အောင်သူငြိမ်း ● အစိုးရဝန်ထမ်းတွေဘက်က အမြင်

အောင်သူငြိမ်း ● အစိုးရဝန်ထမ်းတွေဘက်က အမြင်
(မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၆
 
(မြိတ်ကရုံးတခုမှာ တင်ထားတဲ့ပုံပါ၊ Credit: Susanne)


View from the civil servants (အစိုးရဝန်ထမ်းတွေဘက်က အမြင်)

ကျနော် ဒေသန္တရအုပ်ချုပ်ရေးစနစ် (Local Governance) ကိစ္စ သင်တန်းတွေပေးရင်း၊ အစိုးရ အောက်ခြေဝန်ထမ်းတွေနဲ့ စကားပြောဖြစ်ပါတယ်။  စိတ်ဝင်စားစရာ ကိစ္စ အတော်များများလည်း ကြားခဲ့ရပါတယ်။  အဲသည်မတိုင်ခင်က အရပ်ဘက် အဖွဲ့အစည်း၊ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပြောဖြစ်တော့ သူတို့ဆီက အမြင်တွေလည်း ကြားခဲ့ရပါတယ်။

ဘာတွေ ပြောင်းလဲသွားပါသလဲ။

အရင်ကာလတွေတုန်းက ဝန်ထမ်းတွေက လာဘ်ယူတယ်။  ဒါပေမယ့် အလုပ်ပြီးတယ်။  အခုကာလမှာတော့ ဝန်ထမ်းတွေက လာဘ်တော့မယူဘူး။  စာရွက် စာတမ်းတွေ တောင်းတယ်။  ကြာမြင့်နေတာနဲ့ အလုပ်မဖြစ်တော့ဘူးလို့ ဆိုကြပါတယ်။  တနည်း ကျနော်နားလည်သလို ပြောရရင် ထိရောက်မှု (Efficiency) ကျသွားတာပါ။

ဥပမာအားဖြင့်- တနင်္သာရီတိုင်းမှာ ယခင်က ဆန်-ဆီကို ထိုင်းနယ်စပ်ဘက်က ရေကြောင်းနဲ့ သွင်းလို့ရပါတယ်။  သူတို့က အခွန် (Duty) ဆောင်၊ အခွန်ဆောင် အလုပ်ဖြစ်ပါတယ်။  တနင်္သာရီအတွက် အရေးကြီးတာက ဆန်နဲ့ ဆီပါ။ အခုကာလမှာ တော့ ဆန်နဲ့ ဆီဈေးတွေ တက်နေပါတယ်။  ကော့သောင်းဘက်က ရေကြောင်းနဲ့သွင်းဖို့ (ပြည်ပသွင်းကုန်) အနေနဲ့ လုပ်ဖို့ခက်တယ်။  စရိတ်မကာမိဘူး ဆိုတာမျိုးတွေ ကုန်သွယ်တွေဘက်က ပြောကြပါတယ်။  ဆီဆိုရင် မြဝတီဘက်က သွင်းလာတဲ့ဆီကို တနင်္သာရီတိုင်းဘက်ကို ပြန်ယူရောင်းနေရတာပါ။  သူတို့က ဈေးနှုန်းကို မယှဉ်နိုင်ပါဘူး။  (ဆိုလိုတာက မြဝတီဘက်က အခွန်တွေ မပေးဘဲ သွင်းလာနိုင်သေးတဲ့ လမ်းရှိနေသေးတယ်။  အဲဒီကိစ္စက တရားဝင်သွင်းမယ့်သူတွေအတွက် မယှဉ်သာဘူးဆိုတဲ့ ကိစ္စပါ)။  အဲသည်တော့ ကျနော်က ဒေသန္တရ အစိုးရတွေက ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး (Trade Promotion) မလုပ်ဘူးလားလို့ မေးပါတယ်။  အစိုးရသစ်ဖြစ်နေတော့ အလုပ်တွေက များ၊ ဒီကိစ္စဘက်ကို လှည့်နိုင်ပုံ မပေါ်သေးပါဘူး။

ကျနော်ပြောချင်တာ အဓိကက ဒီကိစ္စ မဟုတ်ပါ။ ဝန်ထမ်းတွေဘက်က ဖြေကြားချက် (အမြင်) သာ ဖြစ်ပါတယ်။ သူတို့ပြော တာက -

