ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မောင်ရစ် - ဒေါ်အောင်ဆန်းစုကြည်မြန်မာပြည်က အဝေးရောက်တွေကို ကြိုဆိုတယ် ဆိုသတဲ့လား

Photo - Zaw Win


မောင်ရစ် - ဒေါ်အောင်ဆန်းစုကြည်မြန်မာပြည်က အဝေးရောက်တွေကို ကြိုဆိုတယ် ဆိုသတဲ့လား
 (မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၆


ကျနော်တို့ ခင်ဗျားတို့ ဦးဦး ဒေါ်ဒေါ် ကိုကို မမ အားလုံးတို့ရဲ့ မေမေစု သည်တခေါက် အမေရိကန်ပြည်ထောင်စုကို အစိုးရဧည့်သည်တော်အဖြစ် အလည်အပတ် ကြွရောက်လာပါတယ်။ နိုင်ငံတော်ဧည့်သည်အဖြစ် လာရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရမင်းများ၊ အမတ်မင်းများ၊ ဂုဏ်ထူးဆောင် ဂုဏ်သရေရှိ လုပ်ငန်းရှင်ကြီးများ၊ ပညာရှင်ကြီးများက ခမ်းခမ်းနားနား သောင်းသောင်းဖြဖြ ကြိုဆိုကြပါတယ်။ မျက်ရည်များတောင် လည်မိတယ် ဆိုကြပါစို့။ မျက်ရည်လည်ပြီး ရင်ထဲဆို့မိတဲ့အထဲမှာ ကျနော်တို့ ခင်ဗျားတို့ လမ်းပေါ်တက် ဆန္ဒထုတ်ဖော်ခဲ့ကြသူ အနှစ် ၂၀ ကျော် လမ်းဘေးက မတက်နိုင်သေးသူ ဦးဦး ဒေါ်ဒေါ် ကိုကို မမ ရွှေမြန်မာတွေခင်ဗျာ ခုချိန်မှာလည်း ပလက်ဖောင်းဘေးကနေ ဒူးတုတ်၊ လက်အုပ်လေး ချီ၊ လက်သီး လက်မောင်းလေး တန်းပြီး 'အမေစု ကျန်းမာပါစေ' လို့ ရင်ကွဲအောင် လှမ်းလှမ်း အော်နေရတုန်း ဖြစ်နေလို့ပါခင်ဗျား။

"သားတို့ သမီးတို့ ဘာမှ မပူကြနဲ့ အမေစု ရှိတယ်၊ တဦး တယောက်တည်းအတွက် အလုပ်လုပ်ရမှာ မဟုတ်ဘူး။ အားလုံးအတွက် မူဝါဒအလိုက် ပြောင်းလဲပစ်ရမှာ။ သည်တော့ သံရုံးကို သက်ဆိုင်ရာကို စာရေးပြီး ဆက်လက် တောင်းဆို ပြောဆိုကြ။ အမေလည်း သံရုံးက 'လူ' တွေကို လိမ္မာအောင် မှာကြားထားခဲ့မယ် ..." လို့ ကျနော်တို့ ခင်ဗျားတို့ရဲ့ ဒေါ်အောင်ဆန်းစုကြည်က ပလက်ဖောင်းဘေး၊ လမ်းပေါ်က အညတရ မြန်မာတွေကို အပြေးတပိုင်းကလေး လာပြီး အမှာစကား ပြောသွားပါတယ်။ ရင်ထဲ ဆို့ မျက်ရည်များတောင် ၀ိုင်းမိတာပေါ့ ခင်ဗျား။ အေးဗျာ ... ကျနော်တို့ ပြည်ပရောက်တွေ အဝေးရောက်တွေရဲ့ ဆန္ဒပြပွဲတွေ တောင်းဆို တိုက်ပွဲတွေမှာ အမြဲလို ရှေ့တန်းက ပါခဲ့ကြတဲ့ ရဲဘော်တွေ ရဲမေတွေကို အခုလို တွေ့ရတော့ ၀မ်းသာ ၀မ်းနည်းပဲ။ သူတို့တွေဟာ ခုချိန်ထိ သည်အတိုင်း အညတရ တိုက်ပွဲဝင်တွေ၊ သစ်ခုတ်သမားတွေအဖြစ် မပြောင်းမလဲ ဆက်ရှိ ရှင်သန်နေကြဆဲကိုး။ အဝေးရောက်ဝန်ကြီးချုပ်(ဟောင်း) ရဲ့ ပါရမီဖြည့်ဖက် ဆရာမ စီစီကိုလည်း တွေ့လိုက်ရတယ်။ ခုချိန်ထိ အိမ်မပြန်နိုင်သေး။ မြန်မာသံရုံးက 'လူ' တွေ (အရင်ကတော့ အကောင်တွေလို့ ကျနော်တို့က ခေါ်တယ်၊ အခုတော့ ပြန်လည်သင့်မြတ်ရေးမို့ လူတွေလို့ ခေါ်ကြပါစို့ရယ့်)" ပြည်ဝင်ခွင့်မှာ ခံဝန်လက်မှတ်ထိုးခိုင်းနေတဲ့ စာမျက်နှာတွေက လျော့မသွားတဲ့အပြင် တိုးတောင် လာသေးတယ် မမစု ရေ" လို့များ ပြောဖို့ အန်တီ စီစီ အချိန်မှ ရလိုက်ပါစ။

