ဝင်းမင်းစိုး (မိတ္ထီလာ) ● ဗြိစ္ဆာဖွား



ဝင်းမင်းစိုး (မိတ္ထီလာ) ● ဗြိစ္ဆာဖွား
(မိုးမခ) သြဂတ်စ် ၁၅၊ ၂၀၁၆

ဗေဒင်အလိုရ
ခေါင်းကမာမာ
ပြန်မပြော နားမထောင်
ချောင်တချောင်မှာ
ကိုယ်ထင်ရာလုပ်နေတတ်တဲ့
ကင်းမြီးကောက်တကောင်။

အထင်ကြီးခြင်း သေးခြင်းကို
စိတ်မဝင်စား
သူ့ဘဝမှာ သူ့မာန်သူဝံ့ဖို့
အနီရောင်ဟာ ကံကောင်းတယ်ဆိုပေမယ့်
ဒဏ်ရာတွေက
ခုထိ သွေးမတိတ်သေး။

လောကဓံရေစီးကြမ်းကြမ်းထဲ
အပွန်းခံအပဲ့ခံ တိုက်စားခံပြီးမှ
ဒီကျောက်ခဲက
ရေညှိတွေ ကွာကျရမတဲ့လား။

နှလုံးလမ်းကြောင်းရဲ့
ကျွန်းပေါ်မှာနေထိုင်ရင်း
ဘဝကိုပုံအပ် အချစ်ကကြီးတတ်သေး
သူ့အပေါ်တင်စီးလာရင်တော့
ကလဲ့စားချေရာမှာ
ရည်မှန်းချက်ကြီးတဲ့သူ။

ကဲ……ဘယ်သူတွေဘာလုပ်လုပ်
လူအုပ်ထဲကခွဲထွက်
ငွေလည်းမမက်တဲ့ကောင်
ဥပေက္ခာသမားလို့ပြောရင်ပြော
သူ့ရှေ့မှာ ကမ္ဘာကြီးပြိုတာမြင်ရင်တောင်
တယောကထိုးလို့ကောင်းတုန်း ။

ဝင်းမင်းစိုး (မိတ္ထီလာ)