ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

သာထက်အောင် ● စနစ်ကောင်းလျှင် ဆယ်အိမ်ခေါင်းမလိုပါ

သာထက်အောင် ● စနစ်ကောင်းလျှင် ဆယ်အိမ်ခေါင်းမလိုပါ
(မိုးမခ) သြဂုတ် ၇၊ ၂၀၁၆

ကြာတော့ကြာပါပြီ၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကထင်ပါရဲ့။  မကြာခင်က သေဆုံးသွားပြီဖြစ်တဲ့ ကျွန်တော့်ခွေးမလေးရဲ့ စူးစူးဝါးဝါးဟောင်သံကြားတာနဲ့ ကျွန်တော်လည်း အိမ်တံခါးဖွင့်ပြီး ကြည့်လိုက်တော့ ခြံထောင့် တနေရာမှာ ကင်းလိပ်ချော (Grass Lizard) တကောင်နဲ့ ခွေးမလေးနဲ့ ဖိုက်တင်ချတော့မယ့် အနေအထားကို တွေ့ရပါတယ်။ ကင်းလိပ်ချောကလည်း ပါးစပ်ကြီး ဟ ဟ ပြီး ရန်မူတဲ့ အခြေအနေမျိုး။ ခွေးမလေးကလည်း ဟောင်လည်းဟောင်၊ ကိုက်လည်း ကိုက်ထင်ပါရဲ့။  ပါးစပ်မှာ သွေးစလေးတွေ တွေ့ပါတယ်။ ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိပါဘူး။ ကင်းလိပ်ချောကလည်း တော်တော်လေးကြီးတော့ ကျွန်တော်လည်း ခပ်လန့်လန့်ပါ။ ဒီသတ္တ၀ါမျိုးက အဆိပ်ရှိလား၊ မရှိလားလည်း ကျွန်တော်မသိပါ။ သူ့ပါးစပ်က ပြာနှမ်းနှမ်းနဲ့ လျှာကလည်း လှုပ်လှုပ်နဲ့ ရှည်ပုံရပါ တယ်။

တုတ်ရှည်ရှည်တချောင်းဆွဲပြီး ခြောက်လွှတ်တော့လည်းမပြေး။ ခွေးမလေးကို ဆွဲထားတော့လည်း သူက ဒေါသတော်တော်ကြီးနေပုံရသော လူ တယောက် ခွေးတကောင်နဲ့ ကင်းလိပ်ချောကြီးရှည်တကောင် ဘယ်လို ဇာတ်သိမ်းရမှန်းမသိတဲ့ပွဲ။  တော်ကြာအိမ်တွေ ဘာတွေထဲ ဒီကင်းလိပ်ချောဝင်နေမှဖြင့်။  ကိုင်း…ဒီလောက်မှရှိလှတာ၊ မလှမ်းမကန်း ၀င်းထရံမှာ ထောင်ထားတဲ့ ပေါက်ပြားယူပြီး ကင်းလိပ်ချောကို သမလိုက်တာ ၂ ပိုင်းပြတ်ပြီး ဖျပ်ဖျပ်ခုန်နေ ပါတော့တယ်။  သတ္တ၀ါချုပ်ငြိမ်းလို့ ငြိမ်သွားတော့မှ ကြွပ်ကြွပ်အိတ်တလုံးထဲ ထည့်ပြီး အမှိုက်ပုံးထဲ ပစ်လိုက်ပါတော့တယ်။

ညနေပိုင်းကျောင်းကပြန်လာတဲ့ သမီးကို ဒီအကြောင်းပြောပြတော့ သမီးက ဟာ…. ဒက်ဒီ-အဲလို လုပ်လို့မရဘူး၊  တယောက်ယောက်ကမြင်လို့ ဖုန်းနဲ့ဆက်တိုင်ရင် ဒက်ဒီဒုက္ခရောက်မှာ။ ဒီ LIZARD အိမ်မွေးသတ္တ၀ါတမျိုးပဲ၊ မသတ်ရဘူး။ KSPCA (တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ဆေးကုပေးရာဌာန) ကို ဖုန်းဆက်ရမှာ။ ငါလည်းမသိဘူးကွ။ ခုတော့ လက်လွန်သွားပြီ မတတ်နိုင်တော့ဘူး။