လွန်ခဲ့တဲ့ ၄နှစ် တိတိ၊ ၂၀၁၂ စက်တင်ဘာတုန်းက ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို ပထမဦးဆုံး အလည်အပတ်လာခဲ့ပါသေးတယ်။ အတိုက်အခံခေါင်းဆောင်အဖြစ်နဲ့ လာရသူ ဒေါ်အောင်ဆန်းစုကြည်ကို အဝေးရောက် မြန်မာတိုင်းရင်းသားတွေဟာ ပြည်နယ် ဒေသ တောကြို တောင်ကြားမကျန် သောင်းသောင်းဖြဖြနဲ့ သောင်းနဲ့ သိန်းနဲ့ချီပြီး လမ်းပေါ်ထွက် ကြိုဆိုခဲ့ကြတာပေါ့ခင်ဗျာ။ ပြန်မြင်ယောင်မိပါသေး။ ကျနော်တောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုပါသည် ဆိုလား စာလေး ဘာလေး ရေးမိပါသေးရယ့်။ ဒေါ်အောင်ဆန်းစုကြည်က 'ဟိုဟာ လိုချင်တယ် ဒီဟာ လိုချင်တယ် ဟိုဟာ ပေးပါ ဒီဟာ ပေးပါ တောင်းမနေကြနဲ့၊ အလုပ်လုပ်ကြ ၊ အလုပ်လုပ်ကြ ' လို့ မာန်ခဲ့သေးတာ မှတ်မိပါသေးဗျား။ အဝေးရောက်တွေလည်း လမ်းပေါ်ကနေ ပလက်ဖောင်းပေါ်ကနေ တတ်စွမ်းသမျှ ရုန်းခဲ့ ကန်ခဲ့ လုပ်ခဲ့ကြတာပေါ့ခင်ဗျား။ အနှစ် ၂၀ ကျော် ဖရီး ဖရီး ဖရီး ဘားမား၊ ဖရီး ဖရီး ဒေါ်အောင်ဆန်းစုကြည်၊ ဘာလိုချင်လဲ ဒီမိုကရေစီ၊ ချက်ခြင်း ပေး ချက်ခြင်းပေး၊ သပိတ် သပိတ် မှောက်မှောက် ကုန်းရုန်း အော်ခဲ့ကြ။ စစ်အုပ်စုတွေ၊ ခရိနီတွေ၊ အလိုတော်ရိတွေ၊ လက်ပါးစေတွေကို သပိတ်မှောက် ဆန့်ကျင်ခဲ့ကြ။ မြန်မာပြည် ဆန်ရှင်လုပ်ပြီး စစ်အာဏာရှင်တွေကို အပေါက်စုံ ပိတ်ဆို့ပြီး အကြပ်ကိုင်ခဲ့ကြတာ။ အဝေးရောက်တွေဟာ မိဝေး၊ ဘဝေး၊ မိသားစုဝေး ... ပြီးတော့ သေကွဲ ရှင်ကွဲ မသေမရှင်တွေ ကွဲခဲ့ လွဲခဲ့ကြတာတွေ နင်းကြမ်းနဲ့ ဖြစ်ခဲ့ကြရပေါ့။

