ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ခင်စန္ဒာမြင့် ● "ဘက" သို့မဟုတ် အမှိုက်ထဲက ရွှေ ဖြစ်သောနေရာက အသံများ



ခင်စန္ဒာမြင့် ● "ဘက" သို့မဟုတ် အမှိုက်ထဲက ရွှေ ဖြစ်သောနေရာက အသံများ
(မိုးမခ) စက်တင်ဘာ ၁၉၊ ၂၀၁၆
■ စုံစမ်းရေးသားသူ - ခင်စန္ဒာမြင့်
■ တည်းဖြတ်ပြင်ဆင်သူ - ငြိမ်းချမ်းအေး
■ ဓာတ်ပုံများ - ငြိမ်းချမ်းအေး

±±±±± ±±±±± ±±±±±

"ကျုပ်ကို ကျောင်းမှာ မေတ္တာအခါတော်နေ့ လုပ်ရမယ်လို့ ပြောတယ်။ ကျုပ်တို့ဘုန်းကြီးကျောင်းမှာ နေ့တိုင်းကျောင်းသားတွေကို မေတ္တာပို့ခိုင်းတဲ့အလုပ် လုပ်နေတာ။ ဒီအခမ်းအနားတွေ လုပ်ဖို့မလိုဘူး။ သူတို့က ဓာတ်ပုံရိုက် ဟိုတင်၊ ဒီတင် အပေါ်ယံတွေလုပ်တယ်။ ဒါတွေက စာသင်ကြားရေးပိုင်းကို ဘာ အထောက်အကူမှ မပြုဘူး။ ဘုန်းကြီးတို့က စာတတ်အောင်သင်ပေးနေတာ။ သူတို့ပြဋ္ဌာန်းထားတဲ့စာက တကယ်သင်ရင် (၄) လနဲ့ ပြတ်တယ်။ ဒါကို (၁၀) လ ဆွဲသင်တယ်။ တကယ်တတ်လားမေး မတတ်ဘူး"

အရှင်လာဘသိဒ္ဓိ၊ လက်ထောက်ကျောင်းအုပ် (သင်ကြားရေး)
မေတ္တာနန္ဒ ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း

±±±±± ±±±±± ±±±±±






ဘုန်းတော်ကြီးသင်ပညာသင်ကြားရေးစနစ်နဲ့၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေဆိုတာ မြန်မာနိုင်ငံမှာ မနေ့တနေ့ကမှ ပေါ်ပေါက်လာတဲ့ အရာတွေမဟုတ်ပါဘူး။ ရှည်လျားတဲ့ မြန်မာ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် ၁၁ ရာစု ပုဂံခေတ် အနော်ရထာမင်း လက်ထက်ကတည်းကစပြီး နန်းတွင်းမှာရှိတဲ့ မင်းညီမင်းသားတွေကစလို့ ကျွမ်းကျင်မှုအရည်အသွေးလိုအပ်နေတဲ့ လုပ်သားတွေအထိ ပညာသင်ကြားနိုင်တဲ့ အခွင့်အရေးကို ဘုန်းတော်ကြီးသင်ပညာရေးက စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ ခေတ်သစ်မြန်မာပြည်ကို ထူထောင်ခဲ့ကြတဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ၊ ပညာ၊ စာပေ ဘက်ဆိုင်ရာ ခေါင်းဆောင်ကြီးများ အားလုံးဟာလည်း ဘုန်းကြီးကျောင်းက ပေးတဲ့ ပညာနဲ့ ဘဝကို စတင်ခဲ့ကြတာချည်းပါပဲ။

ဒါပေမယ့် ခေတ်စနစ်အပြောင်းအလဲနဲ့ အစိုးရအပြောင်းအလဲတွေကြားမှာ ဘုန်းတော်ကြီးသင် ပညာသင်ကြားရေးကျောင်းတွေရဲ့ အခန်းကဏ္ဍရေးစီးကြောင်းဟာလည်း ပြောင်းလဲခဲ့ရပါတယ်။ ၁၉၆၂ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်က ပညာရေးဝန်ကြီးဌာနရဲ့ အခြေခံပညာဦးစီးဌာန လက်အောက်မှာ ဌာနစိတ် တခုအဖြစ်ရှိခဲ့ရာကနေ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ်လမ်းစဉ် ပါတီလက်ထက်မှာတော့ ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။ ၁၉၈၉-၉၀ ခုနှစ်တွေမှာတော့ တိုင်းပြည်ရဲ့ လိုအပ်ချက်အရ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေကို ပြန်လည်ဖွင့်ခွင့်ပြုခဲ့ပြီး အခုဆိုရင်တော့ မြန်မာနိုင်ငံတ၀ှမ်းမှာ ကျောင်းပေါင်း ၁,၇၀၀ ကျော်နဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀၀,၀၀၀ ကျော်တို့ကို ပညာသင်ကြားလျက်ရှိနေကြပါတယ်။

ဘုန်းတော်ကြီးပညာသင်ကျောင်းများဟာ ဒီလို တိုင်းပြည်ရဲ့ ပညာရေး ကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့် ထမ်းရွက်နေရပေမယ့် အခြေခံအဆောက်အအုံနဲ့ ရရှိတဲ့ ပံ့ပိုးမှုကတော့ ဝန်နဲ့အား မမျှ နည်းပါးလွန်းနေပါတယ်။ ဘားနက် အင်စတီကျူ့မြန်မာ (Burnet Institute Myanmar) နဲ့ ဘုန်းတော်ကြီးကျောင်းပညာရေး ဖွံ့ဖြိုးရေး အဖွဲ့ (Monastic Education Development Group – MEDG) တို့ ပူုးပေါင်းပြုလုပ်ခဲ့တဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ထုတ် လေ့လာမှု အရ ဆိုရင် ဘုန်းတော်ကြီးပညာသင်ကျောင်း အများစုမှာ စာသင်ခန်းသုံး ပရိဘောဂ၊ သင်ထောင်ကူ ပစ္စည်းများနဲ့ သန့်ရှင်းတဲ့ ရေအိမ်စနစ် မရှိကြပါဘူး။ 