အဲသလိုနဲ့ မေ့မေ့ပျောက်ပျောက် ဖြစ်နေရာက လွန်ခဲ့တဲ့ နှစ်ပေါက်က အဲသည်အဖြစ်မျိုး ထပ်ကြုံရပြန်ပါတယ်။ အဲဒီအချိန်မှာ သမီးကလည်း အိမ်မှာရှိ တော့ RSPCA ကို သမီးဖုန်းဆက်ပါတယ်။ သူတို့က ဘာပြန်ပြောလဲဆိုတော့ စက္ကူပုံးလွတ်တခုခုထဲ သူ့ကို မောင်းထည့်လိုက်ပါ။ ပြီးရင် အလုံပိတ်ပြီး နီးရာ တိရစ္ဆာန်ဆေးကုခန်းတစ်ခုကို သွားပို့လိုက်ပါ။ သူတို့လက်ခံယူထားပါလိမ့်မယ်တဲ့။  အဲ့သလိုနဲ့ ခွေးကို တနေရာဆွဲပြီး ကြိုးချည်ထား။ စက္ကူပုံးလွတ်ထဲဝင် အောင် တော်တော် လုပ်ယူရပါတယ်။  ပြီးမှ တိပ်နဲ့ အသေအချာပိတ်ပြီး အထဲမှာ တလှုပ်လှုပ်ဖြစ်နေတဲ့ ကင်းလိပ်ချောကြီးကို ကျွန်တော်တို့ရပ်ကွက်ထဲမှာရှိတဲ့ Vet တိရစ္ဆာန်ဆေးကုဆရာဝန်ဆီ သွားပို့လိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်လောက်ကလည်း အဖြစ်တခုနဲ့ ကြုံပါသေးတယ်။  မနက် ၇ နာရီခွဲလောက်။  ဖအေကို နှုတ်ဆက်ပြီး အလုပ်သွားမယ့် သမီးက ငါးမိနစ်လောက်ရှိတော့ အိမ်ထဲ ပြန်ဝင်လာပြီး ဒက်ဒီကို ပြစရာတခုရှိတယ်ဆို တာနဲ့ သူ့နောက်ကလိုက်ပြီးကြည့်လိုက်တော့ သမီးကားရဲ့နောက်နား အိမ်ထောင့်မှာ ကြောင်သေကြီးတကောင် စန့်စန့်ကြီးလဲနေတာတွေ့ရပါတယ်။  ကြောင်ကြီးက တော်တော်လေးကြီးပါတယ်။  ဒဏ်ရာတွေဘာတွေလည်း မတွေ့ တော့ လမ်းဖြတ်ကူးရင် ကားတိုက်လို့ သေတဲ့ကြောင်တော့ မဖြစ်နိုင်ဘူး။  လူ့ကျင့်ဝတ်လူ့စည်းကမ်းနားမလည်တဲ့ အောက်တန်းခပ်ကျကျ အိမ်တအိမ်က ပစ်ထားတာပဲ ဖြစ်လိမ့်မယ်ထင်ပါတယ်။  ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိ။ တရက်နှစ်ရက်ရှိရင် ကြောင်မသာက နံတော့မှာ။ ကိုယ့်အိမ်ကကြောင်လည်း မဟုတ်တော့ ကိုယ့်ခြံကိုယ့်ဝန်းထဲလည်း မမြှပ်နှံနိုင်ဘူး။ ဘယ်လိုလုပ်ရပါ့။  ဒီကြောင်သေနဲ့ အနီးဆုံးအိမ်ကလည်း ကျွန်တော့်အိမ်ဆိုတော့ ကျွန်တော်မှ မလှုပ်ရင် ဘယ်သူမှ လှုပ်မှာမဟုတ်ဘူး။ ဒါနဲ့ လမ်းလျှောက်ထွက်ရင်း ကျွန်တော့် အိမ်နဲ့ တလမ်းကျော်မှာရှိတဲ့ ရဲစခန်းကို ၀င်ပါတယ်။ အရင်တုန်းက ရဲစခန်းဆိုတာ ဘယ်သူဝင်ဝင် ၀င်လို့ရပေမယ့် ခုတလော အမေရိကားမှာ ရဲတွေ ခဏခဏ ပစ်သတ်ခံရလို့ ထင်ပါရဲ့။ အထဲဝင်လို့မရပါဘူး။ ရဲစခန်းတံခါးဝမှာ ကြောင်သေကိစ္စအကျိုးအကြောင်း ပြောပြတော့ ကောင်ဆယ် Council ကို ဖုန်း ဆက်ပါတဲ့။  ဒါနဲ့ အိမ်ပြန်ရောက်ပြီး ကောင်ဆယ်ကို အကျိုးအကြောင်းဖုန်းဆက် ပြောပြတော့ လမ်းနာမည်မှတ်ထားပြီး မကြာခင် သူတို့လာသိမ်းမယ့်အကြောင်း ပြောပြပါတယ်။  ညပိုင်းကျွန်တော်ထွက်ကြည့်တော့ ကြောင်သေကြီး မရှိတော့ပါ ဘူး။ သူတို့သိမ်းပြီးသွားပါပြီ။

ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်တဲ့ ကင်းလိပ်ချောတကောင်အကြောင်း၊ ကြောင်သေကြီးတကောင်အကြောင်း ကျွန်တော်ဘာလို့ စာတစောင် ပေတဖွဲ့ ရေးနေရသလဲလို့ စာဖတ်သူက မေးကောင်းမေးနိုင်ပါတယ်။

ကျွန်တော်ရေးချင်တာက ကင်းလိပ်ချောအကြောင်း၊ ကြောင်သေ အကြောင်း မဟုတ်ပါဘူး။ နိုင်ငံတနိုင်ငံမှာ အသေးအဖွဲကအစ တိကျတဲ့ စနစ် တခုရှိဖို့ လိုတယ်ဆိုတဲ့ အကြောင်းပြောချင်တာပါ။  နိုင်ငံသက်တမ်း၊ လူမျိုးသက် တမ်း၊ ယဉ်ကျေးမှုသက်တမ်း ရှည်ကြာလာတာနဲ့ အမျှ ဘာဖြစ်ရင် ဘာလုပ်ရတယ်။  တရားမျှတစွာ၊ ယဉ်ကျေးစွာ၊ လူသားဆန်စွာ၊ ဘယ်လိုပြုမူကျင့်ကြံရ တယ်ဆိုတာ ဥပဒေတွေ၊ ကျင့်ထုံးတွေ ရှိရပါတယ်။ ပြီးတော့ လိုက်နာရပါတယ်။ ဆိုပါတော့ ခွေးချစ်တဲ့ပုဂ္ဂိုလ်များ ခွေးနဲ့လမ်းလျှောက်ကြတာ ထုံးစံပါ။ လမ်းမှာ ကိုယ့်ခွေးက မစင်စွန့်ခဲ့ရင် အဲဒီမစင်ကို ထည့်ဖို့ ပလတ်စတစ်အိတ်တလုံး ဆောင်ရပါတယ်။  ကိုယ့် ခွေးက ထုတ်လုပ်တဲ့ အညစ်အကြေးကို ကိုယ်တာဝန်ယူရပါတယ်။ လူယဉ်ကျေးလို့ အခေါ်ခံချင်ရင် လူပီသစွာ ပြုမူကျင့်ကြံနေထိုင်ရပါတယ်။

