ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်လေး ● ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော ကလေးများ


ခင်လေး ● ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော ကလေးများ
(Education Digest / မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၆

"ကလေးတွေ ငယ်သေးတယ်၊ ဘာမှလက်တည့်မစမ်းနဲ့ အန္တရာယ်များတယ်၊ လူကြီးတွေပြောတာနားထောင်၊  ခိုင်းတဲ့အတိုင်းလုပ်" ဆိုတာမျိုးတွေကို ကျွန်မတို့ပတ်ဝန်းကျင်မှာ နေ့စဉ်လိုလိုကြားနေရတတ်ပါတယ်။

ကလေးအရွယ် တကယ်ငယ်သေးတယ် ဆိုတာကိုတော့ လက်ခံပါတယ်။  လူကြီးတွေပြောတာနားထောင်၊ ခိုင်းတဲ့အတိုင်းလုပ်ဆိုတာမျိုးတွေ၊ လျှာမရှည်နဲ့ လက်တည့်မစမ်းနဲ့ ဆိုတာတွေကတော့ ကလေး တယောက်ရဲ့ လွပ်လပ်စွာ တွေးခေါ်နိုင်စွမ်းတွေ၊ ကိုယ့်အားကိုယ်ကိုးချင်စိတ်တွေ၊ ကိုယ်တိုင်ဖန်တီးနိုင်စွမ်းတွေကို အန္တရာယ်များတယ်ဆိုတဲ့ တံဆိပ်ကပ်ပြီး ငယ်စဉ်ကတည်းက အကြောက်တရားနဲ့ ရိုက်ချိုးလိုက်တာမျိုးသာဖြစ်ပါတယ်။

ကလေးအရွယ်မို့ စဉ်းစားဆင်ခြင်နိုင်စွမ်းနည်းလို့ အန္တရာယ်များနိုင်တယ်ဆိုတဲ့ လူကြီးတွေဘက်က စိုးရိမ်ပူပန်တတ်ကြတာကတော့ သဘာဝတရားတခုပါ။ အဲ့ဒီစိုးရိမ်စိတ်ဟာ ကျိုးကြောင်းဆီလျှော်ခြင်းဆိုတာထက် ပိုသွားတဲ့အခါမှာ ကလေးတယောက်ရဲ့ ဖန်တီးနိုင်စွမ်းတွေ၊ တွေးခေါ်လှုပ်ရှားနိုင်စွမ်းတွေ၊ ဘ၀တိုးတက်မှုလမ်းကြောင်းတွေကို ပိတ်ပင်ဟန့်တားသလိုဖြစ်တာမျိုး ဖြစ်သွားတတ်ပါတယ်။ လူကြီးတယောက်ရဲ့လွန်ကဲတဲ့ စိုးရိမ်စိတ်ဟာ ထိုလူကြီးရဲ့ အတ္တသက်သက်သာဖြစ်ပါတယ်။ ကလေးတွေအတွက် အကျိုးမပြုနိုင်ပါဘူး။ ကလေးတွေကို နစ်အောင် နှစ်နေတာပါ။ မှားနိုင်တာကို ထောက်ပြ၊ အန္တရာယ်ရှိနိုင်တာကို သတိပေးပြီး ကလေးတွေရဲ့ လွတ်လပ်စွာတွေးခေါ်လုပ်ကိုင်ချင်စိတ်တွေကို ကိုယ့်ခြေထောက်ပေါ် ကိုယ်အားကိုးကာရပ်တည်ချင်စိတ်တွေ၊ အခက်အခဲတွေကို ထိုးဖောက်ထွက်ချင်တဲ့ စိတ်ခွန်အားပေးခြင်းကသာ ကိုယ့်ရင်သွေးတွေကို ချစ်ရာရောက်တာပါ။

ကလေးအရွယ် ငယ်သေးတယ်ဆိုသော်လည်း ငယ်သေးတဲ့ကလေးတွေက ကမ္ဘာကြီးတခုလုံးကို တုန်လှုပ်သွားအောင် ပြောင်းလဲနိုင်စွမ်းရှိတယ် ဆိုတာကို လူကြီးတွေ သတိပြုမိစေဖို့ ကျွန်မရဲ့ "ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့သော ကလေးများ" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။



