ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဆောင်းဖြူ ● အရေးတော်ပုံရွာကလေး

(၁၉၈၉ ဧပြီလထုတ် စာစောင်တခုမှ)


ဆောင်းဖြူ ● အရေးတော်ပုံရွာကလေး
(မိုးမခ)  သြဂုတ် ၈၊ ၂၀၁၆
ဘာပဲပြောပြော မြန်မာပြည်မှာ ပြည်သူကတင်မြှောက်တဲ့ အရပ်သားအစိုးရတရပ် ပေါ်ထွန်းလာခဲ့ပြီ။ နှစ်ပေါင်းမြောက်မြားစွာ အာဏာရှင်ဖိနပ်အောက် ရောက်နေကြရတဲ့ လူထုခမျာ ကိုယ့်လက်သန်းကလေးတွေမှာ ကိုယ်စီကိုယ်စီ မင်ကမ္ပည်းထိုးပြီး ကိုယ့်အစိုးရကို ကိုယ်တိုင်ရွေးခဲ့ကြပြီးပြီ။

ခုလို ရွေးချယ်နိုင်ခဲ့တာဟာ ၁၉၈၈ ကပဲ စတင်ခဲ့တဲ့ လူထုတော်လှန်မှုရဲ့ အကျိုးရလဒ်လို့ဆိုရင် မမှားလောက်ပါဘူး။ ဒါကြောင့် ဒီရလဒ်ကို ဆောင်ကြဉ်း ခဲ့သူတွေရဲ့ကျေးဇူး အစိုးရအပေါ်မှာရှိနေတယ်။ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ အများစုကိုယ်တိုင် ထောင်ကျတန်းကျ ဒုက္ခသုက္ခပေါင်းများစွာကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရတာဆိုတော့ ဒီကျေးဇူးကို၊ ဒီအဖြစ်အပျက်ကို သူတို့ကလည်း အမြဲသတိရနေမှာ သေချာတယ်။

အဲဒီ ကျေးဇူးရှင်ပြည်သူတွေထဲမှာ ဟိုး ဝေးလံခေါင်ဖျား အရပ်တပါးက ရွာလေးတရွာမှာနေကြတဲ့ ပြည်သူတွေလည်း မဖြစ်မနေ ပါဝင်ကြတာပေါ့။

၈၈ တုန်းက မြို့တော်ရန်ကုန်ကနေ အစပြုပြီး တိုင်းပြည်အနှံ့ အာဏာရှင်ဆန့်ကျင်တဲ့ အရေးတော်ပုံကြီးကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲခဲ့ကြတယ်။ ဒီမိုကရေစီရရှိရေးအတွက် အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ကြတယ်။ အတိတ်ကာလက သမိုင်းသစ်ရေးထိုးခဲ့ကြတဲ့ အရေးတော်ပုံကြီးအကြောင်းကို ပြန်တွေးကြည့်ရင် ကြက်သီးထစရာလည်း ကောင်းတယ်၊ လွမ်းစရာနာစရာလည်း ကောင်းတယ်။

အဲဒီလို လွမ်းစရာနာစရာတွေအပြင် နယ်စွန်နယ်ဖျား အဝေးရွာကလေးမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ကလေးကတော့ ပြန်တွေးကြည့်ရင် ပြုံးချင်စရာလေးပေါ့။ ၈၈ ဟာ မြန်မာပြည်ရဲ့ သမိုင်းမော်ကွန်းစာအုပ်တအုပ်ဆိုရင် အဲဒီရွာကလေးဟာလည်း စာမျက်နှာကလေးတခုလို့ ဆိုရပါမယ်။

အဲဒီရွာကလေးက အနီးဆုံးတောမြို့ကလေးနဲ့တောင် သုံးညအိပ် လေးရက်ခရီးလောက်သွားရတဲ့၊ အိမ်ခြေနှစ်ဆယ် ကျော်ကျော်လောက်သာရှိတဲ့ ရွာကလေးတရွာဖြစ်သတဲ့။ ရွာသူရွာသားတွေက တနိုင်တပိုင် စိုက်ပျိုးမွေးမြူ၊ အမဲလိုက် ငါးဖမ်းပြီး အသက်မွေးကြသူတွေ ဖြစ်သတဲ့။ တရက်တော့ အဲဒီရွာကလေးကဆီကို ၈၈ အရေးတော်ပုံနဲ့ပတ်သက်တဲ့ သတင်း အစအနတခု ရောက်လာပါတယ်။ မြို့အနီးအနားက ရွာတရွာဆီ ဈေးသွားဝယ်လေ့ရှိသူ ရွာသားတယောက်က " မြို့ပေါ်မှာ သပိတ်မှောက်နေကြပြီ။ အစိုးရဆီက ဒို့အရေး၊ ဒို့အရေးဆိုပြီး တောင်းဆိုနေကြပြီ " ဆိုတဲ့သတင်းစကားကို သယ်ဆောင်လာတာပါ။