ဖွံ့ဖြိုးတိုးတက်ပြီး ယဉ်ကျေးမှုမြင့်မားတဲ့ နိုင်ငံတွေမှာ စနစ်က အပီအပြင်ရှိပြီး သားပါ။ ဘာဖြစ်ရင် ဘယ်သွား၊ ဘာလုပ်ချင်ရင် ဘယ်ကိုဆက်သွယ်ဆိုတာ အဆင်သင့် ရှိပြီးသား။ ခြံထဲမှာ ကင်းလိပ်ချောတွေ့သလား၊ မြွေတွေ့သလား၊ အိမ်ဘေးမှာ ခွေးသေ ကောင်၊ ကြောက်သေကောင် တွေ့သလား၊ ဆက်သွယ်ရမယ့် ဌာနတွေရှိပြီးသား။  ထို့အတူ ရာဇ၀တ်မှုတွေနဲ့ ကြုံရဆုံရသလား၊ ရဲစခန်းကို ဖုန်းဆက်၊ ထိခိုက်ဒဏ်ရာရလို့ အရေးပေါ်လိုရင် Ambulance ကို ဖုန်းဆက်၊ အိမ်ဝယ်ချင်လို့ ပိုက်ဆံချေးချင်ရင် ဘဏ် ကိုသွား၊ အိမ်ပြင်ချင်တယ်၊ အိမ်ဆောက်ချင်တယ်ဆိုရင် ကောင်ဆယ်နဲ့ ဆက်သွယ်။  ဆိုလိုတာက သူ့ကဏ္ဍနဲ့သူစနစ်အတိုင်း သွားကြရပါတယ်။

ဒါ့ကြောင့် ခေတ်မီတဲ့ မြို့ပြတွေမှာ ရပ်ကွက်လူကြီးဆိုတာ မရှိပါဘူး။ သူလည်းလူ၊ ကိုယ်လည်းလူ။  တရပ်ကွက်တည်း အတူနေပြီး ဘာကိစ္စသူက တစ်လုံးပို ရှူချင်ကြတာတုန်း၊ မလိုပါဘူး။  ၁၀အိမ်ခေါင်းတို့၊ ရာအိမ်ခေါင်းတို့ဆိုတာ ဟိုးလွန်ခဲ့တဲ့ ခေတ်သစ်မြို့ပြယဉ်ကျေးမှုမထွန်းကားသေးတဲ့ ပဒေသရာဇ်၊ ကိုလိုနီစနစ်အမွေတွေပါ။ ၂၁ ရာစုမှာ ဆယ်အိမ်ခေါင်းကို ကြောက်နေရဦးမယ်ဆိုရင်ဖြင့် တော်တော့်ကို ခေတ် နောက်ကျ ကျန်ရစ်ခဲ့တဲ့ တိုင်းပြည်လို့ ကမ္ဘာက သတ်မှတ်ပါလိမ့်မယ်။

အမျိုးသားလွှတ်တော်မှာ ပြတ်ခဲ့ပြီးဖြစ်တဲ့ သန်ခေါင်းစာရင်းကိစ္စကို ပညာရှိ အမတ်တဦးက လုံခြုံရေးအကြောင်းပြပြီး ရှိသင့်တဲ့အကြောင်း၊ ပြည်သူ့လွှတော်မှာ ကျားသေကို အသက်သွင်းဖို့ ကြိုးစားပြန်ပါတယ်။ အံ့သြဖို့ကောင်းတာက ဒီလွှတ်တော် ကိုယ်စားလှယ်က ကြံ့ဖွတ်ကိုယ်စားလှယ်မဟုတ်ပါဘူး။  လူတွေရဲ့ လွတ်လပ်စွာ သွားလာနေထိုင်ခွင့်ကို ဒီသန်းခေါင်စာရင်းဆိုတာကြီးနဲ့ နှစ်ပေါင်းများစွာ အထိန်းချုပ်ခံထားရလို့ လူတွေဘယ်လောက် အော့နှလုံးနာနေတယ်ဆိုတာ ဒီချုပ်လွှတ်တော်ကိုယ်စား လှယ်ကြီး သိဖို့ကောင်းပါတယ်။ သန်းခေါင်စာရင်းဟာ လုံခြုံရေးအတွက်ဆိုရင် လူဦးရေ သန်းပေါင်း ၂၀ ကျော် မှီတင်းနေထိုင်တဲ့ ရှန်ဟိုင်းလို မြို့မျိုး သန်းခေါင်စာရင်းတိုင်စရာ မလိုပါဘူး။ လုံခြုံရေးကျိုးပျက်တယ်လို့ ခုထိတော့ မကြားမိသေးပါဘူး။

