နိုင်ငံတကာ သာဂိ - ရွေးကောက်ပွဲဆိုတာ နိုင်ဖို့ မလို၊ ပြိုင်ဖို့ပဲ လိုတယ်


နိုင်ငံတကာ သာဂိ - ရွေးကောက်ပွဲဆိုတာ နိုင်ဖို့ မလို၊ ပြိုင်ဖို့ပဲ လိုတယ်
(မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၆


အမေရိကန် သမ္မတရွေးကောက်ပွဲက ၂ လ ပဲ လိုတော့တယ်။ ၂၀၁၆ နိုဝင်ဘာဆို စတော့ မှာကိုး။ အခုဆိုရင် ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရန့်တို့ဟာ အကြိတ်အနယ်ပဲ။ အကြိတ်အနယ်ပဲ ဆိုတာက တယောက်နဲ့ တယောက် နှိပ်ကွပ်နေကြတာ အပြန်အလှန် အကြိတ်အနယ်ပဲလို့ ဆိုရမှာ။ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲဟာ ကမ္ဘာက ရင်သပ် ရှုမော ကြည့်နေရတဲ့ ဘောလုံးပွဲကြီးပွဲကောင်းဆိုရင် တဖက်နဲ့ တဖက် လူချ ကစားနေလိုက်တာများ အ၀ါကပ်တွေတောင် မလောက်တော့ဘူးလို့ ဆိုရတော့မလို။

နိုင်ငံရေးနယ်ထဲ တခါဖူးမှ မတခါဖူးတဲ့ သေဌေးကြီး ထရန့်က နိုင်ငံရေးသက်တမ်း တသက်စာလောက်ရှိတဲ့ ဟီလာရီကို ပက်ပက်စက်စက်ပြောနေလိုက်တာများ၊ လူလိမ်မ ဟီလာရီတဲ့၊ လုပ်စားမ ဟီလာရီ တဲ့။ ဒီမိန်းမကို ယုံလို့ မရဘူးတဲ့။ တိုင်းပြည်ကို လက်ညိုးထိုး ရောင်းစားမဲ့ မိန်းမတဲ့။ ဟီလာရီဘက်က ပြန်ပက်နေလိုက်တာလည်း တသက်လုံး လုပ်စား လိမ်စားလာတဲ့ အိမ်ခြံမြေ ပွဲစား၊ အကြိမ်ကြိမ် လုပ်ငန်းတွေ အရှုံးပြပြီး ကိုယ်ကျိုးရှာစားနေတဲ့ လူလည်ပတ်ကား၊ ၀င်ငွေခွန်စာရင်းတောင် လူထုကြားထဲ မချပြရဲတဲ့ ငါ့ဘို့သမားကြီး၊ အမြတ်ရဖို့ အနိုင်ရဖို့ သက်သက် စကားတွေ ပလောင်းပလဲပြောတဲ့ အကောင်၊ လူတိုင်းကို ဗိုလ်ကျ အနိုင်ကျင့်တဲ့ ဘောင်ဘင်ခပ်တဲ့ မပြည့်အိုး ... စုံလို့ စုံလို့။