၂၉ % ကသာ စာသင်သားမျာ အသုံးပြုနိုင်တဲ့ စာအုပ်နဲ့ စာကြည့်တိုက်များ ရှိပါတယ်။ ကျောင်းတွေရဲ့ ၆ % မှာ ရေအိမ်လုံးဝ မရှိပါဘူး။ ကျောင်းအားလုံးရဲ့ ၅၀ % ကျော်မှာ ရှိသင့်တဲ့ ကျောင်းသားနဲ့ ရေအိမ် အချိုး အရေအတွက်မရှိပါဘူး။ ၅၆ % က သာ ရေလောင်းအိမ်သာ ရှိပါတယ်။ ရှိတဲ့ ရေအိမ်များရဲ့ သန်းရှင်းမှုဟာလည်း ၄၃ % ကသာ အမှန်တကယ် ကျန်းမာရေးနဲ့ ညီညွတ် သန့်ရှင်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ကျောင်းအားလုံးရဲ့ ၂၀ % နီးပါးခန့်က မသန့်ရှင်းတဲ့ ရေရင်းမြစ်ကို အသုံးပြုနေရပါတယ်။ ၂၂ % ကသာ လက်ဆေးဖို့ လုံလောက်တဲ့ ဆပ်ပြာထားပေးနိုင်ပါတယ်။ သုံးပုံတပုံ ဟာ သောက်သုံးနိုင်တဲ့ ရေ မထားရှိနိုင်ပါဘူး။ ၆၇ % ဟာ ကောင်းမွန်တဲ့ ရေ၊ မိလ္လာနဲ့ အညစ်အကြေးစွန့် စနစ်မရှိကြပါဘူး။

ဒါတွေဟာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေရဲ့ ပကတိ အခြေအနေကို ပုံဖော်နိုင်တဲ့ အချက်အလက် တချို့ဖြစ်ပါတယ်။ "ဘက" လို့အများက အလွယ်ခေါ်နေကြတဲ့ ဒီလို နိုင်ငံအနှံ့က ကျောင်းတွေဟာ အခက်အခဲမျိုးစုံကို နေ့စဉ် ရင်ဆိုင် ဖြေရှင်းနေရတဲ့ အပြင် မတည်ငြိမ်တဲ့ မူဝါဒမျိုးစုံ၊ နည်းစနစ်မျိုးစုံ၊ ညွှန်ကြားချက်မျိုးစုံတွေရဲ့ ဖိအားတွေအောက်မှာ အသက်ရှူရပ်မသွားအောင် အစွမ်းကုန် ရုန်းကန်ကြိုးစားနေရပုံဟာ မီးစာကုန်ခါနီး လူမမာသည်တယောက်လို ဖြစ်နေတယ် ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီလို ကျောင်းမျိုးတွေကပဲ အချိန်မရွေး လမ်းမှား၊ လမ်းဘေး ဒုစရိုက်လောကထဲ ရောက်သွားနိုင်တဲ့ တိုင်းပြည်ရဲ့ နင်းပြားလူတန်းစား လူငယ်တွေရဲ့ ပညာရေးအတွက် အဓိက စွမ်းဆောင်နေပါတယ်။

ပညာရေးဥပဒေသစ်နဲ့ ခေတ်သစ် စနစ်သစ် ဒီမိုကရေစီ ပညာရေး ဆိုကြတဲ့ မျက်မှောက်ခေတ်မှာ "All Inclusive အားလုံးပါဝင်နိုင်တဲ့ ပညာရေး" ဆိုတဲ့ စကားလုံးတွေကို အမှန်လက်တွေ့သုံးနိုင်ဖို့ဆိုတာ "ဘက" ကျောင်းတွေကို ချန်လှပ်မထားမှသာ အကျုံးဝင်နိုင်မှာပါ။ ဒီကျောင်းတွေကသာ အားလုံးတန်းတူ သင်ယူနိုင်တဲ့ ပညာရေးဖြစ်အောင် လက်တွေ့ကျကျ အခြေခံအားဖြင့် လုပ်ဆောင်နေကြတဲ့ ကျောင်းတွေပဲဖြစ်ပါတယ်။

“ဘက” ကျောင်းတွေဟာ ဒီလို အားလုံးပါဝင်နိုင်တဲ့ ပညာရေးကို လက်တွေ့ဖော်ဆောင်ပေးနေတဲ့ အစုအဖွဲ့တွေဖြစ်သော်လည်း အစိုးရနဲ့ ပညာရေးဝန်ကြီးဌာနကတော့ အားပေးသည်လည်း မဟုတ်၊ အားမပေးဘူးလည်း မဟုတ် အနေအထားအပြင်၊ အရေးအရာမသွင်း ခွဲခြားချန်ထားတယ် သဘောဆိုနိုင်တဲ့ အကြောင်းတွေကို ရွာသစ်ကျေးရွာ၊ နွယ်ခွေစံပြကျေးရွာအုပ်စု၊ ထောက်ကြံ့၊ မင်္ဂလာဒုံမြို့နယ်မှာ တည်ရှိတဲ့ မေတ္တာနန္ဒ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနဲ့ မိဘမဲ့လူငယ်များဖွံဖြိုးရေး ပရဟိတဂေဟာကို အလှူခရီးစဉ်တခုနဲ့ ရောက်သွားခဲ့စဉ်မှာ အခုလို သိရှိခဲ့ရပါတယ်။



နွယ်ခွေ ဘုန်းတော်ကြီး ကျောင်းဝင်းထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ သပ်ရပ်သန့်ရှင်းပြီး စနစ်ကျတဲ့ စာသင်ခန်းဖွဲ့စည်းမှု ပုံစံတွေနဲ့ "ဘက" ကျောင်းလေးတကျောင်းဆိုတာကို ခံစားသိခဲ့ရပါတယ်။













