လင်းခါး - ဖြစ်ရပ်မှန်



လင်းခါး -  ဖြစ်ရပ်မှန်

(မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၆

သော့ပေါက်က ချောင်းကြည့်ရင်
မျက်လုံးကို ပင်အပ်နဲ့ အထိုးခံရတတ်တယ်
ဒါကြောင့်
အဖြစ်မှန်ဟာ
ကြေကွဲစရာကောင်းတယ်

ဝမ်းနည်းဖွယ်ဇာတ်လမ်းတွေနဲ့မှ
အဆင်ပြေမယ်ဆိုတာ
သူတောင်းစားလေးတွေလည်း သိပါတယ်
မင်းရုပ်ကလေးနဲ့ ဘယ်လိုလုပ်
ဒီဘဝထဲရောက်ခဲ့တာလဲဟင်လို့ အမေးခံရတတ်တဲ့
ဖာသယ်မလေးတွေကလည်း သိပါတယ်
ကဗျာဆရာတွေလည်း သိပါတယ်

ကျနော့်ညီလေး ထမင်းမစားရသေးတာ
တကယ်ပါ ကိုကြီးရာ တဲ့
ပုဆိုးကျောပိုးထဲ အိပ်နေတဲ့ကလေးကို
တကယ် စားပြီးမပြီး နှိုးမေးလို့ကမဖြစ်
မိုးကြီးမဲမဲရွာတဲ့နေ့က အဖြစ်မှန်တခုပါ

စက္ကန့်တံလေးတချက်ရွေ့ဖို့
ခွေးသွားစိတ်တွေ ကျစ်ကျစ်မြည်အောင်
ရုန်းခဲ့ရတာ
နာရီစင်ကြီးရဲ့ အဖြစ်မှန်ပါ

လမ်းဘေးက လေလွင့်ခွေးအုပ်တွေတိုင်းမှာ
ဝဖြိုးနေတဲ့ ခွေးတကောင်ဘေး
ပိန်လှီနေတဲ့ ခွေးတကောင်ဟာ အမြဲရှိနေမှာ အဖြစ်မှန်ပါ

ထုတ်မချိန်ပေမယ့်
ဗျောက်ချိတ်ထားတဲ့ ခါးကိုတော့
ရို့ ကျိုးပေးရတာ
ဉာဏ်ကြီးရှင်တွေရဲ့အဖြစ်မှန်ပါ

လှေကားအောက်ကကြည့်လည်း
တိမ်တောက်တာ၊
လဝန်းထီးဆောင်းတာက လှပါတယ်

အဝတ်ဗီရိုထဲ ဝင်ပုန်းနေလည်း
နေဟာဝင်ခဲ့
လကို ငပုပ်ဖမ်းခဲ့

အဖြစ်မှန်တွေက
ကြေကွဲစရာကောင်းလွန်းတော့
အဖြစ်မှန်တွေကို ငါ မုန်းတယ်
အဖြစ်မှန်တွေကတော့ ငါ့ကိုမမုန်းပါဘူး
အဖြစ်မှန်ဆဲပဲ။ ။

လင်းခါး
၁၄-၈-၂၀၁၆