ပွဲကြည့်ပရိသတ်ကြီးကတော့ ဖေ့စ်ဘွတ်က မြန်မာတွေကျနေတာပဲ။ လိုက်ခ်တွေ အစုံအလင်နဲ့ ဟိုဘက် ပြိုဆင်းသွားလိုက်၊ ဒီဘက် ပြိုဆင်းသွားလိုက်၊ အလူးလူး အလိမ့်လိမ့်။ မီဒီယာတွေကလည်း ကြားထဲကနေ ဟိုစကား ဒီပို့ ဒီစကား ဟိုပို့နဲ့ တို့ပေးလိုက် ပို့ပေးလိုက် ရိုက်ချလိုက် မတင်လိုက်နဲ့ သူတို့သတင်းစာတွေ မီဒီယာတွေ ကြော်ငြာတွေ အရောင်းတက်သည်ထက် တက်အောင် လုပ်နေကြတယ်လို့ ပြောရတော့မလိုလို။ အမေရိကန်ရွေးကောက်ပွဲများ ၄ နှစ်တကြိမ်သာ လုပ်ပေလို့ပဲ နှစ်တိုင်းသာ လုပ်လို့ကတော့ လူတွေဟာ ဒါနဲ့တင် အချိန်ကုန်လူပမ်း ငွေကုန် ရေခန်း ဖြစ်ကြရှာမယ်။ ဘောလုံးပွဲများလိုပဲ လုပ်ငန်းရှင်ကြီးတွေ၊ ကြော်ငြာရှင်ကြီးတွေကတော့ အရင်းထည့် အမြတ်ထုတ်၊ ဘောသမားတွေကလည်း ကြေးတွေ ခေါင်ခိုက်လို့ ရကြ၊ ပရိသတ်မှာကတော့ဖြင့် ဘောပွဲနောက်လိုက်ရတာ ဖတ်ဖတ်မော အလုပ်ပျက် အကိုင်ပျက်၊ အချင်းချင်း ငြင်းခုန် ရန်ဖြစ်ရတာနဲ့တင် မိတ်တွေလည်း ပျက်။ စိတ္တဇတွေတောင် ဖြစ်လို့ ဆိုပြီး ပြောရတော့ မလိုလို။

အဲသည်မှာ တင်ပြချင်တဲ့ အတွေးအမြင်တခုကတော့ ရွေးကောက်ပွဲဆိုတာ ရှုံးတာ နိုင်တာက နောက်၊ ၀င်ပြိုင်နိုင်ဖို့ပဲလိုတယ် ဆိုတာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စ သြဘရိုက်က ဒီမိုကရက်ညီလာခံမှာ ပြောသွားတဲ့ သုံးသပ်ချက်တခုကို သက်သေခံပြပါရစေ။ အခု ရွေးကောက်ပွဲမှာ ပွဲဆူတဲ့ ဒေါ်နယ်ထရန့်ကို ၀င်ပြိုင်ခွင့်ပေးလိုက်ခြင်းဟာ နိုင်တာ ရှုံးတာ နောက်ထား ကမ္ဘာနိုင်ငံရေး ကစားကွက် ကျားခုန်ကို ကမောက်ကမ ချက်ခြင်း လက်ငင်းကို ဖြစ်ပွားစေတယ်။ နိုင်ငံရေးမှာ အဆိုးသက်ရောက်မှုတွေ ပြင်းထန်သွားစေတယ်လို့ ထောက်ပြလိုက်တာ ဖြစ်ပါတယ်။

