ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (ဒုတိယပိုင်း)

မောင်ရင်ငတေ ● ပါရီမြို့မှာ တနေ့တာ (ဒုတိယပိုင်း)
(မိုးမခ) သြဂတ်စ် ၂၃၊ ၂၀၁၆

အီဖယ်ထိပ် မတက်ဘဲ အောက်ကနေသာ သွားမှာမို့လို့ ၃၂၄ မီတာ အမြင့်ကမြင်တွေ့ရမယ့် မြို့ပါရီရဲ့ အလှတွေကိုတော့ နောက်မှရေးပါမယ်၊ မြက်ခင်းပြင်ကလျှောက်လာခဲ့တာမို့ ထရိုကာဒေရို ကုန်းမြင့်ပေါ်သို့ စဲန်းမြစ်ကိုကူး လမ်းဆက် လျှောက် ရမှာပါ။ အဲဒီ Pont d'Iéna မြစ်ကူးတံတားပေါ်ကရော Jardins du Trocadéro ရေပန်းမြက်ခင်းပြင်ကရော မှတ်တမ်းတင် ချင်သူများ အတွက်က ရိုက်ကွင်း ကောင်းကောင်းတွေသာပါ။


ထရိုကာဒေရို ရေပန်း (ဓါတ်ပုံ မရငတ)

Jardins du Trocadéro ရေပန်းမြက်ခင်းပြင်ကတော့ ခြေညောင်းပြေ ခေတ္တခဏ နားကြသူတွေနဲ့ စည်ကားပါတယ်။ ရေပန်း ဖွင့်ထားချိန် ရေပန်းဖွေးဖွေးကြားက အီဖယ်ရဲ့အလှကလည်း မြင်ရသူတွေအတွက် လက်မလွှတ်စတမ်း မှတ်တမ်းတင် ချင် စရာဖြစ်ကြောင်း လက်တွေ့မြင်ဖူးသူတွေ ထောက်ခံကြမှာ သေချာပါတယ်။

Pont d'Iéna (ဓါတ်ပုံ မရငတ)  

Pont d'Iéna တံတားက လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က နပိုလီယံ စစ်ပွဲတွေထဲက တပွဲဖြစ်တဲ့ Bataille d'Iéna (Jena) ကို အစွဲပြု မှည့်ခေါ်ထားတာပါ။  ၁၈၀၈ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တဲ့ ဒီတံတား ဖွဲစည်းပုံက ထူးထူးခြားခြား မဟုတ်လှပေမယ့် တံတားထိပ် မြင်းစီးကျောက်ရုပ်တုလေးရုပ်ကတော့ စိတ်ဝင်စားသူများအတွက် စိတ်ဝင်စားစရာပါ။ တံတားအောက်ခြေ တဘက်တချက်မှာတော့ စဲန်းမြစ်တွင်းသွား အပန်းဖြေ သင်္ဘောဆိပ်  နှစ်ခုရှိနေတာရယ် ထိုင်လို့ကောင်းလှတဲ့နေရာ ဖြစ်တာ ရယ်ကြောင့် ဧည့်ပရိသတ်စည်ကားရာ နေရာတနေရာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေရာက ခရီးသွားတွေသာအထိုင်များပါတယ်။မောင်ရင်ငတေတို့ ပါရီသား အများစုကတော့ ခပ်ကြာကြာအေးဆေးစွာထိုင် အချိန်ဖြုန်းချင်ရင် ဒီနေရာကို လာလေ့မရှိ ပါဘူး။ 

(ဓါတ်ပုံ မရငတ)

တံတားအောက် ရေပြင်စပ် လှေခါးထစ်လေးများက ထိုင်ငေးမောချင်စရာပါ။ အဲဒီလိုနေရာမျိုးလေးတွေရှိရာသို့ ရောက် လို့ရှိရင် မောပန်း၍ခြေညောင်းလာတဲ့ လူတိုင်းလိုလို ခဏတဖြုတ်လောက်တော့ ခြေပစ်လက်ပစ် ထိုင်လိုက်ချင်ကြတာက လူသဘောမို့လို့ ပါရီမြို့ကို လည်ပတ်တဲ့ခါ အဲလိုအနားယူချိန်တွေကိုလည်း မထည့်မဖြစ် ထည့်တွက်ကြရပါတယ်။ မောင်ရင် ငတေတို့လို လာနေကျသူကတော့ ပါလာတဲ့ဖျော်ရည်လေးတွေထုတ် အမောဖြေထိုင်ဖြစ် သောက်ဖြစ်ကြတာ အမြဲလိုလို သာပါ။ ဒီလိုမှလည်း စဲန်းမြစ်ရဲ့အလှ ပါရီရဲ့အလှကို ခံစားချိန် ရမှာပါ။အဲလိုမဟုတ်ပါဘဲ ပါရီကိုရောက်ပြီးရော တက်သုတ်ရိုက် ပြန်သွားကြသူတွေလည်း ရှိကြပါလိမ့်မယ်၊ မောင်ရင်ငတေ့ဆီသို့ လာရောက်လည်ပတ်ကြသူများကိုတော့ အဲသလို တက် သုတ်ရိုက်သမားတွေ မဖြစ်စေလိုပါ။

