်တင်ဘာလမှာ ကျင်းပတဲ့တပ်မှူးကြီးများ ညီလာခံအပြီးမှာ ဖေဖေ့ကို မင်္ဂလာဒုံမှာ အကျယ်ချုပ် ချထား လိုက်ပါတယ်။ တောတွင်းက ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ဆက်သွယ်တယ်ဆိုတဲ့အမှုနဲ့ပါ။ ကျန်မိသားစုဝင် ကျွန်မတို့ကတော့ မေမြို့မှာပါ။

မေမြို့မှာကျန်နေစဉ်က အဘွားများနဲ့ မေမေတို့စကားဝိုင်းက ကျွန်မတခါမှ မကြားဖူးတဲ့ စကားလုံးတလုံး ကြားလိုက်ရပါတယ်။ အဘွားဒေါ်တင့် (ဖေဖေ့-မေမေ) က သူ့ (ဖေဖေကို ဆိုလို) ဇာတာထဲမှာတော့ ဥပစ္ဆေဒက ကံထိုက်မယ်လို့ မပါပါဘူးတဲ့။


၁၉၄၉ ဇန်န၀ါရီလ ၄ ရက်နေ့ (၁) နှစ်ပြည့်လွတ်လပ်ရေးနေ့ မေမြို့စစ်ရေးလေ့ကျင့်ကွင်းမှာ မြောက်ပိုင်းတိုင်းမှူးအဖြစ် မိန်းခွန်းပြောနေသည့် ဖေဖေ။ (အနောက်က ဂေါ်လခါးဦးထုပ်နှင့်သူမှာ ဗိုလ်မှူးကြီး လှမော်)

ကျွန်မက ညအိပ်ရာဝင်တော့ အတူအိပ်တဲ့အဘွားကို အမေ (ကျွန်မတို့က အဘွားကို ဖေဖေ ခေါ်သလို အမေလို့ပဲ ခေါ်ပါ တယ်။ မေမေ့အမေကိုတော့ အမေကြီးလို့ ခေါ်ပါတယ်။) ဥပစ္ဆေဒက ကံဆိုတာ ဘာလဲဟင်လို့ မေးကြည့်တော့ အဘွားက သေနေ့မစေ့ခင်၊ သူတပါးကသတ်လို့ သေရတာကိုပြောတာမြေးရဲ့။ ဟို ဗိုလ်ချုပ်အောင်ဆန်းတို့ သေရသလိုမျိုးပေါ့။ ပြန်ရှင်း ပြပါတယ်။

ကျွန်မ နောက်မှစဉ်းစားမိတာကတော့၊ ဖေဖေကို အဲသလို မင်္ဂလာဒုံမှာ၊ အကျယ်ချုပ်နဲ့ ဖမ်းထားစဉ်မှာ၊ ကောလဟာလ သတင်း အမျိုးမျိုးထွက်နေလို့ (နိုင်ငံတော် သစ္စာဖောက်မှုနဲ့ သေဒဏ်ပေးမယ်။ ဖမ်းထားရာက ထွက်ပြေးလို့ ပစ်သတ်လိုက်ပြီ တောခိုသွားပြီ စသဖြင့်ပေါ့) မေမေကို စိတ်အေးချမ်းသာရာ ချမ်းသာကြောင်း အဘွားက ပြောဟန်ရှိပါတယ်။