အိမ်နီးချင်း မက္ကဆီကိုနိုင်ငံကို သူခိုး လူဆိုးနိုင်ငံလို့ ပက်ပက်စက်စက် ပြောဆိုလိုက်တာ၊ ပြည်တွင်းက တရားမ၀င် ရောက်ရှိနေသူတွေကို ဆန်ကုန် မြေလေး အလကားကောင်တွေ အပြတ်ရှင်းရမယ်လို့ ခြိမ်းခြောက်စကား ဆိုလိုက်တာ၊ မိတ်ဆွေဥရောပနိုင်ငံတွေကို လှေကြုံစီးနေတဲ့ ၀န်ထုတ်ဝန်ပိုးတွေလို့ ဝေဖန်တာ၊ ပြိုင်ဖက် ရုရှားခေါင်းဆောင်ကို အမေရိကန်နိုင်ငံရေးမှာ ဖောက်ထွင်းမှုတွေလုပ်ဖို့ ဖိတ်ခေါ်တာ၊ လူဖြူမဟုတ်တဲ့ အမေရိကန်နိုင်ငံသားတွေ အထူးသဖြင့် တောင်အမေရိကန်ဖွားတွေ၊ အာဖရိကနွယ်ဖွားတွေ၊ ဘာသာခြားတွေကို ပြက်ရယ်ပြုတာ၊ ချိုးနှိမ်တာတွေဟာ ဆိုးဝါးတဲ့ အကျိုးတွေ ချက်ခြင်းကို ဖြစ်ပေါ်စေတယ်လို့ ထောက်ပြပါတယ်။ နိုင်ငံတော်ရဲ့ အဓိက ရီပတ်ဘလစ်ကန်ပါတီကြီးရဲ့ သမ္မတလောင်းဆိုသူက အခုလို အမုန်းစကား၊ အစွန်းစကား၊ မဆင်မခြင် ရန်လိုစကားတွေ ပြောကြားလိုက်တဲ့အတွက် ပြည်တွင်းမှာကော ပြည်ပမှာပါ ဂယက်ထသွားပါတယ်။ အထက်ပါ အစွန်းရောက်အမြင်တွေ ကိုင်စွဲထားတဲ့ ပြည်တွင်း ပြည်ပက လူတွေ အစုတွေ အဖွဲ့တွေကို အားပေး အုံကြွ သောင်းကျန်းလာအောင် အချက်ပေးသလို မြှောက်ပေးသလို တိုက်တွန်းသလို ဖြစ်သွားပါတယ်။

လူတွေကြားထဲမှာ အစွန်းရောက်တဲ့ စကားတွေ အလုပ်တွေ ထကြွသောင်းကျန်းကုန်တဲ့အတွက် ပြည်သူတွေအချင်းချင်းကြားမှာ ရှိနေတဲ့ စည်းလုံးညီညွတ်မှု စည်းကမ်းသေ၀ပ်မှု နားလည်မှုတွေကို ပျက်ပြား ထိခိုက်သွားစေတယ်။ ဒေါ်နယ်ထရန့်ရဲ့ ရွေးကောက်ပွဲ ၀င်ပြိုင်ခြင်း၊ မရမက အနိုင်လု ပြောဆိုခြင်းတွေကြောင့် ဒီဂယက်နဲ့ သက်ရောက်မှုဟာ ရွေးကောက်ပွဲပြီးသွားလဲ ပြီးမသွားပဲ လူတွေကြား၊ ဖြစ်ရပ်တွေကြားထဲမှာ လှုပ်ရှား ကျန်ရစ် မှာ ဖြစ်တယ်လို့ သြဘရိုက်က ဝေဖန်သွားပါတယ်။

အဲသည်လိုပဲ နိုင်ငံရေးအကဲခတ်တွေ စာနယ်ဇင်းသမားတွေကလည်း ဒေါ်နယ်ထရန့်ရဲ့ ရွေးကောက်ပွဲ ၀င်ပြိုင်မှုကို ဝေဖန်ကြရာမှာ ဒီပုဂ္ဂိုလ်ဟာ နိုင်ရင်လည်း နိုင်ရမယ်၊ ရှုံးရင်လည်း နိုင်ရမယ်ဆိုတဲ့ အတ္တမာန ကြီးမားမှုကြီး ရှိနေပုံရကြောင်း ပြောဆိုကြပါတယ်။ ရှုံးခဲ့သည်ရှိသော်လည်း သူ၏ ပုဂ္ဂိုလ်ရေး ထင်ပေါ်ကြော်ကြားမှု၊ သူ၏ အဆိပ်သင့်သော အယူဝါဒအမြင်အတွေးများ ပြန့်နှံ့ ကျက်စားနိုင်မှုတို့ကို အရှိန်အဟုန်နဲ့ ဆက်လက်တည်ရှိ ရှင်သန် ကျန်ရစ်အောင် ရည်ရွယ်ထားပုံရတယ်လို့ ထောက်ပြကြပါတယ်။ အဲသည် သြဇာအရှိန်အ၀ါနဲ့ ဆက်ပြီး သူ့အောင်မြင်မှု ကောင်းစားမှုအတွက် ဆက်လက် လုပ်စားသွားဦးမှာ ဖြစ်တယ်လို့ ပြောနေကြပြီ ဖြစ်ပါတယ်။

