တူမောင်ညို - ဒုစရိုက်မှုပေါင်းစုံ ဘာကြောင့် ဆူပွက်လာရတာလဲ



တူမောင်ညို - ဒုစရိုက်မှုပေါင်းစုံ ဘာကြောင့် ဆူပွက်လာရတာလဲ
(မိုးမခ) စက်တင်ဘာ ၂၂၊ ၂၀၁၆


ဆင်းရဲမွဲတေမှုဟာ ဘဝအတိတ်ကံအကြောင်းမလှခဲ့လို့ မဟုတ်သလို၊ ပြည်သူတွေ ပျင်းလို့ ဖျင်းလို့လည်း မဟုတ်ပါဘူး။

ကုသိုလ်ကံ မကောင်းခဲ့လို့၊ ပျင်းလို့ဖျင်းလို့ ဆင်းရဲတာလို့ပြောနေတာဟာ ပြည်သူတွေအပေါ် ဖိစီးနှိပ်စက်နေတဲ့ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲမှုတွေအပေါ်မှာ စိတ်ပိုင်းဆိုင်ရာချိနဲ့သွားစေဖို့ ထပ်မံတင်ပေးလိုက်တဲ့ ဝန်ထုတ်ဝန်ပိုးတမျိုးသာဖြစ်ပါတယ်။

ဆင်းရဲမွဲတေမှုဟာ ဖိနှိပ်သွေးစုပ်ကနေအဆက်မပြတ် ပေါ်ထွက်လာနေတဲ့ ထုတ်ကုန်တမျိုးသာဖြစ်ပါတယ်။

ပြိုင်ဆိုင်မှု၊ သွေးစုပ်မှု၊ ဈေးကွက်ချဲ့ထွင်မှုတွေ ပိုမို ပြင်းထန်လာလေလေ ဆင်းရဲမွဲတေမှု ခြောက်ကမ်းပါးကြီးရဲ့ ပမာဏက လည်း ပိုမိုနက်ရှိုင်း ကျယ်ပြန့်လာလေလေဖြစ်ပါတယ်။ ဒီလိုနဲ့ကမ္ဘာပေါ်မှာ လူတချို့က အလွန်အကျွံချမ်းသာကြွယ်ဝနေကြပြီး အများ တကာ့ လူများစုကြီးက အနက်ရှိုင်းဆုံး ဆင်းရဲမွဲတေနေကြရပါတယ်။ စားစရာ၊ နေရာစရာ၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ဘက်ပေါင်းစုံမှာ ဆင်းရဲနေကြရပါတယ်။ ငတ်မွတ်နေကြရပါတယ်။

ဒီလက္ခဏာဟာ နိုင်ငံတစ်ခုချင်းစီအလိုက်မှာလည်း အထင်အရှားတွေ့မြင်နေရတာပါ။ ကျနော်တို့ ဗမာပြည်မှာလည်း အုပ်စိုးသူ စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ခရိုနီတသိုက်ဟာ ချမ်းသာကြွယ်ဝနေပြီး အများစုပြည်သူလူထုကြီးက ဆင်းရဲမွဲနေကြတာပါ။ ဒီလိုဘဝရောက်သွား အောင် (မဆလ) အုပ်စိုးသူများ က တိုင်းပြည်နဲ့လူထုကို (LDC) ဆိုတဲ့ ဆင်းရဲတွင်း၊ ဒုက္ခတွင်းထဲ တွန်းချခဲ့ပြီး၊ (နဝတ-နအဖ) စစ်အုပ်စု အုပ်စိုးမှုက (မဆလ)စစ်အုပ်စု တွန်းချခဲ့တဲ့ ဆင်းရဲမှုနွံအိုင်ထဲမှာ နက်သထက်နက်အောင်ထိုးချခဲ့ကြပြန်ပါတယ်။ ဒီလိုနဲ့ တိုင်းပြည်နဲ့လူထု ဟာ ဆင်းရဲမွဲတေမှုနွံအိုင်ထဲမှာ နစ်မြုပ်နေကြရပြီး၊ အဆက်မပြတ်ရုန်းကန်နေကြရပါတယ်။ စစ်အုပ်စုဗိုလ်ချုပ်ကြီးတသိုက်နဲ့ အပေါင်းပါ ခရိုနီတချို့ကတော့ ချမ်းသာကြွယ်ဝနေကြပါတယ်။

