ကိုအောင်မှိုင်း - ချစ်သော NLD ပါတီ


ကိုအောင်မှိုင်း -  ချစ်သော NLD ပါတီ

(မိုးမခ) သြဂုတ် ၂၊ ၂၀၁၆


ငယ်သူငယ်ချင်းတယောက်ဖြစ်တဲ့ ကျောင်းအုပ်ဆရာမကြီးပင်စင်စား တယောက်က ဖုန်းဆက်ပြီး ကျနော့်ကိုအပြတ်ကောလိုက်တာဗျာ အတော့်ကို ထူပူသွားတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ဆိုင်တဲ့ ကျနော့် သဘောထား တချို့ ကို ကျနော့် facebook မှာ ရေးခဲ့မိလို့ပါ။

သူငယ်ချင်းကပြောတယ်။ နင်လိုလူက NLD ကို ဒီလိုရေးတာ ဘာကောင်းလဲ။ နင်တို့ပဲ နှစ်ပေါင်းများစွာကြာအောင် ဒီမိုကရေစီအတွက် တိုက်ပွဲတွေဝင်ခဲ့တယ်။ သေတဲ့လူလည်း သေကုန်ကြပြီ။ မိတကွဲဖတကွဲတွေလည်း မနည်းတော့ဘူး။ ဘ၀ပျက်သွားခဲ့ရတဲ့ နင်တို့သူငယ်ချင်းမိသားစုတွေမျက်နှာကို နင်တို့ထောက်ထားသင့်တာပေါ့တဲ့။

တကယ်တော့ သူက NLD ပါတီဝင် တယောက်မဟုတ်ပါ။ ရှည်လျားလှတဲ့ စစ်အစိုးရ စစ်ဗျူရိုကရေစီယန္တယားအောက်မှာ ကျောင်းဆရာဘ၀ကို ပင်စင်ယူသည်အထိ လုပ်ခဲ့သူတယောက်ရဲ့ ရင်တွင်းက ခံစားချက်ပါ။ ပြောရရင် စစ်အုပ်စုပေါ် တူးတူးခါးခါးမုန်းတီးမှုကလာတဲ့ အဖိနှိပ်ခံတဦးရဲ့ ပေါက်ကွဲမှုသံစဉ်ပေါ့ဗျာ။

သူက NLD ပါတီဝင်တွေထက် NLD ပါတီကို ပိုချစ်သူပါ။ NLD ပါတီထိခိုက်မှာကို သိပ်စိုးရိမ်ကြီးနေတဲ့ ပြည်သူတဦးပါ။ စစ်အစိုးရမျက်နှာကို ထပ်မမြင်ချင်တော့တဲ့ ပြည်သူတဦးဆိုရင် ပိုမှန်လိမ့်မယ်ထင် ပါတယ်။ ကျနော်တို့ စကားပြေဖြစ်ကြပါတယ်။

ကျနော်ဘာတွေများ ဒီလောက် ဆိုးဆိုးဝါးဝါးရေးမိခဲ့ပါသလဲ။ ကိုယ့်ကိုယ်ကိုလည်း ပြန်ဝေဖန်ဖို့လိုမယ်ဆိုတာတော့ အခိုင်အမာကို စဉ်းစားမိခဲ့ပါတယ်။ကျနော်ကိုယ်တိုင်လဲ NLD ပါတီဝင်တဦးမဟုတ်ပါ။ ပြောရရင် သူတို့ချစ်သလို ကျနော်ကိုယ်တိုင်လည်း NLD ပါတီကိုချစ်ခဲ့တာပါပဲ။ NLD ပါတီအာဏာရမှ ချစ်သူဖြစ်လာတာမဟုတ်ပါဘူး။ နှစ်ပေါင်းများစွာ လက်နက်ကိုင် တော်လှန်ရေးကာလတလျှောက်လုံး NLD ပါတီကို ထောက်ခံခဲ့သလို ၀န်းရံခဲ့ကြတာပါ။ ချစ်သူဖြစ်ခဲ့ကြတာပါ။ ဒါပေမဲ့ ကနေ့  နိုင်ငံရေးရေပေါ်ဆီ အသိုင်းအ၀န်းမှာဖြစ်နေတဲ့ NLD ပါတီလုပ်သမျှအားလုံးမှန်တယ် NLD ပါတီလုပ်သမျှအားလုံး မှားတယ်ဆိုတဲ့ အုပ်စုကြီး၂ ခုမှာတော့ ကျနော်အမှန်တကယ် မပါလိုပါ။ နောင်လည်း ပါမှာမဟုတ်ပါ။ ကျနော်ရေးခဲ့တဲ့ facebook ပေါ်က ကျနော့်အမြင် ဆိုတာ ...