မိမဲ့ ဘမဲ့ကလေးတွေ၊ စီးပွားရေး အဆင်မပြေတဲ့ မိသားစုက ကလေးတွေ၊ နယ်စပ်ဒေသက တိုင်ရင်းသားလေးတွေဖြစ်တဲ့ ရှမ်း၊ ပအို့၊ ပလောင်၊ ရခိုင်၊ ခမီး၊ အခါ၊ လားဟူ စတဲ့ လူနည်းစု လူမျိုးအုပ်စုဝင် ကလေးငယ်တွေ၊ နာဂစ်မုန်တိုင်းဒဏ်ကြောင့် အခြေပျက်အနေပျက်ဖြစ်ခဲ့ကြတဲ့ မြစ်ဝကျွန်းပေါ်ဒေသက ကလေးတွေ၊ အနီးနားတဝိုက်က ငါးကန်တွေလို စီးပွားလုပ်ငန်းကြီးတွေမှာ အလုပ်ကြမ်း လုပ်စားရတဲ့ အနယ်အနယ်အရပ်ရပ်က ရွှေ့ပြောင်းလုပ်သားများရဲ့ ကလေးတွေ စတဲ့ စတဲ့ အခြေခံလူတန်းစားတွေထဲက ကလေးငယ်တွေဟာ ဒီနေရာလေးမှာ သူတို့ရဲ့ အနာဂတ်နဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို တည်ဆောက်နိုင်ဖို့ ပညာရင်နို့သောက်စို့ နေကြပါတယ်။






ပဓာနနာယကဆရာတော် ဘဒ္ဒန္တရေ၀တာစာရ (မေတ္တာနန္ဒ ကျောင်း)
ဒီကျောင်းကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အလွန်ကတည်းက တည်ထောင်ခဲ့တာ ဖြစ်ပြီး ဆရာတော် ဘဒ္ဒန္တရေ၀တာစာရက ပဓာနနာယကဆရာတော်အဖြစ် ဆောင်ရွက်နေပါတယ်။ မူလတန်းလွန် ကျောင်း အဖြစ် ၇ တန်း အထိ ကျောင်းမှာ အခမဲ့ စာသင်ကြားနေပေးပြီး ၈၊ ၉၊ ၁၀ ကျောင်းသားများကိုတော့ အစိုးရ ကျောင်းမှာ စာသင်ကြားနိုင်အောင် ကျောင်းအိပ်၊ ကျောင်းစား အဖြစ် စားရိတ်ငြိမ်း လက်ခံကာ ပံ့ပိုးပေးနေပါတယ်။ ဆရာမ အင်အား (၁၂) ဦး နဲ့ ကျောင်းနေ နဲ့ အပြင်အနီးအနားက လာတက်သူ စုစုပေါင်း ကျောင်းသူ ကျောင်းသားပေါင်း (၅၁၀) ဦးကို ပရဟိတ စာသင်ကြားပေးနေပါတယ်။ ကျောင်းကနေ တက္ကသိုလ်ဝင်တန်း ဝင်ဖြေခဲ့တာ ၃ နှစ် ရှိပြီ ဖြစ်ပြီး

ပထမ နှစ် ၇ ဦး၊ ဒုတိယနှစ် ၁၁ ဦး၊ တတိယနှစ်က ၄ ဦး အောင်မြင်ခဲ့ပါတယ်။ ၁၀ တန်းအပြီး မှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင် ဝင်နိုင်အောင်လည်း ဆရာတော်က သူ့ရဲ့ ဒါယကာ၊ ဒါယိကာမ စီးပွားရေး လုပ်ငန်းရှင်များနဲ့ သင့်လျော်ရာ အပ်နှံပေးပါတယ်။ စာသင်ကြားမှု ပြီးဆုံးသွားပေမယ့်လည်း ကျောင်းမှာ အိမ်ထောက် မပြုသေးသရွေ့ နေခွင့်ရှိပြီး အပြင်မှာ အလုပ်အကိုင် ရှာဖွေ၊ အသက်မွေးဝမ်းကျောင်းဘဝကို ရှာဖွေ တည်ဆောက်နိုင်ပါတယ်။

ပညာရေးအတွက် ဒီလို စနစ်ကျတဲ့ "ဘက" ကျောင်းလေးဖြစ်ပေါ်လာဖို့နဲ့ ရေရှည်တည်တံ့ဖို့ ဝိုင်းဝန်းကြိုးစားနေကြသူတွေမှာ ပြည်တွင်းပြည်ပက ရဟန်း၊ လူ၊ ပုဂ္ဂိုလ် တဦးချင်း၊ အဖွဲ့အစည်း အစုံစုံပါပဲ။ ကျောင်းစတင် ထူထောင်စဉ်မှာ အမေရိကန်နိုင်ငံမှာ သီတင်းသုံးနေတဲ့ ဆရာတော်ဒေါက်တာဓမ္မပီယနဲ့ သူ့ရဲ့ ဒါယကာ၊ ဒါယိကာမတွေရဲ့ အင်အားစိုက်ထုတ်မှုကလည်း အဓိကကျခဲ့တယ်လို့ သိရပါတယ်။




