ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဝေမြင့်မောင် ● နေ့ စွဲခြစ်ရာများ



ဝေမြင့်မောင် ● နေ့ စွဲခြစ်ရာများ
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆

ကျနော့်အိပ်ကပ်ထဲမှာ ရက်စွဲတွေအများကြီးရှိတယ်။ ရက်စွဲတွေထဲမှာ အပြာရောင်နှင်းတွေဟာ ချယ်ရီပင်ရဲ့ဦးခေါင်းထိပ် မှာဝေလို့။ လူငယ်လေးတယောက် ဘာကိုမှမကြောက်ဘဲ ရဲရဲရင့်ရင့် ရှေ့ဆက်နေခဲ့ပုံ နေထိုင်ပုံနှင့် အခြားသောအရာများ။ အားလုံးဟာ ပြုံးနေကြသလို ပေါ်လာတယ်။ ငါးတွေဟာ ငါးစာကိုမြင်နေကြ။ ကောင်းကင်ဟာ မည်းမှောင်လို့။ သူမဟာ စွန်လေးကိုတင်ဖို့ကြိုးစားလို့။ ကလေးငယ်တွေဟာ လမ်းမပေါ်ကစားနေကြ။ လူငယ်လေးရဲ့နှုတ်ခမ်းလှုပ်ရှားနေပုံဟာ မြစ် ရေတွေလိုကြည်လင်လို့။ လူသားဆိုတဲ့လူသား အားလုံးမှာ သက်ဆိုင်ရာခုနှစ်တွေ ရှိကြမယ်ထင်ပါတယ်။ ကျနော့် အိပ်ကပ် လေးထဲက တချို့ကို ကျနော်လွှင့်တင်ခဲ့မိပါရဲ့။ ရက်ပေါင်းများစွာ။

● တနင်္လာ
လူ့ဘဝဟာ ခြင်ပဲလို့ကြားတော့ သစ်ရွက်တွေ ပိုစိမ်းသွားကြတယ်လို့ ကျနော်ထင်နေမိတယ်။ ဒီလို အတွေးအခေါ်မျိုးကို ကြားဖူးပါရဲ့။ လွန်ခဲ့တဲ့နှစ်တွေထဲက ဖြစ်မယ်။ အဲ့ဒီတုန်းက ကျနော်ဟာ ငှက်ကလေးတကောင်ကို လွှတ်ပေးကယ်ပေးလိုက် နိုင်တဲ့ လက်မှတ်တခု၊ ဒါမှမဟုတ် ပင်လယ်ပြာပြာရဲ့ကောက်နေတဲ့ဆံပင်နီနီလေးတွေ ဖြစ်နေနိုင်ပါတယ်။ လက်ရှိအခြေအ နေနဲ့ ပြီးခဲ့တဲ့အခြေအနေတွေကို ထည့်ပေါင်းတဲ့ခါ ကျနော့်အဖြစ်ဟာ ဘာကိုမှမမြင်ရလောက်အောင် ငြိမ်သက်နေခဲ့ပါတယ်။ ရရှိလာတဲ့သုညဟာ ကျနော့်အတွက်အဖြေတဲ့။ ထိုင်ရင်း တွေးနေမိတယ်။ သုညက စတယ်၊ သုညနဲ့ထောင်တယ်၊ တက် တယ်။ သုညနဲ့ နောက်ဆုံးပြန်ဆုံးတယ်။ ဘယ်တော့မှ သုညနဲ့စခဲ့တယ် မစခဲ့ဘူးမသိချင်တဲ့ကျနော့်အတွက် သုညနဲ့ဆုံးတယ် ဆိုတာ ထိတ်လန့်စရာကောင်းတဲ့ကိစ္စကြီး။ သုညတွေကို ကျနော်မုန်းတယ်ဗျာ။ အသံဟာ လည်ချောင်းထဲတင် ကြပ်လို့။

ကျနော်ဟာ သုညကို စိတ်မဝင်စားသလို သုညကိုဘာမှန်းမသိခဲ့။ ဘုရားကျောင်းနဲ့ ဝေးရာငေးပြီး  ကျနော်တိုးတိုးလေး ပြော မိတယ်။ အိမ်ကအဝေးကြီးလေ။ တကယ်အဝေးကြီးပါပဲ။ အိမ်မှာနေပြီး အိမ်ဝေးဝေဒနာ ခံစားရတဲ့လူတွေထဲမှာ ကျနော့်ကို မြင်နိုင်လောက်ပါတယ်။ အိမ်ကို ကျနော်မသိတာ။ အိမ်နဲ့ စကားမပြောတာ။

