ဇာနီကြီး ● အဂတိ (ငွေပါဝါ) ကို ဆိုရှယ်မီဒီယာဖြင့် တိုက်ဖျက်ခြင်း


ဇာနီကြီး ● အဂတိ (ငွေပါဝါ) ကို ဆိုရှယ်မီဒီယာဖြင့် တိုက်ဖျက်ခြင်း
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၆

ဒီအကြောင်း လူတွေစိတ်မဝင်စားသလို လူတိုင်းလဲသိပြီးသားဆိုတော့ ရေးလဲမရေးချင်ပါ။ မြန်မာ့အမျိုးသမီးသမဂ္ဂ (BMU) ၏ ထုတ်ပြန်ချက်ကတော့  ပြဿနာများ အရင်းအမြစ်များကို စုပေါင်းအဖြေရှာသည့်အခါ တရားဥပဒေ စိုးမိုးမှုမရှိခြင်းနှင့် အုပ်ချုပ်ရေးစနစ်အတွင်း လာဘ်စားမှုများ၊ ဘက်လိုက်မှုများ ဆက်လက်အားကောင်းနေဆဲကြောင့်သာ ပြဿနာများ ဖြစ် ပွားနေရခြင်းဖြစ်ကြောင်းလို့ သိရပါတယ်။ မှန်လှပါတယ်။ ကမ္ဘာ့ Corruption Index မှာ မြန်မာနိုင်ငံက အောက်ဆုံးမျာ ရောက်နေဆဲပါပဲ။ နဲနဲတော့ တိုးတက်လာလို့ ဝမ်းသာမျှော်လင့်မိပါတယ်။

(၁)
အခုတလော ယာဉ် (ဆိုင်ကယ်) စည်းကမ်းဖေါက်တဲ့ ဖမ်းခံရတဲ့ ပြည်သူတွေကို ဒဏ်ငွေများစွာနဲ့ ဖမ်းဆီးနေကြပါတယ်။ တကယ်တော့ ပညာပေးကာလအနေနဲ့ ရပ်ကွက် လမ်းသန့်ရှင်းရေးလုပ်ဖို့ ဒဏ်ပေးခြင်းက အကောင်းဆုံးနည်းလမ်းပါ။ အခု တော့ ယာဉ်ထိန်းရဲ ကညန လမ်းစည်းကမ်းထိန်းအဖွဲ့ ဝန်ထမ်းတွေ အာဏာပြလုပ်စားသလို ဖြစ်နေပါပြီ။ တနေ့လုပ် တနေ့ စားတွေအတွက် ဒဏ်ငွေတွေလည်း မနည်းပါ။

ဒဏ်ငွေ အခွန်ငွေတွေ အစိုးရလက်ထဲ မရောက်ဖို့များပါတယ်။ ရပ်ကျေး မြို့နယ် ဌာနဆိုင်ရာများက ဘတ်ဂျတ်ဆိုတာ ပွင့် လင်းမှုမရှိတာ ကြာပါပြီ။ ရသုံးငွေစာရင်း ရုံးတိုင်းမှာ လစဉ် ကပ်ထားသင့်ပါတယ်။

(၂)
အခုတော့  တပြည်လုံး ကျေးရွာမကျန် လိုင်စင်မဲ့တွေကို ဒဏ်ငွေ သောင်းနဲ့ချီ ရိုက်စားနေတယ်။ ယာဉ်တွေကို သိမ်းတယ်။ ကား/ ဆိုင်ကယ် လိုင်စင်လုပ်ဖို့ကလည်း ခက်အောင် ကညနလုပ်စားပြန်တယ်။ ထုံးစံအတိုင်း ဖမ်းဆီးမှုတွေလုပ်လိုက် နား လိုက် ဖြစ်မှာပါပဲ။

အဆိုးဆုံးက အာဏာပိုင်တွေနဲ့ ပြည်သူတွေ တယောက်နဲ့တယောက် မလေးမစား အော်ငေါက် ကြမ်းတမ်းစွာ ပြောဆိုမှုပဲ။ ဘယ်လောက်ငြင်းငြင်း နောက်ဆုံးတော့ အာဏာပိုင်တွေပဲ နိုင်သွားတာပါပဲ။

ပြည်သူ အများစုကကြောက်ပြီး ငြိမ်နေပေမဲ့ တချို့ကတော အခြေတင်ပြောကြတယ်။ အပြစ်ရှာခံရရင် အပြစ်တော့တွေ့ တာပါပဲ။ တာဝန်ဝတ္တရား နှောက်ယှက်မှုဆိုတာနဲ့ ပြန်ခြိမ်းခြောက်တဲ့ အာဏာပိုင်တွေလည်း ရှိပါတယ်။