တနေ့လောက် သို့မဟုတ် နေ့ချင်းပြန်ခရီးသွားလိုမျိုးကိုတော့ ဘယ်လိုနည်းနဲ့မှ ပါရီအနှံ့ နေရာစုံရောက်ဖို့ မျှော်လင့်၍ မရပေမယ့် မောင်ရင်ငတေရဲ့ ခပ်ပြင်းပြင်းမောင်းနှင်အားကြောင့် အဓိကနေရာတွေကို ရောက်အောင်တော့ ပို့ပေးနိုင်ကြောင်း ပါ။ အပြန်ခရီးမှာတော့ ဒဏ်ကြေလိမ်း ဆေးလေးတွေတော့ လိုရ မယ်ရ လိမ်းဖို့ရန် သယ်ဆောင်လာကြစေလိုကြောင်းပါ ခင်ဗျား။ 



Bateaux Promenades, Au Pied de la Tour Eiffel, Face au Trocadéro (ဓါတ်ပုံ မရငတ)

စဲန်းမြစ်တွင်း သင်္ဘောစီးလို့ ကမ်းတဘက်တချက်က ပါရီမြို့ရဲ့ အလှကို ဇိမ်ခံကြည့်ကြသူတွေလည်း များလှပါတယ်။ မြစ်အ တွင်းကနေ ကမ်းနဖူးဘက်ကို ပြန်မြင်ရတဲ့မြင်ကွင်းကလည်း အရသာတမျိုးဖြစ်လို့ ဒီလိုသင်္ဘောအပျော်စီးတဲ့ လုပ်ငန်းက လည်း တိုးရ်ရစ်ဇမ်စီးပွားရေးမှာ မပါမဖြစ် ပါဝင်လာခဲ့ပါပြီ၊ တနာရီကြာသင်္ဘောစီးပြီး စဲန်းမြစ် ကမ်းအလှကို ကြည့်ချင်ရင် ၁၅ ယူရိုခန့် ပေးရမှာပါ။ ရှန်ပိန်တခွက်လောက် ဇိမ်ခံသောက်ရင်း ချစ်သူနဲ့ညစာစားရင်း ဇိမ်ခံကြည်နူးချင်ကြရင်တော့ တယောက် ယူရိုတရာကျော်လောက် အကုန်ကျခံနိုင်ရင် ဖြစ်ပါတယ်။ မောင်ရင်ငတေကတော့ ရှန်ပိန်မကြိုက်လို့ အဲဒီလိုမျိုးတွေ ဇိမ်ခံချင် စိတ် နည်းပါးလှတာမို့ သိပ်စိတ်မဝင်စားမိရပါဘူး။



လူစည်ကားတဲ့ ထရိုကာဒေရိုရင်ပြင် လှေကားထစ်များ (ဓါတ်ပုံ မရငတ)