● အင်္ဂါ
ထူးထူးဆန်းဆန်း ဒီနေ့ကဗျာတပုဒ်ရတယ်။ ဒီကျေနပ်မှုဟာ ဘာနဲ့မှမလဲနိုင်အောင် တန်ဖိုးကြီးလှပါတယ်။ ကျနော့်သူငယ် ချင်းမ နမ်ဝါဖုန်ဆန်းပြောဖူးတဲ့ အဘွား။ နောက် ရှစ်မွှေးက အဘွားပီပီလမ်နဲ့ ပီပီတီး။ နောက် အဘွားတွေ။ လွိုင်ဆမ်ဆစ်က ကချင်အဘွား။ ရုန်းတောင်အောက်က အဘွား။ တကမ္ဘာလုံးက ကျနော့်အဘွားတွေ။ လူအိုတွေရဲ့နေ့တွေ ချစ်ခြင်းတွေဟာ အတွေးမှာ ချိုမြဆဲလို့ ထင်ပါတယ်။ ကျနော်ဟာ လူအိုတွေထဲက လူအိုအဘွားတယောက်ကို လွမ်းနေခဲ့ရင်း ကဗျာတပုဒ်ရေး ဖြစ်သွားပေါ့။

မနမ်ဝါရဲ့အဘွားသို့ 

အဘိုးရဲ့နွားတွေ ဘယ်တုန်းကမှ လူသားမစားခဲ့ဘူးလို့ 
အဘွားဟာ အဖေ့ရဲ့ထိုင်ခုံပုလေးပေါ် ထိုင်ပြီးပြောတယ်
ဆက်ပြီး ဒီအရုပ်တွေကိုကြည့်ရတာ
ဆီးသွားတာလောက်တောင် ပျော်စရာမကောင်းဘူးတဲ့
အဘွားကိုဖြတ်ပြီး စပါးခင်းတွေကို မြင်ရတယ်
အဘွားကတော့ ငါ့ကိုဖြတ်ပြီး ဘာမြင်ရသလဲ မသိဘူး
စပါးခင်းကနေတဆင့် လေတွေ ပြတင်းကို ခုန်တက်ဖြတ်လာကြ
နေ့လည်က သူမကိုယ်သင်းနံ့ဟာ မွှေးနေတုန်းပဲ
အဘွားလည်း ဒီအကြောင်းကို သိကောင်းသိမှာပါ
အဘွားဟာ ငါ ဘာတွေ တွေးနေသလဲဆိုတာ သိသလိုလိုပုံစံ
ငါ့အသက်အရွယ်ကိုဖြတ်ဖူးတဲ့ဟန်နဲ့ပြောတယ်
ငါ့ကိုအတိအကျ ဖမ်းမိသလိုလို အဓိပ္ပာယ်ပါတဲ့ စကားကိုပြောတယ်
ပြီးတော့ မင့်အဘွားငါက သွယ်ကာဝိုက်ကာမပြောတတ်ဘူးဆိုပဲ
ငါ အသက်အကြာကြီးရှူတာ အဘွားရိပ်မိတယ်
မင့်အရွယ်မှာ ငါဟာ ကိုယ်လုံးတီးနဲ့နေရတာ သဘောကျတယ်ပြောပြီးရယ်တယ်
ခက်တာက ငါက ရှက်တယ် မခက်တာကလည်း ငါမရှက်တတ်တာပဲ ဆိုပဲ
ခဏခဏပြောပြီးသားတွေ ပြန်ပြန်ပြောနေတာ အရသာတွေ့ နေတဲ့ပုံပဲ
မင်္ဂလာပါ အရှင်ဘုရား အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်
အဘွားမောလာရင် ဒီလိုမျက်စိမှိတ်ပြောပြီး  အိပ်ပျော်သွားတတ်တယ်
မင်္ဂလာပါ အဘွား အဘွားဟာ မင်္ဂလာပါ။