ရှုံးသွားတဲ့ ပြည်သူကတော့ ဖေ့ဘုတ်က ဖွရုံပဲရှိတော့တယ်။ သတင်းစာ ဂျာနယ်ထဲ ထည့်နိုင်ဖို့လည်း မလွယ်။ အနိုင်ကျင့်ခံ ရပြီးမှ အစိုးရဌာနတွေကိုတိုင်ကြားဖို့ လွှတ်တော်ကိုယ်စားလှယ်ကို တိုင်ကြားဖို့ကလည်း ပြောသလောက်မလွယ်တော့ ဖေ့ ဘုတ်ပေါ်ပဲ ရောက်လာပါတယ်။

(၃)
ကျနော်ကိုယ်တိုင် ရန်ကုန်ရောက်စ မလည်ဝယ်လို့ ကားကရိန်း ဆွဲခံရတော့ ဆွဲခ ၅ သောင်း စည်ပင်ဒဏ်ကြေး ၂ သောင်း တနေကုန် အလုပ်ပျက် လူတယောက် လိုက်လုပ်ရပါတယ်။ ဒဏ်ငွေဆောင်တာလည်း လုပ်စားစနစ်တွေ တိုးတိတ် စာရင်းမ သွင်းတဲ့ အဂတိတွေရှိပြီး၊ စာရင်းသွင်းတဲ့ ဒဏ်ငွေတွေလည်း စည်ပင်သူဌေးကြီးများက ခြစားပစ်နိုင်ပါတယ်။ ဇီးသီးဗန်း မှောက်တာတွေ အစိုးရသစ်က မနိုင်မနင်း လုပ်နေရပါတယ်။ အာဏာပိုင်တွေနဲ့ အငြင်းပွားမိတဲ့ ကျနော်လည်း စကားပြောဆင်ခြင်ဖို့ကိုယ်ချည်းရှုံးမှာသေချာလို့ နောက်နောင်မပတ်သက်မိဖို့ သင်ခန်းစာ များစွာရခဲ့ပါတယ်။ စိတ်ပျက်ခြင်းကြီးစွာ ဖြစ် ရပါတယ်။  ယာဉ်ထိန်းရဲနဲ့ပတ်သက်မိတိုင်း ကျားသနားမှ နွားချမ်းသာရမဲ့ အခြေနေပါ။

(၄)
Sep 2016  လွှတ်တော်မှာ လဝက မှတ်ပုံတင်ဌာန လာဘ်စားမှုကို မေးခွန်းကို လဝကဝန်ကြီး ဖြေပါတယ်။  ဆွေးနွေးကြ ပါတယ်။ အထက်အမိန့်စာထုတ်ထားတာကလည်း ပြည်သူကို ဒုက္ခရောက်အောင်လုပ်ထားသလို ဖြစ်နေတယ်လို့ လွှတ် တော် ဥက္ကဌ ဦးဝင်းမြင့်ကိုယ်တိုင် ပြောယူရပါတယ်။

ဌာနဆိုင်ရာ အာဏာပိုင်တွေနဲ့ သူတို့ဂိုဏ်းသားတွေ အဂတိလိုက်စားနေတဲ့ခေတ်ကို ဝန်ကြီး ဒုဝန်ကြီး အသစ်တွေ မနည်း လုပ်နေရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကတော့ လွှတ်တော်မှာပြောပေးတာပဲ ကျေးဇူးတင်စရာပါ။

(၅)
အခုကိစ္စ  မော်တော်ဆိုင်ကယ်များ ဖမ်းဆီးခြင်းမှာ အခြေခံလူတန်းစားတွေကို နှိပ်ကွပ် ဒဏ်ငွေရိုက်နေတာ မလုပ်သင့်ပါ။ ပ ညာပေး အရင်လုပ်ရပါမယ်။ ရပ်ကွက်လမ်းတွေမှာ စည်းကမ်းဖေါက်သူများ စာရင်းကပ်ထာရပါမယ်။ စာအုပ်နဲ့ စည်း ကမ်းဖောက် မှတ်တမ်းထားသင့်ပါတယ်။ ပြည်သူအများစုက အရှက်တရားရှိလို့ စည်းကမ်းလိုက်နာလာကြမှာပါ။ ပထမ လမ်း  အမှိုက်ကောက် အပြစ်ဒဏ်ပေးပြီး  ဆက်ဖမ်းခံရမှ ဒဏ်ငွေရိုက်သင့်ပါတယ်။