■ မာလာလာယူစွပ်ဇိုင်း  Malala Yousafzai  (၁၉၉၇ ဖွား)
မာလာလာ ဆိုတဲ့နာမည်ကိုကြားလိုက်တာနဲ့ ပါကစ္စတန်အမျိုးသမီးငယ်လေးတယောက်ဆိုတာကို သိကြမှာပါ။ ကျောင်းသွားတဲ့လမ်းမှာ သူမရဲ့ဦးခေါင်းကို တာလီဘန်တွေရဲ့ပစ်ခတ်မှုခံရပြီးနောက်ပိုင်း ပါကစ္စတန်အမျိုးသမီးငယ်တွေရဲ့ ပညာရေးအတွက် လှုပ်ရှားသူကျောင်းသူလေးတယောက်အဖြစ် ကမ္ဘာကအသိအမှတ်ပြုခဲ့တာဖြစ်ပါတယ်။ ဘီဘီစီသတင်းဌာနရဲ့ အင်တာဗျူးတခုမှာ ပါကစ္စတန် အမျိုးသမီးငယ်လေးတွေရဲ့ ပညာရေးနဲ့ပတ်သက်ပြီး ဖြေကြားခဲ့တဲ့အတွက် သူမကို တာလီဘန်တွေက လုပ်ကြံသတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

သူမရဲ့အသက်ကို မငဲ့ဘဲ ပါကစ္စတန်အမျိုးသမီးငယ်များရဲ့ ပညာရေးအတွက် ဆောင်ရွက်ခဲ့မှုကြောင့် နိုဗယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။ သူမဟာ ကမ္ဘာမှာ အသက်အငယ်ဆုံး နိုဗယ်ငြိမ်းချမ်းရေးဆုရတဲ့ ကျောင်းသူအမျိုးသမီးငယ်လေးဖြစ်ပါတယ်။ 



■ အစ်ဗယ်လ်မာစီ Iqbal Masih (၁၉၈၃-၁၉၉၅)
အစ်ဗယ်လ်မာစီဟာ ၁၉၈၃ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ပါကစ္စတန်နွယ်ဖွား ကလေးတယောက်ဖြစ်ပါတယ်။  အသက် လေးနှစ်အရွယ်မှာတော့ သူ့မိသားစုမှာတင်နေတဲ့ ကြွေးမြီ ရူပီး၆၀၀ (အမေရိကန်ဒေါ်လာ ၆ ဒေါ်လာ) ကြောင့် သူနေထိုင်တဲ့ ဒေသမှာရှိတဲ့ ကောဇောတွေရက်လုပ်တဲ့အလုပ်ရှင်ဆီမှာ ကြွေးသိမ်းခံ စာချုပ်လုပ်သားအနေနဲ့ အကြွေးမကျေမချင်း အလုပ်သမားအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ရပါတယ်။  သူ့လိုပဲ ကြွေးသိမ်းခံအလုပ်သမား ကလေးငယ်တွေဟာ ထွက်မပြေးနိုင်အောင် သံကြိုးနဲ့တုပ်ပြီး အလုပ်ခိုင်းတာကို ခံစားခဲ့ကြရပါတယ်။  တနေ့ကို ၁၂နာရီကြာအောင် အလုပ် လုပ်ရပြီး နားရက်မရှိပါဘူး။  တနေ့မှာ နားချိန် နာရီဝက်လောက်သာရပေမယ့် လုပ်အားခရငွေထဲက နေ့စဉ် ပိုက်ဆံ၃ဆင့်ကို အကြွေးအဖြစ် အသိမ်းခံရပါတယ်။ အစ်ဗယ်ဟာ အလုပ်လုပ်ရင်း အသက်သာကြီးလာပေမယ့် အလုပ်ဒဏ်ကြောင့် ခန္ဓာကိုယ်ကတော့ ဖွံ့ဖြိုးခြင်းမရှိတော့ပါဘူး။ ၄ပေတောင်မပြည့်တဲ့ အရပ်မှာ ၂၀ကီလိုသာ အလေးချိန်ရှိပါတော့တယ်။

