နေနေ ● ကျူးကျော်ရန်စတဲ့ကောင်


နေနေ ● ကျူးကျော်ရန်စတဲ့ကောင်
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၆

(လူဟာ တိရစ္ဆာန်တမျိုးဖြစ်လို့ ရန်လိုတတ်တယ်၊ ဒါပေမဲ့ လူမှာထူးခြားတာက ဆင်ခြင်တုံတရားပဲ၊ ရန်ပွဲတွေရဲ့နောက်မှာ အမြင်လွဲမှုရှိတယ်၊ ဒီအတွေးနဲ့ ဒီအက်ဆေးလေး ရေးဖြစ်ခဲ့တယ်။)
+++++++++++

" --- "
စူးရှကျယ်လောင်တဲ့ အသံနဲ့ ကျနော်နိုးလာတော့ ညသန်းခေါင်အချိန်၊၊
ငြှောင်....................... ငြှောင် ................... "

တိတ်ဆိတ်နေတဲ့ ညလယ်ခေါင်မှာ ကြောင်တကောင် စိတ်ရှိလက်ရှိ အော်နေတာပါ၊ တချက်တချက် အာခေါင်ခြစ်ပြီး အော်တယ်။ တချက်တချက် အသံကိုမရှည် ရှည်အောင်ဆွဲပြီး အကြာကြီး အော်တယ်၊ တချက်တချက် သူ့အမြီးကို တခုခုက ဗြုန်းခနဲ တက်ဖိ တက်နင်းခံရသလို ဆောင့်ကြီးအောင့်ကြီးနဲ့ အော်တယ်၊ ဘယ်လိုအော်အော် အသံကတော့ ကျယ်သ လားမမေးနဲ့။
xxxxxxxxxxx

ကျနော် အိပ်မရတော့၊၊ ဒီကောင် ဘယ်လိုကောင်လဲ။ အခန်းတံခါးဖွင့်ပြီး တံမြက်စည်းနဲ့ ထွက်ရိုက်မလို့ စိတ်ကူးတယ်။ နေဦး... ဒီကောင်က ဘယ်ကနေ အော်နေတာလဲ၊ တံခါးဝနားက အော်နေတယ်လို့ ထင်တာပဲ။ သေချာနားထောင်တော့ ခြေရင်းဘက်က အမိုးပေါ်ကနေ အော်နေတယ်၊ သေချာ နားထောင်တော့ မဟုတ်ပြန်ဘူး။ တိုက်ခန်းတွဲဆိုတော့ တနေရာကနေအော်နေပေမယ့် အသံက လုံနေတဲ့အခါ အနားက ကပ်အော်နေသလိုမျိုး။ ညဆိုတော့ ပိုဆိုးတာပေါ့၊ သေချာနားထောင်လေ ဘယ်က အော်မှန်း မသေချာလေ။
xxxxxxxxxxx

ဒီကောင် ဘယ်က ကောင်လဲ၊ ဒီ တိုက်ခန်းကို ကျနော်ပြောင်းလာတာ နှစ် နှစ်ရှိပြီ။ တခါမှ ကြောင် အော်တာ မကြားခဲ့ရ။ ဟုတ်ပြီ။ ဟိုတရက်က ထမင်းအို ဖွင့်စားသွားပြီး ခပ်မိုက်မိုက်နဲ့ ဖင်လိမ် ဖင်ကောက်နဲ့ထွက်သွားတဲ့ အမွေးအနက်ရောင်နဲ့ ကောင်ပဲ ဖြစ်မှာပေါ့။ ဒီကောင်ကို အရင်က မတွေ့ဘူး၊ အသစ်ပြောင်းလာတာဖြစ်မယ်။ ထားတော့၊ ဒီကောင်က ဘာလို့အော် နေလဲ၊ အော် ဟုတ်ပြီ။ ဒီကောင်အထီးဖြစ်နိုင်တယ်တယ်။ အဖော်လိုလို့ အော်နေဖြစ်မယ်။ ဟင်.. အစ်မလည်း ဖြစ်နိုင်တာ ပဲလေ၊၊ သူလည်း အဖော်လိုလို့ အော်နေတာဖြစ်မယ်။ အထီးဖြစ်ဖြစ် အစ်မဖြစ်ဖြစ် ဒီကောင်တော့ ဆုံးမမှဖြစ်တော့မယ်။ အော်သံက ပိုဆိုးလာတယ်။ တံမြတ်စည်းနဲ့ ထွက်တွယ်ဦးမယ်လို့ ဆုံးဖြတ်လိုက်တယ်၊
xxxxxxxxxxx