နိုင်ငံတော် အစိုးရက မသင်မနေရ မူလတန်းပညာရေးလို့ ဆိုထားပေမယ့်လည်း သန်းခေါင်စာရင်းပါမှ၊ မွေးစာရင်းပါမှ စသည်ဖြင့် လုပ်ထုံးလုပ်နည်းတွေ၊ ကန့်သတ်ချက်တွေများလွန်းလှတဲ့ စနစ်ကြောင့် နာဂစ်လို သဘာဝဘေးဒဏ်နဲ့ လောကဓံ အခက်အခဲတွေကို ခံစားခဲ့ရလို့ အိုးမဲ့ အိမ်မဲ့၊ မိသားစုဘဝမဲ့ ဖြစ်နေရတဲ့ ဘ၀တွေထဲက ကျောင်းသားလူငယ်တွေမှာတော့ မွေးစာရင်းဆိုတာမပြောနဲ့ မွေးတဲ့ အချိန်နေ့ရက်တွေကိုတောင် မသိနိုင်ကြတာကြောင့် သူတို့တွေအတွက် ထုံးတမ်းစဉ်လာ ပညာရေးနဲ့ ကျောင်းဝင်ခွင့်ပုံစံတွေမှာ အခက်အခဲ ရှိပါတယ်။ ပညာရပ်ဝန်းနဲ့ ရင်းနှီးကျွမ်းဝင် ရှင်သန်ခွင့် မရရင် ဒီလို အခြေအနေမလှတဲ့ ကလေးငယ်တွေရဲ့ ဘဝဟာ မကောင်းမှု ဒုစိုက်တွေမှာ မွေ့လျော်နိုင်ပြီး လူ့အဖွဲ့အစည်းအတွ် အဆိပ်အတောက်တွေ ဖြစ်လာနိုင်ပါတယ်။




အရှင်လာဘသိဒ္ဓိ၊ လက်ထောက်ကျောင်းအုပ် (သင်ကြားရေး)
မေတ္တာနန္ဒ ပရဟိတ ဘုန်းတော်ကြီးသင်ပညာရေး မူလတန်းလွန်ကျောင်း

"ပညာရေးမှာ အဆင့်ခွဲသတ်မှတ်မယ်ဆိုရင် ဦးဇင်းတို့က အဆိုးဝါးဆုံး အခြေအနေတွေထဲက ကလေးတွေကို လက်ခံသင်ကြားပေးနေရတာပါ။ ပိုက်ဆံတတ်နိုင်တဲ့ လူတွေကတော့ ကိုယ်ပိုင်ကျောင်းတွေပို့မယ်၊ အလယ်အလတ်တန်းစားတွေကျတော့ အစိုးရကျောင်းပို့မယ်။ မိဘမရှိ၊ မပြည့်စုံ၊ စာရိတ္တညံ့ ဒီလိုကလေးတွေပဲ ဦးဇင်းတို့ဆီရောက်လာတာ။ ဒါကို ဖြစ်အောင် ပညာသင်ပေးနေရတာ။ အမှိုက်ထဲက ရွှေကောက်နေရတာ။ ဒီလိုမှ မထိန်းရင် လမ်းဘေးကို ရောက်သွားကြမှာ။ လမ်းပေါ်ရောက်သွားတဲ့ တရာမှာ တယောက်တောင် လမ်းမှန်ပြန်ရောက်ဖို့ မလွယ်ဘူးလေ" လို့ သင်ကြားရေးပိုင်းမှာ တာဝန်ယူထားရတဲ့ လက်ထောက်ကျောင်းအုပ်ဆရာတော် အရှင်လာဘသိဒ္ဓိ က မိန့်ကြားခဲ့ပါတယ်။




၇ နှစ်သားကတည်းက သင်္ကန်းစည်းခဲ့သူ စစ်ကိုင်းတိုင်းကန့်ဘလူက ကိုရင်ငယ် ပဏ္ဍိတ၊ အခု ဆဌမတန်းရောက်နေပါပြီ၊ ဒီမှာ စာသင်ရတာ ပျော်တယ်ဆိုပါတယ်၊ အင်မတန် သွက်လက် ချက်ချာတဲ့ ကိုရင်ငယ်လေးပါ၊ ကျွန်မ သူတို့ အတန်းကို ခေတ္တာ ခဏ အချိန်ပိုင်း စာသင်ပေးတော့ မေးခွန်းမေးလိုက်တိုင်း လက်ညှိုးထောင် ဖြေကြားတတ်သူ တဦးပါ။

ဒါ့အပြင် တလအတွင်း အခန်း (၃) ခန်းပြီးအောင်သင်ရမယ်၊ တလမှာ ၂၅ မှတ်ဖိုး စာမေးပွဲဖြေရမယ် ဆိုတဲ့ ညွှန်ကြားချက်တွေကို လက်မခံနိုင်တဲ့အတွက် ဆရာတော်တို့ဟာ ကျူရှင်မလိုဘဲ တကယ်တတ်တဲ့ ပညာရေးကိုသာပေးတဲ့ ကိုယ်ပိုင်စာမေးပွဲစနစ်တွေနဲ့ သင်ကြားနေကြောင်း၊ စာမေးပွဲကို အခြေခံတဲ့ ပညာရေးစနစ်ကို မကြိုက်တဲ့အတွက် အတန်းတင်ပေးဖို့ကိုလည်း ကျောင်းတွင်း ဘုတ်အဖွဲ့ အစည်းအဝေးထိုင်ပြီး တကယ်အရည်အချင်းပြည့်မီတဲ့ ကျောင်းသားတွေကိုသာ အတန်းတင်ပေးကြောင်းကိုလည်း လက်ထောက်ကျောင်းအုပ်ဆရာတော်က မိန့်ကြားခဲ့လို့ သိခဲ့ရပါတယ်။