ထရိုကာဒေရိုကုန်းမြင့်ရင်ပြင်ပေါ်ရောက်တော့ နောက်လှည့်အောက်ဖက်ကိုကြည့်လိုက်ရင် အီဖယ်မျှော်စင်ကြီးက အောက် အတော်နိမ့်နိမ့်မှာ ကျန်ခဲ့တာကိုတွေ့မြင်ရမှာပါ။ ဒီ ရင်ပြင်ကလည်း အမြဲလို အပြည့်ပါ။ ဒီနှစ်ပိုင်းမှာ ဘယ်ဘက်လှေကားကို ပြင်ဆင်နေလို့ တခြမ်းပဲ့ရင်ပြင်ကနေ အီဖယ်ကြီးကို မြင်တွေ့ရတာက တခုခုလိုနေသလိုပါ။မြက်ခင်းပြင်ကနေ ထရိုကာဒေရို မေထရိုထိက နှစ်ကီလိုမီတာနီးပါး ဝေးပါတယ်။ အများအားဖြင့်က တည်းခိုရာကနေ မြေအောက်မေထရိုနဲ့လာပြီး ဒီရင်ပြင် ပေါ်ကနေမှ အီဖယ်ရှိရာသို့ တဖြေးဖြေးဆင်းသွားတာက မြင်ကွင်းက ပိုလှပါတယ်။ အခုလိုမျိုး တခါတလေမှာ တည်းခိုရာ နေရာက မြက်ခင်းပြင်နဲ့ လမ်းကြောင်းသင့်တာမျိုးကြောင့် ဒီလမ်းကြောင်းကို သုံးရတဲ့ အခါမှာ ကုန်းတက်လို့ ပို၍မောရသလို ရိုက်ကွင်း ပြောင်းပြန်ဖြစ်နေပါတယ်။ မတတ်သာတဲ့အခါမှာမှ ဒီလမ်းကြောင်းကို အသုံးပြုပါတယ်။ ဘူတာထဲရောက်လို့ အချိန်ကြည့်လိုက်တော့ ခန့်မှန်းထားချိန် နေ့လယ် တချက်တီးကို ကျော်နေပါပြီ။

Trocadéro ဘူတာကနေ ရထားစီးပြီး ဆက်လက် ချီတက်ရမယ့် အသင့်တော်ဆုံးလမ်းကြောင်းက နပိုလီယံရဲ့ အောင်မြင်ရေး မုခ်ဦး Arc de Triomphe de l'Étoile ရှိရာဆီပါ။ သိပ်တော့ မဝေးပါဘူး။ ကြားနှစ်ဘူတာ စီးရပါမယ်၊ မေထရိုလိုင်း နံပါတ် ခြောက် Charles de Gaulle Étoile ဂိတ်ဆုံးဘူတာမှာ ဆင်းပြီး လမ်းညွှန်အတိုင်း အပေါ်တက်သွားရင် တွေ့ရပါပြီ။ အဲဒီ လေးဒေါင့် မုခ်ဦးကြီးကို။



Arc de Triomphe de l'Étoile (Triumphal Arch of the Star) (ဓါတ်ပုံ မရငတ)

"You will Return Home through Archs of Triumphe"
Battle of Austerlitz Victory 1805, Napoleon said to his Soldiers.

၁၈၀၅ ခုနှစ် Bataille d'Austerlitz အော်စတာလဇ်တိုက်ပွဲကိုအောင်ပွဲခံပြီး အပြန်မှာ စစ်ဘုရင်ကြီး နပိုလီယံက အဲဒီလိုစကား  သူရဲ့စစ်သားတွေကို အားပါးတရ ပြောကြားခဲ့ပါတယ်တဲ့။ နောက်ပွဲတွေဆိုရင် မင်းတို့ အဲလိုအောင်ပွဲတွေခံပြီး ပြန်လာရင် Arc de Triomphe ဒီ မုခ်ဦးကြီးကနေ ကြိုဆိုခြင်းခံရမယ်လို့ ပြောကြားခဲ့ပေမယ့်လည်း နပိုလီယံကိုယ်တိုင် ဒီမုခ်ဦးကြီး အောက်ကနေ ဖြတ်လျှောက် အောင်ပွဲခံခွင့် မရလိုက်ပါဘူး။

၁၈၂၁ ခုနှစ် သူသေဆုံးခဲ့ပြီး အနှစ် နှစ်ဆယ်ခန့်အကြာ ၁၈၄၀ ခုနှစ်မှ သူရဲ့ ဝိညဉ်မဲ့ ကိုယ်ခန္ဓာကြီးကတော့ အဲဒီ အောင်ပွဲခံ မုခ်ဦးအောက်က ဖြတ်သန်းခွင့်ရခဲ့ပါတယ်။ နပိုလီယံကြီးရဲ့ ဒုတိယအကြိမ် မင်္ဂလာပွဲ Marie-Louise d'Autriche မင်းသမီးနဲ့ ယူတဲ့ အခမ်းအနား ၁၈၁၀ ခုနှစ်မှာ ပြုလုပ်တော့ မပြီးသေးတဲ့မုခ်ဦးကြီးကို သစ်သားထည်တွေနဲ့ ပုံစံတူ ရွယ်တူ ပြုလုပ်စေပြီး အာသာပြေအခမ်းအနားတခု ပြုလုပ်ခဲ့ပါသေးတယ်တဲ့။ တကယ့်ကို သနားစရာကောင်းပါတဲ့ ဧကရာဇ်မင်းကြီး နပိုလီယံလို့ သာ မောင်ရင်ငတေ လိုက်ရှာဖတ်ရင်း တွေးမိရပါတယ်။

