ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

နရီမင်း - လွှတ်မချဖြစ်သေးတဲ့ ဖန်ကွဲစတွေ



နရီမင်း  - လွှတ်မချဖြစ်သေးတဲ့ ဖန်ကွဲစတွေ
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၆

အတင်းအဓမ္မ စိတ်လိုက်မာန်ပါ ဆုပ်ညှစ်ထားတဲ့ သူ့လက်ထဲ ဘ၀ဟာ ပစ်စလက်ခတ် ကြေမွနေတဲ့ စက္ကူစုတ်တစ်စနဲ့ တူနေလိမ့်မယ်။ တကယ်က ဖန်ကွဲစတွေကို မလွှတ်တမ်း ဆုပ်ညှစ်မိထားတာမျိုး ပိုဖြစ်နိုင်တယ်။ လက်ထဲမှာ သွေးအလိမ်းလိမ်းနဲ့ဘ၀က ကြေမွလို့။ အခုထိ လွှတ်ချပစ်လိုက်ဖို့ စိတ်မကူးမိသေးတာက အယောင်ယောင်အမှားမှားလား။ တမင်တကာပဲလား။ မရေမရာ ဝေေ၀၀ါးဝါး။ သူ့စိတ်ဟာ အရာရာကို ဝေခွဲရခက်မှုမျိုးနဲ့ အမြဲတမ်း နောက်ကျိနေတတ်တယ်။

လမ်းဆုံလမ်းခွရောက်တိုင်း ဘာဆုံးဖြတ်ချက်မှမချဘဲ ကြုံရာလျှောက်ခဲ့ရင်းက သက်တမ်းတ၀က် ကျိုးချိန်မှာတော့ ဘယ်ကိုရောက်နေပြီလဲ မသိ။ မိဘတွေနဲ့လူချင်းကွဲလာတဲ့ ပွဲခင်းထဲက ကလေးငယ်လို ယောင်ချာချာနဲ့ မြင်မြင်သမျှ မျက်နှာတွေကို အားကိုးတကြီး လိုက်ကြည့်နေမိတယ်။ ဒါပေမဲ့ ဘယ်မျက်နှာပေါ်မှာမှ ကြင်နာမှုအရိပ်အယောင်ကို ရှာမတွေ့ဘူး။ ပျော်ရွှင်မှုကို အရူးအမူး ရှာဖွေနေကြတဲ့ အငမ်းမရမျက်နှာတွေပေါ်မှာ ကြင်နာမှုခြောက်ခန်းနေတဲ့ အပြုံးတုတွေ တပ်ဆင်ထား ကြတယ်။ အတွင်းဘက်မှာ လောင်ကျွမ်းနေကြတဲ့ လောဘ၊ ဒေါသ၊ မောဟ၊ သောကတွေက မီးထိုးပေးလို့။ မျက်နှာပေါ် အပူငွေ့တွေ ရှိန်းရှိန်းတက်နေကြတယ်။

(ပျော်ရွှင်မှုဟူသည် အေးမြသောအပူချိန်၌သာ တည်နိုင်စွမ်းရှိသည်ဖြစ်၍ မြင့်မားလှသောအပူချိန်၌ ပျော်ရွှင်မှုစစ်စစ်ကို ဖမ်းယူရရှိခြင်းငှာ မစွမ်းသာ။ ကြင်နာမှု၊ မေတ္တာတရား အစရှိသော အအေးခံ ကိရိယာတမျိုး သင်တို့၏ ပျော်ရွှင်မှုရှာဖွေရေး ဓာတ်ခွဲခန်း၌ အမှန်တကယ်လိုအပ်နေသည်ကို သတိချပ်ကြပါကုန်)