ဆင်းရဲမွဲတေမှုက ပညာမဲ့မှု - မူးယစ်ဆေးဝါး အပါအဝင် ဒုစရိုက်မှုမျိုးစုံကျူးလွန်ဖို့ လမ်းဖွင့်ပေးပါတယ်။ ဖိတ်ခေါ်ပါတယ်။ ဒီလိုနဲ့ ဆင်းရဲမွဲတေမှု - အသိပညာမဲ့မှု - ဒုစရိုက်မှုမျိုးစုံကျူးလွန်မှု ဆိုတဲ့ သံသရာစက်ဝန်းကို အဆက်မပြတ်လည်ပတ်စေပါတော့တယ်။

ယခုအခါ ဗမာပြည်မှာ မူးယစ်ဆေးဝါးသုံးစွဲမှု၊ လူသတ်မှု၊ အဓမ္မကျင့်မှု၊ လုယက်မှုတွေ ပိုမိုဖြစ်ပွားလာနေပါတယ်။ အခု နောက်ဆုံး မောင်တောခရိုင်မှာဖမ်းမိတယ်ဆိုတဲ့ မူးယစ်ဆေးဝါးက ဆေးပြားချည်း သိန်း ၇၀ ဖမ်းဆီးရပြီး၊ ကာလတန်ဖိုး ကျပ် ၁၃ ဘီလီယံရှိတယ်လို့ဆိုပါတယ်။ လျှပ်စစ်မီး၊ အစိုးရသတင်းစာ၊ ဆေးခန်း၊ စာသင်ကျောင်း၊ စာကြည့်တိုက်တို့သာ ကျေးလက်ကို ကျယ် ကျယ် ပြန့်ပြန့်မရောက်တာပါ။ မူးယစ်ဆေးဝါး ကတော့ ကျေးလက်တောရွာ၊ မြေပြန့်တောင်ပေါ်အနှံ့ ခြေဆန့်နေပါတယ်။

မူးယစ်ဆေးဝါး၊ လူသတ်မှု၊ အဓမ္မကျင့်မှု၊ လုယက်မှုတွေဟာ ဇာတိ - ဇရာ - ဗျာဒိ - မရဏ ဆိုတဲ့ တရားလိုပဲ တစ်ခုနဲ့တစ်ခု ဆက်နွှယ်နေတာပါ။ ပြစ်မှုကျူးလွန်မှုတွေကိုကြည့်ရင် မူးယစ်ဆေးဝါးသုံးပြီး လူသတ်တယ်။ လူသတ်ပြီး လုယက်တယ်၊ အဓမ္မကျင့်ပြီး လုယက်တယ်၊ လူသတ်တယ် စသဖြင့် တွေ့ရမှာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူတွေဟာ အသက်အရွယ်အားဖြင့် အသက်၂၀ ကနေ ၃၅ နှစ်အတွင်းမှာ ရှိနေတာကို သတိပြုမိပါတယ်။ အချို့အမှုတွေမှာ ဆယ်ကျော်သက်အရွယ်တွေပင်ပါဝင်နေပါတယ်။ မူယစ်ဆေးဝါး သုံးစွဲမှု ကတော့ အထက်ကျောင်းသားနဲ့အလယ်တန်းကျောင်းသားများအထိ ထိုးဖောက်ဝင်ရောက်နေပါပြီ။

မှုခင်းဖြစ်ပွားမှုအများဆုံးမြို့ဟာ ရန်ကုန်မြို့ဖြစ်ပါတယ်။

ယခုနှစ်ဇန်နဝါရီလ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ ရှစ်လတာ ကာလအတွင်း လူသတ်မှု ၁၁၇ ခု၊ မုဒိန်းမှု ၁၃၀ ၊ လုယက်မှု ၁၁၇ မှုဖြစ်ပွားခဲ့ကြောင်း” သိရပါတယ်။ ဒီကိန်းဂဏန်းက (၁၀ စက်တင်ဘာ ၂၀၁၆ ) ကြေးမုံသတင်းစာ အာဘော်မှာဖော်ပြ ထားတာဖြစ်ပါတယ်။