၆နှစ်ကြာအောင် ကြွေးသိမ်းခံလုပ်သားအဖြစ် လုပ်ခဲ့ရပြီးလို့ သူ့ရဲ့အသက် ၁၀နှစ်ပြည့်ချိန်မှာတော့ ကြွေးသိမ်းခံလုပ်သားတွေဟာ တရားမ၀င်ပါဘူးလို့ ပါကစ္စတန်လွှတ်တော်က ကြေညာခဲ့တဲ့အတွက် သူဟာ ကြွေးသိမ်းခံလုပ်သားဘ၀ကနေ လွတ်မြောက်လာခဲ့ပါတယ်။ ကြွေးသိမ်းခံ လုပ်သားတွေအတွက် ဖွင့်ပေးထားတဲ့ကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ကြွေးသိမ်းခံလုပ်သားတွေကို ကာကွယ်ပေးတဲ့ ရှေ့နေတယောက်ဖြစ်ချင်ခဲ့သူ ဖြစ်ပါတယ်။  တဖက်မှာလည်း ကြွေးသိမ်းခံလုပ်သား ၃၀၀၀ကျော်ကိုလည်း လွတ်မြောက်အောင် အကူအညီတွေပေးခဲ့ပါတယ်။  ဆွီဒင်နိုင်ငံနှင့် အမေရိကန်နိုင်ငံတွေကို သွားရောက်ပြီး သူခံစားခဲ့ရတဲ့ ကြွေးသိမ်းခံလုပ်သားဘ၀ အကြောင်းတွေကိုမျှဝေပေးပြီး၊ သူ့လို ဘ၀တူတွေအတွက် အကူအညီတွေတောင်းခံခဲ့ပါတယ်။  ၁၉၉၄ခုနှစ်မှာ Reebok လူ့အခွင့်အရေးဆုကို ဘော့စတွန်မှာ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။  သူ့ရဲ့အသက် ၁၂နှစ်အရွယ် ၁၉၉၅ခုနှစ်မှာတော့ သူ့ရဲ့ ကြွေးသိမ်းခံလုပ်သားတွေအတွက် တက်ကြွလှုပ်ရှားမှုတွေကို မကျေနပ်တဲ့ လူတွေက သူ့ကို လုပ်ကြံသတ်ဖြတ်လိုက်ကြပါတော့တယ်။ "ကြွေးသိမ်းခံလုပ်သားတွေအတွက် သူရဲကောင်းလေး" လို့ ကမ္ဘာကတင်စားဂုဏ်ပြုတာကို ခံခဲ့ရပြီး၊ သူ့ရဲ့ ဈာပနကို လိုက်ပါပို့ဆောင်သူပေါင်း ၈၀၀နီးပါးရှိခဲ့ပါတယ်။

ကလေးတယောက်ရဲ့ တက်ကြွလှုပ်ရှားမှုကြောင့် ကမ္ဘာ့နိုင်ငံတွေက ပါကစ္စတန်နိုင်ငံရဲ့ ကြွေးသိမ်းခံ ကလေးလုပ်သားတွေအကြောင်းကို သိရှိပြီး အကူအညီတွေပေးနိုင်ခဲ့ပါတယ်။ 