အခြေအနေမပေးလို့ ကျောင်းနဲ့ အလှမ်းဝေးနေရသော်လည်း စာသင်ကြားခွင့်ရမယ်ဆိုရင် အများနည်းတူ သင်ကြားနိုင်ကြတဲ့ ကလေးတွေအဖို့ အသက်အရွယ်ကကြီး အတန်းက မူလတန်းက မတက်ဆိုတာမျိုးဖြစ်နေမယ်ဆိုရင်၊ သူသင်ယူနိုင်တာထက် ကျောင်းစာက နိမ့်နေတဲ့အတွက် ကျောင်းစာအပေါ်စိတ်ဝင်စားမှု လျော့နည်းနိုင်သလို၊ အစိုးရကျောင်းမှာ ကျောင်းထွက်လက်မှတ်က ၄တန်း၊ ၅တန်းအောင် ဖြစ်နေသော်လည်း ကလေးရဲ့ စာသင်ယူနိုင်စွမ်းက ၃ တန်းလောက်သာရှိနေမယ်ဆိုရင်လည်း ကလေးတယောက်ဟာ သူ့ရဲ့ကျောင်းစာကို ကြောက်ရွံ့သွားနိုင်ပါတယ်။ ဒီလို အဖြစ်မျိုးတွေမရှိအောင် ဆရာတော်တို့က အစိုးရကျောင်းတွေရဲ့ မူဝါဒသတ်မှတ်မှုတွေနဲ့မတူ အသက်ပြည့်တဲ့ ကလေးတိုင်းကို ကျောင်းအပ်လက်ခံပြီး၊ သင်ယူနိုင်တဲ့ကလေးတိုင်းကို အတန်းကျော်တင်ပေးတဲ့ စနစ်ကို ကျင့်သုံးနေတယ်လို့လည်း သိခဲ့ရပါတယ်။

အစိုးရရဲ့ "ဘက" ကျောင်းတွေအပေါ်စိတ်ဝင်စားမှုအပိုင်းနဲ့ အကူညီပေးမှုအပိုင်းကို လက်ထောက် ကျောင်းအုပ်ဆရာတော်ကို ဆက်လက်မေးမြန်းကြည့်ရာမှာတော့ "အစိုးရက စနစ်ပြောင်းသွားတယ်သာဆိုတယ်။ တချို့ကိစ္စတွေမှာ ဘုန်းကြီးတို့ ဘက ကျောင်းတွေကို ဘာမှအသိမပေးဘဲ ချန်လှပ်ထားခဲ့တာတွေရှိတယ်။ ပညာရေးဥပဒေ ဘယ်လောက်ပြောင်းပြောင်း ဘက ကျောင်းတွေအပေါ် ခွဲခြားဆက်ဆံတဲ့ စနစ်ကြီးရှိနေသရွေ့ အလကားပဲ" ဟု ဆရာတော်က မိန့်ကြားခဲ့ပါတယ်။

အစိုးရအနေနဲ့ နိုင်ငံတော်အဆင့် ပညာရေးကိုမြှင့်တင်ဖို့ဆိုတာမှာ အခြေခံလူတန်းစားတွေရဲ့ပညာရေးကို ဦးစားပေးစဉ်းစားရမှာဖြစ်ပါတယ်။ တူညီတဲ့နည်းစနစ်ကို ရရှိသင်ယူနေစေကာမူ လမ်းဘေးမြက်တောမှာ လေ့ကျင့်ကစားနေတဲ့ ဘောလုံးအသင်းက အားကစားသမားနဲ့၊ လေ့ကျင့်ရေးဘောလုံးကွင်းမှာ လေ့ကျင့်ကစားခွင့်ရတဲ့ ဘောလုံးအသင်းက အားကစားသမားတွေရဲ့ အရည်အသွေးတွေက ကွာခြားသလိုပါပဲ။ ဘယ်လောက်ပဲ သင်ကြားရေးပိုင်းမှာ တတ်စွမ်းသမျှစေတနာထား သင်ကြားပေးပေမယ့် အစိုးရရဲ့ စိတ်ဝင်တစား ပံ့ပိုးပေးမှုအပိုင်းကလည်း အရေးကြီးလှပါတယ်။




ဒါကြောင့် "ဘက" ကျောင်းတွေရဲ့ သင်ကြားသင်ယူမှု အပိုင်းတွေမှာ နည်းလမ်းကျတဲ့ ထောက်ပံ့ပေးမှုတွေကို အစိုးရက ပြုလုပ်ပေးဖို့ရာမှာ လွန်စွာ အရေးကြီးလှသလို၊ အောက်ခြေအဆင့်ဆင့်ကလည်း "ဘက" ကျောင်းက ကျောင်းသားတွေကိုရော ဆရာတွေကိုပါ အခြား အခြားသော ကျောင်းများက ကျောင်းသားတွေ၊ ဆရာတွေလို တန်းတူထားဆက်ဆံရေး၊ တဆင့်နှိမ့်ကာခွဲခြား မဆက်ဆံကြရေးတို့ဟာလည်း အရေးတကြီးလိုအပ်ချက်တွေဖြစ်နေပါတယ်။



ဆရာမ ဒေါ်မေဖြူအောင် (မေတ္တာနန္တကျောင်း)

"ကျွန်မတို့လည်း ဒီနိုင်ငံမှာမွေးတဲ့ ဒီလူမျိုးပါပဲ။ ဒီနိုင်ငံကပေးတဲ့ ဘွဲ့ကို ယူထားကြတဲ့သူတွေပါပဲ။ လက်ရှိသင်တန်းတွေအများကြီးတက်ထားတဲ့ လူတွေနဲ့ စေတနာအရင်းခံပြီး ကိုယ်သိထား၊ တတ်ထားလေးနဲ့ သင်ပေးနေရတဲ့ ကျွန်မတို့ကြားမှာ ကွာဟချက်တွေရှိနေမယ်ဆိုတာကို ကျွန်မတို့ ကာယကံရှင်တွေကိုယ်တိုင်လည်း နားလည်ပါတယ်။ လက်ခံပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့ကိုလည်း တန်ဖိုးထားဆက်ဆံပေးဖို့၊ လိုအပ်တာတွေပံ့ပိုးပေးဖို့လည်းလိုပါတယ်။ ခွဲခြားတက်ဆံခံရတာတွေ အများကြီးရှိပါတယ်။ တကယ့်လက်တွေ့မှာ အစိုးရကပေးတဲ့ သင်တန်းတွေ သွားတက်တဲ့အခါ ပိုခံစားရတယ်။ ဟိုရောက်ရင် ကျွန်မတို့မှာ ဘယ်နေရာထိုင်ရမှန်းတောင် မသိရတဲ့ အနေအထားမျိုးတွေရှိတယ်။ ကျွန်မတို့ကလူကြီးတွေမို့ ကြိတ်ခံနိုင်ပေမယ့်၊ ကလေးတွေကြတော့ စိတ်ထိခိုက်ကြတယ်။" လို့ "ဘက" ပညာရေးတွင် (၇) နှစ်ကြာပညာသင်ကြားပေးနေတဲ့ မေတ္တာနန္တကျောင်းက ဆရာမ ဒေါ်မေဖြူအောင်က အခုလို သူခံစားခဲ့ရတာတွေကို စိတ်ထိခိုက်စွာနဲ့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။ သင်တန်းခေါ်လို့ သွားတယ်၊ ပြီးတော့ ခေါ်နှိမ်တယ် ဆိုတဲ့ သဘောမျိုးကြီးဟာ မဖြစ်သင့်ပါဘူး လို့ ဆိုပါတယ်။

