ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

စိုးလွင် (၂၁၁) (ဝမ်ခ) ● စစ်ရုံးအုပ်ဘဝ


စိုးလွင် (၂၁၁) (ဝမ်ခ) ● စစ်ရုံးအုပ်ဘဝ
( ကြ မ်း ကြ မ်း တ မ်း တ မ်း ဘ ဝ လ မ်း များ )
(မိုးမခ) စက်တင်ဘာ ၂၃၊ ၂၀၁၆

——–
၁၉၈၈ ပြည်သူ့အရေးတော်ပုံနောက်ပိုင်းကာလ စစ်အာဏရှင်စနစ် အဆုံးတိုင်ပျက်သုဉ်းချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင် ခဲ့ကြတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မ.က.ဒ.တ) ရဲ့ တော်လှန်ရေးခရီးလမ်းတလျှောက် ကျနော်ပါဝင်ခဲ့ရာ (၁၉၈၈-၁၉၉၄) ကာလ ကိုယ်တွေ့ကြုံဆုံခဲ့ရမှုများကို ကျနော်နဲ့အတူ သက်စွန့်ဆံဖျားတိုက်ပွဲဝင်ခဲ့ကြတဲ့ ရဲဘော်သူငယ်ချင်းများအား အမှတ်ရဂုဏ်ပြုခြင်းအဖြစ်သော်လည်းကောင်း၊ နောင် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက လူငယ် မျိုးဆက်သစ်များ သိရှိလေ့လာနိုင်ရန်အတွက်သော်လည်းကောင်း မိုးမခ/သစ်ခက်သံလွင် အွန်လိုင်းတို့မှတဆင့် ရေးသား တင်ဆက်လိုက်ပါသည်။
 
စိုးလွင်
(၂၁၁) (ဝမ်ခ)
——

ဗဟိုမှာ ကျနော် စစ်ရုံးအုပ်တာဝန်ထမ်းဆောင်တဲ့အချိန်အတွင်း စစ်အစိုးရက တဖက်သတ်အပစ်ရပ်စဲတယ်လို့ ကြေညာပြီး စစ်ပွဲတွေရပ်လိုက်တဲ့အတွက် တိုက်ပွဲတွေမဖြစ်တော့ပါဘူး။ (စစ်အစိုးရဘက်က အထိအခိုက် အကျအဆုံးများပြီး၊ အမိန့် နာခံမှုတွေ အားနည်းလာတဲ့အတွက် တဖက်သတ်အပစ်ရပ်လိုက်တာပါ။ တကယ်လို့များ တဖက်သတ် အသာစီးရနေရင်တော့ ဘယ်ရပ်ပါမလဲဗျာ) တိုက်ပွဲမဖြစ်တော့ပေမဲ့ ကျနော်တို့တပ်တွေကတော့ ရောက်တဲ့နေရာမှာ နေရာယူထားကြဆဲ။

တပ်ရင်းအားလုံး ရှေ့တန်းမှာ ရှိနေကြပြီး နောက်တန်းမှာက ဖျားနာသူတွေ အိမ်ထောင်သည်တွေနဲ့ ဗဟိုအဖွဲ့တွေပဲရှိကြတယ်။ ကျနော့်အလုပ်က စစ်ရုံးစာဝင်စာထွက်လုပ် တပ်ရင်းတွေအတွက် စစ်ပစ္စည်းထောက်ပံ့ရေးတွေပေးနဲ့ စစ်ရုံးက ရဲဘော်တွေ ကို ထိမ်းရတာပဲ။ ဒီအလုပ်တွေက ပြဿနာမရှိပေမဲ့ အပြစ်ရှိတယ်ဆိုပြီး တပ်ရင်းကပို့လိုက်တဲ့အချုပ်သားတွေကို ထိမ်းရတာ က ပြဿနာ။