၁၈၀၆ ခုနှစ်မှာ နပိုလီယံ ဘိုနာပတ်က အဲဒီ မုခ်ဦးကြီးကို စတင် တည်ဆောက်စေခဲ့ပြီး နောက်ထပ် ဥရောပတခွင်မှာ အောင် ပွဲတွေ အလီလီရခဲ့ပေမယ့် ဒီမုခ်ဦးကြီးကိုတော့ လက်စမသတ်နိုင်ခဲ့ပါဘူး။ အမြင့်မီတာ ငါးဆယ်တိတိရှိတဲ့ အဖြူရောင် ကျောက်သားတွေနဲ့ အတိပြီးတဲ့ ဒီ မုခ်ဦးကြီးကို ၁၈၃၆ ခုနှစ် Louis-Philippe Ier ဘုရင်လက်ထက်ကျမှသာ  လက်စသတ် တည်ဆောက် နိုင်ခဲ့ပါတယ်။


.
အီဖယ် မီတာ ၃၀၀ အမြင့်ကနေ လှမ်းမြင်ရပါတဲ့ အောင်ပွဲခံမုခ်ဦး (ဓါတ်ပုံ မရငတ)

လှေကား ၂၈၄ ထစ်ကိုအမောခံပြီးတက်လို့ မုခ်ဦးထိပ်ပေါ်ကနေ မြင်တွေ့ရမယ့် အီဖယ်မျှော်စင်ရယ် ရှောင်ဇေလီဇေလမ်းမရယ် အပါအဝင် မြင်တွေ့ရမယ့် ရှုခင်းနဲ့ အီဖယ်မျှော်စင် အမြင့်မီတာ သုံးရာက အပေါ်စီးမြင်တွေ့ရမယ့် Arc de Triomphe မုခ်ဦးရဲ့ ရှုခင်းတွေကတော့ တူညီနိုင်မှာ မဟုတ်ပါဘူး။



ထုကြီးထည်ကြီ အောင်ပွဲခံမုခ်ဦး (ဓါတ်ပုံ မရငတ)

အဲဒီ မုခ်ဦးခြေရင်း ရင်ပြင် အဝိုင်းကြီးသို့ရောက်ပြီး မုခ်ဦးကြီးကို မော့ကြည်လိုက်တော့မှ ကြီးကျယ်ခမ်းနားခြင်းကို သတိထား မိနိုင်မှာပါ။  နပိုလီယံကြီးရဲ့ ကြီးမားခန့်ငြားလှတဲ့ ကြံရွယ်ချက်ကို တွေးမိရလေတော့ ဘယ်လောက် အကြံဉာဏ် ကြီးခဲ့ကြီးခဲ့ ခံစားခွင့်ရှိကြမှသာ ခံစားကြရမှာကို တွေးမိနေပါ တော့တယ်။ တဆက်တည်းမှာ တွေးမိရတာက အဲဒီ Arc de Triomphe မုခ်ဦးကြီးတည်ရှိရာ Place de l’Étoile အဝိုင်းကြီးကျယ်ကြီးကို ဖန်တီးခဲ့တာက လွန်ခဲ့တဲ့နှစ်ပေါင်း သုံးရာ့ငါးဆယ်ခန့်က ၁၆၇၀ ခုနှစ်များကလို့ ဆိုကြပါတယ်။

အဲဒီအချိန်ထဲက ဘယ်လိုရည်မှန်းချက်နဲ့ အဲလောက်ကျယ်တဲ့အဝိုင်းကြီးကို နေရာပေးဖန်တီးခဲ့ကြသလဲ ...သို့တည်းမဟုတ် နှောင်းလူတွေလက်ထက်မှာ ဒီလို အဝိုင်းကွက်လပ်ကြီးကို ဒီအတိုင်း ဘာလို့ထားခဲ့ကြသလဲ  .. …….. စဉ်းစားစရာပါ။