၂၀၁၆ သြဂုတ်

● ဗုဒ္ဓဟူး
ဆည်ကို သွားဖြစ်တယ်။ အရင်ကလျှောက်ခဲ့တဲ့ခြေရာတွေဟာ အေးစက်စက်နဲ့ ငြိမ်သက်အိပ်စက်နေကြ။ ကျနော်ဟာ  ဆည်ကြီးထဲက ငါးလေးတကောင် ဖြစ်ချင်ခဲ့ပါတယ်။ ဆည်ထဲကရေတွေကိုတော့ သနားတာပေါ့။ ဆည်ပေါ်မှာ ချစ်တဲ့မိန်း ကလေးကို လက်တွဲပြီး လမ်းလျှောက်ရရင် သိပ်ကောင်းမှာပဲလို့တွေးဖူးရဲ့။ တချို့တွေလို ဆည်ထဲကို ကျောက်ခဲပစ်တာတို့ ဆည်ကိုကြည့်ပြီး အားပါးတရ အော်တာဆဲတာတို့ ကျနော်မလုပ်ခဲ့ဖူးပါ။ ဆည်ရဲ့ ကျစ်လစ်နေတဲ့ကျောပေါ်မှာ ကျနော်ရယ် သူငယ်ချင်းနှစ်ယောက်ရယ် အတူထိုင်ခဲ့ကြဖူးတယ်။ အဲ့ဒီတုန်းက ရန်ကုန်သားလှိုင်ဘွားအောင်က အချစ်အကြောင်းကို ပြောပါတယ်။ အချစ်ဆိုတာ ဘာပါလိမ့်လို့ ကျနော်တို့ဟာ ဆည်ဘောင်အောက် ရေစပ်နားမှာ ဆင်းထိုင်ပြီး တွေးခဲ့ဖူးကြတယ်။ အဲ့ဒီတုန်းက ရန်ကုန်သားဆီမှာ ညီမလေးမရှိသေးသလို ကျနော့်မှာလည်း ဘာဝေဒနာမှမရှိသေး။ တယောက်ယောက်ကို ချစ်နေရတာ ဝေဒနာပဲဗျာလို့ ရန်ကုန်သားပြောတော့ ကျနော်နဲ့နာဂသားတို့ ရယ်ကြတယ်။ ရေကန်ကို ဖြတ်သွားတဲ့လေတွေ လိုပဲ ပေါ့ပါးလိုက်ကြတာ။

ဆည်ဟာ ကျနော်တို့ကိုလွမ်းပြီး ကျန်ရစ်နေခဲ့မလား ကျနော်သေချာမသိပါ။ ဂစ်တာသံ ဘီယာဗူးဖောက်သံ သီချင်းဆိုသံများ ဒီဆည်ရဲ့တနေနေရာမှာ ကျနော်တို့ လွှင့်ခဲ့ကြဖူးတယ်။ တနေ့တော့ ပြန်တွေ့ကြတာပေါ့ဆိုတဲ့လူတွေဟာ သနားစရာကောင်း တာအမှန်ပဲပေါ့၊  ရေဆင်းကနေ အောင်မြင်စွာထွက်ခွာသွားကြတဲ့ လူတွေရယ် အနာကုသဖို့ ဆေးခွင့်တင် ထားတဲ့လူတွေရယ်။ ရေဆင်းဆည်ဟာ တိတ်ဆိတ်နေပေါ့။ အသံတိတ်ခေါင်းလောင်းတွေ ဟာ တိုက်ပွဲကိုခေါ်ဆောင်သွားကြပေါ့။ တချို့ကဘဝ၊ တချို့ကအချစ်၊ တချို့က ဂုဏ်သိက္ခာ ငွေကြေး။ ခုတော့ ရေဆင်းမှာ ကျနော်ဟာ ပတ်တီးတွေနဲ့။ ဆည်ကြီးဟာ ဗိုက်ခွဲခံ ထားရလို့။ ဆည်ကြီးဟာ ဆေးရုံတက်နေရလို့။ ကျနော့်ကိုမသိတော့တဲ့ ရေဆင်းဆည်ကြီးဟာ ဘာကိုမှနာကျင်ရမှန်း မသိ သူကြီးပေါ့။ ကျနော်ခေါင်းခါကြည့်လိုက်တယ်။ ခေါင်းခါလိုက်တိုင်း အရာအားလုံး ပြီးဆုံးမည်ဆိုပါကပေါ့လေ။