၁။ ဝန်ထမ်း ဖွဲ့စည်းပုံ အပြည့်အဝ မရှိပါ။  ဝန်ထမ်းနဲ့ အလုပ်ယှဉ်ရင် မနိုင်ရင်ကာ ရှိနေပါတယ်။  (အရင် သုတေသနလုပ်တဲ့ ကာလတွေမှာ ကြားခဲ့ရဖူးတာကလည်း ဝန်ကြီးဌာနတွေမှာ ခန့်သင့်တယ်ယူဆတဲ့ ဖွဲ့စည်းပုံရဲ့ သုံးပုံတပုံသာ ခန့်နိုင်ပါသေး တယ်)။  ထွေ/အုပ်ဌာနမှာတော့ အပြည့်ခန့်တယ်လို့ သိရပါတယ်။

၂။ ဒီကြားထဲ အခုရက်ပိုင်းထွက်တဲ့ ကမ္ဘာ့ဘဏ် (WB) က ငွေချေးပြီး ဝန်ထမ်း လစာတိုးမယ်ဆိုတဲ့ ကိစ္စ သူတို့ကို ချပြမေးကြည့်မိပါတယ်။  (အဲဒီသတင်းက မှားပါတယ်။ ဝန်ထမ်းလစာ တိုးမှာမဟုတ်ပါ။ ဘတ်ဂျက်အခက်အခဲ ပြေလည်စေ ရေး ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ဖြည့်ဆည်းမှာသာ ဖြစ်ပါတယ်)။  သူတို့ပြောတာက လစာတိုးတာက အဓိက မကျပါဘူး။  သူတို့ လုပ်ငန်းတွေမှာ လုပ်ငန်းအတွက် အပြည့်အဝ ဖြည့်ဆည်းပေးဖို့သာ လိုတယ်လို့ ဆိုကြပါတယ်။

- အစိုးရရုံးတွေမှာ လျှပ်စစ်နဲ့ တယ်လီဖုန်း လွတ်လပ်စွာ အပြည့်အဝ သုံးခွင့်ရပါတယ်။

- စာရွက်စာတန်းဖိုး (Stationary) မလုံလောက်ပါ။ အဲသည်တော့ ဝန်ဆောင်မှု ရယူသူတွေထံက အလှူခံရတာ၊ တောင်းရတာမျိုး ဖြစ်လာပါတယ်။

- နေ့တွက်စရိတ်၊ ခရီးစရိတ်တွေက မလုံလောက်ပါ။  အိတ်စိုက်သုံးကြရပါတယ်။ အိတ်စိုက်မသုံးရရင် တော်လှပါပြီလို့ သူတို့က ဆိုကြပါတယ်။ (ကျနော်တို့ အရင် သုတေသနလုပ်ကြစဉ်ကာလမှာ ငါးလုပ်ငန်း သုတေသနဆီရောက်ပါတယ်။ သုတေသနဌာန အသုံးစရိတ်ဘယ်လောက်ရှိသလဲ သိလားလို့ မေးပါတယ်။  သုတေသနဌာန အသုံးစားရိတ် မရှိပါ။  ဇီးရိုးပါ။  သူတို့လစာ၊ လည်ပတ်စားရိတ် အနည်းငယ်သာ ရှိပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ အရင် အစိုးရအဆက်ဆက်က တင်ပြရင် ဖြတ်ချတယ်။  အဲသည်တော့ အစဉ်အလာဖြစ်ပြီး နောက်ထပ် ဘတ်ဂျက်တွေမှာလည်း မတင်ကြတော့ဘူး ဆိုပါတယ်။)  အဲသည်လိုပဲ ဌာန အတော်များများရဲ့ လုပ်ငန်းစားရိတ်တွေက နည်းလွန်းလှပါတယ်။

၃။ ဝန်ထမ်းအများရဲ့ အပြောက အလုပ်တွေက ပိုများလာတယ် ဆိုပါတယ် (More Demands)။  ဥပမာ- ယခင် ဗဟိုအစိုးရက ဝန်ကြီးဌာနနဲ့ ဆက်ဆံရေးသာမက၊ ပြည်နယ်/တိုင်းအစိုးရတွေရဲ့ တောင်းဆိုချက်တွေပါ လုပ်ရပါတယ်။  ဥပမာ- ရေတို၊ ရေရှည်၊ ကာလလတ် (Meso-planning) အတွက် အချက်အလက်တွေ တောင်းဆိုလာရင် ပေးရပါတယ်။  အဲဒါအပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ များလာတာနဲ့အမျှ အောက်ခြေမှာ အလုပ်တွေ ပိုများလာပါတယ်။  ဥပမာ-စီမံကိန်းဌာနဆိုရင် UNDP နဲ့ ပူးပေါင်းလုပ်ငန်းတွေအရ အောက်ခြေမှာ စစ်တမ်းကောက်ရတာ၊ လုပ်ငန်းတွေ ပိုများလာပါတယ်။  ဒီအတွက် ခရီးစရိတ်၊ အသုံးစရိတ်၊ ဝန်ထမ်းအင်အားက မများလာပါဘူး။  ဒီတော့ လုပ်ကြံစာရင်းတွေ ဖြစ်လာပါတယ်။ ရွာတွေက နယ်ဝေးက စာရင်းကို ဖုန်းနဲ့ အလွယ်ကောက်ယူတာတွေ ဖြစ်လာရပါတယ်။

