လင်းခါး - အချိန်နှင့် တီကောင်



လင်းခါး - အချိန်နှင့် တီကောင်
(မိုးမခ) သြဂုတ် ၂၉ ၊ ၂၀၁၆

မိုးသည်းထန်စွာ ကျပြီးမနက်
တီကောင်ကြီးကြီးတကောင် ကမ္ဘာ့မြေပေါ်
လမ်းလျှောက်ထွက်လာ
ငါ့ သမီးငယ်ဟာ မနေ့က ၂ နှစ်ပြီးပြည့်နောက်
ပထမဆုံးလုပ်တဲ့ အလုပ်ကတော့
ဖိနပ်စင်ပေါ်က ဖိနပ်တွေကို ပစ်ချခြင်းပဲ
ငါ့ မိန်းမရဲ့ ၁ လက်မဒေါက်ထူဖိနပ်ဟာ
စကြာဝဠာအခုံးနဲ့ ငါ့သမီးရဲ့ ၂ နှစ်ပြည့်ပြီးပထမဆုံးလုပ်အားကြောင့် ကမ္ဘာကြီးပေါ်
ဝရန်တာကနေ ထွက်ကျခဲ့တယ်
ထိုမနက်ခင်း
ငါ့အတွက်ကောင်း
ငါ့သမီးငယ်လည်း သာယာ
တီကောင်ကတော့ ၂ ပိုင်းပြတ်
မနက်ခင်းမှာပင် ဆက်လက်တွန့်ခါလမ်းလျှောက်နေ
အချိန်ဟာ ဘယ်တုန်းက စခဲ့တယ်
စကြာဝဠာ ဘယ်ကစခဲ့တယ် ဘယ်သူမှမသိပါ
ခန့်မှန်းဆဲ
တီကောင်တဝက်ဟာ အိမ်ရဲ့အုတ်ဖိနပ်ခုံအောက်
ဝင်ရောက်ပျောက်ကွယ်သွား
တီကောင်တဝက်ဟာ မနက်ခင်းကနေ
ဥတုဇရုပ် သခါင်္မရမီအထိ
ညနေအထိ ငြိမ်လျက်သာ။ ။

လင်းခါး
၃၀ ဇူလိုင် ၂၀၁၆