● ကြာသပတေး
ကိုမော်က ကျနော့်ကိုမေးတယ်။ သင်ဘာလို့မအောင်မြင်သေးတာလဲတဲ့။ ကျနော်ဟာ အံ့သြစွာထိုင်နေခဲ့ရ။ သူ့မေးခွန်းအ တွက် အဆင်သင့်မဖြစ်ခဲ့လို့။ ခင်ဗျားတို့လည်း ဒီလိုမျိုးကြုံဖူးမှာပါ။ ကမ္ဘာပေါ်က လူတယောက်ယောက်ကတော့ဖြင့် ကျနော့် ခံစားမှုမျိုးကို နားလည်ပေးနိုင်လိမ့်မယ်ထင်ပါတယ်။ အပေါ်ယံ ကိုယ်ချင်းစာတရားရိုးသားမှုတွေကို လူတိုင်းစား သုံးနေကြပြီ ဆိုတာကိုဖြင့် ခင်ဗျားတို့ငြင်းကြလိမ့်မယ်လို့ ကျနော်ထင်တယ်။ လူတယောက်ဟာ သူ့သိမှုရဲ့ဆုံးဖြတ်မှုထက် သူကိုယ်ပိုင်ကြုံတွေ့မှုရဲ့ဆုံးဖြတ်မှုက ပိုပြီးပြင်းထန်လိမ့်မယ်လို့ ထင်နေမိတယ်။ ဒီအကြောင်းကို ကျနော်ပြောပြတော့ ပန်းချီဆရာဟာ ငိုနေတယ်။ သတင်းစာဆရာလေးကတော့ ကျနော့်ကိုကြည့်ပြီး ရယ်နေတယ်။ ဒီလူ့ကို အားကျလိုက်တာ။ ကျနော်မရယ်မော နိုင်တာ ဘယ်လောက်များကြာခဲ့ပြီလဲ။ ကျနော့်နှုတ်ခမ်းဟာ ခွဲစိတ်ခန်းထဲ မဝင်ခဲ့ပေမဲ့ ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပါတယ်။ အရင်း အနှီးတွေဟာ ကြောက်ရွံ့စရာအားငယ်သိမ်ငယ်မှုတွေနဲ့ ပြည့်နေပါတယ်။ ကျနော့်နှုတ်ခမ်းပေါ်ကအပြုံးတွေဟာ အရောင် တွေ ပြောင်းလဲနေပြီ။ ကျနော့်အပြုံးဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေရောက်နေပြီဆိုတာကိုဖြင့် ကျနော်ကိုယ်တိုင်ပဲ သိထားပါတယ်။ ခင်ဗျားတို့နားလည်အောင်ပြောပြဖို့ရာ  စိတ်မပါခဲ့ပါဘူး။ ကျနော့်ငယ်ဘဝက အပြုံးတွေဟာ သန့်စင်မှု ရိုး သားမှု ပျော်ရွှင်မှုတွေနဲ့ ဖြစ်ခဲ့ပါတယ်။ ကျနော့်အပြုံးကို ကျနော်ပျောက်ဆုံးခဲ့တာ သိပ်ကြာပါပြီ။ လူတယောက်အတွက် အန္တရာယ်အကောင်းဆုံးအခြေအနေကို ခင်ဗျားတို့ ခပ်ဆင်ဆင်အဓိပ္ပာယ်တွေနဲ့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျနော်ကတော့ ဒီလို ပြောချင်တယ်။ လူတယောက်အတွက် ကြောက်စရာ အကောင်းဆုံးအန္တရာယ်ဟာ သူ့အပြုံးတွေကို သူကိုယ်တိုင် ပျောက်ဆုံး သွားတဲ့အခြေအနေပါပဲ။ ဆရာဝင်းဖေရေးထားတဲ့ ဝတ္ထုတိုတပုဒ်မှာ လူတယောက်ဟာ အရက်ခွက်ထဲရေထည့် သောက်ပြီး မူးသွားတယ်။ သူ့ကိုအားကျလေးစားတဲ့ လူတယောက်ဟာ သူမူးပြီး ပြန်သွားတဲ့ နောက် သူသောက်ခဲ့တဲ့အရက်ခွက်ထဲရေထပ်ထည့် သောက်ပြီး မူးနေတော့တယ်ဆိုတာပဲ။ ကြောက်စရာကောင်းတဲ့ မီးခိုးတွေဟာ ပျံ့နှံ့နေပေါ့။ မကြားဖူးမသိဖူးတဲ့ ရောဂါအသစ်တွေ အချစ်အစစ်အတုတွေ ။