၎။ နောက်တချက်ကတော့ (သူတို့ပြောတာ) ဝန်ထမ်းအများစု (၉၀%) လောက်က လာဘ်ယူဖို့ရှောင်ဖို့ တက်တက်ကြွကြွ လုပ်ကြတယ် ဆိုပါတယ်။  တတ်နိုင်သမျှ လုပ်ထုံးလုပ်နည်း (Procedure) ကျအောင် လုပ်ကြပါတယ်။  အထက်ကလည်း လုပ်ထုံးလုပ်နည်း လိုက်နာဖို့ ဖိအားပေးကြတာ ရှိပါတယ်။  ဒီမှာ ပြဿနာ ဖြစ်လာရပါတယ်။  ဥပမာ- မှတ်ပုံတင် ထုတ်ပေးရေးအတွက် ထောက်ခံဖို့ နေရာဌာန ၅-ခု လိုပါတယ်။  ဆောက်လုပ်ရေး-ရင်းနှီးမှု လုပ်ဖို့ မြေယာကိစ္စ ပတ်သက်လာရင် ပုံစံ (၁၀၅) အတွက် ထောက်ခံစာ ၁၃-ခု လိုပါတယ်။

အရင် စစ်အစိုးရက ကာလတုန်းက လွယ်ပါတယ်။ လုပ်ထုံးလုပ်နည်း သိပ် ဂရု မစိုက်ဘဲ နှုတ်မိန့် (Oral order) နဲ့ လာပါတယ်။  သူတို့က လုပ်ပေးလိုက်ပါတယ်။  ဒါပေမယ့် ပိုက်ဆံလည်း ယူလိုက်ကြပါတယ်။  ဒါပေမယ့် စာတွေထုတ်ပေးရာမှာ သူတို့ကိုယ်သူတို့ ပြန်ကာနိုင်ဖို့ (ညွှန်ကြားချက်အရ) ဆိုတာမျိုး မဖြစ်မနေ ထည့်ပြီးတော့ ကာကြပါတယ်။  အခုက လုပ်ထုံးလုပ်နည်းကို လိုက်နာပါတယ်။ ပိုက်ဆံလည်း မယူပါဘူး။ အလုပ်လည်း ကြာပါတယ်။  အဲသည်မှာ ယခု ကလတော့ (Efficiency) ထိရောက်မှု ကျဆင်းလာပါတယ်။ တမင်ညစ်တာ မဟုတ်ကြဘူး လို့ ဆိုပါတယ်။

၅။ နောက်တခုကတော့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကနေ၊ ယခုတိုင် သုံးနေကြတဲ့ ကော်မတီစနစ်ပါ။  ကိစ္စတိုင်းကို အပြန်အလှန် ထိန်းချုပ်နိုင်ဖို့ (Check-and-balance) ကော်မတီတွေ ဖွဲ့ကြပါတယ်။  ယခု NLD အစိုးရလည်း ကော်မတီ အများအပြား ဖွဲ့ပါတယ်။  အဲသည်မှာ အချို့ ဌာနတွေက သူတို့ ထဲထဲ ဝင်ဝင် မပါရဘဲ ကော်မတီစနစ်အရ လက်မှတ်တွေ ထိုးကြရပါတယ်။  သူတို့ စိတ် မသက်သာပါ။ ဒါဟာလည်း အပြန်အလှန် ထိန်းညှိမှုထက်စာရင်၊ စိတ်မပါဘဲ အချုပ်ခံနေကြရတဲ့ကိစ္စလို့ သူတို့က ခံစားနေကြရပါတယ်။

၆။ သယ်ယူပို့ဆောင်ရေးကလည်း ပြဿနာပါ။  မြေစာရင်းထုတ်ပေးဖို့ မြေတိုင်းရင် ဌာန အများအပြား ပတ်သက်ပါတယ်။ သူတို့အတွက် နေ့လည်စာ၊ သယ်ယူ ပို့ဆောင်ရေး စားရိတ်တွေတော့ မရှိပါဘူး။ ဌာန အများအပြားမှာလည်း အလားတူပါ။