ဘာလို့ဆိုတော့ ဒီ အဝိုင်းထိပ်က အိမ်ခန်းတခန်း ပေါက်ဈေး မပြောပါနဲ့၊  တစ် စတုရန်းမီတာပတ်လည်ရဲ့ တန်ဖိုးက ယူရိုငွေ တသောင်းခွဲ နှစ်သောင်းကနေ ကြိုက်ဈေးခေါ် ကစားနိုင်တဲ့အဆင့် ရာက်နေလို့ပါခင်ဗျာ။ မောင်ရင်ငတေသာဆိုရင်တော့ အဲဒီနေရာတွေကိုသိမ်း အထပ်မြင့်ကြီးတွေဆောက်ရောင်းစားဖို့ စိတ်ကူးယဉ်မိတာ ရောက်ခဲ့တဲ့အခါတိုင်းလိုလို အကြိမ် ကြိမ်ပေါ့ ခင်ဗျား။



မုခ်ဦးထိပ်က မြင်တွေ့ရတဲ့ Avenue des Champs-Élysées  (ဓါတ်ပုံ မရငတ)

ဓါတ်လှေကားမရှိတဲ့ လှေကား ၂၈၄ ထစ်ကို နင်းတက်ချင်ရင်တော့ ၁၂ ယူရို ကျသင့်မှာ ဖြစ်ပါတယ်။ အချိန် တနာရီခန့်တော့ ပေးရမှာဖြစ်ပြီး အဲဒီမုခ်ဦးကြီးပေါ်ကနေ Avenue des Champs-Élysées ရှောင်ဇေလီဇေလမ်းမကြီး အပါအဝင် ရိပ်သာ လမ်းမကြီး ၁၂ လမ်းက ပါရီမြို့တခွင် အရပ်ဆယ့်နှစ် မျက်နှာသို့ ဖြာထွက်သွားတာကို မျက်စေ့တဆုံးတွေ့မြင်ရမှာပါ။  ခြေ ညောင်းခံလို့ တက်ကြည့်သူတွေ အားလုံးလိုလို ရှောင်ဇေလီဇေရဲ့အလှကို ပြတ်ပြတ်သားသား မြင်တွေ့ခွင့်ရပါလို ကျေနပ် သွားတတ်ကြပါတယ်။ အီဖယ်တက်ဖို့ ဦးစားပေးသူတွေများလို့ အချိန်ပိုသမားတွေသာ တက်လေ့ရှိကြပါတယ်။ မောင်ရင်င တေတောင်မှ ပါရီလာတဲ့သူတွေကို အတင်းဆွယ်ပြီးတက်ခဲ့မိလို့ နှစ်ခေါက်တည်းမျှသာ ရောက်ခဲ့ဖူးပါသေးတယ်။

လှေကားတထစ်ကို လေးပြားကျော်ကျော်မျှကျသင့်လို့ အီဖယ်ထက်တော့ ဈေးကြီးပါတယ်။ အီဖယ်ကြီးက လှေကားထစ် ပေါင်း ၁၇၁၀ ထစ်ရှိပြီး ထိပ်အထိမှ ၁၇ ယူရိုသာ ပေးရတာဖြစ်လို့ တထစ်တထစ်ကိုမှ တပြားခန့်သာပေးရတာကြာင့် ပို၍ တန်ကြောင်းပါခင်ဗျာ။



Avenue des Champs-Élysées (ဓါတ်ပုံ မရငတ)  

ကြယ်တပွင့်သဏ္ဍန်ဆုံတွေ့ကြတဲ့ ၁၂ လမ်းသော လမ်းမကြီးများထဲမှာတော့ ရှောင်ဇေလီဇေက ပိုမိုနာမည်ကြီးပါတယ်။ တခြားသောလမ်း ဆယ့်တလမ်းရဲ့  လမ်းအမည်များကို မောင်ရင်ငတေ သေချာ မမှတ်မိတာကတော့ ညံ့ရာမကျလောက်ပါဘူး။ လူတော်တော်များများလည်း မသိကြတာမို့ပါ။