ကူးစက်မြန်ပြင်းထန်တဲ့ ကြောက်မက်ဖွယ် ကူးစက်ရောဂါတွေလိုပါပဲ။

ဒုစရိုက်မှုခင်းတွေမှာ ဇစ်မြစ်ရှိပါတယ်။ ပေါက်ဖွား၊ ပွား များ၊ ဖြစ်ပွားနိုင်တဲ့ ရေခံမြေခံတွေရှိနေလေသမျှ ပိုမိုပြီး ပေါက်ဖွား ရှင်သန်နေမှာဖြစ်ပါတယ်။ အဲဒီလို ဇစ်မြစ်နဲ့ မြူးထူးပေါက်ဖွားရာ ရေခံမြေခံကို ရှင်းလင်းဖယ်ရှားပစ်ရမယ်။ ဒါမှသာ ဒီကပ်ရောဂါတွေ က နေ၊ ကုသကယ်တင်နိုင်ပါလိမ့်မယ်။ တားဆီးထိန်းကွပ်နိုင်ပါလိမ့်မယ်။

စစ်အုပ်စုဝင်စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ ခရိုနီတသိုက် ထားစရာမရှိအောင် ချမ်းသာကြွယ်ဝပြီး အများပြည်သူငါက ကုန်းကောက်စရာမရှိအောင် ဆင်းရဲမွဲတေလာရတာဟာ (၁၉၆၂ မှ ယနေ့ အထိ) စစ်အုပ်စုအုပ်စိုးမှုရဲ့ အကျိုးဆက်သက်ရောက်မှုနဲ့ အထင်ရှားဆုံး လက္ခဏာ ချက်ဖြစ်ပါတယ်။ အရက်နဲ့ မူးယစ်ဆေးဝါးအလွယ်တကူ ဝယ်ယူရရှိမှုကလည်း ဘယ်ခေတ်ဘယ်အခါနဲ့မှမတူတဲ့ စစ်အုပ်စုဖန်တီးခဲ့တဲ့ ဈေးကွက်စီးပွားရေးစနစ်ရဲ့ ထူးခြားချက်တစ်ခုပဲဖြစ်ပါလိမ့်မယ်။

ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်ပြတဲ့ ရုပ်ရှင်၊ ဗွီဒီယို၊ အက်ရှင်ဇာတ်ကြမ်းတွေ၊ ဂိမ်းကစားနည်းတွေကလည်း မီးလောင် ရာလေပင့်ပေးတဲ့ လှုံ့ဆော်မှုတွေပါပဲ။ ပေါ်ပေါက်ခဲ့တဲ့ ဘာသာရေးလူမျိုးခုတုံးလုပ်၊ မှိုင်းတိုက်တဲ့ အကြမ်းဖက်ဖျက်ဆီးမှုတွေကို ပြန်လေ့ လာကြည့်ပါ။ ရခိုင်၊ မိတ္တီလာ၊ လားရှိုး၊ ဥက္ကံ၊ ထန်းကုန်း၊ မန္တလေးတို့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် လုယက်ဖျက်ဆီးမှု၊ လူသတ်မှုဖြစ် ရပ်တွေမှာ သွေးကြွဖွယ်ဘာသာရေး၊ လူမျိုးရေး မှိုင်းတိုက်မှုတွေ၊ လက်ခမောင်ခတ်မှုတွေနဲ့အတူ ပါဝင်ကျူးလွန်ခဲ့ကြသူတွေမှာ အရက် သို့မဟုတ် မူးယစ် ဆေးဝါးသုံးစွဲထားသူတွေ မပါနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်မှာလဲ။

