ငြိမ်းချမ်းရေးနှင့် မောင်မိုးသူ


ငြိမ်းချမ်းရေးနှင့် မောင်မိုးသူ
(ကုမုဒြာဂျာနယ်၊ စက်တင်ဘာ ၂၊ ၂၀၁၆) စက်တင်ဘာ ၁၃၊ ၂၀၁၆

 
ငြိမ်းချမ်းရေးနှင့် မောင်မိုးသူရေးမယ်လို့ ခေါင်းစဉ်ရွေးချယ်လိုက်တဲ့ အချိန်ကတော့ ဩဂုတ်လ ၃၁ ရက်နေ့ ဖြစ်ပါတယ်။ ဩဂုတ်လ ၃၁ ရက်နေ့ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ စတင်ကျင်းပတဲ့နေ့ ဖြစ်ပါတယ်။

သည်တော့ မောနင်းစတား မနက်စာ စားသောက်နေကြတဲ့ အစုအဖွဲ့ကလေးကို အမြန်ဆုံး လူစုခွဲပြီး အိမ်ပြန်ဖို့ အဲလေ အခန်းပြန်ဖို့ လောနေလို့ အားလုံးက ဘယ်လို လဲ၊ ထူးခြားလှချေလားဆိုတော့ မောင်မိုး သူက ၂၁ ရာစုပင်လုံ သည်နေ့ဖွင့်ပွဲလေ၊ ဖွင့်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုအမီ ပြန်ချင်တာလို့ပြောမှ အဖွဲ့သားတွေက ဪ… ဪ……လို့ ဆိုကြပါတယ်။

တကယ်ပဲ အခန်းပြန်ရောက်တော့ တိုက်ရိုက်ထုတ်လွှင့်တဲ့ MRTV ဖွင့်တော့ အသံက သိပ်တိုးနေပါတယ်။ MWD ဖွင့်မှ ကြားရပါတော့တယ်။ မောင်မိုးသူဖွင့်တော့ အဖွင့်သီချင်း စဆိုနေပါပြီ။ အစီအစဉ်(၃)မှဒေါ်အောင်ဆန်းစုကြည် အဖွင့် အကြို မိန့်ခွန်းပြောပါတယ်။ ပြီးတော့ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦးဖြစ်တဲ့ ဦးဝင်းမြင့်၊ မန်းဝင်းခိုင်သန်း၊ ပြီးတော့ ကာကွယ်ရေးဦးစီးချုပ် ပြောတယ်။ ပြီးတော့ ကေအင်န်ယူဥက္ကဋ္ဌနဲ့ ကေအိုင်အိုဒုဥက္ကဋ္ဌ ပြောတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင် ဦး ပြောတယ်။ နောက်ဆုံး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ပြောပါတယ်။

ဖွင့်ပွဲအခမ်းအနားကတော့ ဒါပါပဲ။ ပြောကြဆိုကြသူတွေ အားလုံးကတော့ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံ စာချုပ်ချုပ်ဆိုပြီး လွတ်လပ်ရေးအရယူနိုင်ခဲ့တယ်။ လွတ်လပ်ရေးရတာနဲ့ ပြည်တွင်း စစ်ဖြစ်ခဲ့တယ်။ ပြည်တွင်း
စစ်ဖြစ်ခဲ့လို့ တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက နိမ့်ကျခဲ့ရတယ် ဆိုပြီး ပြောကြပါတယ်။ အရင်အစိုး ရအဆက်ဆက်တွေက ငြိမ်းချမ်းရေး လုပ်ဆောင်ခဲ့ကြပေမဲ့မအောင်မြင်ကြဘူး။သည်တစ်ခါ၂၁ ရာစုပင်လုံကတော့အစိုးရ၊လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် နိုင်ငံရေးအဖွဲ့တွေ၊ လူမှုရေးအဖွဲ့တွေပါပါတဲ့ အတွက် ငြိမ်းချမ်းရေးလမ်းစကို ပထမ ခြေလှမ်းစတင်လှမ်းနိုင်ပြီလို့ ဆိုကြပါတယ်။

ဒါက ၂၁ ရာစုပင်လုံလေ။

၂၀ ရာစုပင်လုံကတော့ ၁၉၄၇ က ဗိုလ်ချုပ်အောင်ဆန်း ချုပ်ဆို အကောင် အထည်ဖော်ခဲ့တဲ့ တောင်တန်းနဲ့ပြည်မ ပူးပေါင်းချုပ်ဆိုခဲ့ကြတဲ့ ပင်လုံစာချုပ် ဖြစ်ပါတယ်။

ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြတာက ၁၉၄၇ ခုနှစ်ဆိုတော့ ၁၉၃၇ မှာ မွေးတဲ့ မောင်မိုးသူ ၁၀ နှစ်သားအရွယ်က ပင်လုံ စာချုပ်ချုပ်ဆိုတာသိရပြီး ၁၁ နှစ်သားမှာလွတ်လပ်ရေးရပြီး ပြည်တွင်းစစ်က တစ်ပါ တည်း ပါလာတာမို့ မောင်မိုးသူရဲ့ ဘဝတစ် လျှောက်လုံးမှာ ပြည်တွင်းစစ်ကို ရင်ဆိုင် ဖြတ်သန်းခဲ့ရတယ်လို့ ဆိုရမှာပါ။

အဲသည်နောက် တိုင်းပြည်ကြီးချောက် ထဲကျတာကို ကာကွယ်ဖို့၊ ပြည်ထောင်စု ကြီး ပြိုကွဲမှာကို စိုးရိမ်လို့ ကာကွယ်ပေးရပါတယ်၊ ကယ်တင်ပေးရပါတယ်ဆိုသဟာတွေနဲ့လည်း အကြိမ်ကြိမ်ကြုံခဲ့ရသပေါ့လေ။
၁၉၈၈ မှာ ရှစ်လေးလုံး အရေးတော်ပုံ ကြီးဖြစ်လို့ မောင်သော်က၊ ဦးဝင်းတင်၊ မောင်မိုးသူတို့နဲ့အတူ ရှေ့နေကြီးများဖြစ်တဲ့ ဦးထွန်းတင်၊ ဦးတင်ရွှေ၊ ဦးကိုယု၊ ဒေါ် မြင့်မြင့်ခင်တို့ဟာ အရေးတော်ပုံမှာပါခဲ့ကြပြီး အင်န်အယ်လ်ဒီ စတင်ဖွဲ့စည်းရာမှာ လည်း ပါဝင်ခဲ့ကြပါတယ်။

၁၉၈၉ ကျတော့ ဒေါ်အောင်ဆန်းစု ကြည်နဲ့ မောင်မိုးသူတို့ ပြည်ထောင်စုနေ့ မှာ ပင်လုံကို   အရောက်သွားပြီး ပင်လုံ ကျောက်တိုင်ရှေ့မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ကြေညာစာတမ်းကို အဖွဲ့ချုပ် ကိုယ်စားမောင်မိုးသူဖတ်ကြားခဲ့ရပါ တယ်။ ပင်လုံလူထု ဟောပြောပွဲကတော့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောခဲ့တာ ဖြစ်ပါတယ်။

ပင်လုံကအပြန် ၁၃ ရက်နေ့ညနေ တောင်ကြီးက ခေါင်းဆောင်များနဲ့ တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယ ပင်လုံညီလာခံကြီး ခေါ်ဆိုကြဖို့ လိုအပ် ကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောင် ပြိုကမ်းပြို အနိုင်ရခဲ့ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေး အစိုးရထံမှ အစိုးရအာဏာလွှဲပြောင်းယူခဲ့ ပြီး သမ္မတဦးထင်ကျော်ရဲ့ ပြည်ထောင်စုအစိုးရဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်လာပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပထမသက်တမ်း လွှတ်တော်အစိုးရဟာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုတွေ မည်မည်ရရမလုပ်နိုင်ခဲ့ပေမဲ့ သက်တမ်းကုန်ဆုံးခါနီးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အပစ်အ ခတ်ရပ်စဲရေးစာချုပ်
လက်မှတ်ရေးထိုး ဖို့ လုပ်ဆောင်ခဲ့ပါတယ်။ တချို့တစ်ဝက် လက်မှတ်ရေးထိုးနိုင်ကြပြီး တချို့တစ်ဝက် လက်မှတ်မထိုးခဲ့ကြပါဘူး။ အဲသည်တစ်ပိုင်းတန်းလန်း အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ ဒီမိုကရေစီအစိုးရဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထက် တာဝန်ယူဖို့ဖြစ်လာတော့ ဒေါ် အောင်ဆန်းစုကြည်ဟာ ၁၉၄၇ သူ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ချုပ်ဆိုခဲ့တဲ့ ပင်လုံ စာချုပ်ကို မမေ့ဘဲ၊ ၁၉၈၉ တောင်ကြီး မှာ ဒုတိယပင်လုံညီလာခံကြီးခေါ်ဖို့
ကြိုးစားကြရမယ်ဆိုတာ မမေ့ဘဲ အခု ပြည် ထောင် စုငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစု ပင်လုံကို ခေါ်ဆိုလှုပ်ရှား စတင်လိုက်တာ ပဲ ဖြစ်ပါတယ်။