(ကျနော်ကလည်း ကံကြမ္မာလို့ ပြောရမလား ရေစက်လို့ပြောရမလား အထုံလို့ ပြောရမလားမသိဘူး။ ဗဟိုမကွဲခင် ဗဟိုကို ခဏရောက်နေတာတောင် တရာခံဖမ်းစရာရှိပြီးဆို တာဝန်ပေးခံရတာက ကျနော့် တပ်စိတ်ပဲ)။ ကျနော်စစ်ရုံးအုပ်ဘ၀မှာ ပထမဆုံးရောက်လာတဲ့အချုပ်သားနှစ်ယောက်က တပ်ရင်း ၂၀၈ က ရဲဘော်လဝင်း (လေး) နဲ့ တပ်ရင်း ၂၁၀ ကတယောက်။ တပ်ရင်း ၂၁၀ ကရဲဘော်က ဘာအမှုနဲ့ရောက်လာမှန် မမှတ်မိတော့ပေမဲ့၊ တပ်ရင်း ၂၀၈ က ရဲဘော်ကတော့ တပ်ရင်းကနေ ထွက်ပြေးမှု။

ဒီရဲဘော်က နှစ်ကြိမ်ထွက်ပြေးတာ ပထမတကြိမ်တုန်းက လက်နက်မဲ့ထွက်ပြေးပေမဲ့ အခု ဒုတိယအကြိမ် သေနတ်နဲ့အတူ ထွက်ပြေးရာမှာ ဖမ်းမိလာတာ။ သူတို့နှစ်ယောက် ကျနော့်ဆီရောက်လာတာနဲ့ ကျနော် သူတို့ကိုပြောတယ် "ခင်ဗျာတို့ မှန် လား မှားလား ကျနော်မသိဘူး.. တပ်ရင်းက တာဝန်ရှိတဲ့သူတွေက ခင်ဗျာတို့မှာ အပြစ်ရှိတဲ့အတွက် ချုပ်ထားပေးပါလို့ ဗဟို ကို အကူညီတောင်းအတွက် ဗဟိုအမိန့်အရ ခင်ဗျားတို့ကို ထိမ်းထားရတာ။ ဘယ်သူမှားတယ် မှန်တယ်ဆိုတာက ခင်ဗျာတို့နဲ့ ဗဟို တာဝန်ရှိသူတွေ၊ တပ်ရင်းတာဝန်ရှိသူတွေ မျက်နှာချင်းဆိုင်ရှင်းရမယ့်ကိစ္စ။ ခင်ဗျာတို့ဟာ ကျနော်တို့ရဲဘော်တွေဖြစ် တဲ့အတွက် လက်ထိပ်မခတ်ဘူး။ ကျနော်တို့စားသလို စားရမယ် နေရမယ်။ ဒါပေမဲ့ သာမန်ရဲဘော်တွေလို့တော့ အပြင်ထွက် လည်ခွင့်မပြုဘူး။ စစ်ရုံးနယ်မြေအတွင်းမှာပဲ နေရမယ်"

ကျနော်တို့မှာ အချုပ်ခန်းမရှိတဲ့အတွက် သူတို့ကို ဂိုဒေါင်တလုံးမှာထားတယ်။ တံခါးဖွင့်ထားပေးတယ်။ ကြိုက်တဲ့အချိန် အ ပေါ့အပါး ထသွားလို့ရတယ်။ မနက်မိုးလင်းရင် ကျနော်တို့နဲ့အတူ မနက်စာအတူစားပြီး လုပ်စရာရှိတဲ့အလုပ်တွေ အတူ လုပ်ကြတယ်။ (သာမန်ရဲဘော်တွေ မလုပ်ချင်တဲ့အလုပ်၊ ပင်ပန်းမယ့်အလုပ်မျိုးတွေတော့ သူတို့လုပ်ရတာပေါ့)

တနေကုန် အပြင်မှာလုပ်စရာရှိတာလုပ်ကြပြီး ညရောက်ရင်တော့ ဂိုဒေါင်ထဲမှာနေ (ဂိုဒေါင်ဆိုပေမဲ့ ကျနော်တို့နေတဲ့ ဘား တိုက်တွေလိုပါပဲ) အပြင်ထွက်လည်ခွင့်တော့ မရတော့ဘူး။ ဒီတချက်ပဲ သာမန်ရဲဘော်တွေနဲ့ကွာတာ..ကျန်တာ အတူတူပဲ။