ဖေဖေကလည်း သူကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်မှာ" “ကျနော်ဗမာ့တပ်မတော်မှ အနားယူပင်စင်ပေးခံရပြီး ထွက်ခဲ့ရသော ကိစ္စ” ဆိုတဲ့ ခေါင်းစဉ်နဲ့ အခန်းတခန်းရေးထားပါတယ်။ ဖေဖေအဲဒီစာအုပ်ရေးသားပြီး ထုတ်ဝေတဲ့ကာလ (၂၀ဝ၃-၂၀ဝ၇) ဟာ နအဖခေတ်ကာလဖြစ်လို့ တချို့ကိစ္စတွေမှာ ဖေဖေက နာမည်တွေကိုရော၊ တချို့အဖြစ်အပျက်တွေကိုရော အပြည့်အစုံ မရေးသားခဲ့ပါဘူး။ ကာယကံရှင်များ ထိခိုက်မှာစိုးလို့ပါ။ အဲဒီကာလက ပြည်တွင်းမှာ ဖေဖေ့နာမည်တောင် မဖော်ပြရဲကြပါဘူး။ ဖေဖေက အဲဒီကာလက ပြည်တွင်းမှာ အသက်ရှင်နေထိုင်နေကြတဲ့သူတွေကို “သူတို့တတွေလက်ထဲ၊ ငှက်ကလေး ကြက်က လေးတွေလို နေနေရတာ၊ ဖေဖေရေးလိုက်လို့ တစုံတရာထိခိုက်သွားရင် မကောင်းဘူး” လို့ဆိုပြီး အလွန်သတိထားရေးပါ တယ်။ ကွယ်လွန်ပြီးသူများကိုသာ နာမည်ဖော်ရေးပါတယ်။

ဒါကြောင့် အခု ကျွန်မက ဒီအကြောင်းတွေကို ပိုပြည့်စုံအောင် နည်းနည်းလောက်ထပ်ရေးပါရစေ။ ဖေဖေက သူ့စာအုပ်ထဲမှာ ထည့်မရေးပေမယ့် ကျွန်မကိုတော့ ဒါက ဘယ်သူ့ကိုပြောတာ၊ ဒါက ဘာကိုဆိုလိုတာ စသဖြင့် ပြောပြထား တာတွေရှိပါတယ်။ ဒါ့အပြင် အခုအချိန်မှာ ကာယကံရှင် အတော်များများလည်း ကွယ်လွန်သွားကြပါပြီ။

တကယ်တော့ ၁၉၅၀ ခုနှစ်များအလွန်မှာ ဗမာ့တပ်မတော်ကို ဆိုရှယ်လစ်များက အုပ်စီးမိသလောက် ဖြစ်သွားပါပြီ။ ဒါတွေနဲ့ ပတ်သက်လို့ ကျွန်မဆောင်းပါးအမှတ် (၂၅) နဲ့ (၂၆) တို့မှာ ဆိုရှယ်လစ်တပ်မှူးများ ဆိုတဲ့ခေါင်းစဉ်နဲ့ တော်တော်ပြည့်ပြည့်စုံစုံရေးပြီးပါပြီ။ ၁၉၅၃-၅၄ ကာလများမှာ၊ ရန်ကုန်စစ်ရုံးချုပ်က အသစ်ဖွဲ့စည်းတည်ထောင်လိုက်တဲ့ ဌာနကြီးအားလုံး လောက်နီးနီးကို သူတို့ ကိုင်ထားလိုက်ပါပြီ။ ၁၉၅၄-၅၆ တရုတ်ဖြူတိုက်ပွဲများအပြီးမှာ၊ ဖေဖေဟာ ပြည်တွင်းမှာသာမက၊ နိုင် ငံခြားမှာပါ နာမည်ကြီးသွားပါပြီ။ ဒါကြောင့် ၁၉၅၆ တပ်မှူးကြီးများညီလာခံမှာ ဖေဖေ့ကို ‘ဒုကာကွယ်ရေးဦးစီးချုပ်’ ပေးရေး အဆိုတင်ဖို့ တပ်မှူးအတော်များများက လှုပ်ရှားလာကြပါတယ်။ တချို့ ဆိုရှယ်လစ်တပ်မှူးများတောင် ပါလာပါတယ်။ စစ်ရုံး ချုပ်က ဦးစီးအရာရှိတွေ (ဗိုလ်အောင်ကြီးအမှူးပြု) က မပေးချင်ကြတာကိုသိလို့ သူတို့မပေးချင်ရင် ဗိုလ်ချုပ်ကျော်ဇောလို သူတို့ စစ်တိုက်ပြပါလားလို့တောင် တချို့တပ်မှူးများက ဆိုလာကြပါတယ်။ အဲဒီအုပ်စုကို ဦးစီးသူဟာ ဗိုလ်မှူးကြီးလှမော်ပါ။ သူက ဆိုရှယ်လစ်တဦးပါ။ သို့ပေမယ့် ဖေဖေနဲ့က ရင်းနှီးခင်မင်ပြီး မင်္ဂလာဒုံမှာရေး၊ မေမြို့မှာရော အတူတူနေဖူးပါတယ်။ စစ်ပွဲတွေလည်း အများကြီးတွဲတိုက်ဖူးပါတယ်။ သူက အဲဒီတုန်းက မေမြို့က ဗိုလ်သင်တန်းကျောင်း (O.T.S) ကျောင်းအုပ်ကြီး ပါ။ နောက်ပိုင်း ဆိုရှယ်လစ်တပ်မှူးများ ဗိုလ်နေဝင်းက ဖြုတ်ရာမှာ ပါသွားပြီး သံအမတ်ဖြစ်သွားပါတယ်။ (မှတ်ချက်။ ။ ထို ကျောင်းကို ၁၉၅၇မှာ စစ်တက္ကသိုလ် (D.S.A) လို့နာမည်ပြောင်းပြီး (O.T.S) ကို ဗထူးမြို့သို့ ပြောင်းရွှေ့လိုက်ပါတယ်။)
ဒုကာကွယ်ရေးဦးစီးချုပ်ဆိုတဲ့ရာထူး (မေမေကတော့ အဲဒီရာထူးဟာ နတ်ကြီးတယ်လို့ ပြောလေ့ရှိပါတယ်။) ဟာ ၁၉၄၉ ခုနှစ်က (အဲဒီတုန်းက ဒုကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ) ဗိုလ်ချုပ်နေဝင်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်စမစ်ဒွန်းကို ဖယ် ရှားပြီး၊ တက်လာပြီးကတည်းက ဘယ်သူမှမပေးပဲ၊ ထားတဲ့နေရာပါ။ ဖေဖေတပ်ကပင်စင်ယူရပြီးနောက် ၁၉၅၉ ခုနှစ်ကျမှ ဗိုလ်အောင်ကြီး အဲဒီရာထူးရပါတယ်။