■ အန်နာဖရန့်ခ် Annelies Marie Frank (၁၉၂၉-၁၉၄၅)
ဒုတိယကမ္ဘာစစ်အတွင်း နာဇီတွေရဲ့ မီးလောင်တိုက်သွင်း သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်မှာ ကလေးငယ်ပေါင်း ၁ဒသမ ၅သန်း အသက်ဆုံးရှုံးခဲ့ရပြီး အဲဒီထဲမှာ ၁ ဒသမ၂ သန်း ကတော့ ဂျူးလူမျိုးကလေးငယ်တွေဖြစ်ပါတယ်။  အဲဒီလို လူမျိုးတုံးသတ်ဖြတ်ခံခဲ့ရတဲ့ ဂျူးလူမျိုးကလေးငယ်တွေထဲမှာမှ လွတ်မြောက်လာသူ ဆယ်ကျော်သက် ကလေးငယ် တယောက်ကတော့ အန်နာဖရန့်ခ်ပါ။  အန်နာဟာ သူမရဲ့ဒိုင်ယာရီစာအုပ်ကြောင့် ကမ္ဘာကျော်ခဲ့ပါတယ်။ ဒီဒိုင်ယာရီစာအုပ်ကတော့ သူမရဲ့ အသက် ၁၃နှစ်အရွယ်မှာ ကိုယ်တိုင်တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ ကြောက်စရာကောင်းလှတဲ့ ဆိုးဝါးပြင်ထန်လှသော အရှင်လတ်လတ်မီးလောင်တိုက်သွင်းခံရတဲ့ လူသားတွေအကြောင်းကို ၂နှစ်ကျော်ကျော် ပုန်းအောင်းနေထိုင်နေရင်း ရေးသားခဲ့တဲ့ ဒိုင်ယာရီစာအုပ်ဖြစ်ပါတယ်။

စစ်ပွဲဒဏ်သင့်အကျဉ်းသားတွေနေထိုင်တဲ့ စခန်းမှာ နေထိုင်ခဲ့ရတဲ့ကာလ တလျှောက်လုံးမှာ အန်နာဟာ သူမရဲ့ဒိုင်ယာရီကို ရေးခဲ့တာဖြစ်ပါတယ်။ မီးလောင်တိုက်သွင်းပြီး သတ်တာကို မခံခဲ့ရပေမယ့် စစ်ရှောင်စခန်းမှာ ခံစားရတဲ့ ဘေးဒုက္ခတွေကြောင့် အန်နာဟာ တိုက်ဖိုက်ရောဂါဝေဒနာကို ခံစားခဲ့ရပြီး ကွယ်လွန်ခဲ့ပါတယ်။ သူမကွယ်လွန်ခဲ့ပြီးနောက်ပိုင်း ၂နှစ်ကျော်ကြာမှသာ သူမမှတ်တမ်းတင်ထားခဲ့တဲ့ ဒိုင်ယာရီစာအုပ်ကို သူမရဲ့ဖခင်က ပုံနှိပ်ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ သူမရဲ့စာအုပ်ဟာ ကမ္ဘာကျော်ခဲ့ပြီး ကမ္ဘာလူသားတွေကြားထဲမှာ မီးလောင်တိုက်သွင်းသတ်ဖြတ်ခံရမှု အကြောင်းတွေကိုပျံ့နှံ့ထိတ်လန့်စေခဲ့သလို၊ ငယ်ရွယ်တဲ့ အမျိုးသမီးကလေးတွေကိုလည်း ခက်ခဲတဲ့ အခြေအနေတွေကြားထဲမှာ ဘယ်လိုမျိုးရဲရဲရင့်ရင့် နေထိုင်သင့်သလဲဆိုတာကို ဦးဆောင်လမ်းပြပေးနိုင်ခဲ့ပါတယ်။



■ ကာဆန်ဒြာလင်း Cassandra Lin (၁၉၉၈-)
၂၀၀၈ခုနှစ် မှာ ကမ္ဘာကြီးကိုပြောင်းလဲမှုတွေယူဆောင်ပေးနိုင်တဲ့ အသက်ဆယ်နှစ်အရွယ် ငါးတန်းကျောင်းသူလေးတဦး ရုဒ်အိုင်လန် Rhode Island မှာပေါ်ပေါက်လာခဲ့ပါတယ်။ သူကတော့ ကာဆန်ဒြာလင်းပဲဖြစ်ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုရဲ့အဓိကဖြစ်စဉ်ဟာ ကမ္ဘာ့လူသားတွေက သဘာဝဓာတ်ငွေ့၊ ရေနံစတဲ့ သဘာဝလောင်စာတွေကို အလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်တယ်ဆိုတာကို ကာဆန်ဒြာက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲ့ဒီလို ကလေးတယောက်ရဲ့အတွေးကနေ ရှာဖွေတွေ့ရှိခဲ့မှုဟာ ကမ္ဘာကြီးအတွက် ကောင်းမွန်တဲ့ပြောင်းလဲခြင်းကို ဖြစ်စေခဲ့ပါတယ်။ 