အစိုးရဘက်က ငွေကြေးထောက်ပံ့ပေးမှု အပိုင်းနှင့်ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာတော့ "ဘက" ကျောင်းတွေကို မနှစ် စာသင်နှစ်ကစပြီးတော့ ကျောင်းအသုံးစရိတ်အတွက် ထောက်ပံ့ပေးကြောင်း၊ ‘ဒါပေမယ့် တခြားကျောင်းတွေနှင့်တန်းတူ ပေးခြင်းမဟုတ်ဘဲ ခွဲခြားပေးတာဖြစ်ကြောင်း၊ အစိုးရကျောင်းတွေကိုတော့ ကျောင်းသားတယောက်ကို (၅၀၀၀) နှုန်းနဲ့ ထောက်ပံ့ပေးပေမယ့် "ဘက" ကျောင်းတွေကိုတော့ လူဦးရေ အချိုးနဲ့ အချိုးချ၍သာ ပေးကြောင်းကိုလည်း လက်ထောက်ကျောင်းအုပ်ဆရာတော်၏ မိန့်ကြားချက်များကနေ သိရှိခဲ့ရပါသေးတယ်။ ဒါ့အပြင် ဆရာ ဆရာမ တွေအတွက် လစာအဖြစ် ကျောင်းသား အယောက် (၄၀)တွင် ဆရာ တယောက်နှုန်းဖြင့် တလလျှင် (၃၆,၀၀၀ကျပ်) ပေးသောကြောင့် ကျောင်းတွင် ဆရာဆရာမ (၁၂) ယောက်ရှိသော်လည်း (၅) ယောက်စာသာရကြောင်း။ ဒါကြောင့် ဆရာတော်တွေကပဲ ဆရာဆရာမတွေကို သူတို့ရဲ့ စေတနာကို လေးစားသောအားဖြင့်လည်းကောင်း၊ ဘ၀ရပ်တည်ရေး အထောက်အကူဖြစ်နိုင်ဖို့ရာ လည်းကောင်း ဆရာတယောက်ကို (၇၀,၀၀၀ ကျပ်) စီရအောင် အလှူခံရရှိငွေများထဲကနေ ဖြည့်စွက်ပေးရကြောင်းတွေကိုလည်း သိခဲ့ရပါတယ်။

ထိုသို့ထောက်ပံ့ပေးမှုတွေနှင့်အတူ ကန့်သတ်မှုတွေ၊ ချုပ်ကိုင်မှုတွေလည်း ပါဝင်လာတယ်လို့ လက်ထောက်ဆရာတော်က အခုလို မိန့်ကြားထားပါသေးတယ်။

"ဘုန်းကြီးတို့ကို သဒ္ဒါရင်လှူ၊ မသဒ္ဒါရင် မလှူနဲ့။ နဂိုထဲက အိတ်စိုက်ပြီး ဒီဘုန်းကြီးတွေက လုပ်နေတာ။ ဟိုစစ်၊ ဒီစစ်လုပ်မယ်ဆိုလို့ စာရင်းဇယားရှုပ်တယ်၊ မယူဘူးလို့ ဆိုပြီးကန့်ကွက်တော့၊ မယူမနေရ ယူရပါမယ်ဆိုပြီးလုပ်တယ်။ ယူတော့ ဘာတွေဖြစ်လာလဲ။ ဒီခေါင်းစဉ်မှဖြစ်မယ်၊ ဟိုခေါင်းစဉ်နဲ့ဆိုမရဘူး။ ဘာဝယ်ရမယ်၊ ညာဝယ်ရမယ်၊ ဒါဆိုမဖြစ်ဘူးဆိုတော့ ဦးဇင်းတို့မှာ လိမ်ရမှာလား။ ဘုန်းကြီးတွေကို ဖိုးတွမ်တီးလုပ်ခိုင်းနေတာလား။ ဘုန်းကြီးတွေမှာ သူ့ဝိနည်းနဲ့ သူရှိနေတယ်။ အစကတည်းက အိမ်သာကနေ စာသင်ခန်းအဆုံး ဘုန်းကြီးတို့ အလှူခံပြီး ဒီကလေးတွေကို ကျွေးမွေး ပညာသင်ပေးနေတာ။ သူတို့ဆရာမတွေ မယုံရတိုင်းဘုန်းကြီးတွေကို လာမချုပ်နဲ့လေ" ဟု ပံ့ပိုးမှုများနောက်ကွယ်က မလိုလားအပ်သည့် ထိန်းချုပ်မှုတွေအကြောင်းကို မိန့်ကြားသွားခဲ့သည်။