လူမျိုးရေး/ဘာသာရေးနဲ့မှိုင်းတိုက်လိုက်ရင် အလွယ်တကူသွေးဆူလွယ်တဲ့၊ သွေးကြွလွယ်တဲ့ လူ့အဖွဲ့အစည်းဟာ ခေတ် နောက်ကျ၊ ဆင်းရဲမွဲတေနေတဲ့ လူ့အဖွဲ့အစည်းရဲ့ဖော်ပြချက်တစ်ရပ်ပါပဲ။ ဒီအချက်ကို အကွက်ကျကျအသုံးချပြီး အုပ်စိုးသူတွေက သူတို့ အုပ်စိုးမှုကို ဖုံးကွယ်ဖို့၊ လူထုလှုပ်ရှားမှုတွေကို လမ်းလွှဲဖို့၊ ပြည်သူအချင်းချင်းသွေးကွဲစေဖို့၊ အများပြည်သူရဲ့လည်ချောင်းသွေးနဲ့ ခြေဆေး ဖို့ ဘယ်တော့ လက်မနှေးဘူး။ ဝန်မလေးပါဘူး။

ဒီကနေ့အဆက်မပြတ် ပေါ်ပေါက်ဖြစ်ပွားနေတဲ့ အကျင့်ပျက်ခြစားမှု၊ မူးယစ်ဆေးဝါးမှု၊လူသတ်မှု၊ အဓမ္မကျင့်မှု၊ လုယက်မှု စတဲ့ ဒုစရိုက်မှုတွေဟာ တစ်ခုနဲ့တစ်ခု အညမည ဆက်နွှယ်နေတာပါ။ ဒါကြောင့် ဒီပြဿနာတွေ၊ ဒီဒုစရိုက်မှုတွေကို ကိုင်တွယ်ဖြေရှင်း မယ်ဆို ရင် ခေတ်စနစ်ကိုလည်း တပါတည်း ကိုင်တွယ်ရမှာပါ။ သီးခြားစီဖြေရှင်းလို့မရနိုင်ပါဘူး။ ဒုစရိုက်မှုတွေ ပေါက်ဖွားရှင်သန်ကြီးထွားရာ ရေခံမြေခံဖြစ်တဲ့ ခေတ်စနစ်ဇစ်မြစ်ကို ခုတ်ထွင်ဖယ်ရှားရှင်းလင်းပစ်ဖို့ မဖြစ်မနေ လိုပါတယ်။

ဒီလို ရှင်းလင်းရာမှာ အခုတလော ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတဒူတာတေးကျင့်သုံးနေတဲ့ “သတ်ဖြတ်” ဆိုတဲ့ ပေါ်လစီမျိုးနဲ့တော့ မဖြစ်နိုင်ပါဘူး။ ဒီနည်းက အုပ်စိုးသူက နှိပ်ကွပ်ရေးဥပဒေတွေကို ဗန်းပြပြီး သူတို့အုပ်စိုးမှုကို အရောင်တင်ကြတာ၊ သိဒ္ဓိတင်ကြတာ မျိုး သာဖြစ်ပါတယ်။

“သတ်ဖြတ်” ဆိုတဲ့ ဒူတာတေးနည်းက ဖိလစ်ပိုင်ရဲ့ဒုစရိုက်မှုတွေကို ကြွက်သေတစ်ခုအရင်းပြုဆိုတာလို သူ့ကို လူကြိုက်များ ထင်ပေါ်လာစေရေး၊ ရွေးကောက်ပွဲမှာ မဲရရှိရေး သို့မဟုတ် မဲဆွယ်စရာ၊ အာဏာတည်မြဲစရာ အဖြစ် သဘောထားပြီး ပက်ပက်စက်စက် စတေးပစ်နေတာမျိုး ဖြစ်ပါတယ်။ ဒူတာတေးက သူ့ရဲ့လက်မရွံ့သတ်ဖြတ်ရေးပေါ်လစီကိုနောက်ထပ် ၆ လ အချိန်ယူအုံးမယ်လို့ ဆိုနေပါ တယ်။ ဖိလစ်ပိုင်မှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် ၁၀ ပတ်အတွင်း လူ ၃၅၀၀ ကျော် မူးယစ်ဆေးဝါးမှုနဲ့ သတ်ဖြတ်ခံခဲ့ကြရပါတယ်။