ဒါ့အပြင် ဖေဖေသံသယဖြစ်နေတဲ့ကိစ္စတခုလည်း ရှိနေပါသေးတယ်။ တကယ်တော့ တရုတ်ဖြူကျူးကျော်မှုဆိုတာ တရုတ် ပြည်မကြီးကထွက်ပြေးလာတဲ့ ကူမင်တန်စစ်ပြေးတပ်ကိစ္စ သက်သက်မဟုတ်ပါဘူး။ အမေရိကန်ဦးစီးတဲ့ ဆီတိုး စစ်အုပ်စု အဖွဲ့ရဲ့ သေနင်္ဂဗျူဟာခြေလှမ်းတရပ်ပါ။ ကူမင်တန်များကို ဗမာပြည်နယ်စပ်တလျှောက် လှုပ်ရှားစေပြီး အခွင့်အရေးရရင် တရုတ်ပြည်မကြီးကို အနောက်ဘက်က ဝင်တိုက်ဖို့ ကြံရွယ်ထားတာပါ။ အရှေ့မြောက်ဖက်မှာလည်း ကိုရီးယားစစ်ပွဲ တိုက် နေပါတယ်။ တရုတ်ပြည်မကြီးထဲ ကျန်နေရစ်တဲ့ (ဝါ) ချန်ထားခဲ့တဲ့ ကူမင်တန်အကြွင်းအကျန်များကို တနေ့နေ့တော့ သူတို့ လူတွေပြန်လာမှာပါဆိုတဲ့ မျှော်လင့်ချက်ပေးထားဖို့ ဖြစ်ပါတယ်။ ဒါမှသာ အဲဒီသူလျှိုတွေက တရုတ်ကွန်မြူနစ်တွေရဲ့ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေကို တက်တက်ကြွကြွနဲ့ အဖျက်အမှောင့်လုပ်ငန်း (sabotage) တွေလုပ်မှာ။ ဒါက သူ တို့ ရည်ရွယ်ချက်ပါ။