● သောကြာ
ကော်ဖီခွက်ကိုင်ရင်း မျက်နှာဟာ အလိုလို အဆီပြန်လာတယ်။ သွားစမ်းပါ အသက်ရှင် ဖို့ကို အသက်ရှင်ကြောင်းထောက်ခံစာတကယ်လိုပါရဲ့လား ထွက်လာတဲ့မေးခွန်းကို ကျနော် တအံ့တသြငေးမိတယ်။ ပြီးခဲ့တဲ့ရက်တွေက ပြောခဲ့ဆိုခဲ့တာတွေဟာ ကော်ဖီရဲ့ အေးစက်မှုထဲက ပြန်ပေါ်လာတယ်။ ဒီလိုမိုးရေစက်တွေ ကျနော့်မျက်နှာကို ရိုက်ခတ်ခဲ့တုန်းကပါ။ လူတွေချစ် တတ်အောင် ဘာလုပ်ပေးရမလဲဆိုတဲ့အသိဟာ တော်တော်လေးနှိပ်စက်တယ်။ ကိုယ့်ကိုကိုယ်တောင် မချစ်တတ်တဲ့ လူ ငယ်လေးတယောက်ရဲ့ဘဝကို ဖြတ်သန်းဖူးကြပါသလား။ တခုပြီးတခု စဉ်းစားခဲ့တယ်။ မဖြစ်နိုင်တာတွေ ဖြစ်နိုင်နိုင်တဲ့အရာ တွေ ပလုံစီလို့ပါပဲ။ မိဘဆရာဖြတ်သန်းမှုတွေ ငယ်ဘဝတွေဟာ အကောင်းဆုံးသော ဓာတ်ပုံတွေပါတဲ့။ သူပြောတာကို ကျနော်ငေးရုံသာ ငေးနိုင်ခဲ့ပါတယ်။ ဖတ်လက်စ မြင့်သန်းကိုပိတ်လိုက်ပြီး ဖတ်လို့တော်တော်ကောင်းတယ်လို့ပဲ ယုံကြည်မိ တယ်။ သူ့စီးကရက်ငွေ့တွေဟာ ကျနော့်ကို ထိုးဖောက်ပြီး ပျောက်ကွယ်သွား။ မိုးအေးအေးလေးမှာ လမ်းပေါ်မှာ ဖြတ်သွား ဖြတ်လာလုပ်နေတဲ့ မြင်နိုင်သောသက်ရှိတွေ မမြင်နိုင်သော သက်ရှိတွေ။ မမြင်နိုင်တဲ့အရာကိုချစ် မြင်နိုင် တာကို ချစ်။ ချစ်ပြီးရင်း ချစ်နေရရင် ဘဝဟာ ပျော်ရွှင်စရာကောင်းမယ်လို့ထင်လား။ သူ့စကားဟာ ကျနော့်ကိုတုန်လှုပ်စေပါတယ်။ ကျနော့်မှာ သူ့အတွက်ဖြေစရာမရှိသလိုမျိုး ဖြစ် ခဲ့။ ဒါပေမဲ့ ဘာမှမဖြစ်သလိုလို ကျနော်  အေးအေးဆေးဆေးပြောနိုင်ခဲ့ပါတယ်။ ကျနော် ဟန်ဆောင်ခဲ့ရတာပေါ့။ သူထွက်သွားပြီးတော့ တော်တော်ကြာတဲ့အထိ ကျနော်ထိုင်ဖြစ်ခဲ့ ပါတယ်။ ကျနော်ဟာ မွေးနေ့ပွဲကိုရောက်လိုက်။ မွေးနေ့ဓားဟာ ချိုချဉ်လေးတလုံးဖြစ်လိုက်။  နောက်တော့ မွေးနေ့ကိတ်ဖြစ်လိုက်။ သူများပါးစပ်ထဲ မှာ ကျနော်ဟာ အရသာရှိလို့။ ကျနော် ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေတော်တော်လေး များပြားခဲ့ပါတယ်။ လူ့အဖွဲအစည်းအရ မသင့်တော်တဲ့ဖြစ်မှု တည်ရှိမှုမျိုးတွေလည်း ရှိခဲ့ဖြစ်ခဲ့ပါတယ်။ ကျနော်ဟာ ခြေထောက် နှစ်ဖက်လုံးပြတ်သွားတဲ့ ရဲဘော်ကြီး ရဲ့ငွေစက္ကူဖြစ်လိုက် ပြည့်တန်ဆာမလေးရဲ့ငွေစက္ကူဖြစ်လိုက်။ ကျနော်ဟာ နှာခေါင်းထဲ ပိုက်နဲ့ အစာသွင်းပေးရတဲ့ လူနာတ ယောက်တောင် ဖြစ်ခဲ့တာပေါ့။ နောက် လတ်ဆတ်တဲ့နေရောင်ခြည်တောအုပ် ကျနော်ဖြစ်နေခဲ့တာတွေအများကြီးပါ။ လူ ဟာ ဘာမဆိုဖြစ်ခွင့်ရတယ်ဆိုတဲ့စာသားမျိုးလည်း ကျနော်ဖြစ်နေခဲ့တာပေါ့ ဟောဒီ သောကြာမှာ။ သောကြာမှာ ကံကောင်း တယ်။ ကံဆိုးတယ်။ ဘီးပေါက်တယ်။ ရေကြီးတယ်။ ပလတ်ကျွတ်တယ်။ သောကြာဟာ ဘယ်တော့မှသေချာမရှိခဲ့ဘူးဆိုတာ ကျနော် မပြောပါရ စေနဲ့။ တကယ်တည်ရှိတဲ့ အရာဟာ ... ကျနော်ဆွံ့အစွာ။