ဘ၀ပေးအခြေအနေအရ "ဘက" ကျောင်းတွေမှာ ပညာသင်ကြားနေရတဲ့ ကလေးငယ်တွေဟာ မိဘတယောက်မရှိသောသူ၊ နှစ်ယောက်လုံးမရှိသောသူတွေနဲ့ မိဘရှိသော်လည်း လက်တလောဖြေရှင်းနေရတဲ့ မိသားစုဝမ်းရေးပြသနာတွေ ကိုယ်စီရှိနေတတ်ကြပြန်ပါသေးတယ်။ ဒီလိုကလေးငယ်တွေရဲ့ စိတ်နဂိုအခြေခံမှာကိုက ၀မ်းနည်းစိတ်တွေ၊ အားငယ်စိတ်တွေနဲ့ ရှိနေတတ်ကြပါတယ်။ သူတို့ဘယ်လောက်ပဲကြိုးစားပါစေ "ဘက" ကျောင်းကထွက်တာဟေ့ ဆိုတဲ့ အထင်သေး နှိမ်ချခံရတဲ့ ခွဲခြားဆက်ဆံရေးကို ခံရတဲ့အခါမှာ "ငါတို့ ဆယ်တန်းအောင်လည်း ဘာမှထူးမှာလဲ။ ငါတို့ဘွဲ့ရတော့လည်း ဘယ်သူက အလုပ်ခန့်မှာလဲ" ဆိုတဲ့ အတွေးမျိုးရှိနေတတ်ကြပြီး လမ်းဘေးကို အချိန်မရွေးပြန်ရောက်သွားနိုင်ကြပါတယ်။



ပဲခူးဘက်က ရောက်လာတဲ့ ၁၀ တန်း ကျောင်းသူငယ်ပါ၊ မေတ္တာနန္တကျောင်း မှာ နေရ၊ စားရတာ အဆင်ပြေတယ် ပြောပါတယ်၊ အထက (၃) အစိုးရကျောင်း မှာ သွားတက်ရတာလည်း အဆင်ပြေပါတယ်တဲ့၊ ခွဲခြားဆက်ဆံခံရမှုတော့ သူ့အတွေ့အကြုံအရ မရှိပါဘူးဆိုပါတယ်၊ ဝမ်းသာစရာပါ၊ လမ်းလျှောက်သွားရတာတော့ ဝေးတယ် ပြောပါတယ်၊ ၁၀ တန်းအောင်ပြီးရင် ပရဟိတ စာပြန်သင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက် ရှိပါသတဲ့..။

ဒီလိုမျိုးအခြေအနေတွေရှိနေတဲ့ ကလေးတွေကို ကျောင်းခန်းထဲ မရောက်ရောက်အောင် ဆွဲခေါ်ကာ ပညာသင်ပေး၊ နေစရာ စားစရာ ပေးကျွေးထားရတဲ့ "ဘက" ကျောင်းက ဆရာတော်တွေ ဆရာ၊ ဆရာမတွေရဲ့ စေတနာဟာ သာမန်ထက်အများကြီး သာလွန်လှပါတယ်။ လောကီအရှုပ်အထွေးက လွတ်ချင်လို့ သင်္ကန်းဝတ်နေကာမှ မတထောင်သားရဲ့တာဝန်ကို ထမ်းထားရတဲ့ ဆရာတော်တွေရဲ့ ၀န်ထုပ်ဝန်ပိုးဟာ ဘယ်လောက်များကြီးမားလိုက်ပါသလဲ။ မိမဲ့၊ ဘမဲ့ ကလေးတွေနဲ့ အောက်ခြေဘ၀တွေထဲက ကလေးတွေကို ဆွမ်းခံ၊ အလှူခံ ကျွေးမွေး ပညာသင်ပေးနေရင်း မလောက် မင တွေဖြစ်လာရင် ဘယ်လိုများရင်ဆိုင်ဖြေရှင်းသလဲဆိုတာကို ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တရေ၀တာစာရ ကို မေးမြန်းကြည့်ရာမှာတော့ ဒကာမအရင်းတွေဖြစ်တဲ့ "ထူး ရေခဲမုန့်" က ဒါယကာ၊ ဒါယိကာမတွေ၊ ဒီကျောင်းကို ဖြစ်မြောက်အောင်လှူဒါန်းထားပေးတဲ့ မြေအလှူရှင် ဒေါ်ညိုညိုဝင်းနဲ့ ဒေါ်အေးအေးဝင်းညီအစ်မနဲ့ ထောက်ကြံ့မှာရှိတဲ့ "မင်္ဂလာ" ကုန်စုံရောင်းဝယ်ရေး တို့ဆီမှာ အလှူခံရပါတယ်" လို့မိန့်ကြားပါတယ်။

စားဝတ်နေရေးနဲ့ ပညာပေးရေး တင်မက ကျောင်းမှာက ဆယ်ကျော်သက် အရွယ်တွေလည်း ရှိတာကြောင့် မမှားမယွင်း အောင် ထိန်းကျောင်းရတဲ့ "ဘက" ကျောင်းက ဆရာဆရာမတွေရဲ့ စေတနာနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကလည်း မသေးလှပါဘူး။






"အပျိုအရွယ်လေးတွေပါတော့ စည်းစနစ်နဲ့ အုပ်ချုပ်ရတယ်။ တချို့ဆို ဝေးလံခေါင်ဖျားတဲ့နေရာက လာရတော့ အရမ်းဗဟုသုတနည်းတော့ နားလည်အောင် စိတ်ရှည်လက်ရှည်နဲ့ပြောရတာတွေရှိတယ်။ ကလေးမလေးတယောက်ဆို အဖေနဲ့အမေရန်ဖြစ်ကြရင်း အဖေလုပ်သူက အမေကိုရိုက်တာလက်လွန်ပြီးဆုံးသွားတယ်။ အဖေက ထောင်ကျတယ်။ ဒီလိုကလေးမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေရှိတယ်။ ဒါတွေကအစ လိုက်ပြီး ထိန်းကျောင်းပေးရပါတယ်" လို့ လည်း စေတနာအရင်းခံ လုပ်ဆောင်နေရတဲ့ "ဘက" ဆရာတွေရဲ့ ဘ၀ကို မေတ္တာနန္တကျောင်းက အမျိုးသမီးအဆောင်မှူးဖြစ်တဲ့ ဆရာမ ဒေါ်အိရွှေစင်က ပြောပြပါတယ်။

