ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မင်းကိုနိုင် ● ဘယ်ကျောင်းမှာ နေလဲ

 

မင်းကိုနိုင် ● ဘယ်ကျောင်းမှာ နေလဲ
(မိုးမခ) စက်တင်ဘာ ၁၂၊ ၂၀၁၆
ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။

“ပြဿနာတော့ တက်နေပြီ ဦးဦးရေ”

“ဘာဖြစ်လို့လဲ”

“နောက်ဆို ကျောင်းကို အိမ်က ကားနဲ့ လိုက်မပို့ရတော့ဘူးတဲ့၊ မိဘတွေ ဒေါကန်နေပြီ”

“အဲဒါ ဘာဖြစ်လဲ၊ ကိုယ်တောင် သက်သာသေး”

“အာ၊ စိတ်မချဘူးလေ၊ ဖယ်ရီတို့၊ ဘတ်စကားတို့ဆိုတာ ကိုယ်တိုင် မိဘလောက် ဘယ်စိတ်ချရမလဲ”

“တစ်ကမ္ဘာလုံး ဒီလိုပဲ ဖယ်ရီနဲ့ ကျောင်း တက်နေကြတာပဲဟာ၊ အေးပေါ့လေ၊ လက်ရှိ ဖယ်ရီတွေက စိတ်မချရတာလည်း ပါတာပေါ့၊ နေပါဦး၊ သမီးတို့၊သားတို့ကို ဘာကိစ္စ ကိုယ့်မြို့နယ်မှာ ကိုယ်မတက်ရဘဲ မြို့ထဲက ကျောင်းတွေ သွားထားကြတာ လဲ”

“သိဘူးလေ၊ အဖေတို့ မေးကြည့်ပေါ့”

“သက်သက် ဒုက္ခရှာလို့၊ နီးရာ ကျောင်းထားလည်းရတာပဲ၊ ဆင်ခြေဖုံး ကျောင်းတွေက ထွက်လာတယ်ဆိုတာ ဂုဏ်ငယ်တယ် ထင်လို့လား၊ ဒီမှာမို့ ရှုပ်နေတာဂျပန်မှာဆို အနီးဆုံး ကျောင်းပဲထား၊ ဘာမှ ရှုပ်မနေနဲ့၊ ဘယ်လူကြီးသားသမီးမှ ဘယ်ကျောင်းမှ စုပြီးထားတယ်ဆိုတာ မရှိဘူး”

“ဒီမှာလည်း စည်းကမ်းက ကိုယ့်မြို့နယ်ပဲ ကိုယ်ထားရတာပါ”

“ဒါဖြင့် သမီးတို့က မြို့ထဲကျောင်းတွေ ဘာလို့ရောက်နေတာလဲ”

“ဒါကတော့ ပုံစံ ၁၀ ခဏ လှည့်လိုက်ပြီး နေရပ်လိပ်စာ၊ အဲဒီမြို့နယ်မှာလို့ ညာရတာပေါ့”

“ကောင်းရော၊ ကလေးတွေ စိတ်ထဲ ဘယ်လို ထင်သွားမလဲ၊လိုချင်တာရဖို့ လိမ်သင့်ရင်လည်း လိမ်ရမှာပဲလို့ မှတ်သွားတော့ မှာပေါ့”
-/-*-*-/-

“ချင်းပြည်နယ်က ကလေးတွေ ဘယ်လိုလုပ်မလဲ၊ တောင်ပေါ်တောင်အောက် နေ့တိုင်း ဆင်းလိုက် တက်လိုက်နဲ့ ကျောင်း သွားတက်ကြရတာ၊ ဘယ်လူကြီးမှ လိုက်ပို့စရာမလိုပါဘူး”

“ဟုတ်လား၊ တကယ်လား”

“သေချာတာပေါ့”

“သူတို့လည်း ဘာလို့ အဝေးကြီး သွားတက်ကြလဲ၊ ကိုယ့်ရွာကကျောင်း ကိုယ်တက်ပေါ့ တူတူပဲလေ”