(ပြောရင်လဲ အဆိုးဖြစ်ဦးမယ်။ လူထုကိုအားနာလို့ ဒီလောက်ထိနားလည်သီးခံပေးနေတာပါ။

NLD အစိုးရအခုလုပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးပဲခေါ်ခေါ် ဒုတိယပင်လုံလို့ပဲပြောပြော အားလုံးဟာ လေထဲ တိုက်အိမ်ဆောက်နေတာလို့ပဲ ပြောရတော့မှာပါ။
 
ခါးတောင်းကြိုက်တခြား ဖင်တခြားစီ ဖြစ်နေတာပါ။ ၀ မရှိဘဲ ၀ိလုပ်နေတယ်လို့ပဲ တည့်တည့် ပြောပါမယ်။

ကိုယ်ကိုယ်တိုင်ကတောင် ၂၀၀၈ အောက်မှာမလူးသားမလွန့်သာအခြေအနေအောက်မှာ တိုင်းရင်းသားတွေကို ကိုယ်ခံနေရ တဲ့ ထမ်းပိုးထဲဆွဲသွင်းတဲ့လုပ်ရပ်ထက် ဘာမှပိုမလာ ပါဘူး။
အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ပြောပြီး စစ်ဗိုလ်ဟောင်းတွေကို နေရာတွေပေးတော့ ဘာဖြစ်လာသလဲ။ သေချာတာက ဘာမှဖြစ်မလာပါဘူး။ အရင်ခေါက်ရိုးကျိုးနေတဲ့အတွေးအခေါ်နဲ့ လုပ်ဟန်တွေကလွဲပြီး ဘာမှမတွေ့ ရပါဘူး။

တိုင်းရင်းသား ခေါင်းဆောင်တွေဟာ အချဉ်တွေမဟုတ်ပါဘူး။ စစ်တပ်နဲ့  NLD အရင်ညှိဖို့လိုတယ်လို့ ပြောနေတာ ၂၀၀၈ ကို ပြောနေတာဆိုတာ နားမလည်လို့လား နားမလည်ချင်ယောင် ဆောင်နေတာလား မသိပါ။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် အနည်းဆုံး၂၀၀၈ ကို အသစ်ပြန်မရေးသေးရင်တောင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်တဲ့ ဥပဒေတွေ အမြန်ပြင် ဖို့လိုတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေကို လိုရင်လိုသလို မလိုရင်မလိုသလို ဖမ်းဆီးနိုင်တဲ့အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပေးဖို့လိုတယ်။

စစ်ထမ်းပိုးအောက်မှာ စစ်ကျွန်ခြင်းအတူတူ NLD ကတိုင်းရင်းသားတွေအတွက် ဘာလုပ် ပေးနိုင်မှာတဲ့လဲဗျာ။

(ကိုအောင်မှိုင်း))

ကျနော့်သူငယ်ချင်းကို ကျနော်အခိုင်အမာပြောခဲ့တာကတော့ သူငယ်ချင်းငါရေးတာ အမှန်တွေပါ။ စစ်တပ်ကတော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်သရွေ့  မင်းသားခေါင်းဆောင်း နေဦးမှာပါ။ ကနေ့ ၂၀၀၈ ကိုပြင်မယ်ဆိုတာနဲ့ဘီလူး အစွယ် ထွက်လာမှာပါ။ စစ်တပ်က ဟန်ဆောင်နေတာပါသူငယ်ချင်းလို့ ကျနော်ပြောခဲ့ပါတယ်။ တပ်မတော်ရဲ့ ကော်မီတီတခုဆိုလား ကောင်စီတခုဆိုလား အဖွဲ့လေးက ဗို်လ်ချူပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပင်စင်သက်ကို အသက် ၆၀ ကနေ ၆၅ နှစ်ထိ လွယ်လွယ်ကူကူ တိုးပေးလိုက်တာတွေ့ရတော့ စစ်တပ်က လုပ်ချင်တာကိုကြတော့ လုပ်ချင်သလိုလုပ်လို့ရပြီး လူထုအတွက် လိုအပ်ချက်ဖြစ်တဲ့ ၂၀၀၈ကို ပြင်ဖို့ကိစ္စကြတော့ သိတ်ကိုခက်ခဲနေတာကိုက မရိုးသားတာဖြစ်ပါတယ်။