အခုတော့ဖြင့် အမေရိကန်ပြည်ထောင်စုကြီးက ဆန်ရှင်တွေ ဖွင့်တော့မယ် ဆိုသတဲ့လား။ တိုင်းရင်းသား စစ်ဘေးသင့်တွေ သွေးနဲ့ စစ်ဖိနပ်ဆေးသူ တပ်မတော်ကြီးကို စတင်းဒတ်အာမီဖြစ်အောင် အရည်အသွေးတွေ မြှင့်ပေးတော့မယ် ဆိုနေပါ့ကလား။ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ တခါးမရှိ ဒါးမရှိ ၀င်ထွက်သွားလာခွင့်ရအောင် ထရိတ်ဒီးတွေ ထုတ်ပြန်တော့မယ် ဆိုပါ့ကလား။ ရင်းနှီးမြုပ်နှံမှုတွေ တားမြစ်ကန့်သတ်ချက်တွေ ဖြေလျော့ပေးတော့မယ် ဆိုပါ့ကလား။ ဥရောပက ခွဲထွက်မယ့် ဗြိတိန်ဝန်ကြီးချုပ် လက်သစ် ထရီဇာမေနဲ့ ဒေါက်ဖိနပ်ချင်း ငါတို့ အမေတို့က ယှဉ်လျောက်နေချိန်၊ မျိုးချစ်အစွန်းရောက်တွေ ရှေးရိုးစွဲတွေ နိုင်ငံရေးစမ်းထနေတဲ့ အမေရိကန်အမတ်တွေ လွှတ်တော်တွေက ငါတို့အမေကို ရွှမ်းရွှမ်းဝေ ချီးမြှောက်နေချိန်မှာ ကျနော်တို့ ခင်ဗျားတို့ အဝေးရောက်တွေအတွက် မြန်မာပြည်ဝင်ခွင့်ဆန်ရှင်တံခါးကြီးက ပိတ်ဆို့မြဲ ပိတ်ဆို့နေဆဲပါကလား .... လမ်းဘေးက အဝေးရောက်မြန်မာပရိသတ်ကြီးရယ့်။