ဂုန်နီအိတ် စွပ်ခံထားရတဲ့နွေရာသီတွေ၊ ရွှံ့ဗွက်အလိမ်းလိမ်းနဲ့ မြင်ရက်စရာမရှိတဲ့ မိုးရာသီတွေနဲ့ ပိန်းပိတ်နေတဲ့နှင်းထုအောက် လမ်းပျောက်နေတဲ့ ဆောင်းရာသီတွေကိုသာ လက်ဝယ်ပိုင်ပိုင် သူရခဲ့ တယ်။ စမ်းသပ်ခန်းအတွင်း အမြီးဖြတ်ခံထားရတဲ့ ကြွက်တွေ၊ ဂုဏ်သိက္ခာမဲ့သွားတဲ့လူတွေ၊ ကြမ်းပြင်ပေါ် အတောင်သေနေကြတဲ့ ပိုးဖလံကောင်တွေ။ ပြီးတော့ သူတပါး မျက်ရည်ပေါက် ကြီးငယ်ကျမှ စားရမယ့် ထမင်းလုတ်တွေ၊ မီးလောင်နေတဲ့ အဆောက်အအုံတခုထဲက ထွက်ပေါက် ကျဉ်းကျဉ်းကလေးကို အလုအယက် တိုးဝှေ့ထွက်ဖို့ ကြိုးစားနေကြတဲ့ လူတွေ၊ ဘတ်စ်ကားတစ်စီးပေါ် ထိုင်ခုံတနေရာရရှိရေး တိုက်ပွဲတွေ။ လက်မှတ်တစောင်ရဖို့ သူမကြိုးစားခဲ့ဖူးဘူး။

ထိုင်ခုံတနေရာအတွက် သူမစဉ်းစားခဲ့ဖူးဘူး။ အခုမှပဲ ရထားလက်မှတ်စစ် တက်လာမှာကို သူ ကြောက်ရွံ့နေမိတယ်။ ကြောင်စုန်းတွေက အနီးပတ်ဝန်းကျင်က ကြောင်ထီးပေါက်စတွေကို အကုန်လိုက်ပြီး ကိုက်သတ်ပစ်သလိုမျိုး လူတွေဟာ ကိုယ့်နေရာကို လာပြီးစိန်ခေါ်မယ့် ခြိမ်းခြောက်မှုမျိုးကို အလိုမရှိကြဘူးတဲ့။ သူ့ပတ်ဝန်းကျင်က လူတွေကတော့ဖြင့် ရနိုင်သမျှ ပစ္စည်းတွေကို လောဘတကြီး ထုပ်ပိုးနေကြတုန်းမို့ မီးလောင်ပြင်ကနေ ထွက်ပြေးဖို့ သတိမရကြ သေးဘူး။ တချို့ဆို လူမမည် ကလေးငယ်တွေကို ချီပိုးဖို့ သတိမရ။ ပစ္စည်းတွေ ထုပ်ပိုးနေကြတာနဲ့ပဲ အလုပ်ရှုပ်လို့။ အို. . .ဘာတွေလဲ။ (တီကောင်အထွေးလိုက်ကြီးအား မြင်တော်မူသော ဗုဒ္ဓမြတ်စွာ သည် ပြုံးတော်မူလေ၏)။ လူတွေ တစ်ယောက်ပခုံးပေါ်တစ်ယောက် အလုအယက်နင်းတက်။ ပြန်ပြုတ်ကျသူကကျ၊ တက်သူကတက်၊ နင်းသူကနင်း၊ ထွေးလုံးရစ်ပတ်။ ဘယ်လိုလူတွေလဲ။ ကြက်ခြင်းထဲကကြက်တွေ အသတ်ခံရတော့မှာချင်းအတူတူ တကောင်ကိုတကောင်က ထိုးဆိတ်ကုတ်ဖဲ့။ မိတ်လိုက်ဖို့ကြိုးစား။ အာအီးအီးအွတ်တွန်လို့။ နောက်ဆုံးတော့ လူတွေ ရနိုင်သမျှဟာ ခြောက်ပေ၊ နှစ်ပေ မြေနေရာကလေးပါလားဆိုတာ မြေပိုင်ရှင်ကြီး တော်လ်စတွိုင်း သိသွားခဲ့တယ်။ ငယ်ငယ်တုန်းက ကြိုးပြတ်ပြီး ပြုတ်ကျလာတဲ့စွန်ကို ၀ိုင်းလုကြသလိုမျိုးပါပဲ။ နောက်ဆုံးတော့ ဘယ်သူမှ ဘာမှမရ။ စက္ကူစွန်ကလေးသာ အစိတ်စိတ်အမြွှာမြွှာ စုတ်ပြဲသွားရတယ်။ အဲဒီတုန်းက လက်ရှခဲ့ဖူးတဲ့ဒဏ်ရာက သူ့အတွက် တသက်စာ သင်ခန်းစာပေါ့။