" ငြှောင်....................... "
သူ့အမြီးကို တခုခုက တက်ဖိသွားသလို ဆောင့်အော်သံရှည်နဲ့ ထွက်ပြေးသွားတယ်။ ကျနော် ထွက်ရိုက်လိုက်တာ မဟုတ်ပါ။ ကျနော့်လိုပဲ စိတ်တိုနေတဲ့တယောက်က ကျနော့်ထက်အရင် တနည်းနည်းနဲ့မောင်းထုတ်လိုက်တာဖြစ်မယ်။ နောက်တော့ ခပ်လှမ်းလှမ်းမှာ ဆက်အော်နေတယ်။ ခပ်လှမ်းလှမ်းက တချက်ချက်ထွက်လာတဲ့ အော်သံကို မကျေမနပ်နဲ့ဘဲ ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိလိုက်တော့။
xxxxxxxxxx

ဟိုတရက်က တိုက်ခန်းလှေခါးမှာ ပျိုမေတသင်း တွေ့ပါရောလား၊ သနပ်ခါးအဖွေးသား စမတ်ကျကျ ၀တ်စားထားပြီးတော့ အ၀င်အ၀ ဖိနပ်စင်ကဖိနပ်တွေကို တရံပြီးတရံ၊ တယောက်ပြီး တယောက် ယူစီး နေတယ်။ တရံယူစီးလိုက်၊ တယောက်ကို တယောက်ပြလိုက်၊ ရယ်လိုက်နဲ့ လုပ်နေကြတယ်၊ အနားမှာ လူတယောက်က အကဲခတ်နေတာကိုလည်း ဂရုမစိုက်ပါဘူး။ နောက်တော့ စိတ်ကြိုက်တွေ့သွားလို့ ထင်ပါရဲ့။ ဆိုင်ကယ် တဘွတ်ဘွတ်စီးပြီး ထွက်သွားကြလေရဲ့။
ဒီတိုက်ခန်းက စည်းကမ်းကြီးတယ်။ အချိန်မတော် တိုက်ခန်းထဲဝင်ရင် ကီးကဒ်ရှိမှ ၀င်လို့ရတယ်၊ ဖိနပ်စီးလို့ မရဘူး၊ အ၀မှာ ဖိနပ်စင်ထားပေးထားတယ်။ အဲဒီမှာ ချွတ်ခဲ့ရတယ်၊ ခြေဗလာနဲ့ တိုက်ခန်းပေါ် တက်ရတယ်။ ကျနော်တော့ ကြိုက်တယ်။ မဟုတ်ရင် ညအချိန်မတော် ဒေါက်ဖိနပ်သံ တဂွပ်ဂွပ်နဲ့ ကြောင်အော်သံထက်တောင် ဆိုးဦးမယ်။ တခုတော့ ရှိတယ်။ စောစောက ပျံလွှားမတွေလို ကြောင့် ဒီတိုက်ခန်းမှာ ဖိနပ်ခဏခဏပျောက်တာလည်း နာမည်ကြီးပဲ။ မိန်းကလေး ဖိနပ်မှ မဟုတ်ပါဘူး။ တခါတုန်းက ကျနော့် ဖိနပ်နှစ်ရံ ရက်ဆက်ပျောက်သွားကတည်းက အောက်ဆုံးထပ်က ဖိနပ်စင်မှာ ဖိနပ်တွေမထားဖို့ ဆုံးဖြတ်လိုက်တယ်။ ကျနော် အခန်းအ၀င်အ၀မှာပဲ ဖိနပ်စင်ချထားပြီး ဖိနပ်တွေ ထားတယ်။
xxxxxxxxxx