ဒီလို့နဲ့နေကြရင်း တနေ့ မိုးချုပ်ကာစမှာ...ကျနော်ကိစ္စတခုနဲ့ ပြန်ကြားရေးဌာနဘက် ရောက်နေတုန်းမှာ စစ်ရုံးက ရဲဘော် တဦးဖြစ်တဲ့ ရဲဘော်ရာဇာ အပြေးကလေးရောက်လာပြီး၊ အချုပ်သားတွေ ထွက်ပြေးသွားပြီးဆိုတဲ့အကြောင်း သတင်းလာပို့ တယ်။ ကျနော်လည်း ချက်ချင်းလိုက်သွားပြီး အချုပ်ဂိုဒေါင်ကိုသွားစစ်တော့ တပ်ရင်း ၂၁၀ က ရဲဘော်ကရှိနေသေးပြီး တပ် ရင်း ၂၀၈ က ရဲဘော်လှဝင်း (လေး) (တပ်ရင်း ၂၀၈ မှာက လှဝင်းနှစ်ယောက်ရှိတယ်။ လှဝင်း (ကြီး) က ဗဟိုကော်မတီဝင်) တယောက်ပဲ ထွက်ပြေးသွားတာတွေ့ရတယ်။ ကျန်နေတဲ့အချုပ်သားကိုမေးကြည့်တော့ လှဝင်းက ထွက်ပြေးဖို့ သူ့ကိုအဖော် စပ်တယ်။ သူက ထွက်မပြေးဘူးလို့ပြောလိုက်တော့ လှဝင်းတယောက်ထဲ ထွက်ပြေးသွားတာတဲ့။ ကျနော်လည်း လာခေါ်တဲ့ ရဲဘော်ရာဇာကိုမေးကြည့်တော့ သူလည်း ဖျားနေလို့ တယောက်ထဲအိပ်နေတုန်း (ကျန်တဲ့ရဲဘော်တွေက ထမင်းရုံထဲ ရောက်နေကြတယ်) စစ်ရုံးဘက်က မသင်္ကာစရာ အသံကြားလို့ထကြည့်တာ လူတယောက် ရုံဘေးနားကပ်နေတာတွေ့လို့ အော်လိုက်မှ ထွက်ပြေးသွားသတဲ့။ သူလည်းအပြေးသွားပြီး အချုပ်ဂိုဒေါင်သွားကြည့်တာ လှဝင်းကိုမတွေ့တာနဲ့ ချက်ချင်း ကျနော့်ကိုသတင်းလာပို့တာတဲ့။ ကျနော်တို့လည်း စစ်ရုံးထဲမှာရှိတဲ့ လက်နက်ပစ္စည်းတွေ စစ်ကြည့်လိုက်တော့ ခါးပတ်နဲ့တွဲချိတ်ထားတဲ့ပစ္စတိုတလက် ပျောက်နေတာတွေ့ရတယ်။ ကျနော်တို့စစ်ရုံးတဖွဲ့လုံးလည်းသေနတ်တွေဆွဲပြီး လိုက်ရှာတာပေါ့။ မတွေ့တဲ့အဆုံး အနီးအနားမှာရှိတဲ့ K.N.U တာဝန်ရှိတဲ့သူတွေကို အကျိုးအကြောင်းပြောပြပြီး တွေ့ရင်ဖမ်းထားပေးဖို့အ ကြောင်းကြားခဲ့တယ်။

မနက်မိုးလင်းလို့ စစ်ရုံးတ၀ိုက်ကိုပြန်စစ်ဆေးတော့ နံရံကြားမှာညှပ်နေတဲ့ ပစ္စတိုကို ပြန်တွေ့ရတယ်။ သေနတ်မပါသွားတဲ့ အတွက် ကျနော်လည်း စိတ်နည်းနည်းအေးသွားတယ်။