ထန်းလျက်ခဲ သေးသေးလေးပေါ် ယင်ကောင်တွေ အလုအယက်အုံခဲလို့။ တကယ်တော့ အဝေးကနေ သံဝေဂနဲ့ ငေးကြည့်နေရတာပဲ ထန်းလျက်ခဲ အရသာထက် ပိုပြီးချိုမြိန်ပါတယ်။ ဒါပေမဲ့ ထမင်းရည်ခွက်သေးသေးလေးကို လုသောက်ရင်း ခွေးတွေမာန်ဖီနေကြတဲ့ အသံမျိုးကတော့ ဘယ်မှာလာပြီး နားဝင်ပီယံ ဖြစ်နိုင်မှာတဲ့လဲ။ စမ်းသပ်ခန်းအတွင်း အမြီးဖြတ်ခံထားရတဲ့ ကြွက်တွေ၊ ဂုဏ်သိက္ခာမဲ့ သွားတဲ့လူတွေ၊ ကြမ်းပြင်ပေါ် အတောင်သေနေကြတဲ့ ပိုးဖလံကောင်တွေ။ ပြီးတော့ သူတပါး မျက်ရည်ပေါက်ကြီးငယ်ကျမှ စားရမယ့် ထမင်းလုတ်တွေ . . . . . သတ္တ၀ါတွေဟာ မာယာကြောင့်သာ အသက်ရှင်နေကြတာတဲ့။ မာယာဆိုတာ သဘာဝရဲ့ရွေးချယ်မှု။ မာယာများ အပြိုင်အဆိုင် ဆင့်ကဲဖြစ်စဉ်။ ပုတ်သင်ညိုတွေ အရောင်ပြောင်းတတ်တာလည်း မာယာပဲ။ ယုန်တွေ အပြေးမြန်တာလည်း မာယာပဲ။ မြွေတွေ အဆိပ်ရှိတာလည်း မာယာပဲ။ ပိုးနှံကောင်တွေ နံတာလည်း မာယာပဲ။ သူအဆိပ်မရှိဘူး။ သူ့မှာ အနံ့လည်း မရှိဘူး။ ဒါဖြင့် သူဘာလို့အသက်ရှင်နေတာလဲ။ ဒါပေမဲ့ သူကကြောက်တတ်တယ်။ တကယ်တော့ ကြောက်တတ်တာလည်း မာယာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ၀ါးစားပစ်လိုက်ချင်လောက်အောင် ဆာလောင်နေတဲ့နေ့တွေ ရှိခဲ့ဖူးတယ်။ ထမင်း၀၀ စားနေရသူတွေ ရဲ့ထမင်းစားရဖို့ အရေးမကြီးကြောင်း ဆုံးမစကားတွေကို နာခံခဲ့ရဖူးတယ်။

If I were you…. ငါသာမင်းဆိုရင်တဲ့။ ငါကငါ။ မင်းကမင်းပဲ။ ငါဟာ မင်းဘယ်တော့မှ မဖြစ်နိုင်သလို မင်းဟာလည်း ငါဘယ်တော့မှ မဖြစ်နိုင်ဘူး။

ကိုယ်ချင်းစာတရားတဲ့။ လူတယောက်ရဲ့ ရင်ထဲကစကားကို တခြားလူတယောက် မကြားနိုင်ဘူး။ လူတယောက်ရဲ့ခံစားချက်အမှန်ကို တခြားလူတယောက်က ဘယ်လိုလုပ် သိနိုင်မှာတဲ့လဲ။ မျိုသိပ်အောင့်အည်းထားရလွန်းလို့ သူ့တကိုယ်လုံး တဆတ်ဆတ် တုန်ယင်နေခဲ့ပြီ။ အန်ချပစ်လိုက်လို့ရရင် ကောင်းမှာ။ သူတကယ်ပြောချင်တဲ့စကားတွေကို နားထောင်ပေးနိုင်လောက် အောင် စိတ်ရှည်တဲ့သူ မရှိတော့ဘူးလား။ သူ့စကားတွေက ခံစားချက်တွေပဲ ရှိတယ်။ အဓိပ္ပာယ်မရှိဘူး။ သူတို့မှာက အဓိပ္ပာယ်ရှိတဲ့ (ဒါမှမဟုတ် အဓိပ္ပာယ်ရှိတယ်လို့ သူတို့ထင်နေ ကြတဲ့) အလုပ်တွေ ကိုယ်စီရှိနေကြတယ်။ လူတယောက်ရဲ့ခံစားချက်ကို စိတ်ရှည်လက်ရှည် နားထောင်ပေးဖို့ သူတို့ဘယ်တော့မှ အချိန်မရတတ်ကြဘူး။ မလွှဲမရှောင်သာလို့ နားထောင်ပေးရရင်တောင်မှ စိတ်ရောဂါကု ဆရာဝန်က သူ့လူနာရဲ့ ပြောစကားကို နားထောင်နေရ သလိုမျိုး အလုပ်သဘော ဆန်နေမှာပါပဲ။