ဒီတိုက်ခန်းမှာ သန့်ရှင်းရေးလုပ်တဲ့ကောင်မလေးက မြန်မာပြည်က တိုင်းရင်းသူလေး။ သူ့စကားကို ကျနော်တတ်သလောက် မှတ်သလောက် ခြေဟန် လက်ဟန်နဲ့ ပြောတယ်။ ကျနော် အလုပ်သွားတဲ့ အချိန်ဆို သူက ကြမ်းပြင်တွေကိုသန်းရှင်းရေးလုပ်နေတတ်တယ်၊ စားပြီးပြီလား၊ ဘာဟင်းစားလဲ လောက်တော့ ကျနော်ပြောတတ်တယ်၊ သူပြန်ဖြေတဲ့အခါသာ ကျနော်က အကုန်နားမလည်တာ။ ဒီနေ့မနက်လည်း ကျနော်အလုပ်သွားတော့ ထုံးစံအတိုင်း သူ့ကို လှေခါးအ၀င်အ၀မှာ သန့်ရှင်းရေး လုပ်နေတာကို တွေ့တယ်။ ကျနော်ပြောတာ သူနားလည်ရင်တော့ ညတုန်းက ကြောင်သောင်းကျန်း တဲ့ကိစ္စ ဘာရယ်မဟုတ် မေးကြည့်ဖြစ်မယ်။ အခုတော့ ထုံးစံအတိုင်း ထမင်းစားပြီးပြီလားလို့ လောက၀တ်စကားလောက်ပြောပြီး အ၀င်ဝက ခုံတန်းရှည်ပေါ်မှာ ၀င်ထိုင်လိုက်တယ်။ ဖိနပ်စင်က ယူလာတဲ့ဘွတ်ဖိနပ်ကို ဒီနေရာမှာ စီးနေကျ။
xxxxxxxxxx

"အား" ကျနော် လန့်အော်လိုက်တာပါ။ ညာဘက်ခြေထောက်ကို ဖိနပ်ထဲထည့်လိုက်တဲ့အခါမှာပဲ အပ်နဲ့အထိုးခံလိုက်သလို "ဆစ်" ခနဲ အတွေ့ရော "ပျော့အိအိ" အတွေ့ကိုရော သိလိုက်တယ်။ သွားပြီ..။ ဖိနပ်ထဲမှာ ပုန်းနေတဲ့အကောင်တကောင် ကျနော့်ကို ကိုက်လိုက်ပြီလို့ စိတ်က ချက်ချင်းသိလိုက်တယ်။ လက်ကလည်း ချက်ချင်းဆိုသလိုပဲ ဖိနပ်ဦးကို အပြင်ကနေ ဖိထားလိုက်ပြီး ခြေထောက်ကို ကမန်းကတန်း အပြင်ပြန်ထုတ်ဖို့ ကြိုးစားရတယ်။ ဖိနပ်ထဲမှာ မြွေလား၊ ဖားခုံညင်းလား၊ ဘာကောင်လဲ။ မသေချာ၊ ဖားခုံညင်းက ကိုက်တတ်သလား၊ မကိုက်တတ်ဘူးထင်တယ်။ ဒါဖြင့်.. မြွေ.. မြွေပေါ့။ နေဦး.. မြွေ.. မြွေက ဒီလောက်သေးပါ့မလား၊ ဒါဆို ဖားပြုတ်... ဖားပြုတ် ဖြစ်မယ်။ အဆိပ်ရှိတဲ့ ဖားပြုတ်များလား။ ခြေထောက်ကို အတင်းဆွဲထုတ်ပြီး ဖိနပ်ကို မှောက်ချ၊ အပြင်က ဖိထားတဲ့လက်ကို လွှတ်လိုက်တော့ .. "ဟင်" ကြွက်ကလေးတကောင် ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ ဖိနပ်ထဲက ထွက်ကျလာတယ်။ အပြင်က အားနဲ့ ဖိထားတဲ့ဒဏ်ကြောင့် သေလု မြောပါး... ရပ်ကြည့် နေတဲ့ ကောင်မလေးလည်း ကျနော့်အဖြစ်ကိုကြည့်ပြီး ရယ်ချင်ပုံ။ ကြွက်ကလေးကိုလည်း သနားနေတဲ့ ပုံပဲ။ ကြွက်ကို ကြည့်ရင်း သနားလိုက်၊ ကျနော့်ကို ကြည့်ရင်း ပြုံးစစလုပ်လိုက်၊ ကြွက်ကလေးက တချက်ချက်ပဲ လှုပ်တော့တယ်၊ ကျနော် ညာဘက် ခြေသကြွယ်မှာ ဆူးစူးထားသလို သွေးစို့နေတယ်။
 xxxxxxxxxx