ဒါပေမဲ့ အဲဒီရွာကလေးက လူတွေဆိုတာ ဒီအရေးတော်ပုံနဲ့ပတ်သက်လို့ ဘာမှ ဂဃနဏမသိကြပါဘူး။ သူတို့သိတာ တခုပဲရှိတယ်။ သူတို့ စားဝတ်နေရေးအဆင်မပြေဘူး။ ပင်ပင်ပန်းပန်းရှာဖွေ စားသောက်ကြရတယ်။ စာ ကောင်းကောင်း မတတ်ဘူး။ ကလေးတွေကျောင်းသွားတက်ရတဲ့၊ မူလတန်းကျောင်းရှိတဲ့ရွာဆီကို ချောင်းကူး တောင်ကျော်ပြီး သုံးနာရီလောက် လမ်းလျှောက်ရတယ်။ ဒါကြောင့်လည်း ကလေးတွေမှာ သေစာရှင်စာတတ်ပြီးရင် ဖားရှာငါးရှာအလုပ် တန်းရကြတာများတယ်။ ပြီးတော့ သူတို့ရွာဘက် အမဲပစ်ထွက်ရင်း ရှားရှားပါးပါး ရောက်လာတတ်တဲ့ ပါတီ၊ ကောင်စီကလူတွေကို ကြောက်ရတယ်။ မရှိရှိတာချကျွေး၊ ချက်ကျွေးရတယ်။ ပြန်ရင် ကိုယ့်မှာမွေးထားတဲ့ ကြက်ကလေး၊ ဘဲကလေးတောင် ပေးလိုက်ရသေးတယ်။ ပြောရရင် အစိုးရလူတွေက နှိပ်စက်တယ်။ ဒါကြောင့် အစိုးရလည်း ကောင်းမှာမဟုတ်ဘူး။ ခုလို တတိုင်းပြည်လုံး သပိတ်မှောက်နေကြတယ်ဆိုတာ အစိုးရလုံးဝမကောင်းလို့ ဖြစ်ရမယ်။ ဒါကြောင့် ငါတို့ရွာကလည်း ဒီအစိုးရကို သပိတ်မှောက်မယ်။

အဲဒီရွာကလေးက ရွာသူရွာသားတွေဟာ အဲဒီလို ကောက်ချက်ချပြီး အစိုးရကို သပိတ်မှောက်တောင်းဆိုဖို့ ဆုံးဖြတ်ချက် ချလိုက်ကြတယ်။ ဒီနေရာမှာ ပြသ၁နာက သပိတ်မှောက်တာကတော့ ဟုတ်ပါပြီ။ သူတို့ဘာကို တောင်းဆိုကြမှာလဲ။ တခြားမြို့တွေရွာတွေနဲ့လည်းမနီး၊ တရွာလုံးနေမှ ရေဒီယိုလေးတလုံးတောင် မရှိရှာတဲ့ သူတို့ခမျာ တော်တော်အကျပ်ရိုက်သွားကြတယ်။

သူတို့ ဘာကို တောင်းဆိုကြမှာလဲ။

ပါတီကောင်စီကို ချက်ကျွေးရတဲ့ထမင်းဖိုး ပြန်ရရေး … ဒို့အရေး၊ ဖမ်းယူသွားတဲ့ ကြက်ဖကြီး ပြန်ရရေး … ဒို့အရေး လုပ်ကြရမှာလား။ သူတို့ေ၀၀ါးနေတယ်။ သူတို့ကိုးကွယ်တဲ့ တောကျောင်းဆရာတော်ကို လျှောက်ကြည့်တော့လည်း လောကီကိစ္စ ငါဝင်မပါချင်ဘူးလို့ မိန့်ပြန်တယ်။ ဆရာတော်လည်း ပါတီယူနစ်က လူကြီးတွေကို ကြောက်နေတာဖြစ်မယ်လို့ ကပ္ပိယကြီးက ရွာကလူတွေကို ပြောလိုက်တော့ ခေါင်းတွေပဲ ကုတ်နေကြတော့တယ်။

ဒါပေမဲ့ ဒီအစီအစဉ်ပျက်လို့မဖြစ်ဘူး၊ တတိုင်းပြည်လုံးရဲ့ အရေးတော်ပုံမှာ သူတို့ရွာ ကျန်နေခဲ့လို့ မဖြစ်ဘူးလို့ ပြောလာသူက သူတို့ရွာအတွက် အမြဲလိုလို ဈေးဝယ်ဝယ်ပေးနေကျ ရွာသားဖြစ်နေတယ်။ မပူကြနဲ့၊ ဒီကိစ္စပြေလည်အောင် သူဖြေရှင်းပေးမယ် တဲ့။ တရွာလုံး ရင်ဝဆို့နေတဲ့ အလုံးကြီး ကျသွားကြတယ်။