“ငါ့ဘ၀တလျှောက်မှာ ငါဘယ်နေရာကိုပဲ သွားသွား ငါတွေ့ရတဲ့လူတွေဟာ အသစ်အဆန်း တခုခုကို အာသာငမ်းငမ်း လိုချင်နေတဲ့ လူတွေချည်းပဲ။ ကားအသစ်တစီးကို အာသာငမ်းငမ်း လိုချင်နေတယ်။ မြေကွက် အသစ်တကွက်ကို အာသာငမ်းငမ်း လိုချင်နေတယ်။ နောက်ဆုံးပေါ် ကစားစရာ အရုပ်တခု ကို အာသာငမ်းငမ်း လိုချင်နေတယ်။ သူတို့ဟာ ရုပ်ဝတ္ထုတွေကိုပွေ့ဖက်နေကြပြီး သူတို့ကို ပြန်ပြီးပွေ့ ဖက်တာမျိုးကို မျှော်လင့်နေကြတယ်။ မေတ္တာတရား၊ နူးညံ့သိမ်မွေ့မှု၊ ကြင်နာသနားတတ်မှု၊ ရဲဘော် ရဲဘက်စိတ်ရှိမှု ဆိုတာတွေကို မင်း ရုပ်ဝတ္ထုတွေနဲ့အစားထိုးလို့ မရဘူးလေ။ ပိုက်ဆံဆိုတာ ကြင်နာ သနားတတ်မှုအတွက် အစားထိုးလို့ရတဲ့အရာမဟုတ်ဘူး။ အာဏာဟာ ကြင်နာသနားတတ်မှုအတွက် အစားထိုးလို့ရတဲ့ပစ္စည်း မဟုတ်ဘူး။ ဟော့ဒီမှာ သေနေ့ကို လက်ချိုးရေတွက်စောင့်ရင်း မင်းကိုငါ ပြော လိုက်မယ်၊ ကြင်နာသနားမှုကို မင်းအလိုအပ်ဆုံး ဖြစ်နေချိန်မှာ အဲဒါကို ငွေရော အာဏာကပါ မပေး စွမ်းနိုင်ဘူး။ မင်းမှာ ငွေတွေဘယ်လောက်ရှိရှိ၊ အာဏာတွေ ဘယ်လောက်ပဲရှိရှိ ရလိမ့်မယ် မဟုတ် ဘူး”

(Tuesdays with Morrie by Mitch Album )

ညနေစောင်းလေးတခုရဲ့ဝင်လုလုနေ ရောင်အောက်မှာ လူတွေကို သူငေးရပ်ကြည့် မောနေမိတယ်။

လူတွေ၊ လူတွေ။ သံပတ်ပေးထားတဲ့ အရုပ်တွေလို သုတ်သုတ်သုတ်သုတ်နဲ့။ လူပင်လယ်လှိုင်းလုံး တွေ ထဲမှာ မျက်နှာအသေတွေ ပေါလောမျောလို့။ သူတို့ ဘယ်သူတွေလဲ။ သူတို့ ဘယ်သွားနေ ကြတာလဲ။ သူတို့ အရူးအမူး ရှာဖွေနေကြတာဟာ သူတို့တကယ်လိုချင်တာမှ ဟုတ်ရဲ့လား။ ဘက်ထရီ အားကုန်သွားသလို သူ့ခေါင်းထဲ တဖြည်းဖြည်း မူးဝေလာတယ်။ နောက်ဆုံးမှာ အတွေးစ တွေ အကုန်ပြတ်တောက်သွားတော့တယ်။ ဗိုက်ဆာလိုက်တာ။

နရီမင်း
( ၂၀၀၂ -ဝန်းကျင်ခန့်က ရေးဖြစ်ခဲ့…)