● စနေ
အဝါရောင်နှင်းရည်စက်များဟာ မြို့လေးရဲ့အစာအိမ်ကြောမှာ ကျဆင်းနေကြတယ်လို့ ကြားရတော့ အိပ်မက်လားလို့ ထင်မိ တယ်။ ဟုတ်ပါတယ် အိပ်မက်ပါပဲ။ ကျနော်လန့်နိုးလာခဲ့တယ်။ ဟားခါးမှာနေခဲ့တုန်းက နှင်းရည်တွေဟာ ကျနော်တို့အိမ်လေးနဲ့ တကွ အိမ်လေးက နေမြင်ရတဲ့အရာအားလုံးကို လွှမ်းထားတယ်။ မြက်ပင်တွေမှာ တွဲခိုနေတဲ့ နှင်းရည်စက်တွေ အိမ်တွေရဲ့ သွပ်တွေမှာ နှင်းရည်စက်တွေ ပုလဲလုံးလေးတွေလိုပဲ။ ဓာတ်တိုင်အဖြစ် သုံးထားတဲ့သစ်တုံးကြီးတွေနဲ့ သူတို့ကို ရစ်ပတ်နေ တဲ့ လျှပ်စစ်ကြိုးတွေမှာ နှင်းရည်စက်တွေချည်းပဲ။ ဒီလိုနှင်းရည်စက်တွေကြားမှာ ဘုရားကျောင်းကလေးဟာ ငြိမ်သက်လို့။ ဘုရားကျောင်းရဲ့ လည်ဆွဲခေါင်းလောင်းလေးနဲ့ကက်သလောက် လက်ဝါးကားတိုင်လေးဟာ တိတ်ဆိတ်နေကြလို့။ လူတွေ ရဲ့ ခန္ဓာကိုယ်မှာ မာဖလာ၊ လက်အိတ်၊ ခြေအိတ်၊ ဦးထုပ်၊ အနွေးထည် စတာတွေကို တွေ့ရမယ်။ ဒါဟာ လွန်ခဲ့တဲ့နှစ်တွေက ဟားခါးပါ။ ကျနော် ဟားခါးကိုပြန်မရောက်တာ သုံးနှစ်အတွင်းဝင်ပြီပေါ့။ မနက်စောစော လက်ဖက်ရည်ဆိုင်ကိုပြေး အာငွေ့ တွေနဲ့ နဂါးလိုလို ဘာလိုလို။ လက်ဖက်ရည်ဆိုင်ရောက်တဲ့အခါ ပူရီပူပူလေးစားပြီး လက်ဖက်ရည်အချို လေးသောက် ရေနွေးလေးသောက်နဲ့ ကြည်နူးစရာနေ့ရက်တွေပါ။ ပူရီဆိုတာ ထပ်တ္တရာလို့ ခေါ်တဲ့ မုန့်နဲ့ခပ်ဆင်ဆင်ပဲ။ ညက နယ်ပြီးသား ဂျုံကို ပြားပြားအလွှာပါးပါးလေးလုပ် ပြီးတော့ ဆီပူပူထဲကိုထည့်၊ ဖောင်းကြွလာတဲ့အခါဆယ်၊ အသင့်လုပ်ထားတဲ့ ကုလားပဲ သို့မဟုတ် ပဲပြုတ်နဲ့ ဆား၊ ဆီ၊ ကြော်ပြီးသား ကြက်သွန်ဖြူနီပါးပါးလေးကို အဲ့ဒီဆယ်ထားတဲ့ ဂျုံပြား ချပ်ပေါ်ပုံပြီး ရောကြိတ် ရတာ သိပ်ကောင်းပါတယ်။ အဲ့ဒီတုန်းက ပူရီပွဲသေးက တစ်ရာကျပ် ပူရီပွဲကြီးကနှစ်ရာ (တချို့ဆိုင်မှာ ပွဲသေးတစ်ရာ့ ငါးဆယ်ပွဲကြီး သုံးရာ) လက်ဖက်ရည်က တခွက်ကိုတစ်ရာတစ်ရာ့ငါးဆယ်။ ဘာမှာမှာ ဒါပဲ၊ ဒီခွက်ပဲ။ မနက်စောစော ပူရီစားပြီးလမ်းမကိုငေးတဲ့အခါ ဈေးဝယ်ဈေးရောင်းသွားနေသူတွေ ကျူရှင်တက်ဖို့သွားနေတဲ့ ပြန်လာနေတဲ့ ကျောင်းသား ကျောင်းသူလေးတွေ ဟားခါးရဲ့လမ်းမဟာ နှင်းရည်စက်တွေနဲ့ ချစ်စရာပဲ။