ဒီအရေအတွက်ရဲ့သုံးနှစ်ပုံခန့်က လက်မရွံ့သေနတ်သမားတွေရဲ့သတ်ဖြတ်မှုကြောင့် သေကြရတာဖြစ်ပြီး။ ကျန်အရေအတွက် က ရဲတပ်ဖွဲ့ စစ်ဆင်ရေးအတွင်း သေကြရတာဖြစ်ပါတယ်။ ဒီပမာဏက ဖိလစ်ပိုင်မှာ တစ်နေ့ လူ ၄၇ ယောက် သတ်ဖြတ်ခံရတဲ့ နှုန်းဖြစ် တယ်။

မူးယစ်ဆေးဝါးပြဿနာကိုင်တွယ်ရာမှာ "ထုတ်လုပ်သူ - ဖြန့်ဖြူးရောင်းချသူ - သုံးစွဲသူ" သူတွေကို ထိထိရောက်ရောက်အပြစ် ပေးအရေးယူရမှာပါ။ အဲဒီသုံးပွင့်ဆိုင်ကို ဖြေရှင်းတာမှာ ဘယ်လိုမှခွဲခြားမှုမရှိဘဲ အကုန်လုံး "သတ်ဖြတ်" ဆိုတဲ့ " ဒူတာတေးနည်း" ကို ဘယ်လိုမှ လက်သင့်ခံဖို့ မဖြစ်နိုင်ပါဘူး။

အဓိကအားဖြင့်"ထုတ်လုပ်သူနဲ့ဖြန့်ဖြူးရောင်းချသူတွေ" ကို ဗဟိုချက်ထားပြီး ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ပြတ်ပြတ် သားသားကိုင်တွယ်ရမှာပါ။ သုံးစွဲသူတွေကို ကိုင်တွယ်တာကတော့ အခြားနည်းလမ်းတမျိုး ဖြစ်ရမှာပါ။ ဒူတာတေးနည်းက "လက်ခွဲ ကလေးတွေနဲ့သုံးစွဲသူတွေ" အဖို့ သေချင်းဆိုးနဲ့သေရတဲ့နည်း ဖြစ်ပါတယ်။ ဗမာပြည်မှာတော့ လောလောဆယ် မူးယစ်ဆေးဝါးတွေ ကို “ပိုင်ရှင်မဲ့ အဖမ်းပြတဲ့နည်း” ကျင့်သုံးနေပုံပါပဲ။

ဗမာပြည်က (နဝတ-နအဖ) စစ်အုပ်စုဖြေရှင်းတဲ့နည်းကတော့ မူးယစ်ဆေးဝါးထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူတွေကို [စစ်အုပ်စု အုပ်စိုးသူများက သူတို့ကိုယ်တိုင် “ဘိန်းဘုရင်” တွေပါလို့ အမည်ပေးခဲ့သူတွေကို] “ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ကြီး”တွေ အဖြစ် ပြန်လည် သူကောင်းပြုတဲ့နည်းပါပဲ။ စစ်အစိုးရက “ငြိမ်းချမ်းရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး” ဆိုတဲ့ အမည်လှလှခေါင်းစဉ်အောက်မှာ ဘိန်းဘုရင်တွေရဲ့ငွေမည်းတွေကို ငွေဖြူတွေဖြစ်အောင် လျှော်ဖွတ်ပေးခဲ့ပါတယ်။ ကုမ္ပဏီထောင်စေပြီး စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာစေ တဲ့ နည်းဖြစ်ပါတယ်။ ဒါဟာ မူးယစ်ဆေးဝါးမှုနဲ့အကျင့်ပျက်ခြစားမှု ခွဲခြားမရအောင် ဆက်စပ်နေတဲ့ သာဓကတွေထဲကတစ်ခုဖြစ်ပါ တယ်။ (နဝတ-နအဖ) စစ်အစိုးရရဲ့ “ငြိမ်းချမ်းရေးနဲ့ နယ်စပ် ဒေသဖွံ့ဖြိုးရေး” ပေါ်လစီနဲ့အတူ မူးယစ်ဆေးဝါးတွေဟာ အတားအဆီးမရှိ တောင်ပေါ် မြေပြန့် ကျေးလက်တောရွာအနှံ့ခြေဆန့်ခဲ့ကြတော့တာပါပဲ။