ပြောင်းလဲလိုက်တဲ့ မူဝါဒပိုင်းအရ ၂၀၁၄ခုနှစ်ကစပြီး စတုတ္ထတန်းနှင့် အဌမတန်းတွေကို အစိုးရစစ်အဖြစ် စာမေးပွဲတွေစစ်တဲ့ စနစ်မှာ အောင်ချက်ရာခိုင်နှုန်း ကောင်းတဲ့ကျောင်းတွေထဲမှာ "ဘက" ကျောင်းတွေလည်း ပါပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် "ဘက" ကျောင်းက ကလေးများနဲ့ ဆရာတွေရဲ့ အရည်အသွေးဟာလည်း အခြား အစိုးရကျောင်းများ၊ ပုဂ္ဂလိကပိုက်ဆံကျောင်းများ အောက် ထူးခြား နိမ့်ကျတယ်လို့ မဆိုနိုင်ပါဘူး။ သိသိသာသာ နိမ့်ကျနေတာကတော့ ပေယျာလကန် ပြုထားခြင်းရလဒ် အထွေထွေ ပံ့ပိုးမှု နိမ့်ပါးနေခြင်းပါပဲ။ အလှူတခုတည်း အားကိုးနဲ့ ဘယ်အရာမှ ရေရှည်ရပ်တည်နိုင်ဖို့ ခက်ခဲလှပါတယ်။ နိုင်ငံတော်အဆင့် ကောင်းမွန်မျှတတဲ့ စနစ်၊ မူဝါဒ၊ ဥပဒေပြုမှုတွေ လိုနေပါတယ်။

မေတ္တာနန္တ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တရေ၀တာစာရ က အဆုံးမှာ အစိုးရနဲ့ တာဝန်ရှိသူများ အားလုံးကို သိစေချင်တဲ့ သတင်းစကားကို မိန့်ကြားခဲ့ပါတယ်။ “ကျောသားရင်သားမခွဲခြားသင့်ပါဘူး၊ ဘုန်းကြီးတို့ ရုန်းနေတာက နိုင်ငံအတွက်၊ သာသာနာ အတွက်ပါ၊ အစိုးရကျောင်း ဆရာ၊ ဆရာမ တွေနဲ့ ညီတူညာတူ ပရိဟတိ ဆရာ၊ ဆရာမတွေကိုလည်း ချီးမြှင့်စေချင်ပါတယ်၊ ပရဟိတဆရာက ပညာမတတ်၊ ဘွဲ့မရ၊ အောက်တန်းစားတွေလို ခွဲခြား ဆက်ဆံမှုတွေ မပြုစေချင်ပါဘူး” လို့ ဆရာတော် က မြွက်ကြားခဲ့ပါတယ်။

“ဘက” ကျောင်းတွေ ထမ်းနေရတဲ့ မနိုင်ဝန်ကို သိနားလည်နိုင်ကြဖို့၊ အခွင့်အရေး၊ ရပိုင်ခွင့်တွေ တန်းတူ ဖြစ်ဖို့၊ မလိုလားအပ်တဲ့ ထိန်းချုပ်မှု တွေ ဖြေလျှော့ပေးဖို့၊ ပညာရေးစနစ်သစ်နဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေ မှာ အလွှာစုံ အတန်းစုံ အတွက် ထည့်သွင်းစဉ်းစားပြီး လက်တွေ့ အလုပ်ဖြစ်တဲ့ ချဉ်းကပ်မှုတွေ လုပ်ဆောင်ဖို့ ဒါတွေကတော့ အမှိုက်ထဲက လက်တွေ့ ရွှေကောက်ပြနေသူ ဘက ဘုန်းတော်ကြီးပညာသင်ကျောင်းက အနှစ်ချုပ် စကားတွေပဲ ဆိုနိုင်ပါတယ်။

"ပညာမြင့်မှ လူမျိုးတင့်မည်" ဆိုတဲ့ ဆောင်ပုဒ်လို တိုင်းပြည်ရဲ့ အနိမ့်အမြင့်နေရာအနှံ့မှာ နေထိုင်နေကြတဲ့ လူမျိုးစုံ၊ ဘ၀စုံ၊ အခြေအနေစုံက ကလေးတွေရဲ့ ပညာရေးကို သက်ဆိုင်ရာပညာရေး ဌာနအဆင့်ဆင့်မှသည် အစိုးရအဖွဲ့အထိ အလေးအနက်ထားစဉ်းစားသင့်လှပါတယ်။ ဒါမှသာ ပညာရည်ပြည့်ဝတဲ့ လူဘောင်အသိုင်းအ၀ိုင်း၊ နိုင်တကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ လူသားမျိုးနွယ်အရင်းအမြစ်တွေ နိုင်ငံမှာ ပေါ်ထွက်လာနိုင်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် “အားလုံးပါဝင်နိုင်ရေး” ဆိုတဲ့ ပညာရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်ပေးနေတဲ့ “ဘက” ကျောင်းတွေရဲ့ ပကတိအခြေအနေတွေ၊ “ဘက” ကျောင်းက ဆရာဆရာမတွေရဲ့ အခက်အခဲနဲ့ ခံစားချက်တွေကို နှလုံးသားနဲ့ နာကြား နားလည်ရင်း ကံအကြောင်းမလှတဲ့ နိုင်ငံတဝှမ်းက သိန်း သန်းချီ ကလေးငယ်တွေရဲ့ အနာဂတ်ကို မြှင့်တင်နိုင်ဖို့ရာ အမှိုက်ထဲက ရွှေ ဖြစ်နေသော နေရာများကို တန်ဖိုးထား လှည့်ကြည့်စေချင်မိပါကြောင်း …။


ခင်စန္ဒာမြင့်
23-8-2016 (5:26PM)

ကိုးကား -
J.R. Andrus in Burmese Economic Life, Stanford University Press, Stanford, California, 1946, pp. 36-37
http://www.medg.org/