ဒါနဲ့ပဲ နောက်ရက်မှာ သူတို့ရွာရဲ့ အထွေထွေသပိတ်ကြီးကို စတင်လိုက်တယ်။ ရွာသပိတ်စတဲ့အခါ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ မိသားစုတစုတော့ရှိနေတယ်။ သူတို့ရွာကို ပါတီ၊ ကောင်စီကလူတွေလာရင် တည်းခိုလေ့ရှိတဲ့၊ ရွာလူကြီးလိုလို ရွာသူကြီးလိုလိုဖြစ်နေတဲ့ မိသားစုပေါ့။ ကျန်တဲ့ရွာသားတွေ စုရုံး စုရုံးလုပ်နေကြတဲ့အချိန်မှာ သူတို့က ပေစောင်းပေစောင်းနဲ့ကြည့်ပြီး ဘေးပဲထိုင်နေရမလို၊ ဘုပဲပြောရမလို ဖြစ်နေကြတာပါ့။ သူတို့ရဲ့သားတော်မောင် တတိယတန်းကျောင်းထွက်ကတော့ အများနည်းတူ သပိတ်မှောက်ချင်တယ်။ မအေက မျက်စောင်းထိုးထားတော့ ခမျာမလိုက်ရဲရှာဘူး။ သပိတ်မှောက်တာ မလိုက်ရတော့ အိမ်မှာပဲ ကျောပြောင်ပြောင်နဲ့ မှောက်အိပ်နေရရှာတယ်။ ယောက်ျားလုပ်သူကတော့ သူ့မိန်းမဘက်လှည့်ပြီး " အားလုံးတော့ ထိတ်တုံးစာမိတော့မှာပဲ " လို့ ပြောလိုက်သေးတယ်။ ဒါပေမဲ့ ရွာသားတွေမြားဦးက အစိုးရဘက်မလှည့်ဘဲ သူ့ဘက်လှည့်လာရင် ဒုက္ခလို့တွေးပြီး ကျယ်ကျယ်တော့ မပြောရဲဘူး။ သူတို့ကလည်း ပါတီကောင်စီကလူတွေလာရင် မျက်နှာထိ မျက်နှာထားနဲ့ ကိုရင်ဘယ်သူ … ဆရာကြီးတို့စားဖို့ ငါးသွားရှာဟေ့၊ ဒေါ်ဘယ်ဝှာ … မြို့ကလူကြီးတွေအတွက် ထမင်းချက်ပေးဦး စတဲ့ပါဝါလေးတွေကို ထုတ်သုံးထားတာကိုး။

ပြောရရင် အဲဒီရွာလေးရဲ့သပိတ်က လွှတ် အောင်မြင်တယ်ဆိုရမယ်။ တခြားသွားပြစရာနေရာလည်း မရှိတော့ ရွာကို အထပ်ထပ်အခါခါ ပတ်ပြီး ဆန္ဒပြကြရတယ်။ ရှေ့ဆုံးက ဦးဆောင်သူရွာသားတယောက်က သူ့ပုဆိုးကို သစ်ကိုင်းခြောက် တခုနဲ့ အလံလွှင့်လို့။ သူ့ဘေးမှာ ဈေးအ၀ယ်တော်ရွာသားက ကြွေးကြော်သံတွေကို မာန်နဲ့ ထန်နဲ့ တိုင်ပေးလို့။ ရွာသူရွာသားတွေက လက်သီးလက်မောင်းတန်းပြီး အစိုးရကို အရေးဆိုလို့။ ပါတီကပ်ဖားရွာလူကြီးအိမ်ရှေ့ရောက်ရင် သူတို့ကြွေးကြော်သံတွေက ပိုကျယ်၊ ပိုမြိုင်လာတတ်တယ်။ သူတို့လက်သီးတွေကို ပိုပြီး ကျစ်ကျစ်ပါအောင် ဆုပ်ထားတတ်ကြတယ်။

သူတို့ ကြွေးကြော်သံတွေကိုလည်း နားထောင်ကြည့်ကြပါဦး။

" ရန်ကုန်က တောင်းတာပေး "

" ဒို့အရေး ဒို့အရေး "

" ရန်ကုန်က တောင်းတာပေး "

" ဒို့အရေး ဒို့အရေး "

" ရန်ကုန်က တောင်းတာပေး "

" ဒို့အရေး ဒို့အရေး "


ဆောင်းဖြူ
(တခါက Myanmar Nation ၀ိုင်းတော်သားတဦး ပြောပြချက်တခုကို ချဲ့ထွင်ရေးသားပါသည်။)