နှစ်ရက်လောက်နေတော့ လှဝင်းကိုဖမ်းမိပြီးဖြစ်ကြောင်း K.N.U က အကြောင်းကြားလာလို့ စစ်ရုံးက ရဲဘော်တချို့ကိုလွှတ်ပြီး လှဝင်းကိုပြန်ခေါ်လာခိုင်းလိုက်တယ်။

ဒီတခါတော့ ကျနော်မညှာနိုင်တော့ပါဘူး။ လှဝင်းကို လက်ထိပ်ခတ်ဖမ်းခဲ့ဖို့ မှာလိုက်တယ်။ လှဝင်း ရောက်လာပါပြီးခင်ဗျာ။

သူ့ကိုစစ်မေးတော့ စစ်ရုံးအပြင်နံရံအကြားကနေ သေနတ်ကိုဆွဲနေတုန်း ရဲဘော်ရာဇာလှမ်းအော်သံကြားလို့ သေနတ်ကိုမယူ ဘဲ (နံရံနဲ့ သေနတ်ညှပ်နေပြီးဆွဲမရ) ထွက်ပြေးသွားတာဖြစ်ကြောင်း အစစ်ခံတယ်။ ကျနော်လည်း ဒေါသထွက်ထွက်နဲ့ နှစ် ချက် သုံးချက် ရိုက်ပစ်လိုက်တယ်။ ပြီးတော့ အချုပ်ထဲထည့် သော့ခတ်ထားလိုက်တယ်။

နောက်နေ့မိုးလင်း ထမင်းစားကြတော့ သူတို့နှစ်ယောက်ကို ရဲဘော်တွေနဲ့အတူ ထမင်းမစားခိုင်းတော့ဘဲ သီးခြားစီစားခိုင်း လိုက်တယ်။ အချုပ်သားတွေက ကျနော်တို့ကို သင်ခန်းစာပေးလာတဲ့အတွက် ရဲဘော်နဲ့ အချုပ်သားကို အဆင့်အတန်းခွဲဖို့ ကျနော်စလုပ်ပါပြီ။

ထမင်းစားပြီးတာနဲ့ ကျန်အချုပ်သားကိုတော့ ရဲဘော်တွေနဲ့အတူတူအလုပ်လုပ်စေပြီး လှဝင်းကိုတော့ အချုပ်ထဲထည့် သော့ ခတ်ထားလိုက်တယ်။ ထမင်းစား ရေချိုးချိန်ကလွဲပြီး ကျန်တဲ့အချိန်ကို အပြင်ထွက်ခွင့်မပေးတော့ဘူး။

ဒီလိုနဲ့နေကြရင်း တရက် ကျနော်အပြင်က ပြန်လာတဲ့အချိန်မှာ ဝင်းချို (စစ်ရေးချုပ်) က လှဝင်းကို စစ်ရုံးရှေ့ကသစ်ပင်မှာကြိုး ချီပြီး ရိုက်နေတာ တွေ့ရတယ်။

"နောက် သေနတ်ယူပြီး ထွက်ပြေးအုံးမလား" ဆိုပြီး မေးလိုက် ရိုက်လိုက်ပေါ့။

လှဝင်းကလည်း ငိုယိုပြီး "နောက် မလုပ်တော့ပါဘူး" ပြောပေါ့။

သူတို့နှစ်ယောက်ရဲ့အဖြစ်ကို တွေ့ခါစကတော့ ကျနော်ကျေနပ်တယ်။ သေနတ်ခိုးပြီး ထွက်ပြေးမယ့်ကောင်ကို ဒီလောက် တော့ ရိုက်ဆုံးမသင့်တာပေါ့။ ဒါပေမဲ့ နည်းနည်းကြာလာတော့ ရိုက်နှက်သံတွေနဲ့ ငိုယိုသံတွေကို မကြားချင်တော့ဘူး။ မ ကျေမနပ်ဖြစ်လာတယ်၊ ဒေါသဖြစ်လာတယ်။ ဒါနဲ့ပဲ ဝင်းချို အရိုက်ရပ်ပေမဲ့လည်း လှဝင်း ဆက်ပြီးအော်ငိုနေတာတွေ့လို့ " နားညီးတယ်ကွာ" ဆိုပြီးတော့ လဝင်းကို ကြိုးဖြေပေးပြီး စစ်ရုံးနဲ့ဝေးရာကို ခေါ်ချလာလိုက်တယ်။

