သုံးရောင်ခြယ်နှင့် ဘကြီးမိုး


သုံးရောင်ခြယ်နှင့် ဘကြီးမိုး
(ကုမုဒြာဂျာနယ်၊ သြဂုတ် ၃၁၊ ၂၀၁၆) မိုးမခ၊ စက်တင်ဘာ ၁၀၊ ၂၀၁၆

ဖိတ်စာက သည်လိုပါ။

၂၈ နှစ်မြောက် သုံးရောင်ခြယ် နှစ်ပတ်လည်အခမ်းအနားဖိတ်ကြားလွှာ။

ပုဇွန်တောင် ညောင်ကုန်း ပြဿဒ်ကျောင်း ဆရာတော် ဦးဩဘာသကိုအမှူးထားပြီး ဝါဆိုသင်္ကန်း ကပ်လှူမည်ဖြစ်ပါ၍ ကြွရောက်ပါရန်ပေါ့။ ၂၀၁၆ ဩဂုတ်လ ၂၆ ရက်နေ့မှာ ဖြစ်ပါတယ်။

ဪသာ်…သုံးရောင်ခြယ်လည်း ၂၈ နှစ် ပြည့်ပေါ့နော်။

သုံးရောင်ခြယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အိမ်ဝင်းထဲမှာ ဝန်းရံဖို့ ရောက်ရှိနေကြတဲ့ ကျောင်းသားလူငယ်လေးတွေ ဖြစ်ပါတယ်။ သူ့တို့ကိုယ်သူတို့ သုံးရောင်ခြယ်အဖွဲ့လို့ ဆိုကြတယ်။ သူတို့တစ်တွေဟာ ဘကြီးမိုးတို့ စာရေးဆရာများ ဒေါ်စုခြံထဲကိုမရောက်ခင် ရောက်နေကြတဲ့လူငယ်တွေဖြစ်ပါတယ်။ သူတို့အထဲမှာဘကြီးမိုးရဲ့သားကြီး မောင်ပန်း သီးလည်း ပါသပေါ့။

ရွှေတိဂုံအနောက်မုခ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးလူထုအစည်းအဝေးပွဲကြီးမှာ ဒေါ်စုရှေ့က ငုတ်တုတ်ကလေးတွေနဲ့ထိုင်နေကြတဲ့ သူတွေပေါ့။ ဒေါ်အောင်ဆန်းစုကြည် ဟာ လူထုအစည်းအဝေးပွဲကြီးမှာ အဲသည်လို ရှပ်အင်္ကျီအဖြူ လက်ရှည်၊ ကချင်ပုဆိုးနဲ့ ကလေးတွေခြံရံပြီး အခမ်းအနားတက်လာပုံဟာအလွန်ပဲ ကျက်သရေရှိလှပါတယ်။

မောင်သော်က၊ ဦးဝင်းတင်၊ ဘကြီးမိုးတို့က ဒေါ်စုနံဘေးမှာလတ်လျားလတ်လျားလုပ်မ နေကြေးဆိုပြီး နောက်ကွယ်ကပဲထိုင်နေခဲ့ကြပါတယ်။ အဲသည်စင်နဲ့ အသံချဲ့စက်များကို ဆောက်ပေးစီစဉ်ပေးခဲ့ကြတာ စာပေနဲ့အနု ပညာရှင်များအဖွဲ့ ဘကြီးမိုးတို့အဖွဲ့ဖြစ်ပါတယ်။

အဲသည်ပွဲရဲ့အခမ်းအနားမှူးကတော့ ပြည်သူလူထုသိပြီးဖြစ်တဲ့ ရုပ်ရှင်မင်းသားကြီး ဦးထွန်းဝေ (လေးလေး)ပဲဖြစ်ပါတယ်။ လေးလေးဟာဘကြီးမိုးတို့တစ်တွေရဲ့အဘိယာစက ပြုလုပ်ဖိတ်ကြားချက်အရစင်ပေါ်တက်ပြီး အခမ်းအနားမှူးလုပ်ပေးရှာတာပါ။ အဲသည်လို အခမ်းအနားမှူး လုပ်ပေးတဲ့အတွက် လေးလေးဦးထွန်းဝေဟာ ရုပ်ရှင်လည်းမရိုက်ရ၊ သူ့ရဲ့ ရိုက်ပြီးသားဇာတ်ကားများကိုလည်း ရုံတင်ပြခြင်းမပြုလုပ်ရစတဲ့ blacklist စာရင်းဝင် ဖြစ်သွားလိုက်တာ လေးလေးကွယ်လွန်သည် အထိပါပဲ။