ဒါ့ပြင် တရုတ်ပြည်နယ်စပ်တလျှောက် တိုက်ပွဲတွေဖြစ်နေရင် တရုတ်ပြည်မကြီးမှာ တရုတ်ကွန်မြူနစ်တွေက တည်ငြိမ် အောင် မထိန်းသိမ်းနိုင်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ပြည်မကြီးကို ကုလသမဂ္ဂထဲ မထည့်ဖို့လည်း ရည်ရွယ်ပါတယ်။

အဲသလို ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ တရုတ်ဖြူကိစ္စကို ဆီတိုး (အမေရိကန်) က လုပ်ဆောင်ခဲ့တာပါ။ တရုတ်ပြည် မကြီး ကိုတောင် ဝင်တိုက်မယ်လို့ရည်ရွယ်ထားတဲ့ ကူမင်တန်တပ်ကို လွတ်လပ်ရေးရကာစ ဗမာတပ်ကလေးက အပြတ်တိုက်ချ လိုက်တဲ့အခါ၊ ဆီတိုးရဲ့စီမံကိန်းတခုလုံး ပျက်ပြယ်သွားရပါတော့တယ်။

ဒါတွေကြောင့် အမေရိကန်တွေက ဖေဖေကိုမဲပြီး ဖဆပလ (လက်ယာ-ဆိုရှယ်လစ်) အစိုးရကို ဖေဖေ့ကို တပ်ကထုတ်ပစ်ရေး-ဖိအားပေးဟန်ရှိတယ်လို့ ဖေဖေက သံသယအများကြီး ရှိခဲ့ပါတယ်။

ဖေဖေ သံသယရှိတာလည်း အလွန်တော့မဟုတ်ပါဘူး။ ကျမတို့မိသားစု ဖေဖေပင်စင်ယူအပြီး စမ်းချောင်း၊ ဆီဆုံလမ်းမှာ ပြောင်းနေရတော့၊ ကျမတို့အိမ်ပတ်ပတ်လည်မှာ ထောက်လှမ်းရေးများ အများအပြားရှိတဲ့အထဲ၊ စီ-အိုင်-အေ (အမေရိကန် ထောက်လှမ်းရေး) လို့ ထင်ရသူတဦးလည်း ရှိပါတယ်။ ပိုအံ့အားသင့်စရာကောင်းတာက အဲဒီ စီ-အိုင်-အေလို့ထင်ရသူကို ဗိုလ်နေဝင်းက မဆလခေတ်မှာ (အဲဒီသူနဲ့လည်း သိပ်မထိုက်တန်လှတဲ့) ရာထူးကြီးတနေရာပေးပြီး သူကောင်းပြုလိုက် တာပါပဲ။

ဖေဖေ့အမှုအကြောင်းဆက်ရရင်တော့ တကယ်တော့ ဗမာ့တပ်မတော်ဟာ လွတ်လပ်ရေးရဖို့အတွက် နယ်ချဲ့ဟူသမျှ (အင်္ဂ လိပ်ရော၊ ဂျပန်ကိုပါ) တိုက်ခဲ့တဲ့ တော်လှန်ရေး တပ်မတော်တရပ်အနေနဲ့ ပေါ်ပေါက်ခဲ့တာပါ။ အဲဒီခေတ်က မျိုးချစ်-ပြည် ချစ်လူငယ်တိုင်းလောက်နီးနီး တပ်ထဲဝင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီလူတွေ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ရာထူးကြီးတွေရ လာ၊ ဘဝတွေ တည်ငြိမ်အေးချမ်းလာတဲ့အခါ အများစုကြီးဟာ မိမိတကိုယ်ရည်လွတ်မြောက်ရေးနဲ့ တိုးတက်ရေးကိုသာ ရှေးရှုခဲ့ကြပါတယ်။ ပြည်သူတွေဘဝ ဘာပဲဖြစ်ဖြစ်ဆိုတဲ့စိတ် ဝင်လာကြပြီး ဒီထက်တဆင့်တက်လာတဲ့အခါမှာတော့ (ရာထူး အဆင့် နေရာများအတွက် အပြိုင်အဆိုင်တွေများလာတဲ့အခါ) ပြည်သူတွေရဲ့ ဘဝကိုနင်းချေပြီး၊ မိမိတက်လမ်းကို ရှာလာ ကြပါတော့တယ်။