ဒီမိုကရက် ပြိုင်ဖက်ဟောင်း ဘာနီဆင်းဒါးဆိုတဲ့ အထက်လွှတ်တော်အမတ်ကြီးကို နှိုင်းယှဉ်ကြည့်ပါ။ လက်ဝဲဆန်တဲ့ လူမှုရေး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို တောင်းဆို ဆွေးနွေးပြီး လူထုကို နိုးကြား စည်းရုံးနိုင်ခဲ့လို့ ပရိသတ်အားကောင်းခဲ့သော်လည်း သမ္မတလောင်းအဖြစ်ကနေ အရေးနိမ့်ပြီးနောက်မှာ သူဟာ ဟီလာရီသမ္မတဖြစ်ရေးကို ဆက်လက် လှုံဆော် စည်းရုံးနေပါတယ်။ ၎င်း၏ အတ္တ မာန အာဃာတကို လျော့ချ ဆုတ်ခွာပေးလိုက်ပါတယ်။ ၂၀၀၈ တုန်းက ဟီလာရီကိုယ်တိုင် အိုဘားမားကို သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်စဉ်မှာ ရှုးံနိမ့်ခဲ့စဉ်ကလည်း နိုင်ငံရေးသမား ပီသစွာ နောက်ဆုတ် နေရာယူခဲ့သူပါ။ အခု တမိုးလုံး ဖြောက်ဆိပ်ကြယ်ကြီး ဖြစ်ချင်သူ ထရန့်ကတော့ ရွေးကောက်ပွဲ ရှုံးခဲ့ရင်တောင် ဒါဟာ လိမ်ညာညစ်ပတ်လို့ သူ ရှုံးရတာ ဖြစ်လိမ့်မယ်။ သည်အတွက် သူ့နောက်လိုက်တွေက ဆက်လက်တိုက်ပွဲဝင်ကြဖို့ လိုတယ်လို့ မီးထိုးထားခဲ့ပြီး ဖြစ်နေပါတယ်။

ကဲ သည်တော့ သည်စာကို အနှစ်ချုပ်ရသည် ရှိသော် ဒေါ်နယ်ထရန့်၏ သင်ခန်းစာများအရ ရွေးကောက်ပွဲဆိုတာ နိုင်တာ ရှုံးတာ အသာထား၊ ၀င်ပြိုင်ဖို့က အဓိကဖြစ်ပါတယ်။ စင်ပေါ်ကို အရင်တက် ကပြခွင့်ရဖို့က အဓိကပဲ။ ဒိုင်တွေက ဆုံးဖြတ်တာ နောက်ထားလိုက်။ ၀င်ပြိုင်ခွင့်ရလို့ စင်ပေါ်မှာ မိမိ အာဘော်တွေ အစွမ်းသတ္တိတွေ ပရိသတ်ကို ထုတ်ဖော် ပြသ သြဇာလွှမ်းပြလိုက်ဖို့က လက်ရှိ အရေးကြီးတယ်လို့ ဆိုချင်ပါတယ်။ ဘောလုံးပွဲများမှာလည်း သည်လို သီအိုရီ ရှိပါသကောဗျာ။ အုပ်စုဗိုလ် ဖြစ်တာ မဖြစ်တာ အသာထား၊ အောက်အသင်းတွေအဖို့က ပွဲစဉ်ချိတ်ပြီး ၀င်ကစားနိုင်ဖို့က အဓိကပါ။ အဲသည်ကျမှ တဖက်အသင်းကို ကျိုးသွား ကြေသွားအောင် လူချကစားပြီး ထွက်ရလည်း သူတို့အတွက် အမြတ်ပဲဆိုတဲ့ စိတ်ထားတွေ ရှိတယ်လို့ ကြားဖူးကြ မဟုတ်လားဗျာ။ သို့မဟုတ်က ကစားကွက်တွေ ပျက်အောင် ကစားနိုင်လို့ အနိုင်ဂိုး တလုံးနဲ့လည်း အုပ်စုဗိုလ်ဖြစ်၊ ချန်ပီယံလည်း တက်ဖြစ်ချင် ဖြစ်နိုင်တာကိုး ဗျာ။ အခုမှာတော့ဖြင့် အမေရိကန်နိုင်ငံရေးဘောလုံးပွဲမှာက လူချကစားတဲ့ တိုက်စစ်မှူးကို မီဒီယာတွေ ပရိသတ်တွေ ခေါင်းဆောင်တွေက ကြည့်ကောင်းကောင်းနဲ့ လွှတ်ပေးထားလိုက်တော့ အိမ်ခေါင်မိုးပေါ် ဟိုသတ္တ၀ါ တက်ပြီး ဟောင်နေတဲ့ အဖြစ်ကို ရောက်နေကြသလားလို့တောင် တွေးမိချင်ပါတော့တယ်။