တချို့လူတွေရဲ့နှုတ်ခမ်း မျက်ခုံးတွေမှာ နှင်းရည်တွေစုပြီး ဖြူလို့။ လက်ဖက်ရည်ဆိုင်မှာ လူတန်းစားစုံလို့။ အရာရှိအရာခံ ပါစတာသင်းအုပ်ဆရာ လက်သမားကုန်သည် ကျောင်း သားကျောင်းသူကလေးတွေ။ တချို့ကလေးတွေဆို နှာရည်တွဲ လောင်းနဲ့ပူရီကို အားပါးတရ စားနေလို့ပြုံးနေလို့။ မနက်စောစော လက်ဖက်ရည်ဆိုင်ထိုင်တဲ့အလေ့အကျင့်ကို ဟားခါးက နေရခဲ့ပါတယ်။ အဲ့ဒီတုန်းကတော့ ပူရီစားဖို့ သက်သက် လက်ဖက်ရည်ပူပူသောက်ဖို့ သက် သက်။အခု လူငယ်ဘဝမှာတော့ ရည်ရွယ်ချက်တွေ ကွဲပြားခဲ့ပါတယ်။ လေကန်ဖို့ ဘာညာသာရကာပေါ့။ လက်ဖက်ရည်ဆိုင်ထိုင်တဲ့အခါ ဟားခါးရယ်၊ တောင် တန်းကြီးရယ် နှင်းရည် စက်တွေရယ် သတိရတတ်ပါတယ်။ နှင်းရည်စက်တွေကြားမှာ လက်ဖက်ရည်သောက်တဲ့ အကျင့်ကို ကျနော်ရခဲ့တာပေါ့။ ခရစ္စမတ်နေ့နီးတဲ့အခါ ကယ်ရိုလှည့်ပြီး သီချင်းဆိုကြတာ တွေကောပေါ့။ တခါတလေ ဝတ်ပြုပြီးပြီးလို့ လက်ဖက်ရည်ပူပူဆန်ပြုတ်ပူပူလွေးခဲ့ရတာတွေလည်း မမေ့နိုင်စရာပါ။ ကျနော်ငယ်ငယ်ကဆို ၆ တန်းကျောင်းသားဘဝဖြစ် မယ်။ မနက်စောစော sunday school တက်ကြတဲ့ခါ ကျနော့်သူငယ်ချင်းရဲ့ညီမလေးက ပြောတယ်။ ဒီလိုနှင်းရည်တွေ ကြားမှာ သခင်ယေဇူးကချမ်းမှာပဲနော် သမီးဦးထုပ်ပေးဆောင်းရင် ကောင်းမယ်ထင်တယ်တဲ့။ သိပ်လှတဲ့နှလုံးသားလေးတွေ နဲ့ပေါ့ ကလေးဘဝဟာ။ စနေဟာ သတိရမှုတွေ တန်ဖိုးမဖြတ်နိုင်တဲ့ ဒုက္ခတွေနဲ့ ။