ဒါကြောင့် တပ်တွင်းဆိုရှယ်လစ်ဂိုဏ်းက ရာထူးကြီးတွေဖန်တီး ရာထူးတွေပြ၊ နိုင်ငံခြားပညာသင်ခရီးတွေလွှတ်၊ မက်လုံး အမျိုးမျိုးနဲ့ ဆွဲဆောင်ပြီး လူစုတဲ့အခါ ဓနရှင်ပေါက်စ လူတန်းစားက အများစုလာကြတဲ့၊ ထက်ထက်မြက်မြက်လည်း ရှိကြတဲ့၊ လူငယ်စစ်ဗိုလ်တော်တော်များကို ရရှိလိုက်ပါတယ်။ ကွန်မြူနစ်စစ်ဗိုလ်အများစုကိုလည်း တောထဲမောင်းထုတ်ထားပြီးပြီ ကိုး။

ဒီတော့ ဖေဖေတယောက်တည်းတပ်မှာ မားမားကြီးကျန်ခဲ့ပါတယ်။ ဆိုရှယ်လစ်အုပ်စုက တပ်ကို အုပ်စီးနိုင်ဖို့ဆိုရင် ဖေဖေ့ကို ကျော်ဖို့ကိစ္စ ပေါ်လာပါတယ်။ ဒါကလည်း မလွယ်လှပါဘူး။ ရဲဘော် ၃ ကျိပ်ထဲက ဗိုလ်နေဝင်းနဲ့အတူ တပ်ထဲကျန်နေ သူဟာ ဖေဖေတဦးတည်း ရှိပါတယ်။ ဒီကြားထဲ ဖေဖေက သူ့အစွမ်းအစလည်း ပြထားနိုင်သူဖြစ်ပါတယ်။ ဒါကြောင့် ဒီအမှု ကိစ္စမပေါ် ခင်ကတည်းက ဖေဖေ့ကို တပ်ကကင်းကွာရေးအတွက် လှုပ်ရှားနေကြပါပြီ။

‘အောင်မာဃစစ်ဆင်ရေး’ မှာမိတယ်ဆိုတဲ့ ကွန်မြူနစ်တွေရဲ့ဖိုင်တွဲမှာပါတယ်ဆိုတဲ့ အချက်အလက်များဟာ ဖေဖေ့ကို တရားစွဲဖို့လောက်ထိ မခိုင်မာပါဘူး။ ဒါကြောင့် ဆိုရှယ်လစ်တွေရဲ့ ပထမစီမံကိန်းက ဖေဖေ့ကို ဒီထက်ပိုမိုခိုင်မာတဲ့ သက် သေအချက်အလက်တွေရလာသည်အထိ စောင့်ဖမ်းပြီး ပြစ်ဒဏ်ကြီးကြီးချပြီးမှ အရင်က တိုင်းပြည်ကယ်တင်ခဲ့တဲ့ ကောင်းမှု များကို ထောက်ထားလို့ဆိုပြီး နာမည်ကောင်းယူကာ လွတ်ငြိမ်းခွင့်ပေး တပ်ကထုတ်ပစ်ဆိုတာပါပဲ။

ဒါပေမယ့် ဒီဒုကာကွယ်ရေးဦးစီးချုပ် ရာထူးကိစ္စပေါ်ပေါက်လာတော့ သူတို့မစောင့်နိုင်ကြတော့ပဲ ဖေဖေ့ကို ဒီရရာအမှုနဲ့ ဖမ်း လိုက်ရတာပါ။ ဒီနေရာမှာ ဗိုလ်နေဝင်းအကြောင်းအချို့ပြောပြချင်ပါသေးတယ်။ သူက ဖေဖေ့အပေါ် တဖက်ကလည်း သတိ ထား၊ တဖက်ကလည်း အားကိုးအားထား သဘောထားပုံရပါတယ်။ တိုင်းပြည်မှာ စစ်ရေးစစ်ရာ ကိစ္စကြီးတွေ ပေါ်လာတိုင်း ဖေဖေ့ကို ခေါ်တာဝန်ပေးနေကျပါ။ သူ့ဆိုရှယ်လစ်တပ်မှူးများကို သူအားမကိုးရပါဘူး။ ဒါ့အပြင် စိတ်ချပုံလည်းမရပါဘူး။ ဒီဆိုရှယ်လစ်တွေရဲ့ ခြေလှမ်းကိုလည်း ရိပ်မိလို့ ဖေဖေ့ကို သူက သတိပေးဖူးတယ်တဲ့။ ဗိုလ်ကျော်ဇောရေ၊ တောပြန်တွေနဲ့ ဆက်ဆံတာ သတိထားနော်၊ တယောက်မှ စိတ်မချရဘူး။ အကုန်တောနဲ့ပြန်ဆက်နေကြတာလို့ ပြောဖူးသတဲ့။ ဖေဖေက အိမ်မှာ ဦးလေးကိုကြီးမြင့်ကိုခေါ်ထားတာမို့ သတိပေးဟန်တူပါရဲ့။