“ရွာတိုင်းမှာ ကျောင်း မရှိဘူးလေ၊ အနီးဆုံး ကျောင်းမှာတက်ကြရတာပဲ၊ သမီးတို့လို ဂျီးများပြီး ဝေးရာသွားတာမဟုတ်ဘူး၊ အနီးဆုံးကျောင်းကိုက တောင်တွေ ကျော်ပြီးသွားရတာလေ”

“အို၊ ဟုတ်လား၊ မေမေတို့ဆို စိတ်ချမှာ မဟုတ်ဘူး”

“ဒါကတော့ ဘ၀က သင်ပေးသွား လိမ့်မပေါ့ကွယ်၊ ဂျပန်မှာဆိုလည်း မူလတန်းကလေးတွေဟာ ကိုယ့်ဟာကိုယ် တဒေါက် ဒေါက်နဲ့ လျှောက်သွားနေကြတာပဲ၊ ဘယ်မိဘမှကျောင်းလိုက်မပို့ပါဘူး”
“တောင်တွေ ကျော်ရတာပဲလား”

“မဟုတ်ဘူးလေ၊ ကိုယ့်မြို့ထဲ ကိုယ်တက်တာ ကားလမ်းတွေ ကိုယ်တိုင် ဖြတ်ကူးသွားနေကြတာ၊ အဖော်မပါဘဲ မကြောက်
ကြတာ ပြောတာ”

“ဟာ၊ ဒီမှာ ဘယ်ရမလဲ”

“အေးပေါ့ကွာ၊ ဟိုမှာက ကလေး တစ်ယောက် လျှောက်လာတာမြင်တာနဲ့ ကားတွေက အရှိန်လျှော့ပြီး ရပ်ပေးပြီးသားကို”

“ဒီမှာက ကလေးသူခိုးတွေလည်း ရှိသေးတယ်လေ”
-/-*-*-/-

“ထိုင်းနိုင်ငံ မဟာချိုင်ဆိုတဲ့ နေရာမှာ တို့နိုင်ငံက ကလေးတွေအများကြီးကွ၊ သူတို့မိဘတွေက ရွှေ့ပြောင်းလုပ်သားတွေပေါ့၊ အဲဒီမှာ အလုပ် သွားလုပ်နေတာ သူတို့ ဘယ်လိုစာသင်ရသလဲ သိလား”

“မသိဘူးလေ၊ သမီးတို့လို မဟုတ်ဘူးလား”

“မတူဘူးပေါ့ကွာ၊ ဘုန်းကြီးကျောင်းတွေမှာ ဒီလိုပဲ စာသင်ခန်းတွေဆောက်ပြီး ဆရာ၊ ဆရာမတွေက လာသင်ပေးကြတာ၊ ဖိလစ်ပိုင်က ဆရာမတွေတောင် လာသင်ပေးကြတယ်၊ စေတနာ့ဝန်ထမ်းအဖြစ် လာသင်ပေးတာပေါ့”

“ဒါဆို ဘာစကားနဲ့ သင်မလဲ”

“အဲဒါ စိတ်ဝင်စားစရာပေါ့ကွ၊ အဲဒီ ဆရာမလေးက ကလေးတွေစကားကို အရင်သင်ရတယ်၊ မွန်တွေ၊ ဗမာတွေပါနေတော့ ကလေး တွေဆီက အဲဒီစကားတွေ အရင်သင်ပြီးမှ အင်္ဂလိပ်စာသင်ပေးနေတာ”

“မလွယ်ဘူးနော်”

“ဒါပေါ့၊ စာသင်ဖြစ်အောင် ကြိုးစားနေရတာပဲ”
-/-*-*-/-

“ရန်ကုန်လို မြို့ကြီးတွေမှာ ကလေးတွေ ကျောင်းတက်ကျောင်းဆင်းချိန်ဆို ကားမောင်းသူတွေ ငိုချင်အောင် ငြိုငြင်ကြ တယ်လို့ ညည်းကြတာ ကြာပြီ။ အခု သမီးတို့ ရပ်ကွက်ထဲမှာပဲ ကြည့်၊ မြို့ထဲက သမီးတို့နဲ့ တစ်ကျောင်းတည်းအတူ တက်ကြ သူတွေ မရှိဘူးလား”

“ရှိတာပေါ့၊ သမီးတို့ လမ်းထဲမှာတောင် ရှိသေးတယ်”