သည်တစ်ခါမှာတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးကလည်း ခွဲထွက်မယ်ဆိုတဲ့စကားမပြောကြလေတော့ ကယ်တင်စရာလည်း မလိုတော့ဘူးပေါ့ လေ။

ယနေ့နောက်ဆုံးအခြေအနေက တော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ အားလုံးက ဖက် ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရမယ်လို့ တစ်သံတည်း ထွက်နေကြတာဖြစ်ပါတယ်။အဲဘယ်လို ပြည်ထောင်စုဖွဲ့စည်း ကြမလဲဆိုတာတော့ ညီလာခံကြီးက ဆွေးနွေးညှိနှိုင်းရမှာကိုး။

ပြည်နယ်နဲ့ ပြည်မ၊ ပြည်မနဲ့တောင်တန်း တန်းတူရည်တူ အခွင့်အရေးမရကြဘူးဆိုတာ အားလုံး သဘောတူကြတယ်။ တန်းတူရည်တူအခွင့်အရေးတွေရအောင် ဘယ်လိုလုပ်ကြမလဲဆိုတာ သည်ညီလာခံကြီးကဆောင်ရွက်ကြရမှာ ဖြစ်တယ်။

သည် ၂၁ ရာစုပင်လုံညီလာခံကြီးဟာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အားလုံးပါတယ်။ နိုင်ငံရေးပါတီတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေ ပါတဲ့အပြင် ညီလာခံအဖွင့်ပွဲကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဘန်ကီမွန်းပါ တက်ရောက်ပြီး ဖွင့်ပွဲအကြိုစကားပြောပါတယ်။

ညီလာခံတိုင်မီကလေးမှာပဲ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို သွားရောက်ခဲ့ ပြီး နှစ်နိုင်ငံအပြန်အလှန် အကူအညီပေးရေး သဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့အပြင် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာလည်း တရုတ်အစိုးရက ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိစကားရခဲ့ပါတယ်။

အိန္ဒိယနိုင်ငံကိုလည်း နိုင်ငံတော် သမ္မတ ဦးထင်ကျော် သွား ရောက်ပြီး အိန္ဒိယ-မြန်မာ အကျိုးတူစာ ချုပ် ချုပ်ဆို နိုင်ခဲ့ပါတယ်။

ယခုတော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစု ပင်လုံကို ဩဂုတ်လ ၃၁ ရက်နေ့က စတင်ဖွင့်လှစ်လိုက်နိုင်ကြ ပြီ ဖြစ်ပါတယ်။

ဒါဟာ ငြိမ်းချမ်းရေးအတွက် ပထမ ဆုံး ခြေလှမ်းဖြစ်ပါတယ်။ လူသားကလေး ငယ်တစ်ယောက်ရဲ့ ပထမဆုံးခြေလှမ်းဟာ အရေးပါ အရေးကြီးသလို ယခု ငြိမ်းချမ်း ရေးခရီးရဲ့ ပထမဆုံးခြေလှမ်းကလည်း အရေးပါ အရေးကြီးလာပါတယ်။ သည်တစ် ခါမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေပါတဲ့အပြင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ချုပ်တောင် အဖွင့်အကြိုစကားပြောရတာ မို့ ဒီချုပ်နာယက ဦးတင်ဦး ပြောသလို အတိတ်ကောင်း နိမိတ်ကောင်း ဆောင်နေ ပါတယ်။

ဖြစ်မြောက် အောင်မြင်အောင် လုပ် ဆောင်ကြဖို့ကတော့ ဆွေးနွေးညှိနှိုင်းကြ မည့် တာဝန်ရှိသူများအားလုံးအပြင် ပြည် သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းကူညီ အား ပေး လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးနှင့်မောင်သူပါ။

မောင်မိုးသူ