မြို့ရွာများက လမ်းစည်းကမ်း ယာဉ်စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့တွေ  လူသစ်တွေနဲ့ ပြန်ဖွဲ့နေကြပါတယ်။ ဌာနဆိုင်ရာချည်း မဟုတ်ပဲ ကော်မတီဝင်တဝက်ကို ပြည်သူလူထုထဲက ရွေးထည့်မှ တရားမျှတမှာ ဖြစ်ပါတယ်။

(၆)
ဒဏ်ငွေပေးစနစ်ကလည်း အဂတိမရှိအောင် ပုဂ္ဂလိက ဘဏ်အကောင့်ထဲ ဒဏ်ငွေသွင်းခြင်းနည်းလမ်းပဲ မလုပ်မဖြစ် လုပ်ရ ပါမယ်။

ငွေသွင်းဖြတ်ပိုင်း ကော်ပီပဲ ဌာနဆိုင်ရာများက သိမ်းရမှာပါ။ အခုဖြစ်နေတာ မူရင်းပြေစာ ဖြတ်ပိုင်းတွေကို ဌာနဆိုင်ရာတွေက အပြီးသိမ်း အစဖျောက်သလို လုပ်နေပါတယ်။ ဖြတ်ပိုင်းမူရင်းကို ဒဏ်ငွေပေးဆောင်သူပဲ သိမ်းထားရပါမယ်။ ဒဏ်ငွေ ကားနံ ပါတ်နဲ့ ဘဏ်ကောင့်မှာသွင်းလိုက်ရင် လွယ်လွယ်လေးနဲ့ ပြီးမဲ့ကိစ္စ ရှည်လျား ထွေပြားစွာ ငွေလက်ခံနေတာ စိတ်ပျက်စရာပါ။

နိုင်ငံတော်ကရမဲ့ အခွန်ငွေ ဒဏ်ကြေးငွေ အခကြေးငွေအားလုံး နိုင်ငံတော်လက်ထဲရောက်သွားတာ ပြည်သူလူထု လိုလား ချက်ပဲဖြစ်ပါတယ်။ နိုင်ငံဝန်ထမ်းများ လစာနဲ့ စားဝတ်နေရေး အဆင်ပြေဖို့လိုပါတယ်။  လောဘမကြီး အဂတိမစားဖို့ ဌာန ဆိုင်ရာ လောကမှာလည်း ပညာပေးကာလ ၁ နှစ်ဖြစ်စေ လိုအပ်နေပါပြီ။ တော်တော်ဆိုးနေသူများကိုတော့ ထုတ်ပယ် အ ရေးယူရပါမယ်။

(၇)
ဌာနဆိုင်ရာများ အာဏာပိုင်အဖွဲ့အစည်းများရဲ့ အဂတိ လိုက်စားမှုများက ပညာရေးနဲ့ ကျန်းမာရေးကို တင်းကြပ်လိုက်တော့ တော်တော်လေးနည်းသွားတာ အလွန်ဝမ်းသာစရာ ကောင်းပါတယ်။ ကျောင်းပြင်ပ ကျူရှင်ပြခြင်း ဆေးရုံ ခွဲစိတ်ခ လက် ဆောင်ငွေယူခြင်း အနည်းအကျဉ်းရှိနေဆဲပေမဲ့ အရင်ထက် အများကြီးတိုးတက်လာပါတယ်။

ကိုယ်တွေ့အရဆိုရင် အစိုးရဌာနတွေကို မသွားရဲလောက်အောင် စိတ်ပျက်မိပါတယ်။ လူများများနဲ့ ဆက်ဆံရတဲ့ဌာနတွေ ကတော့ သူဌေးဝန်ထမ်းများပါ။
 

အချမ်းသာဆုံးကတော့ စည်ပင်ဌာန ဖြစ်ပါတယ်။ ငါတို့ဌာနတံဆိပ်က မြန်မာနိုင်ငံမြေပုံမို့လို့ တနိုင်ငံလုံး ပိုင်တယ်ကွဆို ပြီး ဘဝင်မြင့်ကြပါတယ်။

• ဆက်သွယ်ရေး (လိုင်းဖုန်း လိုင်းအင်တာနက်ဖြတ်ခံရခြင်း)
• လျှပ်စစ်မီး (မီးဖျက်ခံရခြင်း)
• ကညန မော်တော်ယဉ်ဌာန လိုင်စင်များ
• လဝက မှတ်ပုံတင် (အချိန်ကာလမရှိ ကြန့်ကြာစေခြင်း)
• မြေစာရင်းဌာန
• တရားရုံးများ
• ပြည်သူ့ရဲနှင့် ယာဉ်ထိန်းရဲ
• အခွန်ဌာန
• အုပ်ချုပ်ရေးဌာနများ