အီဖယ်ကနေ နေ့လယ်တနာရီကထွက်လာခဲ့တာ ဒီမုခ်ဦးကြီးအောက်ခြေ ဟိုကြည့်ဒီကြည့်လုပ် အပြီး ရှောင်ဇေလီဇေလမ်း ပေါ်လျှောက်ရင်း သတိရလို့  နာရီကြည့်မိလိုက်တော့ နှစ်နာရီခွဲခါနီး ဖြစ်နေပါပြီ၊ လာလည်တဲ့သူရော လိုက်ပို့သူပါ အူဟောင်း လောင်း ဖြစ်နေပြီမို့ ဒီနာမည်ကြီး ရိပ်သာလမ်းမကြီးက ဆိုင်တဆိုင်မှာသာစားဖို့ ဆုံးဖြတ်ကြပါတယ်။ရှောင်ဇေလီဇေလမ်းမကြီးပေါ်က နီးစပ်ရာ ယူရိုပီယမ် ဆိုင်တဆိုင်မှာ ဝင်ထိုင်လိုက်ကြပါတယ်။ အကောင်းစားလား တော်ရိလျော်ရိ ဆိုင်လားတော့ မပြောတတ်ပါဘူး။ဈေးကတော့ အနိမ့်ဆုံး မီနူးက အအေးတခွက် အသားဟင်းတခွက်ကို အစိတ်လောက် ပေးရပါတယ်။ လစ်တဲလ်အိန္ဒိယတို့ ချိုင်းနားတောင်းတို့သွားစားမယ်လို့ စိတ်ကူးထားကြသော်လည်းနောက်ဆက်ရမယ့် လမ်းလျှောက် ခရီးစဉ်ကလည်း ရှိသေးတာမို့ ထိုင်ရပြီးရောနားရပြီးရော အချိန်မကုန်အောင် ပိုက်ဆံပို၍ အကုန်ခံလိုက်ကြရခြင်းပေါ့လေ၊

ခပ်မြန်မြန်ဝင် ဗိုက်ဖြည့်အပြီးထွက်တော့ သုံးနာရီကျော်ပါပြီ၊ ဒီလမ်းမကြီးရောက်မှတော့ မလျှောက် မဖြစ် အနည်းဆုံးတော့ George V၊ လျှောက်နိုင်မယ် ဆိုခဲ့ရင် Franklin D. Roosevelt ဘူတာအထိ လျှောက်ကြသူတွေ များပါတယ်။ အဲဒီဘူတာ နှစ်ခုစလုံးက ၁၉၀၀ ပြည့်နှစ် ပါရီမေထရို ခေတ်အစက တည်ရှိလာတဲ့ ဘူတာနှစ်ခုပါ။ မေထရို အမှတ် (တစ်) လိုင်းပေါ်က အရေးကြီးတဲ့ ဘူတာနှစ်ခုပေါ့။



Avenue des Champs-Élysées (ဓါတ်ပုံ မရငတ)  

စားသောက်အပြီးထွက်လာခဲ့ကြတော့ လာလည်သူ မန်းရွှေမြို့သူတို့က နာမည်ကြီး Louis Vuitton လူဝီဗွီတွန်ဆိုင်ဘက်ကို ထွက်သွားကြပါတယ်။မောင်ရင်ငတေကတော့ ဗိုက်လေးလေးနဲ့ စီးကရက် တလိပ်ထုတ်လို့ဖွာရင်းရှောင်ဇေလီဇေ တဘက် တချက် မီတာနှစ်ဆယ်ကျယ် ပလက်ဖောင်းပေါ်မှာတွေ့မြင်ရတဲ့ အရောင်အသွေးစုံ လူတွေလူတွေကို ငေးမောကြည့်ရင်းနဲ့ပေါ့၊

တကယ်ကို အရောင်စုံ အသွေးစုံကြတဲ့ လောကလူသားတွေ ဒီလမ်းမကြီးပေါ်မချိန်းမပြု တချိန်တည်းတပြိုင်တည်း စုရုံးလို့ ရောက်ရှိလာကြ၊ တယောက်နဲ့တယောက် မနှုတ်မဆက်မသိမပြု တိုးခွေ့လို့ ဖြတ်ကျော်၍သွားခဲ့ကြ၊ တယောက်ရဲ့မှတ်တမ်းထဲ တယောက်မျက်နှာ ပါသွားခဲ့ကြ၊ ပြီးတော့ အချိန်တန်လာရင် ကိုယ့်လမ်းကိုယ်လျှောက် ကိုယ့်ထမင်း ကိုယ်စားကြ၊ သဘာဝ ကြီးကတော့ မှောင်ပြီးရင် လင်းမယ် လင်းပြီးရင် မှောင်မယ်၊ အဲဒီလောက်သာပါ။