လေးလေးသာအပိတ်ခံရတာ မဟုတ်ပါဘူး။ မောင်မိုးသူတို့တစ်တွေအားလုံးလည်း အနုပညာလုပ်ငန်းလုပ်ကိုင်ခွင့်အပိတ်ခံရတဲ့အပြင် မောင်မိုးသူတို့နာမည်ကိုတောင်တခြားသူတွေကစာနယ်ဇင်းထဲမှာထည့်ရေးတာ တောင်ပိတ်ခံရပါတယ်။ မောင်မိုးသူ ဆိုရင် ၂၀ဝ၀ ပြည့်နှစ် ဒုတိယအကြိမ်မြောက် ထောင်ကလွတ်ခါမှ အနုပညာလုပ်ခွင့်ရတာ ဖြစ်ပါတယ်။

အဲသည် ရှစ်လေးလုံးခေတ်မှာ မောင်မိုးသူရဲ့အသက်ဟာ ၅၀ ကျော်ကျော်လေးပဲရှိ သေးတာမို့ ဆံပင်မည်းမည်း၊ နှုတ်ခမ်းမွေး မည်းမည်းလေးဖြစ်ပါတယ်။ အဲသည်ဒေါ်စုခြံ ထဲရောက်နေကြတဲ့ မြတ်စံတို့၊ သားကြီးမောင်ပန်းသီး တို့အပါအဝင်လူငယ်အုပ်စုက မောင်မိုးသူကိုဘကြီးမိုးလို့ ခေါ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့ကိုအကြောင်းပြုပြီးမောင်မိုးသူ ဟာ အင်န်အယ်လ်ဒီခေတ်မှ ဘကြီးမိုးဖြစ်လာရတာပါပဲ။ ၁၉၉၂ မောင်မိုးသူထောင်က လွတ်ပြီး မောင်မိုးသူဆိုတဲ့ ကလောင်နာမည်ပိတ်ပင်ခံရဆဲမို့ ဘကြီးမိုးဆိုတဲ့ကလောင် ဝှက်ယူခဲ့တာ ဖြစ်ပါတယ်။

အဲသည် သုံးရောင်ခြယ်အဖွဲ့ဝင် ကလေးတွေဟာ အဓိကတာဝန်က ဒေါ်စုတက်ရတဲ့ အခမ်းအနားတွေမှာ လိုက်လံစောင့်ရှောက်ကြရတဲ့ လုံခြုံရေးတာဝန်ယူကြရသူများဖြစ် ပါတယ်။ အဲသည်သုံးရောင်ခြယ် ကလေးတွေအများစုဟာ ကျောင်းသားလူငယ်များ ဖြစ်ကြပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းထဲမှာနေကြသူများဖြစ်ပါတယ်။ အင်န် အယ်လ်ဒီဖွဲ့စည်းပြီးတဲ့နောက် တချို့သောသုံးရောင်ခြယ်တွေဟာ အင်န်အယ်လ်ဒီလူငယ် အဖြစ်ပါဝင်ပြီး နိုင်ငံရေးလှုပ်ရှားမှုမှာပါဝင်လာကြပါတယ်။ တချို့ကတော့ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုံခြုံရေးတာဝန်ပဲယူကြပြီးခြံထဲမှာပဲ နေကြပါတယ်။

ဒါပေမဲ့လည်း ဒါပေမဲ့ပေါ့လေ။ ၁၉၈၉ ခုနှစ် ဇူလိုင်လမှာအဖွဲ့ချုပ်ကိုဝိုင်းပိတ်ဖမ်း၊ ဒေါ်စုခြံ ကိုလည်းဝိုင်းပိတ်ဖမ်းပြီး အားလုံး TE 11 ကားကြီးပေါ်တင်ပြီးထောင်ထဲကိုပို့ပါတယ်။ အဖွဲ့ချုပ်ရုံးက ဘကြီးမိုးနဲ့ မောင်ဝံသပါကြပြီး ခြံထဲက ဦးဝင်းထိန်နဲ့ကလေးများပါလာ ကြပါတယ်။ထောင်ဘူးဝရောက်တော့မှ ဘကြီးမိုး၊ မောင်ဝံသနဲ့ ဦးဝင်းထိန်တို့ကိုထောင်ထဲ မပို့ဘဲ စစ်ကြောရေးခေါ်သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒါလည်း ခုတော့ကြာပေါ့နော်။