ဒီဌာနများက ပြည်သူလူထုနဲ့ တိုက်ရိုက်ဆက်ဆံရတော့ လုပ်ငန်းခက်ခဲစေတဲ့ အထက်အမိန့်များနဲ့ အလွန် အဂတိလိုက်စား နေကြပါတယ်။

ငွေကြေးပြသနာများ အိမ်မြေ တရားမဝင် ပေါင်နှံထားမှုတွေ တတိုင်းပြည်လုံးမှာ လယ်ပေါင် မြေပေါင်တွေ အရောင်းစာချုပ်နဲ့ တရားမဝင် ငွေတိုးကြီး လုပ်စားပြီး အပေါင်ခံတယ်။ ၂ လ ၃ လ အတိုးမပေးနိုင်ရင် သိမ်းတယ်။ သိမ်းလို့မလွယ်ရင် တရားရုံး တင် ထောင်ချတယ်။ တရားရုံးက လယ်မြေအိမ်တွေ လေလံတင် ရောင်းချတယ်။

စီပွားရေးလုပ်ငန်းနဲ့ပတ်သက်ရင်  အလုပ်ကိုင်များစွာပေးတဲ့ နိုင်ငံတကာ ရင်းနှီးမြှုတ်နှံမှုတွေ မလာတာ East of doing business အလွန်ဆိုးဝါးလို့ ဖြစ်ပါတယ်။ ပြည်တွင်း စီးပွားရေးလုပ်သူကတော့ မတတ်သာပါ။ နိုင်ငံတော်က  အခွန်မရ၊  ဥပမာ အခွန်ရှောင်ခြင်းကို လုပ်နေကျဖြစ်သလို အခြားအဖိုးအခများလည်း တောင်းရင် ညှိပေးလိုက်ရတာ လုပ်ငန်းရှင်တိုင်း သိပြီးသားပါ။ စီးပွားရေး လိုင်စင်ပါမစ် အခွန်အခ အဂတိတွေကိုတော့ နိုင်ငံတော်က လုပ်ရမဲ့ကဏ္ဍမို့လို့ မရေးလိုပါဘူး။ သာ မန် ပြည်သူလူထုများစွာနဲ့ ဆက်ဆံရတဲ့ဌာနတွေပဲ ဘယ်လိုမီဒီယာနဲ့ တိုက်ဖျက်ဖို့နည်းလမ်း ရှာကြည့်တာပါ။

(၈)
●  မီဒီယာနည်းလမ်း
တောင်ကိုးရီယား အဂတိတိုက်ဖြတ်ရေးကို အင်တာနက်ဝက်ဆိုဒ်မှာတင်ပြ တရားခံများကို အရှက်ရစေပြီး မှတ်တမ်းတင် အရေးယူပါတယ်။ တရုတ်ပြည်ကတော့ သေဒဏ်နဲ့ အပြင်းထန်လုပ်ပါတယ်။ စင်ကာပူကတော့ ခေါင်းဆောင်တွေကို ကုမ္ပဏီ ကြီးများရဲ့လစာအတိုင်း လခ အခွင့်ရေးပေးနည်း သုံးပါတယ်။ အင်ဒိုနီးရှားမှာတော့ အဂတိတိုက်ဖြတ်ရေးအဖွဲ့ကို အာဏာများစွာ ပေးထားပါတယ်။

မြန်မာနိုင်ငံအတွက်တော့ လောလောဆယ် အစိုးရသစ်က ရင်ကြားစေ့စပ်ရေး ငြိမ်းချမ်းရေးတွေ ဦးစားပေးနေချိန် အဂတိ တိုက်ဖြတ်ရေး အားစိုက်မလုပ်နိုင်သေးပါဘူး။ လုပ်ရင်လည်း အားနာစရာ ဖြစ်နေမှာပါ။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကို Myanmar Now က သတင်းထောက်ချုပ် ကိုဆွေဝင်းက အိမ်ဖော် မိန်းမငယ်၂ ဦးကို အင်းဝအပ်ချုပ်ဆိုင်သူဌေးက လူမဆန် ညှဉ်းပမ်းနှိပ်စက်ခြင်း အမှုဖြစ်လာပါတယ်။  မီဒီယာနဲ့ ဖော်ထုတ်ပေးမှုက စံနမူ နာဖြစ်ပါတယ်။