အရိပ်ကောင်းတဲ့ သစ်ပင်တပင်အောက်ရောက်တော့ လှဝင်းကို ကြိုးချီပြီး ထားလိုက်တယ်။ မင်းအငိုရပ်မှ ငါ့လာပြန်ခေါ်မယ် ပြောလည်း လှဝင်းက အငိုမရပ်ဘူး။ ကျနော်လည်း သူကိုခြောက်တဲ့အနေနဲ့  ချီထားတဲ့ကြိုနဲ့ပဲကြိုးကွင်းလုပ်ပြီး သူလည် ပင်းမှာ စွပ်ထားလိုက်တယ်။

(သူထိုင်လို့ ထလို့ရအောင် ကြိုးရှည်ရှည်တော့ လုပ်ထားလိုက်တယ်) မင်းအငိုရပ်မှ ငါလာပြန်ခေါ်မယ်ပြောပြီး အလုပ်ရှိရာ ထမင်းရုံဘက်ကို ကျနော်ထွက်လာခဲ့လိုက်တယ်။ ၂ နာရီလောက်ကြာတဲ့အချိန်မှာပဲ ကျနော်ရှိရာထမင်းရုံဆီကို ရဲဘော်ရာဇာ ပြေး ချလာပြီး.." အကို...အကို...ဟိုကောင် လှဝင်းခေါ်လို့ မရတော့ဘူး" လို့ ပြောလာတဲ့အတွက် ကျနော်လည်း လုပ်လက်စ အလုပ်တွေကိုပစ်ချထားခဲ့ပြီး လှဝင်း ရှိရာပြေးတော့တာပဲ။

ကျနော်ရောက်သွားတဲ့အချိန်မှာ လဝင်းဟာ သစ်ပင်မှာကပ်ပြီး ထိုင်မလို ထမလိုပုံစံမျိုးနဲ့ ခေါင်းငိုက်စိုက်ကျနေတာ တွေ့ရ တယ်။ ကျနော်လည်း လှဝင်းအနားကပ်သွားပြီး သူ့ကိုယ်ကိုကိုင်လှုပ်ရင်း "လဝင်း..လဝင်း" ခေါ်ကြည့်တော့ ဘာသံမှထွက် မလာဘူး။ သူ့ကိုယ်ငွေ့ကလည်း သာမန်လူလိုမနွေးဘဲ အေးနေတော့ ကျနော် စဉ်းစားရခက်သွားတယ်။ လူတယောက် လဲ ကျရုံနဲ့ ဒီလို့ဖြစ်သွားရောလား။

ကျနော် မင်္သကာတာနဲ့ သူ့လည်ပင်းကိုကြည့်လိုက်တော့ ကြိုးကွင်းက သူ့လည်ပင်းမှာ အစ်နေတာ တွေ့လိုက်ရတယ်။ ကျ နော်လည်း ချက်ချင်းပဲ လှဝင်းကိုချီမပြီး နောက်ကရောက်လာတဲ့ရာဇာကို လည်ပင်းကြိုးကွင်း ဖြေခိုင်းရတယ်။ ပြီးတော့ ရှေးဦးသူနာပြုနည်းတွေနဲ့ ပြုစုနေတုန်း အနီးမှာရှိတဲ့ရဲဘော်တယောက်ကို ဆေးမှူးတွေ ခေါ်ခိုင်းလိုက်တယ်။

ဆေးမှူးတွေရောက်လာလို့စမ်းသပ်ကြည့်တော့ လှဝင်းက အသက်မရှိတော့ဘူး။ ဒီတော့မှ ကျနော်စဉ်းစားရတော့တယ်။ လဲကျရင်းထိုင်ချရင်း အိပ်ချရင်တောင် လည်ပင်းမအစ်အောင် ကြိုးရှည်ရှည်နဲ့ထားခဲ့ရဲ့နဲ့ လှဝင်းလည်ပင်းအစ်ပြီး ဘာ ကြောင့် သေရတာလဲ။

