နေစိမ့် - ဖြတ်ထုံး



နေစိမ့် - ဖြတ်ထုံး
(မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၆
မဟာပထဝီမြေကြီးက ငါ့ဝိညာဉ်
ငလျင်ကိုခံနိုင်ရည်ရှိဖို့က
ငါကိုယ်တိုင်ငလျင်ဖြစ်လိုက်ရုံသာ
ဒါဟာ ဓာတ်ကြီးလေးပါးရဲ့ပွတ်တိုက်မှု
သယံဇာတတွေစိတ်ဝမ်းကွဲမှု
အစုလိုက်အပုံလိုက်ရှိနေသေးတာက
ပြိုကျတဲ့အပျက်အစီးတွေလို
အသိုက်ထဲကြက်ဝင်ယက်သွားတဲ့အတိုင်း
တွေ့လား
စားခွက်လုနေကြတဲ့ငရဲသားတွေ
ကမ္ဘာသာပျက်သွားမယ်ဝေစုမတည့်တဲ့အပေးအယူနဲ့
ရာဇဝင်မှာမျက်နှာမများခဲ့တာ
ရေများရာရေမစီးခဲ့တာ
လာဘ်ပေးလာဘ်ယူကင်းရှင်းခဲ့တာ
သစ္စာတရားကို မြင်းလိုစီးခဲ့ပါတယ်
အခု ဖြစ်ပျက်နေပုံက
သမိုင်းဝင်မှာမဟုတ်လို့
ငါ့ ရူးသွပ်မှုကိုကြိုတင်မှာကြားသူများအတွက်သာ…