ဆိုရှယ်လစ်တပ်မှူးများအုပ်စုထဲမှာလည်း တကိုယ်ရည်ကောင်းစားရေးအတွက် အဓိကထားစဉ်းစားသူများပါသလို၊ တိုင်း ချစ်ပြည်ချစ် ပုဂ္ဂိုလ်များလည်း ရှိသင့်သလောက် ရှိပါတယ်။ အထူးသဖြင့်၊ လွတ်လပ်ရေးတိုက်ပွဲများ ဂျပန်တော်လှန်ရေး များ မှာ တစုံတရာပါဝင်ဖူးတဲ့ ရဲဘော်ဟောင်းကြီးများ၊ လူဟောင်းကြီးများအကြား ဒီလိုလူမျိုးတွေ ပိုတွေ့ရတတ်ပါတယ်။ တိုင်း ပြည်ကြီးအပေါ် စေတနာရှိသူများဖြစ်လို့ ဖေဖေ့အပေါ်လေးစားမှုရှိကြပါတယ်။

ဒါ့အပြင် တပ်ထဲမှာ နောက်အုပ်စုတစုလည်း ရှိပါသေးတယ်။ ဆိုရှယ်လစ်ပါတီဝင်လည်း မဟုတ်၊ ကွန်မြူနစ်လည်း မကြိုက်၊ စစ်သားသက်သက် မျိုးချစ်ပုဂ္ဂိုလ်များပါ။ ဒီအထဲနာမည်ကြီး ဝါကြီးတပ်မှူးကြီးများပါပါတယ်။ ဥပမာ ဗိုလ်မှူးကြီး ကြည်မောင် (NLD ဦးကြည်မောင်) ဗိုလ်မှူးကြီး တင်မောင် (စာရေးဆရာ မြတ်ထန်) စသူတို့ပေါ့။ သူတို့အုပ်က တိုက်ရေးခိုက်ရေးပဲ ဝါသနာပါ၊ အဓိကထားသူများဖြစ်လို့ ဖေဖေ့ကို အတော်လေးစားအားထားကြပါတယ်။ ဗိုလ်နေဝင်းကိုလည်း သူတို့က အ ထင်မကြီးကြဘူး၊ အဲဒီအုပ်နဲ့ ဖေဖေနဲ့ပေါင်းမိသွားမှာကိုလည်း ဆိုရှယ်လစ်များက စိုးရိမ်ကြပုံရပါတယ်။

(စကားချပ်။ ဖေဖေကွယ်လွန်ချိန် ၂၀၁၂ ခုနှစ်-အောက်တိုဘာလက ဗွီ-အို-အေကထုတ်လွှင့်ခဲ့တဲ့ ဖေဖေအမှတ်တရ တပ်မှူး တပ်သားပြောစကားကဏ္ဍမှာ ပြောကြားခဲ့တဲ့ ဗိုလ်ချုပ်တင်ဦး ( NLD ဦးတင်ဦး) ရဲ့ပြောကြားချက်များကို ကြည့်ပါ။ အဲဒီကာ လ (၁၉၅၅- ၅၆) က ဖေဖေအပေါ် တပ်ထဲရှိတပ်မှူးများရဲ့ ယုံကြည်စိတ် အားထားစိတ်တွေ ပေါ်လွင်ပါတယ်။) အဲသလို တပ်တွင်းအခြေအနများကြောင့်၊ ဆိုရှယ်လစ်များဟာ လက်ဦးမှုယူပြီး၊ (ဖဆပလ ဆိုရှယ်လစ်အစိုးရရဲ့ ထောက်ခံမှုနဲ့)ဖေဖေ့ကို တပ်ကထုတ်လိုက်တာပါပဲ။ ဘာသက်သေအထောက်အထားမှ ဆုပ်ဆုပ်ကိုင်ကိုင်မရှိပါဘူး။ အုပ်ချုပ်မှုအာဏာနဲ့ မယုံကြည် ရလို့ဆိုပြီး တပ်ကထုတ် ပင်စင်ပေးလိုက်တာပါ။