ဒီကောင်ကို ကျနော်မသနားဘူး။ ကျနော့်ဖိနပ်ထဲ ၀င်ကျူးကျော်နေတဲ့ကောင်။
ကျနော့်ကို အထိတ်တလန့်ဖြစ်အောင်လုပ်တဲ့ကောင်။ ကျနော် ခြေထောက်ကို သွေးစို့အောင်ကိုက်တဲ့ အကောင်။ ဒီကောင်သေတော့ ဘာဖြစ်လဲ၊ မသနားဘူး။ သေပေါ့။ "ဟော" ဒီကောင်မသေဘူး၊ ပြန်လှုပ်လာတယ်။ ဘေးစောင်းလဲနေရာ ကနေ မှောက်ခုံအနေအထား ပြင်နေလိုက်တယ်။ ထွက်တော့ မပြေးသေးဘဲ အသာငြိမ်နေတယ်။ ဒီကောင်ကို ကျနော် ဖိနပ်နဲ့ဖိနင်းဖို့စဉ်းစားပြီးမှ စိတ်ကို ပြန်လျှော့လိုက်တယ်။

"ဟင်း....."

ဘေးမှာ ဟိုကောင်မလေးက ရပ်ကြည့်နေလို့ပေါ့။ နောက်တော့ ကောင်မလေးကပဲ အမှိုက်သိမ်းတဲ့ ခွက်ထဲ တံမြက်စည်းနဲ့ လှဲထည့်ပြီး အပြင်ဘက်မှာ သွားလွှတ်ပေးလိုက်တယ်။
xxxxxxxxxx

"ဟုတ်ပြီ.."

ပုစ္ဆာတပုဒ်ကို အဖြေတွေ့သလို ကျနော် ပျော်သွားတယ်။

ဒီဇာတ်လမ်းကို ဟိုကောင် စလိုက်တာ၊၊ ညတုန်းက အော်တဲ့ကြောင်ပေါ့။ လက်စသတ်တော့ ကြွက်ကလေးက ကျနော့်ဖိနပ် ထဲကို ၀င်ကျူးကျော်နေတာမဟုတ်ပါလား။

ညတုန်းက တနေရာကို အလည်အပတ်သွားနေတုန်း ကြောင်အော်သံကြောင့် အနီးဆုံးတနေရာမှာ ၀င်ပုန်းရင်း ကျနော့် ဖိနပ်ထဲရောက်နေတာဖြစ်မှာပေါ့၊ ဟုတ်တာပေါ့။ ကျနော့် ခြေထောက်ကို ကိုက်ချင်လို့ ကိုက်လိုက်ပုံမရပါဘူး။ သူ့ကို အပေါ် ကနေ ဖိတော့မယ့်ဟန်ဝင်ချလာတဲ့ ရှည်မျောမျောကြီးကို ကြုံသလို ခုခံလိုက်တာဖြစ်မယ်။ ဒီကွင်းဆက်ကို ရှာဖွေတွေ့ရှိသွား လို့ အရမ်းပျော်သွားတယ်။ နောင်မှာ ဖိနပ်စီးတဲ့အခါတိုင်း ခြေအိတ်ဝတ်ဖို့ပဲ ဆုံးဖြတ်လိုက်တော့တယ်။

(ဖေဖော်ဝါရီလ ၅ ရက်၊ ၂၀၁၂)