မောင်ကြူးရင့် ● အိမ်တွင်းငြိမ်းချမ်းရေး



မောင်ကြူးရင့် ● အိမ်တွင်းငြိမ်းချမ်းရေး
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၆

အိမ်တွင်းငြိမ်ချမ်းရေးကို
ဘယ်သူမဆို မလိုချင်ပဲရှိပါ့မလဲ
အိမ်ဆိုတာကလည်း
ပြည့်ပြည့်စုံစုံ လုံလုံခြုံခြုံ
ခွင့်တူညီမျှ လွတ်လွတ်လပ်လပ်
ပျော်ပျော်ရွှင်ရွှင် ဖြူဖြူစင်စင်
သပ္ပါယ်စရာ ဘုရားစင်နဲ့
ကောင်းမွန်သောဧည့်ခန်း
အိပ်ခန်း စာကြည့်ခန်း
သန့်ရှင်းသော မီးဖိုချောင်နဲ့
သီးပင် စားပင် ပန်းပင် သစ်ပင်နဲ့
သားသမီးမြေးမြစ်ရဲ့ဆွဲလည်းသံနဲ့
နှစ်ဖက်ဆွေမျိုးသားချင်းတွေနဲ့
ဧည့်တွေသောင်တွေနဲ့
စည်စည်ကားကား အေးချမ်းမှသာ
စစ်မှန်တဲ့ အိမ်တွင်းငြိမ်ချမ်းရေး
ထာဝရအိမ်တွင်းငြိမ်းချမ်းဆိုတာ
အမှန်တကယ်ဖြစ်မှာပေါ့
ရှင်လည်း ဒီအိမ်ကို ပိုင်ဆိုင်တာပဲ
ကျမလည်း ဒီအိမ်ကို ပိုင်ဆိုင်တာပဲ
ရှင်လည်း ပညာတတ်ပဲ
ကျမလည်း ပညာတတ်ပဲ
ရှင်လည်း ဆွေမျိုးအသိုင်းအဝိုင်းနဲ့ပဲ
ကျမလည်း ဆွေမျိုးအသိုင်းအဝိုင်နဲ့ပဲ
ရှင်က မိုးကျရွှေကိုယ်ပဲ
ရှင်က အတ္တသမားပဲ
ရှင်က တမိုးလုံးဖျောက်ဆိတ်ပဲ
ရှင်က အိမ်တွင်းအကြမ်းသမားပဲ
ရှင်လည်း နိုင်ငံရေးစကားပြောတတ်သလို
ကျမလည်း နိုင်ငံရေးစကားပြောတတ်တာပဲ
ရှင့်လုပ်ပုံက ဒီမိုကရေစီမဆန်ဘူး
ရှင့်လုပ်ပုံက သာတူညီမျှမရှိဘူး
ရှင်နဲ့ကျမ ကောင်းတူဆိုးဘက်မဖြစ်သမျှ
ရှင့်ဘက်က မပြင်ဆင်သမျှ
အိမ်တွင်းငြိမ်းချမ်းရေးဟာ
ဝေးနေဦးမှာပဲ
ကျမက အိမ်တွင်းငြိမ်းချမ်းရေးကိုလိုချင်တယ်
အိမ်တွင်းငြိမ်းချမ်းရေးကို
မလိုချင်သူ ဘယ်သူရှိမှာလဲ

မောင်ကြူးရင့်
၂့  ၉့  ၂၀၁၆