သည်အခါမှာ သြဘရိုက်ထောက်ပြသလို ကမ္ဘာထိပ်သီး နိုင်ငံကြီးက သမ္မတလောင်းဆိုသူက အစွန်းရောက်ပြနေတဲ့နောက်မှာ သူ့ဂယက်ဟာ တကမ္ဘာလုံး ပတ်ပြီး ရိုက်ခတ်သွားပြီ ဖြစ်တာကြောင့် သူလိုလူတွေ အဖွဲ့တွေဟာ လူမှုအ၀န်းအ၀ိုင်း နိုင်ငံရေးအသိုင်းအ၀ိုင်းကို ပုံစံပြောင်းသွားစေပြီ ဖြစ်တဲ့အကြောင်း သတိချပ်ကြစေလိုပါတယ်။

ဝေးဝေးမကြည့်ပါနဲ့ ... ရုရှားခေါင်းဆောင်တွေ တရုတ်ခေါင်းဆောင်တွေကိုယ်တိုင်က အမေရိကန်ခေါင်းဆောင်ကို လူမလေး ခွေးမခန့် လုပ်လာကြတယ်လို့ မီဒီယာသတင်းတွေမှာ တွေ့နေကြတယ် မဟုတ်လားဗျာ။ အာရှဒေါ်နယ်ထရန့်လို့ လူတွေက ၀ိဂြိုဟ်ပြုနေကြတဲ့ ဖိလစ်ပိုင်သမ္မတကြီးကိုယ်တိုင်ကလည်း အမေရိကန်သမ္မတကို သဘောထားချင်း မတူတာလေးနဲ့ ရန်လို မျက်မုန်းနဲ့ မျောက်မသားဆိုလား ခိုင်းနှိုင်းဆဲရေးလိုက်သေးတယ် မဟုတ်လား။ ဘာသာရေး အစွန်းရောက် အိုင်းဇစ်တွေကလည်း ထိန်းမနိုင် သိမ်းမရ အကြမ်းဖက်မှုတွေ တိုးပြီး လုပ်လာကြပါတယ်။ ဒါတွေဟာ ဒေါ်နယ်ထရန့်၏ သက်ရောက်မှုများလို့သာ ဆိုလိုက်ချင်ကြောင်းပါ။ မြန်မာပြည်က အစွန်းသမား အကွဲသမားတွေကလည်း သူတို့အိုင်ဒီယာတွေ ရှေ့တန်းရောက်ချင်လို့ကတော့ စင်ဘေးမှာ မနေနဲ့ စင်ပေါ် တက်ပြိုင်ကြရင် ကောင်းလေမည်လားလို့ စဉ်းစားခန်းများ ၀င်နေကြလေမလား မသိပါဘူးလေ။ ညီလာခံတို့ ဘာတို့လည်း တက်ပြီး ၀င်ဟောသင့် ဟောပြောကြရမှာပေါ့နော။