ကနေ့စစ်တပ်က အပြောတွေသိတ်များနေတာတွေ့ရတယ်။ လက်တွေ့ အလုပ်အနေနဲ့ တော့ သိပ်များများစားစား မတွေ့ရတာအမှန်ပါ။ အာဇာနည်ပွဲတက်တာလောက်နဲ့တော့ တပ်မတော်ရဲ့ အပြောတွေရဲ့ပုံရိပ်ကို အမှန်မြင်နိုင်မှာ မဟုတ်တာ သေချာပါတယ်။ ဒေါ်စုခြံထဲမှာ လုပ်တဲ့ အာဇာနည်နေ့ဆွမ်းကပ်ပွဲမှာ တိုင်းပြည်ခေါင်းဆောင်တွေ စုံစုံညီညီတွေ့ရတော့ ၀မ်းသာတယ်။ ကျနော် ဒီလိုရေးမိတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဘယ်အချိန် ဘယ်နေရာက စစ အမျိုးသား အကျိုးစီးပွားကိုဖြစ်ထွန်းစေမှာဖြစ်တယ်လို့။ ကျနော့်ကို ရဲဘော်တချို့ က ထောက်ပြတယ်။ ပြောဖို့ အချိန်နည်းနည်း စောမနေဘူးလားတဲ့။ ကျနော့်အမြင်ကိုပြောရရင် အချိန်တောင်နောက်ကျနေပါသေးတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးပဲလုပ်လုပ်၊ ပြည်တွင်းငြိမ်းချမ်းရေးပဲလုပ်လုပ်၊ ဒီမိုကရေစီ ရေးပဲလုပ်လုပ်၊ ဖက်ဒရယ် ပြည်ထောင်စုရေးပဲလုပ်လုပ်၊ အားလုံးဟာ နိုင်ငံရေး ရေခံ မြေခံ ကောင်းဖို့လိုပါတယ်။ နိုင်ငံရေးအခြေခံ ရပ်ဝန်းကောင်း ဖို့လိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ မကောင်းကြောင်း ဦးသိန်းစိန်လည်း ပြောခဲ့တာပါပဲ။ ဒါပေမဲ့ နည်းနည်းလေးမှ ပြင်မသွားခဲ့ပါဘူး။ အခုလည်း တပ်မတော်အနေနဲ့ ၂၀၀၈ဖွဲ့ စည်းပုံဟာ ပြင်ဖို့လို ကြောင်းတော့ ပြောနေကြပြန်ပါပြီ။ တကယ်ပြင်မယ်လည်းဆိုရော နောက် ၅ နှစ်မှလိုလိ ငြိမ်းချမ်းရေးရမှလိုလို ဆိုတာတွေဖြစ်နေပြန်တော့ ပါးစပ်ရှိလို့ ပြောနေသလို ဖြစ်နေတာပေါ့ ဗျာ။ ကျနော်တို့ဆိုလိုတဲ့ နိုင်ငံရေးရေခံမြေခံဆိုတာ ၂၀၀၈ဖွဲ့ စည်းပုံကိုပြင်ပြီး ဒီမိုကရေစီ အခြေခံ အောက်က တိုင်းရင်းသားလုပ်သားပြည်သူအားလုံး ကိုယ်တိုင်ရေးဆွဲကြမဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ဆိုလိုတာပါ။

ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကို အဟန့်အတားဖြစ်နေတာကိုက ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်နေတော့ ဘယ်လိုလုပ် ငြိမ်းချမ်းရေးတို့ ဒီမိုကရေစီရေးတို့၊ ဖက်ဒရယ်ပြည်ထောင်စု အရေးတို့ကို တည်ဆောက်နိုင် ကြမှာလဲ။ ဂျာအေး သူ့အမေရိုက်ပြနေကြတာလို့ပဲ ပြောပါရစေတော့ဗျာ။