စီးကရက်ကလေးဖွာရင်း လူလှိုင်းလုံးတွေကြား အတွေးပွားကောင်းနေရာက လိုက်ပို့ရမယ့်သူတွေ ပြန်ရောက်လာလို့ တနေ့တာ ခရီးကို အချိန်ရှိခိုက် ရှေ့ဆက်လိုက်ပါ ဦးမယ်၊ နာရီက သုံးနာရီခွဲပါ။ ဘယ်ကိုဆက်သွားရရင် ကောင်းမလဲ သင့် တော်မလဲလို့ စဉ်းစားကြပြီး လမ်းလျှောက်နိုင်ကြသေးရင် တောင်ပေါ်ဘုရားကျောင်းသို့ သွားမယ် ဆုံးဖြတ်ပါတယ်။ အမှန် တကယ်ကတော့ အီဖယ်နဲ့ ရှောင်ဇေလီဇေ လမ်းလျှောက်ပြီးရင်တောင်ပေါ် ဘုရားကျောင်းကို မသွားသင့်တော့ပါဘူး။ တောင်ပေါ် ဘုရားကျောင်းရှိရာ Montmartre တောင်ကုန်းတဝိုက်ကလည်း အချိန်ပေး လမ်းအတော်လေး လျှောက်ရပါတယ်။ ဝါသနာပါရင် လေ့လာချင်စရာနေရာ တော်တော်များများရှိတဲ့နေရာပါ။ ၁၈၀၀ ပြည့်လွန်နှစ်များကစပြီး အတွေးအခေါ်သစ် များနဲ့ စာပေအနုပညာသစ်များရဲ့ ဘူမိနက်သန်နေရာပါ။ အချိန်ပေးနိုင်ရင် ပေးနိုင်သလို ဝါသနာအခြေခံရှိရင် ရှိသလို စိတ် ဝင်စားဘွယ်ရာနေရာတွေနဲ့ ပြည့်နေတဲ့နေရာပါ။ သမိုင်းထဲကလူသားများ ဘဝထဲကလူသားများ ဖြတ်သန်းသွားတဲ့နေရာပါ။

ဒါကြောင့် ဒီနေရာက အချိန်တော်တော်များများပေး လမ်းလျှောက်တတ်ရလို့လန်းလန်းဆန်းဆန်းရှိချိန် အားပြည့်နေချိန်သွား ရင် ပိုကောင်းပါတယ်။ ဒါပေမယ့် မနက်ဖန်မနက်မှာ ပါရီမြို့ပြင်က ဗားဆိုင်းနန်းတော်ကိုလည်း သွားချင်ပါတယ်ဆိုတော့ အပင်ပန်းခံ တောင်ပေါ်ခရီးစဉ် ထည့်လိုက်ရခြင်းပါ။ ပုံမှန်ဆိုရင် နှစ်ရက်ခွဲသုံးရက်အတွင်းမှာ ဗားဆိုင်းခရီးထည့်ရင် အချိန်ကျပ်ပါပြီ၊သုံးရက်ပြည့်ခရီးတောင်မှ ဗားဆိုင်းကို (မနက် ကိုး ညနေ သုံး) အချိန်ပေးရလို့ သိပ်မသွားဖြစ်ပါဘူး။

အဲလို ဗားဆိုင်းကို သွားချင်တယ်ဆိုတော့ ပထမရက်မှာတင် တောင်ပေါ်ကိုတက်ဖို့ အစီအစဉ်ထည့် ဆွဲရခြင်း ဖြစ်ကြောင်းပါ။ တောင်ပေါ်ကိုတော့ အပြည့်လည်ချိန် ဘယ်ရပါတော့မလဲ၊ လာလည်သူရဲ့ စိတ်ဝင်စားမှုအပေါ် မူတည်လို့ ချန်သင့်တာချန် ပြသတာပြ လုပ်ရတာပေါ့။



ရှောင်ဇေလီဇေရိပ်သာ လမ်းမကြီး (ဓါတ်ပုံ မရငတ)

ညနေ သုံးနာရီလေးဆယ်မှာ မောင်ရင်ငတေတို့တောင်ပေါ်ဘုရားကျောင်းကိုသွားတဲ့ မေထရိုလိုင်း အမှတ် (နှစ်) ပေါ်ရောက် ပါပြီ။

ဆက်လက်ဖော်ပြပါမည်။
မောင်ရင်ငတေ ၁၇၀၈၂၀၁၆