ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်ကိုကိုလတ် (တမူး) ● ငြိမ်းချမ်းရေး


 အောင်ကိုကိုလတ် (တမူး) ● ငြိမ်းချမ်းရေး
(မိုးမခ) သြဂတ်စ် ၃၁၊ ၂၀၁၆

လေဟာနယ်ထဲ
ကျည်ဆံနှစ်တောင့်ထိပ်တိုက်တွေ့ကြတယ်
တစ်တောင့်က သံလွင်ခက်ကလေးကိုကိုက်ချီသွားတယ်
တစ်တောင့်က ချိုးငှက်ကလေးကိုထိုးသုတ်သွားတယ်

တိုက်ပွဲမှာ
စစ်သားနှစ်ယောက်ထိပ်တိုက်တွေ့ကြတယ်
တစ်ယောက်က သံလွင်ရွက်ကလေးတွေကိုခြွေချပစ်လိုက်တယ်
တစ်ယောက်က ချိုးငှက်ကလေးရဲ့တောင်ပံတွေကိုရိုက်ချိုးပစ်လိုက်တယ်

ဆွေးနွေးပွဲမှာ
ခေါင်းဆောင်နှစ်ယောက်ထိပ်တိုက်တွေ့ကြတယ်
တစ်ယောက်က ပျောက်နေတဲ့သံလွင်ခက်ကလေးကိုအရင်ရှာဖို့ကမ်းလှမ်းတယ်
တစ်ယောက်က ဖမ်းထားတဲ့ချိုးငှက်ကလေးကိုပြန်လွှတ်ဖို့တောင်းဆိုတယ်

ဒုက္ခသည်စခန်းမှာ
ဒုက္ခိတနှစ်ယောက်ထိပ်တိုက်တွေ့ကြတယ်
တစ်ယောက်က ခြေတုထဲလိပ်ထည့်ထားတဲ့အ၀တ်စကလေးကိုဖြည်ပြတယ်
တစ်ယောက်က လက်တုထဲခေါက်ထည့်ထားတဲ့စာရွက်ကလေးကိုဖြန့်ပြတယ်
`ကမ္ဘာမြေ ငြိမ်းချမ်းပါစေ´...တဲ့။

အောင်ကိုကိုလတ် (တမူး)