တပ်မတော်က စစ်တန်းလျား ဒုတ်ဒုတ်ထိ ပြန်မှပဲ ငါတို့ အဝေးရောက်တွေလည်း တခါးမရှိ ဒါးမရှိ ပြန်နိုင်ကြမယ် ထင်ပါရဲ့။ အဝေးရောက်မြန်မာတွေ တိုင်းပြည်ပြန်တယ်ဆိုတာ ဆန်ရှင်မဲ့ အတိုင်းအတာ အကန့်အသတ်မဲ့ ပြန်ချင်တာကို ပြောတာပါ။ ပတ်စပို့ ရှိရှိ မရှိရှိ၊ ' မြန်မာနိုင်ငံသား ဟိတ်' လို့ ဆိုလိုက်တာနဲ့ ၎င်းသတ္တ၀ါဟာ ကိုယ့်ဇာတိတိုင်းပြည်ကို တံခါးမရှိ ဒါးမရှိ ပြန်ခွင့် ရှိရမှာပါ။ ၀န်ကြီးချုပ်ကတော် ဆရာမ အန်တီ စီစီ ပြောချင်တာ အဲဒါပါ။ တိုင်းပြည်က ထွက်ခွာရသူ အဝေးရောက်တွေအားလုံးဟာ စစ်ဘေးသင့် ဒုက္ခသည်တွေချည်းပါ။ မြန်မာပြည်နယ်စပ်က မင်းတို့ ငါတို့နဲ့ တဘ၀တည်း အသက်ရှုနေကြသူတွေချည်းပါ။ မိုးသီးဇွန်တို့ ဇော်မင်းတို့ ဇော်ဝင်းတို့ ရင်ထွေးတို့ တူမောင်ညိုတို့ ဂါမဏိတို့ အောင်ထက်တို့ ခင်လွန်းတို့ ကိုဦးတို့တွေ အားလုံး ဆရာမ ဒေါ်စီစီလို အတူတူချည်းပါ။ သူတို့မှ မဟုတ်ဘူး .... နိုင်ငံရေးဒုက္ခသည်အဖြစ် လွင့်လာခဲ့ ပြီးတော့ တပြည်တရွာမှာ အခက်အခဲမျိုးစုံဖိအားကြောင့် မိသားစုနဲ့ စကားများ ရန်ဖြစ်လို့ အမေရိကန်ဥပဒေနဲ့ အကျဉ်းချ အရေးယူခံရသူ အိုးမဲ့ အိမ်မဲ့ ဘာသာရေးချပ်ကျောင်းမှာ မှီခိုနေရသူ တိုင်းရင်းသား ညီအကိုတဦးသည်လည်း ဘာစာရွက် ရှိရိ မရှိရှိ မြန်မာပြည်သားပါ။ သူလည်း အိမ်ပြန်ချင်လှပါပြီ။ သူပြန်မယ့်အိမ်မှာ သူ့ အဖေအမေ ဘိုးဘွား အိမ်ယာ ကျန်ရစ်မယ်တော့ မထင်ဘူး၊ သို့သော် သူမြေ သူ့ဇာတိရပ်ရွာဆိုတာတော့ သူ့ဥစ္စာအဖြစ် ရှိနေတာပေါ့။ သူ့ကို ခင်ဗျားတို့ မြန်မာပြည်ကြီးက ကြိုဆိုပါ။ အမေရိကန်ရေသောက် အမေရိကန်စာ စား အမေရိကန်ပညာတွေ သင်ပြီး လူပါးဝနေသူဆိုတဲ့ မြန်မာပြည်သားတွေလည်း ပြန်ကြမှာပါပဲ။ သူတို့မှာ အိမ်ပြန်ချင်စိတ်နဲ့ အိမ်ဆိုတဲ့ အမှတ်နဲ့ တိုင်းပြည်ကို ပြန်ကြမှာ၊ လာပါ သွားပါ စားပါ သောက်ပါ လည်ပါ ပတ်ပါ ၀ိုင်းကြ ၀န်းကြပါ။ ကျနော်တို့ ခင်ဗျားတို့ မိသားစုကြီးဆိုတာ အကျယ်ကြီး အကြီးကြီး ဖြစ်အောင် တည်ဆောက်ရမှာလေ။ တခါးတွေ ပိတ်ထားလို့ မဖြစ်ဘူး မဟုတ်လား။ အိမ်တခါးတွေ ကျယ်ကျယ်ဖွင့် အိမ်ခန်းတွေ ကျယ်ကျယ် ချဲ့ထွင်ပြီး မြန်မာပြည်ကြီး အစွမ်းကုန် ရွက်လွှင့်နိုင်ဖို့ ခင်ဗျားတို့ မြန်မာပြည်ကြီးက ကြိုဆိုပါ။

၂၁ ရာစု ပင်လုံ ညီလာခံမှာ တပ်မတော်ကြီးကပြောတဲ့ NCA မူ ခြောက်ချက်တွေ ခြောက်ခွက်တွေ ကျနော်တို့ ခင်ဗျားတို့တွေဆီမှာ မလိုပါဘူးခင်ဗျား။ ကျနော်တို့က လက်နက်တွေကိုင်ပြီး ငြိမ်းချမ်းရေးတောင်းဆိုရအောင် ပြန်လာမှာ မဟုတ်ပါ။ လက်နက်တွေ မကိုင်ပဲ မြန်မာနိုင်ငံသားတွေဆိုတဲ့ အသည်းနှလုံးတွေ ကိုင်ဆောင်ပြီး ကျနော်တို့ ခင်ဗျားတို့ အိမ်ပြန်လာမှာကို ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်က ကြိုဆိုမှာလို့ ယုံကြည် ပွေ့ပိုက်ချင်လွန်းလို့ပါ ခင်ဗျား။ ကျနော်တို့က ကမာရွတ်ပြည်နယ် မတောင်းပါ။ ကမာရွတ် ဘော်ဒါဂတ် မယူပါ။ ကမာရွတ်မှာ ကျေတချစာ ဖျာလေး ငှားပြီး တရေးလောက်သာ မှေးရချင်သူပါ။