ကျနော်လဝင်းရဲ့အနီးပတ်ဝန်းကျင်တွေ လေ့လာကြည့်လိုက်တော့ တွေ့ပါပြီ။

လဝင်းဟာ သစ်ပင်ကို အခေါက်ပေါင်းများစွာပတ်ပြီး ကြိုးကိုတင်းသွားအောင်လုပ်...ကြိုးတင်းသွားပြီဆိုတော့မှ လှဲချလိုက် တာပဲ။ သူ့ကိုယ်သူ လုပ်ကြံလိုက်တယ်လို့ပဲ ပြောရမှာပဲ။

ဘယ်လိုပြောပြော ဒီကိစ္စမှာ ကျနော့်မှာတာဝန်ရှိတယ်။ ကျနော်ပေါ့ဆခဲ့တယ်။ သူ ဒီလိုလုပ်လိမ့်မယ်လို့ ကျနော်လုံးဝထင်မ ထားခဲ့ဘူး။ ဒါကြောင့်လည်း လှဝင်းသေတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဗဟိုကော်မတီတဦးက ၀င်းချို (စစ်ရေးချုပ်) ကို တာဝန်ခံ ခိုင်းတော့ ကျနော်ပြောခဲ့တယ်။ ဝင်းချိုနဲ့မဆိုင်ဘူး။ တာဝန်ခံရမှာက ကျနော်။ ခင်ဗျာတို့စစ်ဆေးလို့ ကျနော့်မှာ အပြစ်ရှိတယ် လို့သတ်မှတ်ရင် ကျနော်ခံပါမယ်လို့ ပြောခဲ့တယ်။

(ဗဟိုရဲ့ ရှုတ်ထွေးနေတဲ့အခြေအနေကြောင့်လားမသိဘူး၊ နောက်တော့လည်း ဒီကိစ္စ ဘာသံမှမကြားရတော့ဘူး)

အချုပ်သားတွေက ကျနော့်ကို သင်ခန်းစာအများကြီးပေးခဲ့တယ်။ ဒါကြောင့် နောက်ရောက်လာတဲ့ အချုပ်သားတွေကို အ ချုပ်သားပီပီ ဆက်ဆံခဲ့တယ်။ တချို့တွေလည်း မကျေနပ်ကြဘူးပေါ့။

(ကျနော် ABSDF ကထွက်ပြီး Bangkok ရောက်တဲ့အချိန်....ကျနော်ဖမ်းခဲ့ဖူးတဲ့ ရဲဘော်တယောက် ကျနော့်ဆီရောက် လာ ပြီးပြောတယ်။ "လူတယောက်က သူ့ဆီလာပြောတယ်တဲ့၊ မင်းတို့ကိုဖမ်းဖူးတဲ့ စိုးလွင်၊ အခု ဒီကိုရောက်နေပြီ၊ သွားရိုက် ကြတဲ့..".ကျနော်လည်း ပြန်ပြောလိုက်တယ် "ငါလည်း တာဝန်အရလုပ်ခဲ့တာ။ မင်းစိတ်ထဲမှာ မကျေနပ်ရင် ရိုက် သွားပေါ့" လို့...လာတွေ့တဲ့ရဲဘော်လည်း စကားအေးအေးဆေးဆေးပြောပြီး ပြန်သွားခဲ့တယ်)

ဘာပဲပြောပြော လှဝင်း အပြစ်လုပ်ခဲ့တာကတပိုင်း၊ လှဝင်း သေဆုံးမှုနဲ့ပတ်သက်ပြီး ပြန်တွေ့လိုက်တိုင်း ယနေ့ထက်ထိ စိတ် မကောင်းဖြစ်တုန်း ....။

စိုးလွင် (၂၁၁) (၀မ်ခ)