ဒီပြောင်းလဲခြင်းကတော့ ကာဆန်ဒြာရဲ့တီထွင်မှုဖြစ်တဲ့ အသီးအရွက်တွေ၊ သားငါးတွေကရတဲ့ချောဆီကို ဇီဝလောင်စာဆီအဖြစ် ပြောင်းလဲပေးလိုက်ခြင်းပါပဲ။  သူမရဲ့တီထွင်မှုကြောင့် ကမ္ဘာ့လူသားတွေဟာ ဇီဝလောင်စာဆိုတာ ဘာလဲဆိုတာကို သိခွင့်ရခဲ့သလို၊ ထိုလောင်စာဆီက လူသားတွေအတွက် ဘယ်လောက်အကျိုးပြုတယ်၊ မီးဖိုချောင်မှာ အသုံးမပြုတော့တဲ့ ချောဆီတွေဟာ ဇီဝလောင်စာအဖြစ်ပြောင်းလဲပြီး ဆောင်းရာသီမှာ လူသားတွေကိုနွေးထွေးအောင်ပြုလုပ်ပေးနိုင်တဲ့ မီးလင်းဖိုတွေမှာ ဘယ်လိုပြန်ပြီး အသုံးပြုလို့ရတယ် ဆိုတာတွေကို သိလာခဲ့ကြပါတယ်။

ကာဆန်ဒြာဟာ သူမရဲ့ပရောဂျက်ကို TGIF (Turn Grease Into Fuel) လို့ခေါ်တဲ့ ဟင်းချက်ဆီတွေကို ပြန်လည်အသုံးပြုပြီး ဇီဝလောင်စာအဖြစ်ပြောင်းလဲပေးတဲ့ အစီအစဉ်နဲ့အတူပူးပေါင်းပြီး ဇီဝလောင်စာ ဂါလံပေါင်း ၂၁၀၀၀ (အမေရိကန်ဒေါ်လာ ၈၁၀၀၀နီးပါး) တန်ဖိုးရှိသော ဇီဝလောင်စာများကို အိမ်ထောင်စုပေါင်း ၂၁၀ကို ဆောင်းရာသီမှာဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။ 



■ လူးဝစ်ဘရေလ် Louis Braille (၁၈၀၉-၁၈၅၂)
သူကတော့ မျက်မမြင်တွေ စာဖတ်နိုင်ဖို့အတွက် စာအုပ်တွေတီထွင်ပေးခဲ့တဲ့ ကလေးငယ်တယောက်ပါ။ လူးဝစ်ဟာ အသက် ၃နှစ်အရွယ်မှာ မတော်တဆအဖြစ်အပျက်တခုကြောင့် သူ့ရဲ့မျက်လုံးနှစ်ဖက်လုံး ထိခိုက်ခဲ့ရပြီး အသက်၅နှစ်အရွယ်မှာတော့ အမြင်အာရုံလုံးဝကွယ်သွားပါတော့တယ်။ ကျောင်းနေရတဲ့အရွယ်ရောက်လို့ အများနည်းတူ စာသင်ချင်ခဲ့ပေမယ့်လည်း သင်ခန်းစာတွေကို နားထောင်ခွင့်သာရခဲ့ပါတယ်။ ပဲရစ်မှာရှိတဲ့ လူငယ်မျက်မမြင် တော်ဝင်အဖွဲ့ကျောင်းသို့ ပညာတော်သင်ဆုရခဲ့သော်လည်း ဆရာအများစုဟာ မျက်မမြင်ကျောင်းသားတွေကို စာဖတ်ပြတာလောက်သာလုပ်နိုင်ကြပါတယ်။ ကျောင်းစာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေကလည်း ၁၄အုပ်သာရှိပြီး ကြီးမားလေးလံလွန်းကာ ဖတ်ရှုနိုင်ဖို့ခက်ခဲလှပါတယ်။ ဒီလိုအခြေအနေတွေကို အသက် ၁၀နှစ်သာရှိသေးတဲ့ လူးဝစ်က သည်းမခံနိုင်ခဲ့ပါဘူး။ မျက်မမြင်တွေ ဖတ်နိုင်တဲ့ စာတွေ၊ စာလုံးတွေ၊ စာအုပ်အုပ်တွေကို ဘယ်လို ဖန်တီးနိုင်မလဲဆိုတာကိုသာ တွေးတောနေပါတော့တယ်။