တလောက ပျင်းပျင်းရှိတာနဲ့ Google မှာ အိမ်နံပါတ်၊ လမ်းနံပါတ် ရိုက်ကြည့်လိုက်တော့ ကျွန်တော့်အိမ် ဘွားကနဲ ပေါ်လာပါတယ်။  အိမ်တင်မက ခြံထဲ လမ်းလျှောက်နေတဲ့ ကျွန်တော့်ပုံတောင် ပါသေး။  ဒါတောင် ပင်တဂွမ်တို့ နာဆာတို့လို နေရာမျိုးက နောက်ဆုံးပေါ် နည်းပညာမဟုတ်သေးဘူးနော်။  အံ့ဘနန်း တိုးတက်နေတဲ့  နည်းပညာခေတ်မှာ စာရွက်လေးကိုင်ပြီး ရပ်ကွက်ကောင်စီရုံး ဆယ်အိမ်ခေါင်း၊ ရာအိမ် မှူးဆီသွား သန်းခေါင်စာရင်းတိုင်မှ တိုင်းပြည်လုံခြုံမယ်လို့ထင်ရင်တော့ အဲဒီလူလောက် ထူတဲ့ ပိန်းတဲ့လူ ရှိမယ်မထင်ပါဘူး။ ဒီသန်းခေါင်စာရင်းဆိုတာကြီးက အင်္ဂလိပ်နယ်ချဲ့ က ကျွန်သက်ရှည်အောင်၊ မြန်မာ-မြန်မာချင်း ပုလိပ်သတင်းပေးရအောင် ဖန်တီးခဲ့တဲ့ နယ်ချဲ့အမွေပါ။ ဒါကို သိပ်အသုံးတည့်မှန်းသိတော့ စစ်အာဏာရှင်လက်ထက်မှာ ခြင်ထောင်လှန်၊ အိပ်ရာလှန်ရှာတဲ့အဆင့်အထိ အတင့်ရဲလာပါတော့တယ်။

ခေတ်အဆက်ဆက် မြန်မာ့အုပ်ချုပ်ရေးသမိုင်းမှာ ဆယ်အိမ်ခေါင်း၊ ရာအိမ်မှူး၊ ရပ်ကွက်လူကြီးဆိုတာတွေက အုပ်ချုပ်သူတွေမွေးထားတဲ့ အရိုးအရင်းကိုက်တွေပါ။ ဟိုလူတက် ဟိုလူဘက်ပါ၊ ဒီလူတက် ဒီလူ့ဘက်ပါဆိုတာ ဒေါ်စုရဲ့ ဆွမ်းကျွေး (အာဇာနည်နေ့) မှာ ပုဆစ်တုပ်ထိုင်နေတဲ့ ဗိုလ်ချုပ်ကတော်များကိုကြည့်ပြီး တရားကျမိ ပါတယ်။ တချိန်တုန်းက မယ်မယ်ကြီးဘေးနား ၀ိုင်းရံပုဆစ်တုပ်ထိုင်ခဲ့တဲ့သူတွေပေါ့။

တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်စီမံရေးဆိုတဲ့ တိုင်းပြည်နဲ့ တကယ့်အရေး ပါတဲ့ ဌာနတွေမှာ တကယ်တတ်ကျွမ်းတဲ့ ပညာရှင်တွေမပါဘဲ နီးစပ်ရာ လက်သင့်ရာ တွေနဲ့ စခန်းသွားနေရင်တော့ ခုလိုပဲ အိုးနင်းခွက်နင်းတွေ ကြုံကြရမှာပါပဲ။ အင်္ဂလိပ်က မြန်မာပြည်ကို နယ်ချဲ့တော့ အုပ်ချုပ်ဖို့လွှတ်လိုက်တဲ့ ဗြိတိသျှအရာရှိကြီးတွေထဲမှာ အိုင်စီအက်စ်တွေ အများကြီးပါတာကို ထောက်ခြင်းအားဖြင့် တိုင်းပြည်စီမံအုပ်ချုပ်တယ် ဆိုတာ စနစ်တကျ သင်ကြားလေ့ကျင့်တတ်မြောက်သူများသာ စွမ်းဆောင်နိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။  အုပ်ချုပ်ရေး ကုလားထိုင်ဆိုတာ လက်ဖက်ရည်ဆိုင်က ကုလားထိုင်လို ဘယ်သူထိုင်ထိုင်ရတဲ့ ကုလားထိုင်မျိုးမဟုတ်ပါဘူး။ ထောင် ၁၀နှစ်၊ ၁၅ နှစ် ကျဖူးတာနဲ့ ဒီကုလားထိုင် မင်းနဲ့တော်တယ်ဆိုပြီး ရော့-အင့် ပေးလို့ရတာမျိုးမဟုတ်ပါဘူး။ ထောင်ထွက်လက်မှတ်ဆိုတာ ရာထူးကြီးကြီးနဲ့ သင့်တော်ကြောင်းပေးတဲ့ Certificate မဟုတ်ပါဘူး။ ဂုဏ်ပြုချင်ရင် ကျန်တဲ့နည်းနဲ့ ဂုဏ်ပြုလို့လည်း ရပါတယ်။

ခုရက်ပိုင်းလေး လူပြောသူပြောများတဲ့ မြန်မာလူမျိုး အမေရိကန်နိုင်ငံသားခံယူ ထားသူတယောက်ကို လေဆိပ်က ပြန်လွှတ်လိုက်တဲ့ ကိစ္စဟာ ကျွန်တော်တို့ ရွှေပြည် ကြီးရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင် ဘယ်လောက်ချွတ်ခြုံကျနေသလဲဆိုတာ ဖော်ပြနေတာပါပဲ။ နယူးယောက်မှာရှိတဲ့ မြန်မာကောင်စစ်ဝန်ရုံးက တရားဝင်ဗီဇာနဲ့ လာသူတယောက်ကို ရန်ကုန်လ၀က၀င်ခွင့်မပြုဘူးဆိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ ကောင် စစ်ဝန်ရုံးနဲ့ ပြည်ထဲရေးလက်အောက်ခံ လ၀ကဌာနတို့ဟာ အစိုးရတခုတည်းအပေါ် သစ္စာခံနေတာမှ ဟုတ်ရဲ့လားလို့ မေးစရာပါ။

မနေနိုင်လို့ ပတ်သက်ရာပတ်သက် ကြောင်းတွေက ဟိုမေးသည်မေး၊ ဖေ့စ်ဘုတ်မှာ ပွ တယ်လား၊ နေပြည်တော်အထိရောက်တော့ ခွင့်ပြုတယ် ဖြစ်ပြန်ရော၊ ပြန်ခေါ်မယ်လုပ်တော့ ပုဂ္ဂိုလ်က ပြည်တော်ပြန်နေပြီ။  ကာယကံရှင်ကုန်ခဲ့တဲ့ လမ်းစရိတ်၊ အချိန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခဲ့ရတာတွေကို တစုံတရာနဲ့ အစားထိုးတောင်းပန်လို့ ရကောင်းရနိုင်ပေမယ့် "မင်းတို့လူမျိုး၊ ကိုယ့်နိုင်ငံကိုယ် အပေါက်အလမ်းတည့်အောင် မအုပ်ချုပ်တတ်သေးဘူး၊ အုပ်ချုပ်မှု စီမံခန့်ခွဲမှု မကျွမ်းကျင်သေးဘူးလို့" နိုင်ငံခြားသား တယောက်ယောက်ကများပြောခဲ့ရင် သူ့ကို နှုတ်လှန်ထိုးဖို့ စကားလုံး ကျွန်တော် တော်တော်နဲ့ ရှာလို့ရမယ်မထင်ဘူး။