ဒေါ်အောင်ဆန်းစုကြည် အမှာစကားရှိသလို သံရုံးက 'လူ' ဆိုတာတွေနဲ့ အဝေးရောက်တွေက ချေချေငံငံ ဆက်သွယ် ပြောဆို တောင်းဆိုနေကြဆဲ ဖြစ်ပါတယ်။ နိုင်ငံခြားသားပတ်စပို့ ကိုင်ထားသူတွေထဲ အချို့ကလည်း သူတို့တောင်းတဲ့ ခံဝန်ချက် ထိုးဆို ထိုးပြီး ပြန်ကြရတာပါပဲ။ မြန်မာပတ်စ်ပို့ ကိုင်ဆောင်ထားသူတွေအချို့ကလည်း သူတို့တောင်းတဲ့ အခွန်တွေ ဘက်ဒိတ်နဲ့ ပြန်တွက်ပေးပြီး ပြန်နေကြရတာပါပဲ။ တပ်မတော်ကြီးနဲ့တောင်၊ သွေးဆာ ရန်လိုသူ စစ်အုပ်စု မျိုးဆက်တွေနဲ့တောင် သင်ပုံးချေနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ကြီးကလည်း ခုနင်က လက်နက်မကိုင် အပ်တိုတချောင်းတောင်မှ မရှိတဲ့ အဝေးရောက်တွေကို သင်ပုံးချေ အိမ်ပြန်ခွင့် ပေးနိုင်မယ် မဟုတ်ပါလား ခင်ဗျားလို့ မ၀ံ့မရဲလေး တွေးမိနေပါရယ့်။ ပြီးတော့လည်း သူတို့ လက်မှတ်ထိုးခိုင်းထားတဲ့ ခံဝန်ချက်ဆိုတာတွေဟာ ဘယ်လိုမျိုး အသက်ဝင်တော့မှာတုန်းလို့ နိုင်ကျဉ်းတွေ အမတ်ဖြစ်၊ ၀န်ကြီး ဖြစ်နေတဲ့ ဒီမိုကရေစီ ဆိုလား ပြောင်းလဲနေပြီ မြန်မာပြည်ကြီးကို မေးခွန်းထုတ်လိုက်ချင်ပါရဲ့။ ပြောင်းလဲချိန် တန်ပြီ မဟုတ်ပါလား ခင်ဗျား။

တပ်မတော်ကြီးနဲ့ စစ်အုပ်စု မျိုးဆက်တွေ က ရာသက်ပန် ပိတ်ပင် တားမြစ်ဖို့ ကြိုးစားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်တွေ ဖြစ်တဲ့ သားတွေ၊ မြေးတွေကိုလည်း မြန်မာပြည်ကြီးက ဆန်ရှင်တွေ ဖွင့်လှစ်ပြီး ကြိုဆိုလိုက်ကြပါဦးလို့လည်း ဖြည့်စွက်လိုက်ချင်ပါတယ်။ အမေရိကန်ပြည်က ပေတရာ လမ်းဘေး၊ ပလက်ဖောင်းပေါ်က အဝေးရောက်မြန်မာတွေကလည်း အမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့သားတွေ သူ့မြေးတွေကို သူတို့ပုခုံးပေါ်မှာထမ်းပြီးတော့ တိုင်းပြည်ကြီးဆီ ရွှေပြည်တော်ဆီ ပြန်ရမယ့်အချိန် မဝေးဘု ရောက်တော့မည်လို့ ဆိုလိုက်ချင်ပါတယ်။ အမေစုကို ပြောရက်သူတွေက ရွှေအိုး စိန်အိုးတွေ ရွယ်ပြီး ပြန်ခဲ့ပါတဲ့ ခင်ဗျ။ ကျနော်တို့ ခင်ဗျားတို့ လမ်းဘေးပလက်ဖောင်းပေါ်က အဝေးရောက် အညတရမြန်မာတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့သားမြေးတွေကို ရွက်ပြီးတော့သာ မြန်မာပြည်ကို ပြန်ချင်ပါတော့တယ်လို့ ပြောလိုက်ချင်ပါတော့တယ်။ သာဓု သာဓု။