သူအသက်၁၂နှစ်ရှိတဲ့အချိန်မှာတော့ သူ့ရဲ့ကျောင်းကို စစ်သားဟောင်းကြီးတယောက်က လာရောက်လည်ပတ်ခဲ့ပါတယ်။ အဲ့ဒီစစ်သားဟောင်းကြီးက ညအချိန်မှာဖတ်နိုင်တဲ့ လျှို့ဝှက်စာပို့စနစ်နဲ့ အစက်လေး ၁၂ခုပါတဲ့ စာလုံးကုဒ်တွေအကြောင်းကိုပြောပြခဲ့ပါတယ်။  အဲ့ဒီကုဒ်တွေဟာ စစ်သားတွေအတွက်တော့ခက်ခဲပေမယ့် လူးဝစ်အတွက်ကတော့ လွယ်ကူနေခဲ့ပါတယ်။

အသက် ၁၅ နှစ်မှာတော့ လူးဝစ်ဟာ ထိုအစက်တွေကိုအခြေခံတဲ့ စာလုံးစနစ်ကိုတီထွင်ပြီး မျက်မမြင်တွေ စာဖတ်နိုင်ဖို့ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့လုပ်ဆောင်မှုဟာ မျက်စိမမြင်တဲ့လူတွေကို စာအုပ်တွေနဲ့ထိတွေဖတ်ရှုခွင့် ပေးခဲ့တဲ့ လုပ်ဆောင်ချက်ဖြစ်တာကြောင့် ကမ္ဘာကြီးတခုလုံးကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။

ကျွန်မရွေးချယ်ဖော်ပြခဲ့တဲ့ ကလေးတွေကိုကြည့်မယ်ဆိုရင် သူတို့တွေရဲ့ဘ၀မှာ ဘယ်လောက်ပဲ ကြမ်းတမ်းခက်ခဲမှုတွေရင်ဆိုင်ခဲ့ရပါစေ သူတို့ရဲ့လွတ်လပ်စွာဖန်တီးခွင့်၊ တွေးခေါ်ယူဆခွင့်၊ လှုပ်ရှားလုပ်ဆောင်ခွင့်တွေအတိုင် နေထိုင်ခွင့်ရခဲ့ကြသူတွေဖြစ်ပါတယ်။ ဒီလို နေထိုင်ခွင့်ရခဲ့တာတွေကြောင့်လည်း နုနယ်သေးတဲ့အရွယ်တွေဖြစ်သော်ငြားလည်း ကမ္ဘာကြီးကို ကိုင်လှုပ်နိုင်တဲ့ စွမ်းဆောင်မှုတွေ တီထွင်မှုတွေကို ပြုလုပ်နိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မတို့ကမ္ဘာကြီးရဲ့ အနာဂတ်ငွေကြယ်ပွင့်လေးတွေကို လိုအပ်တဲ့ စိုးရိမ်စိတ်တွေနဲ့သာ ထိမ်းကြောင်းမှုတွေပေးပြီး၊ လွတ်လပ်စွာတွေးခေါ်နေထိုင်လှုပ်ရှားစေသင့်ကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

ခင်လေး
8-7-2016(11:31AM)

(Education Digest (ပညာပဒေသာ) အပတ်စဉ်ထုတ် ဂျာနယ် အတွဲ (၅)၊ အမှတ် (၃၀) တွင် မူလ ပုံနှိပ်ခဲ့ပါသည်။)

Education Digest Journal Facebook စာမျက်နှာတွင်လည်း ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

https://web.facebook.com/TheNewEducationDigestJournal/photos/a.341284505956147.81743.340972365987361/1051684561582801/?type=3