အဲသည် သုံးရောင်ခြယ်အဖွဲ့ထဲက လူငယ်တချို့ကနိုင်ငံရေးလုပ်ကြလို့ထောင်တွေကျ၊ တချို့စတေးရှောင်ပြီး ထိုင်းရောက်ကြ၊ နောက်နိုင်ငံခြားရောက်တဲ့သူတွေရောက်ကြ ဖြစ်ကုန်ကြတာပေါ့။ ဘကြီးမိုးရဲ့သားကြီး မောင်ပန်းသီးလည်းဘကြီးမိုးတို့နဲ့အတူ ၁၉၈၉ မှာ ထောင်ငါးနှစ်ကျ (ဖအေထက် သားနှစ်နှစ်ကြီးတယ်ခေါ်ရမှာပေါ့လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘကြီးမိုးကသုံးနှစ်ပဲကျတာကိုး)။ နောက် မောင်ပန်းသီးဟာ ရွှေဝါရောင်ပွဲမှာ သူ သန်ရာသန်ရာ ဗီဒီယိုမှတ်တမ်းတင်ရာက သူ့ရဲ့ကင်မရာအဖွဲ့တွေအဖမ်းခံရ၊ သူ လည်း ထိုင်းကိုရှောင်ပြေးရာက ယခုတော့အမေရိကန် ဆန်ဖရန်စစ္စကိုရောက်နေပါပြီ။ ဟိုမှာလည်း အင်န်အယ်လ်ဒီလှုပ်ရှားမှုတွေပါတုန်းပဲတဲ့။

အဲသည် အဲသည် သုံးရောင်ခြယ်က၂၈ နှစ်ပြည့်အခမ်းအနားဖိတ်စာရတော့ သားငယ် ညီညီကိုခေါ်ပြီးမနက်ဆုံနေကျ မောနင်းစတားဆိုင်ကတစ်ဆင့် ပုဇွန်တောင်ညောင်ကုန်း ကျောင်းကိုလာခဲ့ပါတယ်။ အဲသည် ဆရာတော် လည်းသည်ကလေးတွေအကြောင်းပြုပြီး အင်းစိန် ရောက်ခဲ့ထင်ပါရဲ့။

ဟိုရောက်တော့ သုံးရောင်ခြယ်လူငယ်တွေနဲ့အတူ ရှစ်လေးလုံးပွင့်လင်းလူ့အဖွဲ့အစည်း က ကိုကိုကြီးနဲ့ ဂျင်မီတို့ကိုလည်းတွေ့ရပါတယ်။ လူငယ်ဆိုပေမဲ့အချိန်အားဖြင့် ၂၈ နှစ်ကြာပြီမို့ ခုဆိုရင် ၅၀ တန်း၊ တချို့လည်း ၅၀ ကျော်ဖြစ်ကုန်ကြပြီပေါ့။ ဘကြီးမိုးပဲ ၈၀ ရှိပြီပဲ။

ကျောင်းတိုက်ထဲမှာ အများစုကကျောင်းပေါ်မှာရှိကြလို့ ဘကြီးမိုးကိုတက်ပါဦးဆိုပေမဲ့ ဘကြီးမိုးမတက်နိုင်ပါ။ ဒါပေမဲ့ အောက်ကကျောင်းမှာ ဆရာတော်သံဃာတော်များကို ဆွမ်းကပ်လေတော့ ကပ်ပါဦးဆိုလို့လှေကားသုံးထစ်ကို အတော်တက်ပြီးဆွမ်းကပ်ရပါ တယ်။

ဆရာတော်သံဃာတော်တို့ ဆွမ်းစားအပြီးဘကြီးမိုးကိုထမင်းစားဖို့စီစဉ်ကြပေမဲ့ ဘကြီး မိုးက ပြန်မယ်ဆိုတော့သုံးရောင်ခြယ်အဖွဲ့သားများနဲ့ ဘကြီးမိုးစုပြီးဓာတ်ပုံရိုက်ကြပါတယ်။ ပြီးတော့ သားငယ်နဲ့အတူ ဘကြီးမိုးပြန်လာခဲ့ပါ တယ်။

သုံးရောင်ခြယ်နှင့် ဘကြီးမိုးပါ။