● တနင်္ဂနွေ
တချို့ဘုရားကျောင်းသွားကြတယ်။ တချို့က စစ်မြေပြင်ထက် ပိုပြင်းတဲ့ ပိုကြောက်ဖို့ ကောင်းတဲ့ရှေ့တန်းမှာ။ ဘုရား သခင်ဟာ ကျနော့်ကိုတိတ်ဆိတ်တဲ့ တနင်္ဂနွေမှာ မွေးဖွားခွင့် မပေးခဲ့တဲ့အတွက် တနင်္ဂနွေဟာ ကျနော့်မွေးနေ့မဖြစ်ခဲ့။ ဒီအ တွက် ဘုရားသခင်ကို ကျနော် အပြစ်မတင်ပါ။ တချို့နေရာမှာ ဆိုင်တွေပိတ်ကြလို့။ သမ္မာကျမ်းစာကို လူတွေဖတ်ကြလို့။ ကျနော်ကတော့ တနင်္ဂနွေရဲ့လက်သည်းတွေကို လက်သည်းဆိုးပေးဖို့ကြိုးစားနေခဲ့ပါတယ်။ ကျနော်ငယ်ငယ်က တနင်္ဂနွေ နေ့မှာဆို မိသားစုဓာတ်ပုံရိုက်ဖို့အမျိုးတွေ  ထမင်းစုစားကြဖို့ ဒေါ်လေးတို့မိသားစုနဲ့ မုန့်လုပ်စားကြဖို့ ဘရာသာ (ကိုရင်) သင်ပေးတဲ့ ဓမ္မသီချင်းဆိုဖို့ ဘုရားကျောင်းသွားဖို့ တခါတလေ မိဘမသိအောင် ဘုရားကျောင်းမသွားဘဲ သူငယ်ချင်းတွေနဲ့ ချောင်းသွားဖို့ ကြံစည်အားထုတ်နေတတ်ပါတယ်။ အခုချိန်မှာတော့ တနင်္ဂနွေနေ့ရောက်ရင်  တနင်္ဂနွေကို ရေချိုးပေးမယ် လက်သည်းဆိုးပေးမယ် လတ်ဆတ်တဲ့လေတွေရှူဖို့ မြို့ပြင်ကို ခေါ်ထုတ်မယ်။ ကျနော်ဟာ တနင်္ဂနွေကို ဒီလိုဆက်ဆံဖို့ ကြိုးစားနေတတ်ပါတယ်။ လူတွေဟာ ဘုရားကျောင်းထဲမှာ ညစ်ပတ်တဲ့အရိပ်တွေနဲ့ဝင်ကြတယ် ပြီးတော့ ရေချိုးကြတယ်။ သူတို့ကို ဘုရားသခင်က ရေချိုးပေးတယ်တဲ့။ ကျနော်တွေးခဲ့တာပါ။ မှန်တာမှားတာ ဘယ်သူ့ကိုမှ မမေးမြန်းခဲ့ပါဘူး။ ကျ နော်ဟာ ဘုရားသခင်ကိုချစ်သူ တနင်္ဂနွေနေ့ကိုချစ်သူ ကျနော်ဟာ အမျိုးမျိုးပေါ့။

● မှတ်စု
ပြီးတော့ မပြီးတော့  တနလာင်္၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေနေ့များ လည်ပတ်စွာ။ အဖြစ်များ အပျက်များ ကျနော်တို့များ ခင်ဗျားတို့များထပ်နေသော အရာများ တဖြည်းဖြည်းထပ်လျက် ဝေးလျက် နီးလျက်ဆက်ဆက်။ တပတ်မကသော ပေါင်းစပ်ထားသော တပတ်ကား ဝေးဝေးသွားသလိုပါ နောက်တနေ့ ပြန်ဖတ်ရတဲ့အခါ။

ဝေမြင့်မောင်