ဒီထက် ဆိုးတာက စစ်အစိုးရလက်ထက်မှာ ကျောင်းသားတွေ ဆူမှာ၊ ဆန္ဒပြမှာ စိုးပြီး ကောလိပ် တွေ၊ တက္ကသိုလ်တွေကို မြို့ပြင်ထုတ်ခဲ့ပါတယ်။  ဒါကို အခွင့်ကောင်းယူပြီး ဘယ်လို ရွှေ ဉာဏ်တော်စူးရောက်တယ်မသိပါဘူး။ အဲဒီကောလိပ်ဝန်းကျင်မှာ အလုံပိတ်အခန်းတွေ ဖွင့်ပြီး အတွဲတွေကို "ဘိ" ပေးတဲ့အလုပ် တွင်တွင်ကျယ်ကျယ်ကြီး လုပ်နေတာတွေ့ရ တော့ ဘုရား…ဘုရား… ဒါလောက်တောင် ပျက်စီးနေပါပကော၊ ရင်ထုမနာဖြစ်ရပါ တယ်။

ဒီကိစ္စမှာ စီးပွားရေးသမားဆိုတာကတော့ ငွေမျက်နှာတခုပဲ ကြည့်တတ်တဲ့ လူစားမို့ ၁၀၀% မြတ်မယ်ဆိုရင် သမီးကို ကြက်တန်းပို့ဖို့ ၀န်မလေးတဲ့သူတွေဆိုတော့ ထားတော့။  ပညာတတ်ပါဆိုတဲ့ တက္ကသိုလ်ကောလိပ်က ကျောင်းအုပ်တွေ၊ ပါမောက္ခချုပ်တွေ၊ ဆရာ၊ ဆရာမတွေ ဒီကိစ္စ မသိကြဘူးလား။ မကြားကြတော့ဘူးလား။  ဒေသဆိုင်ရာ အာဏာပိုင်တွေ၊ ရဲတွေ၊ ခုနပြောတဲ့ ဆယ်အိမ်ခေါင်းတွေ၊ ရာအိမ်မှူးတွေ၊ မကြား မသိကြတော့ဘူးလား။ သူတို့သမီးတွေ အဲဒီအတန်းထဲ ရောက်နေမှာကို မစိုးတော့ဘူးလား။ အရပ်ရပ်နေပြည်တော်ကြားလို့မှ မတော်တဲ့ ကိစ္စတွေပါ။ ချွေးနည်း စာလေးစုပြီး သမီးလေးပညာတတ်ဖြစ်အောင် ခြိုးခြံချွေတာပြီး ကောလိပ်ရောက်အောင် ပို့ရတဲ့ သမီးရှင်တွေ၊ ဒီလို တနာရီ ၃ထောင်နဲ့ အလုံပိတ်အခန်းငှားစားတာတွေမြင်ရင် ဘယ်လိုခံစားရမလဲဆိုတာ အုပ်ချုပ်သူပုဂ္ဂိုလ်များ ခံစားနားလည်တတ်ပါလေစ။

Sex နဲ့ ပတ်သက်ရင် အင်မတန်ပွင့်လင်းပါတယ်ဆိုတဲ့ အနောက်ယဉ်ကျေးမှု ထွန်းကားတဲ့ နိုင်ငံတွေမှာတောင် ဒါလောက် အောက်တန်းကျတဲ့အလုပ်မျိုး မလုပ်ကြပါ ဘူး။ တက္ကသိုလ်ပုရ၀ဏ်မှာ ပညာပဲ မွှမ်းထုံပါတယ်။  ဗုဒ္ဓဘာသာနိုင်ငံစစ်စစ် ဧကန်ဖြစ်ပါ လျက်နဲ့ ဟီရိသြတ္တပ္ပတရား ထွန်းကားပါတယ်ဆိုတဲ့ ရွှေပြည်ကြီးမှာ ခုလို အလုံပိတ် အခန်းဖွင့်ပြီး တော်သလင်းဇာတ်ခင်းနေတာတွေကို ခုမှ လိုက်လံစစ်ဆေးနေတယ်ဆိုတာ ရှက်တတ်ရင် လဲသေလို့ရပါတယ်။   ။

သာထက်အောင်
3.8.2016