အခုနောက်ပိုင်းထွက်လာတဲ့ သခင်တင်မြဆောင်းပါးတစောင် ရှိပါတယ်။ ဗိုလ်နေဝင်း အနားယူသွားချိန်မှာ သူတို့တတွေ (သခင်တင်မြ၊ ကိုကိုမောင်ကြီး စသူတို့) ဗိုလ်နေဝင်းဆီ သွားစကားစမြည်ပြောရင်း ဖေ့ဖေ့အကြောင်းပါလာတော့၊ ဗိုလ်နေ ဝင်းက ဒီလိုပြောတယ်တဲ့။ ဗိုလ်ကျော်ဇောက ကျုပ်အပေါ် အထင်လွဲနေတာဗျ။ သူ့ကိုတပ်ကထုတ်တော့ ဗိုလ်အောင်ကြီးတို့က အပြတ်ထုတ်ချင်တာ။ ကျုပ်က ဒီလိုတော့မလုပ်ကြပါနဲ့ကွာ၊ ပင်စင်လေးဘာလေးတော့ ပေးပါလို့ပြောပြီး ပင်စင်ပေးခိုင်းတာ လို့ပြောပြဖူးကြောင်း ရေးထားပါတယ်။

ကျွန်မက ဆောင်းပါးဖေဖေ့ကို ဖတ်ပြပါတယ်။ ဖြစ်နိုင်တယ်။ ဗိုလ်နေဝင်းက ဘယ်သူမှအပြတ်လုပ်မပစ်ဘူး။ မျက်နှာ ၂ ဖက် သိပ်လုပ်တာ။ ဖေဖေတပ်ကထွက်မယ့်နေ့ သူ့အခန်း ဝင်နှုတ်ဆက်တော့ သူက ကျုပ်ကို သူတို့က (ဆိုရှယ်လစ်မျးကိုဆိုလို) ခင်ဗျားခေါ်ခေါ်ခိုင်းလို့ နာမည်သိပ်ကြီးသွားလို့ အခုဖြုတ်ချင်တော့၊ ဖြုတ်ဖို့ခက်နေတယ်ဆိုပြီး အပြစ်တင်နေကြတယ်ဗျာ။ အေးဗျာ ကိစ္စ ဝိစ္စတွေအေးဆေးသွားရင်၊ ကျုပ်ဆီလာခဲ့ပါဦးဗျာ။ ရှေ့ နေရေး ထိုင်ရေးလေး စဉ်းစားရအောင်လို့ ပြောဖူးတယ် လို့ ကျွန်မကို ပြောပြပါတယ်။

သဘောကတော့ ဖေဖေ့ကို တပ်ကထုတ်တဲ့အထဲ သူမပါဘူး၊ ဖေဖေ့နောင်ရေးအတွက်လည်း သူကူညီစီစဉ်ပေးနိုင် တယ် ဆိုပြီး၊ ဖေဖေ့ကို မက်လုံးပေး စည်းရုံးတာပါ။ ဗိုလ်နေဝင်း ဘယ်လောက်လည်လည်၊ ဖေဖေ့ကိုတော့ မလှည့်စားနိုင်ခဲ့ဘူး။

လှကျော်ဇော
၁၄၊ ၅၊ ၂၀၁၄။

မှတ်ချက်။ ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ၊ အတွဲ ၁၊ ဖြိုးမောက်သာစာပေမှ ဆောင်းပါးအမှတ် (၃၄) ဖြစ်ပါသည်။