အေးနေတဲ့ရေကိုဆူပွက်လာစေဖို့ အချိန်တစ်ခုလိုပါတယ်။ ဆူပွက်လာအောင် မီးထိုး အပူပေးရမယ်။ ဒါမှသာ ပွက်ပွက်ဆူ လာ မယ် မဟုတ်ပါလား။ အခုလည်း အကျင့်ပျက်ခြစားမှု၊ မူးယစ်ဆေးဝါးမှု၊ လူသတ်မှု၊ လုယက်မှု၊ အဓမ္မကျင့်မှုတွေဟာ ထူထပ်များ ပြားလာ တာဟာ ဒီနေ့ခေတ်စနစ်ရဲ့ ဆူပွက်လာမှုကို ဖော်ပြနေတာပါ။ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ်အရင်းရှင်စနစ် ဆူပွက်လာတဲ့ လက္ခဏာ ချက်ဖြစ်ပါတယ်။ အဆက်ဆက်သောအုပ်စိုးသူများ ချမှတ်လုပ်ဆောင်ခဲ့ကြတဲ့ မှားယွင်းဖောက်ပြန်တဲ့ပေါ်လစီများရဲ့ အကျိုးဆက်တွေ စုံပြုံသက် ရောက်လာဖြစ်ပါတယ်။ ဒွေးရောဥပါဒ်ပါဝင်လာတဲ့သဘောဖြစ်ပါတယ်။ စီးပွားရေးဒဏ်ခတ်ပိတ်ဆိုမှု( sanctions ) တွေ အမေရိကန် အစိုးရက “မကြာမီ” ရုပ်သိမ်းပေးတော့မယ် ဆို တဲ့ အချက်က လည်း ဒီကနေ့ ဆူပွက်နေမှုတွေကို ပိုမိုအရှိန်ရလာစေ ပိုမိုဆူပွက်လာစေပါလိမ့်မယ်။

ဒီလိုဆူပွက်လာနေတဲ့ ဒုစရိုက်မှုပေါင်းစုံဟာ ဗမာပြည်လူ့အဖွဲ့အစည်းကို ကင်ဆာလို စွဲကပ်ဖြစ်ပွားနေတာပါ။ အသည်းအသန် ဖြစ်စေတာပါ။ ဒါကြောင့်ဇစ်မြစ်ဖြစ်တဲ့ ခေတ်စနစ်၊ စစ်အုပ်စုနဲ့ နိုင်ငံပေါင်းစုံကို မှီခိုထားတဲ့ စစ်ဗျူရိုကရက်လက်ဝါးကြီးအုပ် အရင်းရှင်စနစ် ကို ဖျက်သိမ်းပစ်ရမှာပါ။ ဒါမှသာ ကယ်တင်ကုသနိုင်ပါလိမ့်မယ်။

ဒီလို သေကောင်ပေါင်းလဲ ရောဂါဆိုးကြီးကို အမေစုတံဆိပ် “ ပြန်လည်သင့်မြတ်ရေး သွေးညှိဆေးတော်ကြီး” တစ်လက်ထဲ နဲ့ တော့ လုံးဝပျောက် ကင်းချမ်းသာနိုင်လိမ့်မယ်တော့ မဟုတ်ပါဘူး။ ယာယီအားဖြင့် အနာအကျင်သက်သာ ကောင်းသက်သာ ချင်သက် သာပါလိမ့်မယ်။ ဒီလိုလုပ်တာဟာ လှိုက်စားနေတဲ့ အနာကို ပိုပြီး မြုံသွားစေတာသာဖြစ်ပြီး အတွင်းထဲကို ပိုမိုလှိုက်စားစေကာ ပိုမိုကြီး ကျယ်တဲ့ ပြဿနာပေါင်းစုံကို ဆက်လက်ဖိတ်ခေါ်နေတာပဲ ဖြစ်ပါလိမ့်မယ်။