၂၁ ရာစုပင်လုံ ညီလာခံခေါင်းစဉ်အောက်မှာ လှုပ်ရှားနေသူတွေကို ကြည့်ပြန်တော့လည်း ဒေါ်စုကိုရှေ့ တန်းတင်အသုံးချပြီး အစိုးရဘက်မှာ ဗိုလ်ချူပ်ဟောင်းတွေ ဗိုလ်ချုပ်သစ် တွေနဲ့ ပေးစာကမ်းစာစားထားတဲ့ တိုင်းရင်းသားဆိုသူအချို့နဲ့ သပိတ်ဝင် အိပ်ဝင် ပညာရှင် ဆိုသူတွေကို တက်တက် ကြွကြွတွေ့နေရပြန်တော့ ညောင်နှစ်ပင်ကိုသတိရမိတယ်။ ညောင်နှစ်ပင်တုန်းကလည်း သူတို့တတွေပါပဲ။ လူတွေသာ ကွဲတာပါ။ အတွေးအခေါ် အရောင်နဲ့သဏ္ဍန်တွေကတော့ အတူတူတွေပါပဲ။

NLD အနေနဲ့ပြတ်ပြတ်သားသား ရပ်ခံဖို့လိုပါမယ်။ အမှန်ကို အမှန်အတိုင်း တိုင်းပြည်ကို အသိပေးဖို့တာဝန်ရှိပါတယ်။ အဲဒါကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တိုင်းပြည် အတွက် အဆိပ်ဖြစ်နေတယ်ဆိုတဲ့ အကြောင်းကိုပါ။ သိသိကြီးနဲ့ ထိန်ချန်ထားရင် အလိုတူ အလိုပါ ဖြစ်ပါလိမ့်မယ်။ ပြောရုံပြောပြီး လက်တွေ့မလုပ်ရင်လည်း ကနေ့စစ်တပ်ရဲ့  သဘောထားအတိုင်းဖြစ်သွားပါလိမ့်မယ်။ သမိုင်းတရားခံစာရင်းထဲ ကိုယ်တိုင် ပါလာ ပါလိမ့်မယ်။ ကနေ့တပ်မတော် ခေါင်းဆောင်တွေဟာ အပြောနဲ့ အလုပ် တထပ်ထဲ ရှိမယ်ဆိုရင် တိုင်းပြည်အပေါ် ရိုးသားဖြောင့်မတ်ကြမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေထဲက ဆိုးဆိုးဝါးဝါး အမိန့်တချို့ ကိုချက်ချင်း ပယ်ဖျက်ပေးဖို့လိုတာပေါ့ဗျာ။ ဥပမာ လွှတ်တော်ထဲက ၂၅% အစား တနှစ်ကို ၅% လောက်လျှော့ပေးမယ်ဆိုပြီး လက်တွေ့ ၅% ကို လျှော့ပေးတာမျိုး၊ အစိုးရ၀န်ကြီးဌာနတွေထဲက ပြည်ထဲရေး ၀န်ကြီးဌာနကတော့ လူထုအုပ်ချုပ်ရေးနဲ့တိုက်ရိုက်ပတ်သက်နေတာဖြစ်လို့ အရပ်သား အစိုးရကို ပြန်လွှဲပေးတာမျိုး သက်သေလုပ်ပြတာမျိုးမြင်ရရင်တော့ တပ်မတော် ကိုယ်တိုင်က ဒီမိုကရေစီ လမ်းကြောင်းပေါ် အမှန တကယ် လျှောက်လှမ်းနေပြီဖြစ်လို့ ကျနော်တို့ကိုယ်တိုင် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုကြမှာ ဖြစ်ပါတယ်။

ကျနော်တို့ချစ်သော NLD ပါတီကို ကျနော်တို့ဆက်ပြီးချစ်နေလိုပါတယ်။ ကျနော်တို့ ချစ်ခဲ့သော NLD ပါတီအဖြစ်တော့ဖြင့် မဖြစ်စေလိုကြတာအမှန်ပါ။

 (သြဂုတ်လ ၁ရက် ၂၀၁၆ ခုနှစ်)