အဂတိတွေကို မီဒီယာက တင်ပြရေးသားမှုကလည်း လူကိုယ်တိုင် တိုင်ကြားမှုတွေကို တိုင်ကြားစာအဖွဲ့ရှိတော့ အရင်ထက် ကောင်းလာပါတယ်။ ဒါပေမဲ့ အစိုးရကိုယ်တိုင်က အားစိုက်အရေးမယူချိန်မှာ အောက်ခြေ ရပ်ကျေး တာဝန်သိ မီဒီယာအဖွဲ့ အင်အားများနဲ့ပဲ ဖော်ထုတ်ဖို့အရေးယူဖို့ပါ။ 

ဒါကြောင့်  ရပ်ကျေး မြို့နယ် အဆင့်တိုင်းမှာ အဂတိလိုက်စားမှုတွေကို မီဒီယာနည်းနဲ့ပဲ တိုက်ဖျက်ရမှာ ဖြစ်ပါတယ်။

(၉)
အစိုးရ မလုပ်နိုင်သေးရင် တာဝန်သိသူများ မီဒီယာနည်းလမ်းကတော့ ...

• ရပ်ကျေးတွေမှာ အဂတိတိုင်စာများကို မှတ်တမ်းတင်တဲ့ ဝက်ဆိုဒ်တခုကို တာဝန်သိသူများက ထူထောင်ရပါမယ်။ ၂၀၁၅ ရွေးကောက်ပွဲ  mVoter 2015 အဖွဲ့လို လူငယ်များက လုပ်ပေးနိုင်ပါတယ်။ App အဖြစ် လင့်လုပ်ပြီး Data Update လုပ်နိုင် ပါတယ်။
• ဝက်ဆိုဒ်မှာ တိုင်စာများထည့်ပေးထားရပါမယ်။
• ကိုယ် ရပ်ရွာတိုင်းမှာ တာဝန်သိ မီဒီယာသမားတွေ အဖွဲ့အစည်း ဖွဲ့ပါ။
• အဖွဲ့အစည်းကတဆင့် အဂတိလိုက်စားမှု တိုင်စာတွေကို တိုင်ကြားသူကိုယ်တိုင်ရဲ့ မှတ်ပုံတင် လိပ်စာနဲ့ မှတ်တမ်းတင်ပါ။ သက်ဆိုင်ရာက အရေးယူမှု အခြေအနေကို လစဉ် Update လုပ်ပါ။

ရပ်ကျေး ပြည်သူလူထုနဲ့ ဆိုရှယ်မီဒီယာများကပဲ လုပ်ဆောင်မှ ဌာနဆိုင်ရာ အဂတိများ အလျင်အမြန် နည်းပါးသွား မှာ ဖြစ်ပါတယ်။ Facebook နည်းလမ်းက တင်ပြီး ကောက်ရိုးမီးလို ပြန်ရှာရခက် ပျောက်သွားတာမို့ ဝက်ဆိုဒ်နည်းလမ်းနဲ့ပဲ မှတ် တမ်းတင်ထားဖို့ဖြစ်ပါတယ်။

● နိဂုံး
ဒီကိစ္စ ကြာဦးမယ်လို့ ပြောဆိုရေးသားကြပါတယ်။ စက်တင်ဘာ ၂၀၁၆၊  ကမ္ဘာ့ကုလသမဂ္ဂ ညီလာခံမှာ ဒေါ်အောင်ဆန်းစု ကြည် ပြောသွားပါတယ်။ မြန်မာနိုင်ငံ Corruption က တော်တော်ဆိုးပါတယ်။ လာဘ်ပေး လာဘ်ယူတာကိုပဲ မဟုတ် တော့ပါဘူး။ ယဉ်ကျေးမှုထဲစိမ့်ဝင်မှုအဆင့်ထိ ဖြစ်နေပါတယ်။ ကမ္ဘာက ကူညီပေးကြဖို့ မြန်မာခေါင်းဆောင်တယောက်က တောင် ပြောယူရပါတယ်။ ပထမရေးသွားသလို တရားဥပဒေ စိုးမိုးမှုမရှိခြင်းနှင့် အုပ်ချုပ်ရေးစနစ်အတွင်း လာဘ်စားမှုများ၊ ဘက်လိုက်မှုများ ဆက်လက်အားကောင်းနေဆဲကြောင့်ပါ။  အဂတိလိုက်စားခြင်းတိုက်ဖျက်ဖို့  ပြည်သူများကိုယ်တိုင် လိုက် ပါလာရင် လျှင်မြန်စွာ လျော့နည်းသွားမှာပါ။

ဇာနီကြီး
၂၁ စက်တင်ဘာ ၂၀၁၆