“အဲဒါ ဖယ်ရီ စုပြီး မငှားကြဘူးလား”

“ဟင့်အင်း၊ ကိုယ့်အိမ်က ကားနဲ့ ကိုယ်ပဲ ပို့ကြတာပေါ့”

“အဲဒါသာကြည့်၊ ကလေးတစ်ယောက် ကားတစ်စီးတွေများတော့ ဒီမြို့လမ်း မပိတ်ခံနိုင်ပါ့မလား”
-/-*-*-/-

“တစ်ခုတော့ ပြောရမယ်၊ ဖယ်ရီတွေက ဘယ်လောက်အာမခံနိုင်မလဲ၊ ကား ကြံ့ခိုင်မှုကော၊ ကလေးတွေ အန္တရာယ်ကင်းအောင် ဘယ်လောက် ဂရုစိုက် မောင်းကြမှာလဲဆိုတာကော”

“ဖယ်ရီမောင်းတဲ့ လူတွေလား”

“သူရော တခြား ကားမောင်းတဲ့သူတွေ ရောပေါ့။ ကလေးကျောင်းဖယ်ရီကို ဦးစားပေးရမှာမျိုး၊ ကလေးတွေ အတက်အဆင်း လုပ်ချိန် နောက်ကား၊ ရှေ့ကားတွေက ရပ်စောင့်ပေးတာမျိုး လုပ်ကို လုပ်ရမယ်။
-/-*-*-/-

“တတ်နိုင်သူတွေကသာ ဒါတွေ တွေးနေကြပါကွာ၊ ဦးဦး ဟိုတစ်ခါပြောပြတဲ့ ကျောက်မဲဘက်က စစ်ရှောင်စခန်းမှတ်မိလား”

“မှတ်မိတာပေါ့၊ တောထဲကပြေးလာရင်း ဖိနပ်ကျန်ခဲ့လို့ သွားပြန်ယူမယ်ဆိုတာ ဝိုင်းတားရတာလေ ”

“အေး၊ အဲဒီကလေးတွေ ဆယ်တန်းဖြေတာ ၃၀၊ အောင်တာ ၃ ယောက်၊ ကျန်တဲ့ ကျတဲ့ကလေးတွေရော ၉ တန်း အောင်တွေရော၊ ဒီနှစ် ဆယ်တန်းဖြေဖို့ မြို့ပေါ်မှာ ယာယီ အိမ်ငှားပြီးနေဖို့၊ စားဖို့ပါ ဝိုင်းကူပြီး စီစဉ်ပေးထားရတယ်”

“ကလေးတွေအတွက် နေစား စရိတ်ငြိမ်း အခမဲ့ ဆိုတော့ဝမ်းသာပြီး ရောက်လာကြ၊ စာတွေ အော်ကျက်နေကြတာ အားရစ ရာကြီး၊ ဒါပေမဲ့ တချို့က မလာကြဘူး၊ ဘာလို့လဲသိလား”

“မသိဘူးလေ၊ အပြင် ဘော်ဒါတွေ ကျောင်းသွားအပ်တာလား”

“ဘယ်ကလာ၊ သူတို့က“တော့ဆန်” ဆိုတဲ့ ကျေးရွာအုပ်စုကလာရမှာ၊ ကျောက်မဲကို ပြောင်းလာဖို့၊ တစ်နှစ်လုံး အခမဲ့တက်ရဖို့ ပြောင်းရွှေ့စရိတ် နှစ်ထောင့်ငါးရာ မရှိလို့တဲ့ကွာ”

“သူတို့ မိဘတွေ အလုပ်မလုပ်ကြဘူးလား”

“စစ်ဖြစ်နေတော့ လက်ဖက်မခူးနိုင်ဘူးလေ၊ လက်ဖက်တွေ ရင့်ထော်ကုန်ပြီး ပိုက်ဆံဝင်ငွေ တစ်ပြားမှ မရှိတော့ဘူး”

“အို၊ ဟုတ်လား”
.

#မင်းကိုနိုင်
[ ပြည်သူ့အရေးဂျာနယ်၊ အတွဲ ၂၊ အမှတ် ၁၀၀ ဆောင်းပါး ]