၇။ နောက်တခုကတော့ ဒီမိုကရေစီ ခေါ်မလား၊ ပွင့်လင်းမှု ပိုရှိလာတာနဲ့အမျှ တိုင်စာတွေ ပိုများလာတယ် ဆိုပါတယ်။ ယခင်စစ်အစိုးရတုန်းက ရုံးပြင်ကနား ကို ကြောက်ကြပါတယ်။  အခုတော့ စွပ်ကျယ်လက်ပြတ်၊ ဘောင်းဘီတိုနဲ့ ရုံးကိုလာ (တခါတလေ မူးနေသေးတယ်) ဝန်ထမ်းတွေကို ဟောက်ဟမ်းနေကြတဲ့ ကိစ္စကိုလည်း ပြောပါတယ်။  တိုင်စာတွေလည်း များပါတယ်။ အရင် အစိုးရခေတ် က ရှင်းပြီးသားကိစ္စတွေကိုလည်း အစိုးရအသစ်တက်တော့ ထပ်တိုင်ပါတယ်။ လူနာမည်ပြောင်းပြီး ထပ်တိုင်ပါတယ်။ ဒါဟာလည်း ဝန်ထမ်းတွေအတွက် ထပ်ပြီး ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။

၈။ ကျနော်က (Protection of whistle blower policy) ရှိသလား မေးပါတယ်။  ဆိုလိုတာက ဌာနတခုခုမှာ အနံ့အသက်မကောင်းတော့ရင်၊ မဟုတ်တာ တွေ လုပ်နေပြီ သင်္ကာမကင်း ရှိလာရင် ဖောက်ပြီး တိုင်ကြားသူ (မီးလှန့်သံချောင်း ခေါက်သူ) ကို ကာကွယ်မှုပေးဖို့ မူပါ။  အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အတွက် အရေးပါလှပါတယ်။  သူတို့ ဖြေတာက တိုင်ကြားခံရသူကို ကာကွယ်မှုပေးရေးလည်း လိုအပ်တယ်ဆိုပါတယ်။  လူတွေက ပုဂ္ဂိုလ်ရေး အာဃာတတွေနဲ့ တိုင်ကြပါသတဲ့။  ဆုံးဖြတ်ပြီးတဲ့ကိစ္စကိုလည်း ပြန်တိုင်ကြပါသတဲ့။  အဲသည်မှာ တိုင်ကြားခံရသူ (သံသယဖြစ်ခံရသူ) က နစ်နာရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

၉။ နောက်တချက်က အပေါ်က အချက်အလက်တွေ၊ အစီရင်ခံစာတွေ တောင်းခံရာမှာ အချိန်တိုတိုနဲ့ လုပ်ပေးဆိုပြီး ဖြစ်တဲ့ ဖိအားတွေလည်း ရှိသေး ဆိုပါတယ်။

၁၀။ နောက်တချက်က ပြည်သူတွေက အစိုးရသစ်အပေါ် မျှော်လင့်ချက် ကြီးလွန်းပါတယ်တဲ့။ (Great Expectation) အစိုးရက အကုန်လုပ်ပေးမယ် မျှော်လင့်ထားကြပါတယ်။  တကယ်မှာ အစိုးရဝန်ဆောင်မှုပေးရာ၊ ဝန်ထမ်းတွေဘက်မှာ အကန့်အသတ်တွေလည်း အများကြီးရှိနေတာ ပြည်သူတွေ သိသင့်ပါတယ်တဲ့။

၁၁။ နောက်ဆုံးပြောပေမယ့် အရေးမကြီးတာတော့ မဟုတ်ပါ။  အဲဒါကတော့ အောက်ခြေအဆင့်တွေမှာ လူထုတွေအကြား ပါတီနိုင်ငံရေးအပေါ် အခြေခံပြီး သွေးကွဲလာတဲ့ ကိစ္စပါ။ (ဟိုကောင်ပါရင် ငါမလုပ်ဘူးဆိုတဲ့ ကိစ္စမျိုးပါ)။ အဲသည် တော့ လူထုတွေ စည်းရုံးလှုပ်ရှားရမယ့်ကိစ္စတွေမှာ ခက်လာတယ် ဆိုပါသေးတယ်။

ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ပါ။

သာမာန်နိုင်ငံသား အောင်သူငြိမ်းပါ။

အောင်သူငြိမ်း
သြဂုတ် ၁၁၊ ၂၀၁၆